Home ဓါတ်ပုံ အက်ဆေး ပအိုဝ်းတိုင်းရင်းသားတွေရဲ့ ရိုးရာခမောက်ရက်တဲ့ လုပ်ငန်းခွင် ဓာတ်ပုံရသ

ပအိုဝ်းတိုင်းရင်းသားတွေရဲ့ ရိုးရာခမောက်ရက်တဲ့ လုပ်ငန်းခွင် ဓာတ်ပုံရသ

Honest Information (HI)။ ။

တောင်ကြီးကနေ ကျောက်တလုံးတလျှောက် တစ်နာရီနီးပါး ဆိုင်ကယ်နဲ့ မောင်းလာပြီး လမ်းမကြီးရဲ့ ညာဘက်ကို ကြည့်လိုက်မယ်ဆိုရင် ပအိုဝ်းကျေးရွာတစ်ရွာဖြစ်တဲ့ ထီရီးကျေးရွာဆိုင်းဘုတ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ထီရီးကျေးရွာ ပအိုဝ်းတောင်သူတွေက ကြက်သွန်ဖြူ၊ စပါး၊ ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင်စိုက်ပျိုးကြပါတယ်။ တောင်ယာနဲ့ ခြံလုပ်ငန်းတွေကို အဓိကလုပ်ကိုင်စားသောက်ပါတယ်လို့ ပြောရင်မမှားပါဘူး။

တောင်သူအမျိုးသမီးအများစုဟာ နွေ၊ မိုး၊ ဆောင်း ရာသီဥတုပေါ်မူတည်ပြီး ရာသီအလိုက် သီးနှံတွေကို စိုက်ပျိုးသာမက တစ်ဖက်မှာလည်း ရိုးရာလက်မူပညာတစ်ခုဖြစ်တဲ့ ခမောက်ရက်လုပ်တဲ့ လုပ်ငန်းများကိုလည်း တစ်ဖက်တစ်လမ်းကနေ လုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။

ခမောက်ကို တောင်ယာလုပ်ငန်း လုပ်ကိုင်တဲ့အချိန်နဲ့ လယ်ထဲဆင်းချိန်တွေမှာ နေပူဒဏ်ခံနိုင်ဖို့ ဆောင်းကြပြီး ခမောက် ရက်လုပ်ရာမှာတော့ ဂျုံပင်( ဂျုံမှုန့်ရဲ့အပင်)ရဲ့ အလယ်ရိုးနှင့် ရက်လုပ်ရပါတယ်။

ဒီလို ဂျုံအလယ်ရိုးတွေကို အစည်းလိုက် စည်းထားပြီး ခမောက်ယက်လုပ်တဲ့အချိန်မှာ မကျိုးအောင် ရေထဲမှာ နာရီဝက် ကြာအောင်စိမ်ထားရပါတယ်။ ဂျုံအလယ်ရိုး ပျော့လာပြီဆိုရင် ခမောက် စတင်ရက်လုပ်လို့ရပါပြီ။

ခမောက်ရက်ရာမှာ တောင်သူအမျိုးသမီးတွေက စက်ကိုအသုံးမပြုဘဲ လက်ကို အထူးအားကိုးပြီး ရက်လုပ်ကြပါတယ်။ ခမောက်တွေကို အများအပြား ရက်လုပ်တဲ့ အချိန်ကတော့ မိုးရာသီဖြစ်ပါတယ်။ မိုးရွာချိန် တောင်ယာဆင်းလို့မရတဲ့ အချိန်တွေမှာ အိမ်မှာနေပြီး ခမောက်ကို ပိုရက်လုပ်ကြတာပါ။

ဂျုံရိုးတစ်ပင်ချင်းစီနဲ့ ရက်တဲ့အခါ တစ်နေကုန်မှ ခမောက်တစ်လုံးစာကျော်ကျော်ပဲရတာပါ။ ထိုင်လုပ်ရတဲ့အတွက် “ ဇက် ကြောတော့ တော်တော်တက်” တယ်လို့ ခမောက်ရက်လုပ်နေတဲ့ တောင်သူတစ်ဦးက ရီရီမောမောနဲ့ ဆိုပါတယ်။ စကား ပြောလိုက် ခမောက်လေးရက်လိုက်နဲ့ သူတို့ကို ကြည့်ရတာ ကြည်နူးစရာပါ။

ရက်ပြီး ရတဲ့အခွေတွေကို ကိုယ်လိုချင်တဲ့ ခမောက်ပုံစံ တိုင်းလို့ရပါပြီ။ ချုပ်တဲ့နေရာမှာလည်း အပ်ချည်ကြိုးအဖြူ‌ရောင်ကို သုံးလေ့ရှိကြပါတယ်။ တစ်နေကုန်ထိုင်လုပ်ရင် ရက်တာနဲ့ ချုပ်တာဟာ တစ်ရက်ကို ခမောက်တစ်လုံးရပါတယ်။

ခမောက်တစ်လုံးကို ၃,၀၀၀ ကျပ်လောက်တော့ ရောင်းရပါတယ်။ တစ်နေ့လုပ်ခ ၃,၀၀၀ လို့ ပြောရင်လည်း မမှားပါဘူး။

ခမောက်တွေကို အော်ဒါမှာသူမရှိလဲ တောင်ယာထဲ ဆင်းလို့ မရတဲ့ အချိန်တွေဆို သူငယ်ချင်း အချင်းချင်းဖွဲ့ပြီး ပြုလုပ်ကြ လေ့ရှိပါတယ်။ ခမောက်တွေကို ရက်လုပ်လာတာဟာ နှစ်ပေါင်း ၂၀ ကျော်လာခဲ့ပါပြီ။ တစ်ဆင့်ပြီး တစ်ဆင့် လက်ဆင့် ကမ်းပြီး လက်ရှိအချိန်ထိ တည်ရှိနေဆဲပါ။

အော်ဒါရှိရင် ခမောက် အလုံး ၃၀ ထိတော့ လာယူပေးတာတွေ ရှိတယ်လို့ သိရပါတယ်။ ဒီလို ရိုးရာခမောက်လုပ်ငန်းကို တောင်သူအလုပ်တွေပါးတဲ့အချိန်မှာ တောင်သူအမျိုးသမီးအများစုဟာ မိမိအိမ်မှာလည်းအသုံးပြုနိုင်ရန်နဲ့ စားဝတ်နေရေး အတွက်လည်း တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရရှိစေဖို့ လုပ်ကိုင်လျှက်ရှိနေကြပါတယ်။

Related Articles