Home ဓါတ်ပုံ အက်ဆေး ဆီဆိုင်က ဘုရားဖြူစစ်ရှောင်စခန်းမြင်ကွင်းများ

ဆီဆိုင်က ဘုရားဖြူစစ်ရှောင်စခန်းမြင်ကွင်းများ

ဓါတ်ပုံ – သျှန်ကီခမ်း

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမှုကို ဆန့်ကျင်ဖီဆန်မှုမျိုးစုံ ဖြစ် ပေါ် လာခဲ့ပါတယ်။ နိုင်ငံအနှံ့မှာ သပိတ်စစ်ကြောင်းတွေ အများအပြားပေါ်ထွက်လာပြီး ပြည်သူတွေဟာ အာဏာသိမ်းမှုကို လက်မခံ ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။

ဒီလိုသပိတ်တွေကို စစ်ကောင်စီဟာ အကြမ်းတမ်းဆုံးနည်းတွေနဲ့ ရက်ရက်စက်စက် ဖြိုခွင်းကာ ဆန္ဒပြတဲ့ ပြည်သူတွေကို သတ်ဖြတ်ခဲ့ပါတယ်။ ဒါကိုလက်မခံနိုင်တဲ့ ပြည်သူတွေဟာ လက်နက်ကိုင်လမ်းစဉ်ကို စတင်လျှောက်လှမ်းခဲ့ကြပြီး အကြမ်း ဖက်စစ်ကောင်စီကို ပြုတ်ကျသည်အထိ တိုက်ခိုက်ကြဖို့ဆုံးဖြတ်လိုက်ပါတယ်။ ၂၀၂၁ ခုနှစ်၊ မေလ နောက်ပိုင်းမှာတော့ မြို့ပြတိုက်ပွဲတွေ မြို့တိုင်းလိုလိုမှာ စတင်ပေါ်ပေါက်လာခဲ့ကြပါတယ်။

ထိုမြို့ပြတိုက်ပွဲထဲမှာ ကယားပြည်နယ်က ဒီမော့ဆိုမြို့တို့အပြင် ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့၊ ဖယ်ခုံမြို့တို့လည်းပါဝင် ပါတယ်။ ၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက်နေ့ကတည်းက စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားကာကွယ်ရေး တပ်တွေအကြား အပြန်အလှန် ပစ်ခတ်လာကြတာကြောင့် ကရင်နီပြည်နယ်မှာ စစ်ရှောင်တစ်သိန်းကျော်နီးပါးအထိ ရှိခဲ့ပါတယ်။

လူဦးရေ လေးသိန်းကျော်နီးပါးရှိတဲ့ ကယားပြည်နယ်မှာ အမျိုးသမီးနဲ့ကလေးငယ်တွေ အပါအဝင် စစ်ရှောင်ဦးရေဟာ လူဦး‌ရေ ထက်ဝက်ကျော်အထိ ရှိလာခဲ့ပါတယ်။ မြို့လုံးကျွတ်၊ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်း‌‌ရှောင်လာခဲ့တယ်လို့ ပြောရင်လည်း မမှားပါဘူး။ အများစုကလည်း နီးစပ်ရာ အိမ်နီးနားချင်းဖြစ်တဲ့ ရှမ်းပြည်နယ် တောင်ကြီး၊ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ အင်းလေး၊ အောင်ပန်း၊ ညောင်ရွှေမြို့နယ်စတဲ့ နီးစပ်ရာနေရာတွေကို ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။

အသက်လုပြီး ပြေးနေရတာကြောင့် အဝတ်အစား၊ စောင်၊ အစားအသောက် စတဲ့ ပစ္စည်းတွေကို ဘာမှ ယူချိန်၊ ပြင်ဆင်ချိန် မရခဲ့ကြပါဘူး။ အများစုဟာ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးတိမ်းရှောင်လာရတာပါ။ စစ်ရှောင်စခန်းမှာလည်း နေထိုင်စားသောက်ရေးအတွက် အခက်အခဲများကြားထဲက နေထိုင်စားသောက်နေကြပါတယ်။

ဆီဆိုင်မြို့နယ်၊ ဘုရားဖြူရှိ စစ်ရှောင်စခန်းဆိုလျှင် ဇန်နဝါရီလအစောပိုင်းမှာ စစ်ရှောင်ဦးရေ နှစ်သောင်းကျော်တဲ့ အထိ ရှိခဲ့ပါတယ်။ စစ်ရှောင်တချို့တွေဟာ နေအိမ်ကို ပြန်သွားကြတာလည်း ရှိတာကြောင့် လက်ရှိမှာ ထိုစစ်ရှောင်စခန်းမှာ လူဦး ရေ လေးရာအထိ ကျန်ရှိနေပါသေးတယ်။ ထိုစစ်ရှောင်စခန်းကို HI က ရောက်ရှိခဲ့ပြီး စစ်ရှောင်တွေရဲ့ အခက်အခဲကြားက နေထိုင်မှုတွေကိုလေ့လာမိခဲ့သလောက် ဖော်ပြပေးလိုက်ရပါတယ်။

စစ်ရှောင်တွေဟာ ဘုရားစေတီ ဝန်းထဲမှာရှိတဲ့ အကာမရှိတဲ့ ဇရပ်လေးထဲမှာ အလှူရှင်တွေ လာရောက် လှူဒါန်းထားတဲ့ မိုးကာတွေကို ကာပြီး မိသားစုလိုက် အဆင်ပြေသလို နေထိုင်အိပ်ကြရပါတယ်။ သံမသလင်းပေါ်မှာ ကြာကြာအိပ်လျှင် ခါးနာတာ ကျောအေးတာတွေ ရင်ဆိုင်နေရပေမယ့် ‌ရွေးချယ်စရာတွေ မရှိခဲ့ပါဘူး။ အခင်းတွေလည်း လုံလုံလောက်လောက် မပါလာတာကြောင့် ကုန်စုံဆိုင်တွေမှာရနိုင်တဲ့ ပါကင်စက္ကူ(ကပ်တူပြား)တွေကိုယူပြီး ခင်းအိပ်နေကြတာတွေကိုလည်း တွေ့ရပါတယ်။

ဒါကတော့ စစ်‌ရှောင်တွေ ချက်စားတဲ့ အစားအသောက်တွေထားတဲ့ နေရာလို့ဆိုရမှာပါ။ ဇရပ်တွေမှာ၊ စေတီပရဝုဏ်ထဲမှာ နေထိုင်ကြပြီး နေရာအလုံလောက်မရှိတာကြောင့် ဇရပ်အောက်မှာတော့ အထားခံတဲ့ ဖရုံသီး၊ ဆူကာသီး စတာတွေကို ထားကြပါတယ်။ အရင်ကတော့ ဇရပ်အောက်မှာ ဖရုံသီးအပြည့်ရှိပါတယ်။ တစ်ရက်ခြား တစ်ခါလို ချက်စားနေတာကြ တာကြောင့် အနည်းငယ်သာ ကျန်ရှိနေတာပဲ ဖြစ်ပါတယ်။

ဖရုံသီးတွေအပြင် မုန့်ညှင်း၊ ပန်းပွင့်၊ စတဲ့ အသီးအနှံတွေကို အလှည့်ကျ စားသောက်နေကြတယ်ဆို ဆိုရမှာပါ။

ဘုရားဖြူရှိ စစ်ရှောင်တွေဟာ ထမင်း၊ဟင်း ချက်ပြုတ်လျှင် အတူတူစုပေါင်းပြီး ချက်စားကြပါတယ်။ ထမင်းကိုတော့ ယခုလို အိုးမျိုးနဲ့ ပေါင်းထားကြပြီး ချက်ကြပါတယ်။ တစ်နေ့ကို သုံးကြိမ်လောက် ချက်ပြီး တစ်ခါလျှင် အနည်းဆုံး ပေါင်းအိုးသုံးအိုး၊ လေးအိုး အပြည့်ချက်ရပါတယ်။

တစ်ကြိမ်ချက်လျှင် ဒီလိုထမင်းအိုးအပြည့် နှစ်အိုးလောက်ချက်မှ လောက်တယ်လို့ ဆိုပါတယ်။

ဟင်းကတော့ အသားတုနဲ့ အသီးအနှံတွေကိုသာ များသောအားဖြင့် ချက်ပြုတ်စား‌သောက်ကြရပါတယ်။

ဒါကတော့ နေတိုင်းလိုလို စားနေရတဲ့ ဟင်းတစ်မျိုးပါ။ ဖရုံသီးနဲ့ပဲသီး ရောချက်ထားတဲ့ ဟင်းပါ။ တစ်ရက်လျှင် ဟင်း အရည်တစ်မျိုး၊ အခြောက်ဟင်းတစ်မျိုးနဲ့ တစ်ကြိမ်ချက်လျှင် ဟင်းနှစ်မျိုး ချက်စားကြပါတယ်။

ဒီခုံတန်းလေးဟာကတော့ စစ်ရှောင်တွေရဲ့ ထမင်းစား စားပွဲလည်းဖြစ်သလို ယခင်က စစ်ရှောင်ကလေးတွေ စာသင်နေတဲ့ နေရာလည်းဖြစ်ပါတယ်။ ထမင်းစားမယ်ဆို ကိုယ့်ထမင်းကိုယ် ခူးခပ်ပြီး တန်းစီကာ ထိုင်စားကြပါတယ်။

စစ်ရှောင်စခန်းမှာတော့ သုံးရေကို အုတ်ရေကန်နဲ့ လုပ်ထားမျိုး မဟုတ်ပါဘူး။ ယခုလိုမျိုး မိုးကာအစိမ်းရောင်ကို ခင်းပြီး ပြိုမကျသွားအောင် အပြင်မှာ ဝါးနဲ့အနားကွပ်ကာ ပြုလုပ်ထားပါတယ်။

ဒါက စစ်ရှောင်တွေ အသုံးပြုနေကြရတဲ့ အမိုးမပါတဲ့အိမ်သာပါ။ သွပ်အဟောင်းနဲ့ ပြုလုပ်ထားပြီး အမိုးလည်းမပါဘူး။ မိုးရွာ နေရင် အိမ်သာထဲသွားဖို့ အဆင်မပြေပါဘူး။

လက်ရှိမှာတော့ ဆီဆိုင်မြို့ရှိ၊ ဘုရားဖြူစစ်ရှောင်စခန်းမှာ နေထိုင်ရတဲ့ စစ်ရှောင်တွေဟာ ဘယ်ချိန်အိမ်ပြန်ရမယ်ဆိုတာကို မသိကြပေမယ့် အခက်အခဲကြားထဲက အဆင်ပြေသလိုသာ ဖြတ်သန်းနေကြရပါတယ်။ အိမ်ကို မြန်မြန်ပြန်ရပါစေဆိုတဲ့ ဆုတောင်းမှုကတော့ ဘုရားဝတ်ပြုတိုင်း ဆုတောင်းနေမိတဲ့ ဆုတောင်းပါလို့ စစ်ရှောင်တွေက ဆိုကြပါတယ်။

Author:

Related Articles