Home သတင်း “၁၁၁၁”စစ်ဆင်ရေးအတွင်း အမျိုးသမီး ၃၆ ဦးအပါအဝင် အရပ်သား ၁၅၈ ဦးသေဆုံး

“၁၁၁၁”စစ်ဆင်ရေးအတွင်း အမျိုးသမီး ၃၆ ဦးအပါအဝင် အရပ်သား ၁၅၈ ဦးသေဆုံး

ကရင်နီဒေသက စစ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီတွေ အထူးလိုအပ်နေ 

ဝသုန်

ကရင်နီပြည်မှာ “၁၁၁၁”စစ်ဆင်ရေး စတင်တဲ့ရက်ပေါင်း ၄၀ အတွင်း စစ်တပ်ရဲ့လက်ချက်နဲ့ အမျိုးသမီး  ၃၆ ဦး၊ အသက်မပြည့်သေးတဲ့ကလေးငယ်၂၄ ဦးအပါအဝင် အရပ်သား ၁၅၈ ဦးသေဆုံးခဲ့ရတယ်လို့ ကရင်နီလူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့(KHAI)က ထုတ်ပြန်ထားပါတယ်။

သူတို့တွေဟာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံနဲ့ မိုးဗြဲ မြို့နယ်မှ အရပ်သားပြည်သူတွေဖြစ်ပြီး သေဆုံးတဲ့ သူတွေ ထဲမှာ အသက် ၁၈ နှစ်အောက်ရှိတဲ့အမျိုးသမီး ခုနစ် ဦးပါဝင်ကာ အသက် ၅၀ ကျော်၊ ၆၀ အရွယ်အမျိုးသမီး တွေလည်း ပါဝင်တယ်လို့ KHAI မှ တာဝန်ရှိသူတစ်ဦးက HI ကို ပြောပါတယ်။

စစ်တပ်လက်ချက်နဲ့ သေဆုံးရသူတွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မသန်စွမ်းအမျိုးသမီးတွေနဲ့ ကျန်းမာ ရေးမကောင်းတဲ့သက်ကြီးရွယ်အိုအမျိုးသမီးတွေလည်း ပါဝင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်က လွိုင်ကော်မှာ စစ်တပ်က လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ကိုယ်ဝန် သုံး လလွယ်ထားရတဲ့အမျိုးသမီးတစ်ဦးနဲ့ အသက် ၆၅ အရွယ်အဖွားအိုတစ်ဦးသေဆုံးခဲ့ရပါတယ်။

ဒါနဲ့ပတ်သက်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး KNWO ရဲ့ဒုဥက္ကဋ္ဌ မော်နိုမြာက “တိုက်ပွဲအတွင်း အပြစ်မဲ့တဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေကို ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်နေတဲ့စစ်တပ်ရဲ့လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချပါတယ်။” လို့ ပြောပါတယ်။

ဒါ့ကြောင့် အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်နေတာတွေအားလုံးကို အမြန်ဆုံးရပ်တန့်ပေးဖို့ သူက တောင်းဆိုနေပါတယ်။

ကရင်နီပြည်မှာ စစ်တပ်ရဲ့တပ်စခန်းတွေကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်(KNDF)နဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) အပါအဝင် ဒေသကာကွယ် ရေးတပ်တွေက ပြီးခဲ့တဲ့နိုဝင်ဘာ လ ၁၁ ရက်ကစပြီး အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်တယ်။

ဒီတိုက်ပွဲတွေကြောင့် ကရင်နီပြည်မှာ စစ်ဘေးရှောင်ဦးရေဟာ သုံးသိန်းဝန်းကျင်ရှိနေပြီး ဒီထဲမှာအမျိုးသမီးက သုံးပုံနှစ်ပုံ ပါဝင်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ရာသီဥတု အေးလာပြီဖြစ်လို့ သူတို့တွေအတွက် စားနပ်ရိက္ခာ၊ စောင်၊ အနွေးထည်စတဲ့အသုံး အဆောင်တွေ လိုအပ်နေပြီး ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အခြေခံဆေးဝါး တွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

နာတာရှည်ရောဂါရှိသူတွေအတွက်လည်း လုံလောက်တဲ့ဆေးဝါးမရရှိတာ၊ ကျန်းမာရေး စောင့်ရှောက် မှုတွေမရရှိတာတွေ ကြောင့် စစ်ရှောင်တွေမှာ အခက်အခဲများစွာရှိနေကြတာဖြစ်တယ်။

“ဆေးဝါးရဖို့ခက်ခဲတော့ ကိုယ်ဝန်ဆောင်တွေနဲ့ ကင်ဆာရောဂါလို အခံရှိတဲ့သူတွေအရမ်းဒုက္ခရောက်ရတယ်။ ကျန်းမာရေးစောင့်ရှောက်မှုမရတော့ ကိုယ်ဝန်ဆောင်မိခင်သေဆုံးတာ၊ ကလေးအသေမွေးတာနဲ့ မွေးပြီးကလေး သေတာတို့အဖြစ် များလာတယ်။”လို့ သူက ဆိုပါတယ်။

ကရင်နီဒေသက စစ်ဘေး ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီတွေ အထူးလိုအပ်နေ တယ်လို့ KHAI မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်ညီနောင် ၃ ဖွဲ့က အောက်တိုဘာ ၂၇ ရက်မှာ စတင်လိုက်တဲ့“၁၀၂၇”စစ်ဆင်ရေး အမည်နဲ့ တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကိုင်း၊ ကချင်၊ ချင်းနဲ့ ရခိုင်ပြည်နယ်တွေမှာလည်း တိုက်ပွဲတွေဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

Author:

Related Articles