Home သတင်း အလုပ်သမများအပေါ်လိင်စော်ကားမှုနှင့် ခွဲခြားဆက်ဆံမှုများ မေဒေးမှာထုတ်ဖော်

အလုပ်သမများအပေါ်လိင်စော်ကားမှုနှင့် ခွဲခြားဆက်ဆံမှုများ မေဒေးမှာထုတ်ဖော်

Photo: Pyint Tine Htoung Ma (HI)

ပစ်တိုင်းထောင်မ။

ရန်ကုန် –

မေလ (၁) ရက်နေ့ဖြစ်တဲ့ ဒီနေ့မှာ ကျင်းပတဲ့ ကမ္ဘာ့အလုပ်သမားများနေ့အခမ်းအနားကို တက် ရောက်လာသူတွေက စက်ရုံအလုပ်ရုံတွေမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ရှိနေသေးတယ်လို့ ပြောလိုက် ပါတယ်။

အထည်ချုပ်စက်ရုံက အလုပ်သမတဦးဖြစ်တဲ့ မနှင်းချယ်ရီက သူတို့တွေအနေနဲ့ ဘယ်လိုအကြမ်းဖက်မှု မျိုးတွေ ခံနေရသလဲဆိုတာကို အခုလို ရှင်းပြပါတယ်။

“ကိုယ်ထိလက်ရောက် ရိုက်နှက်တာမျိုးမဟုတ်တာတောင် ပြောတဲ့စကားတွေက ရိုက်တာထက် နာတယ်။ နှုတ်အားဖြင့် ညစ်ညစ်ညမ်းညမ်း ဆဲဆိုတာတွေရှိတယ်။ ဆဲဆိုနေတဲ့သူတွေက အိမ်ထောင်သည်အမျိုးသား တွေ၊ အရက်သမားတွေလည်းဖြစ်တယ်။ ညီမတို့က အမျိုးသမီးလည်းဖြစ်၊ လူငယ်လည်း ဖြစ်တော့ ပြန်မ ပြောရဲဘူး။ ရှက်လည်းရှက်၊ ကြောက်လည်းကြောက်တာပေါ့။ အဲဒါမျိုးတွေက ရိုက်တာထက်တောင် ပိုနာ ကျင်ရတယ်”

အလုပ်သမားနေ့ကျင်းပရေးမှာ ပါဝင်တဲ့ အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့ ဒါရိုက်တာ ကိုသစ် ကတော့ အမျိုးသမီးတွေ ဘာတွေလိုအပ်နေသလဲဆိုတာကို အခုလို ပြောပြပါတယ်။

“အမျိုးသမီးတွေအတွက် လုပ်ငန်းခွင်အတွင်းမှာရော အပြင်သွားလာရာမှာပါ လုံခြုံစိတ်ချရတဲ့အခြေအနေ တွေ ဖြစ်ပေါ်ဖို့၊ လုပ်ငန်းခွင်ဘေးအန္တာရာယ်ကင်းရှင်းဖို့၊ နောက်သူတို့ရဲ့ဘဝတွေ တိုးတက်ဖို့လိုတယ်။ စက်ရုံ က ပြန်တဲ့အချိန်တွေဆို လိင်ပိုင်းဆိုင်ရာ အနှောက်အယှက်ပေးတာတွေကို အများစုက ခံနေရတယ်..”

ပြည်ပိုင်ကိုကိုလို့ အလုပ်သမားအများစုကသိကြတဲ့ ကိုသစ်က အခုလို ပြောပြတာပါ။ အလုပ်သမားအဖွဲ့ တွေကတော့ ဒီကိစ္စတွေကို ပညာပေးတွေ လုပ်နေကြရတယ်လို့ သူက ဆက်ပြောပါတယ်။

“ဒါတွေကို ကျနော်တို့က ဘယ်လိုအချက်တွေက ကာယိန္ဒြေပျက်ပြားတယ်ဆိုတာတွေကို အမျိုးသမီးအဖွဲ့ တွေနဲ့ ချိတ်ဆက်ပြီး အသိပညာပေးတွေ လုပ်တယ်”

ဒီကနေ့ ကျရောက်တဲ့ အလုပ်သမားနေ့ကိုတော့ ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ အောင်မြေသာယာ ဘော လုံးကွင်းမှာ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) အပါအဝင် အဖွဲ့ပေါင်း(၁၁)ဖွဲ့က ပူးပေါင်းပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို တက်ရောက်လာတဲ့ မနှင်းချယ်ရီက လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ရပ်ဆိုင်းဖို့အပြင် ခွဲခြား ဆက်ဆံမှုတွေကိုလည်း ရပ်စေချင်တယ်လို့ ပြောပါတယ်။

Photo: Pyit Tine Htoung Ma (HI)

“ကိုယ့်မိသားစုကို ထောက်ပံံ့ချင်လို့ ရန်ကုန်တက်ပြီး အလုပ်လာလုပ်ကြတာပါ။ သမီးတို့အလုပ်သမားတွေ ဘဝမှာ လစာလေးလည်း ကောင်းချင်တယ်။ အလုပ်သမားတွေကို ဖိနှိပ်ချုပ်ချယ်တာကိုလည်း မခံချင်ဘူး။ အလုပ်ရှင်တွေက အလုပ်သမားတွေအပေါ် တရားမျှတမှုရှိတာမျိုး လိုချင်တယ်။ ကိုယ်ချင်းစာပေးပါလို့ ခေါင်းဆောင်တွေကိုလည်း ပြောချင်ပါတယ်။ ကိုယ့်မြန်မာပြည်သားအချင်းချင်း ဒီလိုမျိုး ခွဲခြားဆက်ဆံနေ ရင် သူတို့အလုပ်ရှင်တွေက ပိုဆိုးမှာပေါ့။ သူတို့ဘက်က ခေါင်းဆောင်ကောင်း ပီသရင် ညီမတို့ဘက်လည်း နောက်လိုက် ကောင်းလုပ်ဖို့ အဆင်သင့်ပါပဲလို့ ပြောချင်ပါတယ်..”

ထိုအခမ်းအနားမှာ မေဒေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ မေဒေးနေ့ ပြုလုပ်ရခြင်း ရည်ရွယ်ချက်၊ အလုပ်  သမားရေး အဖွဲ့အစည်းများနဲ့ အခြေခံအလုပ်သမားအဖွဲ့အစည်းများမှ ပေးပို့လာတဲ့ သဝဏ်လွှာများ ဖတ်ကြားခြင်း၊ စက်ရုံအတွင်း အလုပ်သမားများအပေါ် အကြမ်းဖက်ခံရတဲ့  ဖြစ်ရပ်မှန် ပြဇာတ်များ သရုပ်ဖော် ပြသခြင်း တို့နဲ့ ကိုယ်တိုင်အခက်အခဲများကြုံတွေ့ခံစားရတဲ့ အလုပ်သမားများရဲ့ “ရင်ဖွင့်စကား” ထုတ်ဖော်ခြင်း အစီ အစဉ်များ ပြုလုပ်ကျင်းပခဲ့ပြီး  အလုပ်သမားပေါင်း (၂၅၀၀) ကျော် တက်ရောက်ခဲ့ကြပါတယ်။

Related Articles