နန်းဆိုင်နွမ်။ ။
ဧပြီလ ၁၈ ရက်နေ့ ည ၈ နာရီအချိန်လောက်မှာ တိတ်ဆိတ်စွာ အိပ်မောကျနေတဲ့ ရွာငံမြို့နယ်က နဘန်းကြီးကျေးရွာ လေးမှာ ငရဲကျသလို ဆူညံပွက်လောရိုက်သွားပါတယ်။
ရွာထဲကို စစ်ကောင်စီတပ်တွေက အလုံးအရင်းနဲ့ဝင်လာပြီး သေနတ်တွေပစ်ဖောက်၊ နေအိမ်တွေကိုမီးရှို့ကာ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့လို့ ထင်တဲ့သူတွေကို ဖမ်းဆီးသွားသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ထောက်ခံသူလည်းဖြစ် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့ ကိုဝင်းခိုင်အိမ်ကိုလည်း မီးရှို့ခဲ့တာပါ။
“ ရုတ်တရက် သေနတ်သံတွေ ထွက်လာတော့ကျမလည်းလန့်တာပေါ့။ သေနတ်သံထွက်ပြီးနောက်မှာတော့ ရွာအိမ် မီးရှို့ခံ လိုက်ရတာပဲ” လို့ ဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရတဲ့ နဘန်းကြီးကျေးရွာက ဓနုတိုင်းရင်းသူ အသက် ၂၁ နှစ်အရွယ်နန်းစုက ပြောပြ ပါတယ်။
အဲ့ဒီနေ့က ကျေးရွာမှာ နေအိမ်သုံးလုံးမီးရှို့ခံခဲ့ရပြီး ကျေးရွာကလူတွေကိုလည်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါ တယ်။ ကျေးရွာနေ ပြည်သူတွေဟာလည်း ရွာနဲ့နီးတဲ့ တောတောင်တွေထဲကို ညတွင်းခြင်းထွက်ပြေးခဲ့ရပါတယ်။
၂၀၂၁ခုနစ် ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၂ခုနစ် ဧပြီလ ၃၀ရက်ထိ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် လက် အောက်ခံ အဖွဲ့အစည်းများမှ မီးရှို့ဖျက်ဆီးခဲ့တဲ့ အိမ်ခြေ ၁၁,၄၁၇ လုံးအနက် သျှမ်းတောင်တွင် အိမ်ခြေ ၉၈လုံးရှိကြောင်း အမျိုးသားညီညွတ်ရေး အစိုးရကာကွယ်ရေး ဝန်ကြီးဌာနက ဧပြီ ၇ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိ သျှမ်းတောင်အတွင်း မီးရှို့ခံရတဲ့ဒေသတွေဟာ ဖယ်ခုံမြို့နယ်နဲ့ ရွာငံမြို့နယ်ထဲက နေအိမ်တွေအများဆုံးဖြစ်ပါ တယ်။ ရွာငံမြို့နယ်ဟာ အလွန်အေးချမ်းတဲ့ဒေသဖြစ်ပြီး နှစ်ရှည်ပင်ဖြစ်တဲ့ ကော်ဖီ၊ လက်ဖက် ၊ ကိုင်းခြံလုပ်ငန်းဖြစ်တဲ့ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ သံပရာသီးနဲ့ကုန်စိမ်းသီးနှံတွေကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။
ရွာငံမြို့နယ်မှာရွာပေါင်း ၂၈ရွာရှိပြီး လက်ရှိ စစ်ရှောင်နေရတဲ့ရွာတွေကတော့ နဘန်းကြီး၊ လွှစင်၊ လယ်ကိုင်းနှင့် ပဲရင်း တောင်ကျေးရွာများဖြစ်ပြီး လူဦးရေ ၈၀၀ကျော် ကျေးရွာအနီးရှိ တောတောင်များတွင် ရှောင်တိမ်းနေထိုင်နေရပါတယ်။
နန်းစုတို့နေထိုင်တဲ့ သျှမ်းတောင် ၊ ရွာငံမြို့နယ် ၊ နဘန်းကြီးကျေးရွာဟာ အိမ်ခြေ ၂၀၀နီးပါးရှိပါတယ်။ ရွာငံမြို့နယ်အတွင်း မှာ ပါဝင်တဲ့ ပဲရင်းတောင်ကျေးရွာ၊ နဘန်းကြီးကျေးရွာတို့ဟာ သျှမ်းပြည်တောင်ပိုင်းရဲ့ စီးပွားရေးမြို့တော်အောင်ပန်းနဲ့ မိုင် အနည်းငယ်သာဝေးပြီး ဆိုင်ကယ်နဲ့ သုံးနာရီကျော် သွားရင်ရောက်နိုင်ပါတယ်။
“ ရွာနေအိမ်ကို မီးရှို့သေနတ်နဲ့ရမ်းသမ်းပစ်တော့ ကျမတို့လည်း ရွာကနေထွက်ပြေးလာကြတာပဲ။ ရွာထဲမှာက စစ်သား တွေရှိတော့ မနေရဲဘူးလေ ”လို့ နန်းစုက ပြောပြပါတယ်။
စစ်အာဏာသိမ်းမှုနှင့်အတူ ရွာငံမြိုနယ်မှာစစ်ပွဲတွေ ပေါ်ပေါက်လာခဲ့တာ လေးလခန့်ရှိပါပြီ။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှစပြီး ရွာငံမြို့နယ်အတွင်းမှာ ရွာငံဒေသကာကွယ်ရေးတပ်ဖွဲ့(PDF)နဲ့ စစ်ကောင်စီတို့တိုက်ခိုက်မှုများ စတင်ပေါ်ပေါက်လာ ပြီးနောက်ပိုင်း ယခုနှစ်စပိုင်းမှစတင်ကာ တိုက်ခိုက်မှုတွေဟာ ခပ်စိပ်စိပ်ဖြစ်လာပါတယ်။
ရွာငံမြို့မှာ ရွာငံမြို့ပြ ပြောက်ကျားတပ်ဖွဲ့ (Ye Ngan Urban Guerrilla ) ၊ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဂျိုးဖြူ ပြောက်ကျားတပ်ဖွဲ့(JPGF)တို့ ရှိပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရန် လူငယ်များက ဦးဆောင် ဖွဲ့စည်းထားတာပါ။
ရွာငံမြို့နယ်တစ်ခုလုံးကိုလည်း စစ်ကောင်စီတပ်တွေက ပိတ်ဆို့ထားပြီး နေအိမ်တွေကို ဝင်ရောက်မွှေနှောက်မှုတွေကြောင့် ဒေသခံတွေဟာ နီးစပ်ရာ တောတောင်တွေဆီကိုသာ ထွက်ပြေးနေရပါတယ်။ ရွာထဲမှာ သက်ကြီးရွယ်အိုတွေသာ ကျန်ခဲ့ ပါတယ်။
“ စစ်တပ်က ရွာငံမြို့နယ်ထဲမှာ အင်အားအလုံးအရင်းရောက်နေတယ်။ နောက်ထွက်ပေါက်တွေအားလုံးကို ပိတ်ထား တယ်။ တွေ့သမျှလူငယ်တွေဖမ်းတော့ တော်တော်ခက်တယ်” လို့ နန်းစုက လက်ရှိ အခြေအနေကို ပြောပါတယ်။
ဒါ့အပြင် စိတ်မထင်ရင် မထင်သလို ဖမ်းဆီးသတ်ဖြတ်မှုတွေလည်း ပြုလုပ်နေပြီး ရွာငံမြို့နယ် ၊ ပဲရင်းတောင်ကျေးရွာ နေထိုင်တဲ့ ဒေသခံကိုးဦးကို ဒေသကာကွယ်ရေးတပ် (PDF)လို့ စွပ်စွဲပြီး ဧပြီ ၁၉ရက်မှာ စစ်တပ်က အကြမ်းဖက်ညှင်းပန်း သတ်ဖြတ်ခဲ့ပါတယ်။
စစ်ကောင်စီ သတ်ဖြတ်လိုက်တာဟာ ဒေသခံအိမ်ထောင်ရှင် အမျိုးသားတွေဖြစ်ပြီး ကျန်ခဲ့တဲ့မိသားစုတွေအတွက်တော့ အခက်အခဲတွေကြုံတွေ့နေရတယ်လို့ ပဲရင်းတောင်ကျေးရွာမှာ နေထိုင်ပြီး တောထဲသို့ တိမ်းရှောင်နေတဲ့ မမွန်က ဆိုပါတယ်။
“ ကျမတို့ ဒေသခံ ဘာအပြစ်မှမရှိတဲ့သူ ကိုးဦးသတ်ခံရတယ်။ သူတို့နောက်ကွယ်မှာ သူတို့ကို မှီတင်းနေတဲ့ မိသားစု ဝင်တွေရှိတယ်။ ” လို့ မမွန်က ပြောပါတယ်။
သတ်ခံရတဲ့ ဒေသခံတွေရဲ့ မိသားစုဝင်တွေကလည်း လက်ရှိမှာ တောထဲမှာ သွားရောက်ပုန်းရှောင်နေရကာ ကြောက်စိတ် တွေနဲ့ နေထိုင်နေရပါတယ်။
“ ဒါမျိုး တစ်ခါမှမကြုံဖူးတော့ ဒေသခံတွေကြောက်ကြတယ်။ စစ်သားမြင်ရင်ကြောက်ကြတယ်။ အိပ်မပျော်တဲ့ညတွေများ လာတယ်။ အခုက စွပ်စွဲချင်သလိုစွပ်စွဲ သတ်ချင်သလိုသတ်နေတော့ ဘယ်သူမှစိတ်မလုံခြုံတော့ဘူး” လို့ မမွန်က စိတ်မ ကောင်းစွာ ပြောပါတယ်။
အရင်က ရွာငံမြို့နယ်က ပြည်သူတွေဟာ တောင်ယာလုပ်ငန်းကို အေးချမ်းစွာလုပ်ကိုင်ပြီး မိသားစုဝမ်းရေး၊ ကလေး ပညာရေးကို ကောင်းမွန်စွာထောက်ပံ့နိုင်ခဲ့ပေမယ့် လက်ရှိကာလမှာတော့ စစ်ကောင်စီဖမ်းဆီးမှု သတ်ဖြတ်မှုကြောင့် ရွာမှာ လယ်ယာကို မလုပ်တော့ဘဲ ရှောင်ရှားနေရကာ စားဝတ်နေရေးကလည်း ခက်ခဲမှုတွေစတင် ကြုံလာကြပါတယ်။
“ တောင်ယာလည်းမလုပ်နိုင် ထွက်ပြေးနေကြတော့ စားဖို့ကလည်း ခက်ခဲလာတယ်။ အချင်းချင်း ကူညီနေရတာ။ ကျမ တို့ကို လာလှူတာတွေ လာပြီးထောက်ပံ့တာတွေမရှိဘူး။ စစ်ရှောင်တွေအတွက် လာကူတဲ့ပရဟိတတောင်ဖမ်းတာ။ ပစ္စည်း တွေသိမ်းတာရှိတယ်။ အခု ရှိတာနဲ့ချွေတာစားနေရတာ” လို့ ပရင်းတောင်ကျေးရွာမှ တိမ်းရှောင်နေရတဲ့ အသက် ၅၀ကျော် ဒေါ်မီးလေးက ပြောပြပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်သားတွေက ရွာထဲတောင်ယာထဲမှာ လှုပ်ရှားသွားလာနေကြတော့ မကြာခင်မှာ ရိက္ခာပြတ်လပ် တဲ့ အဆင့်ထိ ကြုံလာနိုင်ကြောင်းလည်း ဒေါ်မီးလေးက ဆိုပါတယ်။
“ အခုက ဘယ်သူမှအလုပ်မဆင်းရဲဘူး။ ထွက်ပြေးနေရတာ။ လက်လုပ်စားသမားကတော့ ကြာရင် အခက်ကြုံမယ်။ ချေး ငှားစားနေရတာ။ တချို့ကျတော့ ရှိတာကို ထုရောင်းပြီး စားသောက်နေကြတာ” လို့ ဒေါ်မီးလေးက ဆိုပါတယ်။
လက်ရှိရာသီချိန်ဟာ ထွန်ယက်စိုက်ပျိုးရမယ့် အချိန်ဖြစ်ပေမယ့် ရွာသူ၊ရွာသားတွေကတော့ တောင်ယာစိုက်ပျိုးရေး လုပ်ငန်းဘက်ကို အာရုံမစိုက်နိုင်ဘဲ ကိုယ့်ဒေသခံလူတွေ သတ်ဖြတ်မခံရဖို့ကိုသာ စဉ်းစားတွေးတောပြီး ညတိုင်းအိပ်မပျော် နိုင်အောင် တွေးပူနေကြပါတယ်။
စစ်ကောင်စီရဲ့လုပ်ရက်ဟာ လူငယ်တွေ ဒေသခံတွေကို ပိုပြီးနာကျည်းစေတဲ့အပြင် ပြည်သူအားလုံး တော်လှန်ရေးထဲ ဝင် လာအောင် တွန်းအားပေးနေတဲ့ ပုံစံဖြစ်နေတယ်လို့ နန်းစုကဆိုပါတယ်။ နန်းစုဟာ တက္ကသိုလ်တက်ရန် မိဘကိုကူညီရင်း စောင့်ဆိုင်းနေတာပါ။
“ အရင်ကတော့ မိဘရဲ့ လုပ်ငန်းမှာပဲအေးဆေးလုပ်တယ်။ ကော်ဖီလုပ်ငန်းပေါ့။ စစ်အာဏာသိမ်းပြီးနောက်တော့ လူငယ် တွေအတွက် ရွာထဲမှာနေဖို့ အဆင်မပြေတော့ဘူးလေ။ လုပ်ငန်းတွေစွန့်ပြီး ပြေးနေရတယ်” လို့ နန်းစုက ပြောပါတယ်။
လက်ရှိ တောထဲမှာ ရှောင်တိမ်းနေရပေမယ့် လက်နက်ကြီးသံတွေနေ့စဉ်နဲ့အမျှ ကြားနေရတဲ့အတွက် စိုးရိမ်ပူပန်မှုကတော့ ရှိနေသေးကြောင်း တောထဲစစ်ရှောင်လာတဲ့သူအများစုက အသက်ကြီးတဲ့သူတွေ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေပါဝင်ကြောင်း နန်းစုက ပြောပါတယ်။
“ တောထဲမှာနေလဲ ကျမတို့ကမလွတ်မြောက်ဘူး။ စစ်သားတွေကို ကြောက်နေရသေးတယ်။ တောထဲကို ဘယ်ချိန် လက်နက်ကြီးထုမှာလဲဆိုပြီး စိုးရိမ်နေရတယ်။ ကိုယ်ဝန်သည်တွေရှိတော့ သူတို့အတွက်လည်း စိတ်ပူနေရတယ်။ ကလေးနဲ့ အသက်ကြီးတဲ့သူဆိုရင်လည်း တော်တော်ဒုက္ခရောက်တယ် ” လို့ နန်းစုက ဓနုလေသံဝဲဝဲနဲ့ ပြောပြပါတယ်။
လက်ရှိမှာတော့ နန်းစုတို့ ထွက်ပြေးတိမ်းရှောင်တဲ့နေရာမှာ တဲထိုးပြီး ပလပ်စတစ်မိုးကာနဲ့သာ မိုးထားရကြောင်းနဲ့ “ မိုးရွာ ရင်တော့အိပ်မရဘူး။ အိပ်လည်းမအိပ်ရဲဘူး။ မိုးရွာရင်တော့ တော်တော်အခက်ကြုံတယ်”လို့ နန်းစုက ကြုံတွေ့နေရတဲ့ အခက်အခဲကိုပြောပါတယ်။
လက်ရှိမှာတော့ တောထဲတောင်ထဲ စစ်ရှောင်နေရတဲ့ ရွာငံမြို့က စစ်ဘေးရှောင်တွေဟာ အထွေထွေအကျပ် အတည်း တွေနဲ့ ရင်ဆိုင်နေရပြီး ဒီလိုအခက်အခဲတွေက လွတ်မြောက်ဖို့ဆိုရင်တော့ စစ်ကောင်စီကို အမြစ်ပြတ်ခြေမှုန်းဖို့ တစ်ခုသာ ရှိတော့ကြောင်း နန်းစုက ယခုလိုဆိုပါတယ်။
“ အခု နေ့စဉ်ဖမ်းတာဆီးတာ အိမ်မီးရှိုှု့တာတွေစိပ်လာတယ်။ ဖြတ်သွားဖြတ်လာတွေကို စစ်ဆေးပြီး ငွေတောင်းတာ ဖုန်း သိမ်းတာတွေ ရိုက်နှက်တာတွေများလာတယ်။ အခုမတော်လှန်ရင် ကျမတို့အမျိုးသမီးတွေ ဓနုလူမျိုးတွေရဲ့ အနာဂတ် မှာပိုဒုက္ခရောက်မယ်။ တော်လှန်မှရတော့မယ်”