နန်းကြည်ဖြူ။ ။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရဲ့အနောက်တောင်ဖက်ကို ဆိုင်ကယ်နဲ့ လေးနာရီလောက်မောင်းသွားရင် လည် ပတ်စရာတွေ ပေါများသလို တောင်စောင်းတစ်ခွင်မှာလည်း လက်ဖက်ခင်းတွေနဲ့ ဝိုင်းရံထားတဲ့ ပင်လောင်းမြို့ကို ရောက် ရှိမှာ ဖြစ်ပါတယ်။
ပင်လောင်းမြို့ဟာ ပင်လယ်ရေ မျက်နှာပြင်အထက် ၄,၈၀၀ ပေ အမြင့်မှာ တည်ရှိပြီး ပအိုဝ်းတိုင်းရင်းသားတွေ အများဆုံး နေထိုင်ကြပါတယ်။ ဒေသခံအများစုဟာ လက်ဖက်၊ကော်ဖီ၊ထောပတ် စတာတွေကို စိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်း ပြုကြပါတယ်။
နှစ်ရှည်ပင်ဖြစ်တဲ့ ထောပတ်၊ ကော်ဖီတို့ဟာ ရာသီအချိန်အခါပေါ် မူတည်ကာ ပြုလုပ်ကြရပြီး လက်ဖက်လုပ်ငန်းကိုတော့ တစ်နှစ်ပတ်လုံး မနားဘဲ ခူးဆွတ်မှု ပြုလုပ်ကြရပါတယ်။
ဒေသခံအမျိုးသမီးတွေဟာ မနက်အစော ငါးနာရီလောက်ထ ထမင်းဟင်းချက်ပြီး ရှစ်နာရီလောက်မှာတော့ နေ့လယ်စာ အတွက် ဌက်ပျောရွက်နဲ့ထုပ်ထားတဲ့ ထမင်းထုပ်၊ ရေ၊ စတာတွေကို ပုလိုင်းထဲထည့်လွဲကာ လက်ဖက်ညွန့်လေးတွေကို ခူးဆွတ်ဖို့ မိသားစုလိုက် သွားလေ့ရှိကြပါတယ်။
တစ်နေကုန်ခူးရင် လူတစ်ဦးကို နှစ်ပိဿာလောက်တော့ ရတယ်လို့ဆိုပါတယ်။ ခူးတဲ့အချိန်မှာ လက်သည်းနဲ့စိပ်ပြီး ခူးရ တာကြောင့် လက်နာပြီး လက်ဖက်အစေးလည်း လက်ပေတာကြောင့် မလှနိုင်ဘူးလို့လည်း စစနောက်နောက်နဲ့ ဆိုပါတယ်။
နေ့ဖက်မှာခူးပြီး ပြန်လာလျှင်တော့ တစ်နေကုန်ခူးလို့ရသမျှလက်ဖက်တွေကို ပြန်ရောက်ရောက်ချင်း မီးမွှေးကာ ချက်ချင်း လှော်ပေးရပါတယ်။ မလှော်ဘဲထားမယ်ဆိုရင် ရွက်နုတွေရင့်ကုန်ပါတယ်။ ရင့်သွားလျှင် လက်ဖက်အကြမ်းဖြစ်သွားတာ ကြောင့် ဈေးကောင်းမရတော့ပါဘူး။
လက်ဖက်လှော်တာတွေကို အများအားဖြင့် အမျိုးသမီးတွေသာ အများဆုံး ပြုလုပ်ကြပါတယ်။
တစ်နေကုန်ခူးလာသမျှ လက်ဖက်နုတွေကိုထိုင်လှော်ရင်း မိုးချုပ်သွားတဲ့အခါ ထမင်းကို မိုးချုပ်မှစားရတဲ့အချိန်တွေလည်း ရှိတယ်လို့ ဆိုကြပါတယ်။
လှော်ပြီးသားလက်ဖက်တွေကို အရောင်လှအောင် ညှက်ညှက်လေးဖြစ်အောင် ပြန်နယ်ကြပါတယ်။ ထိုသို့နယ်လိုက်ခြင်း ကြောင့် လက်ဖက်သားတွေဟာ ပိုမိုနူးညံ့လာပြီး ချောမွေ့လာစေတာကြောင့် ဈေးကောင်းပိုရပါတယ်။
ညနေပိုင်းမှာ လှော်ပြီးသားလက်ဖက်တွေကို ဆီပုံးအဝါရောင်ထဲကို ထိုးသိပ်ထားပြီး မနက်မိုးလင်းလို့ နေရောင်ခြည်ထွက် လာချိန်မှာ လက်ဖက်လှမ်းဖို့အတွက် အမျိုးသမီးတွေဟာ အိမ်ရှေ့မှာ ဝါးဖြင့်ယက်လုပ်ထားတဲ့ဖျာတွေကို စခင်းကြပါတယ်။
နေ့တစ်ပိုင်းလောက် နေလှန်းပြီးချိန်မှာ လက်ဖက်ကိုရေနဲ့ဆမ်းပြီး လက်နဲ့ပြန်နယ်ရတာမျိုး ပြုလုပ်ရပါတယ်။
နေလှန်းနေချိန် မိုးရွာတာမျိုးတွေ ကြုံလာတဲ့အချိန်မှာ လက်ဖက်ကမခြောက်ဘဲ မှိုတက်မှာစိုးတာကြောင့် လေးထောင့်ပုံစံ မီးဖိုကို မီးမွှေးပြီး တဖြည်းဖြည်းနဲ့ အပူပေးကာခြောက်အောင် ပြုလုပ်ပေးရပါတယ်။
နေလှန်းရင်းနဲ့ အခြောက်ညီအောင် အမြဲစောင့်ကြည့်ကာ ပြုလုပ်ပေးရပါတယ်။ လက်ဖက်ကိုနေလှန်းတဲ့အချိန် နွေရာသီမှာ စောင့်ကြည့်စရာမလိုပေမယ့် မိုးရာသီမှာတော့ အနားမှာ တစ်ယောက်ယောက်တော့ အမြဲစောင့်ကြည့်နေရပါတယ်။
ခြောက်သွားတဲ့ ဒီလိုအနေအထားကို ရရှိသွားပြီးဆိုရင်တော့ သိုလှောင်ထားကြပါတယ်။ ကျေးရွာထဲထိ ပွဲစားတွေက လက်ဖက်အခြောက်ကို တစ်ပိဿာကို လေးထောင်နှုန်းနဲ့ လာရောက်ဝယ်ယူကြပါတယ်။
လက်ဖက်လုပ်ငန်းကို အဓိကလုပ်ကိုင်ကြသူအများစုဟာ အမျိုးသမီးတွေသာ ဖြစ်တယ်လို့ဆိုပါတယ်။ လက်ဖက်ခူးတာ၊ လက်ဖက်လှော်တာ၊ နေလှန်းတာတွေဟာ အလေးမ ရတာတွေ မရှိတာကြောင့် အမျိုးသမီးတွေက ပိုလုပ်ဖြစ်တယ်လို့ ဆိုပါ တယ်။
ငယ်ငယ်ကတည်းက လက်ဖက်လုပ်ငန်းလုပ်ကိုင် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ မွိုးအိန်းကလည်း လက်ဖက်လုပ်ငန်းကို လုပ်ကိုင်တာဟာ အများကြီး စုဆောင်းရတာမျိုးမရှိပေမယ့် မိသားစုစားဝတ်နေရေးမှာ လိုအပ်တဲ့ ဆား၊ ဆီ၊ ဝယ်တဲ့ နေရာမှာ အသုံးပြုဖြစ်တယ်လို့ ဆိုပါတယ်။
နေ့စဉ်အသုံးပြုနေတဲ့ ဆန်၊ ဆား၊ ဆီတွေ လိုအပ်ရင် လက်ဖက်ခြောက် ကောက်ရောင်းလိုက်နဲ့ပဲ အဆင်ပြေသလို ဖြတ် သန်းနေကြပါတယ်။ “ စုရတာတော့မရှိဘူး ရတာနဲ့သုံးနေရတယ်”လို့ မွိုးအိန်းက ပြောပါတယ်။ ကလေးကျောင်း ဖွင့်ရင် လည်း ကလေးမုန့်ဖိုးစာအုပ်ဖိုးနဲ့ပဲ ကုန်သွားတယ်လို့ သူက ပြုံးပြုံးနဲ့ ဆက်ဆိုပါတယ်။
ဒီနှစ်ထဲမှာ မိုးရွာသွန်းမှုစောတာကြောင့် လက်ဖက်တွေ အနုထွက်လွယ်ပြီး ခူးမနိုင်ဘဲ ရင့်သွားတာကြောင့် အကြမ်းဖက် ရများပြီး တစ်ပိဿာနှစ်ထောင်နဲ့သာ ရောင်းရတယ်လို့ ဆိုပါတယ်။ လက်ဖက်ဈေးနှုန်းမရှိ ဆန်၊ ဆီ၊ ဆားက ဈေးတက် တာကြောင့် လက်ဖက်လုပ်ငန်းကို မှီတည်ပြီး အသက်မွေးဝမ်းကျောင်းပြုရတာဟာ အခက်ခဲတွေ့စေခဲ့ပါတယ်။
“ လက်ဖက်ဈေးက တစ်ပိသာမှလေးထောင် ဆီတစ်ဗူးစာတောင်မရဘူး ဘယ်လိုမှအဆင်မပြေဘူး”
လက်ရှိ ကုန်ဈေးနှုန်းကို လက်ဖက်ရောင်းရငွေနဲ့ လိုက်မီတော့တာကြောင့် တခြားလုပ်ငန်းဖြစ်တဲ့ ခရမ်းချဉ်သီး၊ ကော်ဖီ ထုတ် စတာတွေကိုပါ လုပ်ကိုင်လာခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရှုပ်အထွေးကြောင့် ထိုသီးနှံတွေလည်း ဈေးနှုန်းလည်း မရှိသလို ဝယ်ယူသူလည်း နည်းပါးပြီး လွှင့်ပစ်ခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့တယ်လို့ မွိုးအိန်က ပြောပြပါတယ်။
ဒါကြောင့် “ အရင်လိုလေး အေးအေးချမ်းချမ်းနေရရင်ပိုကောင်းတယ် ပျော်ဖို့ကောင်းတယ်” လို့ မွိုးအိန်က ဆိုပါ တော့တယ်။