Home ဆောင်းပါး တရားမျှတမှုရရှိရေးတောင်းဆိုနေကြသည့်ရခိုင်သူနာပြုတိုက်ခိုက်ခံရမှု

တရားမျှတမှုရရှိရေးတောင်းဆိုနေကြသည့်ရခိုင်သူနာပြုတိုက်ခိုက်ခံရမှု

သန့်ရှင်းထွန်း။ ။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စေတီတောင်တိုက်နယ်ဆေးရုံမှ သူနာပြုဆရာမတစ်ဦး မေလ ၁၀ ရက်က အကြမ်းဖက်တိုက်ခိုက်ခံရသည့်အတွက် တရားမျှတမှုရရှိရန်အတွက် ကာယကံရှင်၊ ၎င်း၏မိသားစုနှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက တောင်းဆိုနေကြသည်။

အဆိုပါအမှုအတွက် စေတီတောင်တိုက်နယ်ဆေးရုံမှ လက်ထောက်ဆရာဝန်ဒေါက်တာ ညီညီမောင် နှင့် ၎င်း၏ဇနီး၊ အခြားအမျိုးသားတစ်ဦးတို့ ပါဝင်ပတ်သတ်ကြောင်း ကာယကံရှင်ဖြစ်သည့် သူနာပြုဆရာမက သတင်းမီဒီယာများထံ ထုတ်ဖော်ပြောဆိုထားသည်။

သူနာပြုဆရာမ၏အဆိုအရ အခင်းဖြစ်ပွားသည့် မေလ ၁၀ ရက်တွင်
၎င်း၏အဆောင်ရှိအခန်းထဲတွင် ရေချိုးရန်ပြင်ဆင်နေချိန် တံခါးခေါက်သံကြား၍ သွားရောက်ဖွင့်ပေးစဉ် တိုက်နယ်ဆရာဝန်၏ ဇနီးသည်က စတင်ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“လက်တွေကို ဆွဲပြီးတော့ ရိုက်တယ်။ ဆံပင်ကိုဆွဲပြီးတော့လည်း ခေါင်းကိုအုတ်နံရံမှာ ဆောင့်ပါတယ်။ ခေါင်းကို ဆောင့်တာ ၁၅ ချက်၊ အချက် ၂၀ လောက်ရှိပါမယ်။ ကျမခေါင်းက ထုံသွားပါတယ်။ အဲဒီအချိန်မှာ သတိလစ်မလို ဖြစ်သွားပါတယ်။ သတိမထားရင် သေသွားနိုင်တယ်” ဟု ရိုက်နှက်ခံခဲ့ရသော သူနာပြုဆရာမက ပြောပြသည်။

ထိုသို့ တိုက်နယ်ဆရာဝန်ဇနီးသည်က ရိုက်နှက်၍ သူနာပြုဆရာမ ကြမ်းပြင်ပေါ်တွင် လှဲနေချိန်၌ တိုက်နယ်ဆရာဝန်နှင့် ဆရာဝန်တပည့်တစ်ဦးတို့ ရောက်လာခဲ့ပြီး ဖြန်ဖြေပေးခြင်းမရှိဘဲ သူနာပြုဆရာမ၏ လက်များကို ကိုင်ပေးထားခဲ့သည်ဟု ဆိုသည်။

“ဇနီးသည် (ရန်)သတ်နေတာကို မဖြန်ဖြေဘဲ ကျမကိုလာပြီးတော့ လက်နှစ်ဖက်ကို လာကိုင်ပေးထားတယ် အဲဒီလူ (ဆရာဝန်)။ အရှေ့ကနေပြီးတော့ လက်နှစ်ဖက်ကို ကိုင်ထားပေးတယ်။ သူ့မိန်းမက ပါးတွေကိုရိုက်တယ်” ဟု သူနာပြု ဆရာမက ပြောသည်။

ထိုသို့ တံခါးပိတ် ရိုက်နှက်နေမှုကြောင့် အနီးပတ်ဝန်းကျင်မှ လုပ်ဖော်ကိုင်ဖက်တချို့ ရောက်လာချိန်တွင် တိုက်နယ် ဆရာဝန်၏ ဇနီးသည်ကို တံခါးလော့ဖွင့်ပေးခဲ့ပြီး သူနာပြုဆရာမကို တံခါးဖွင့်မပေးဘဲ ဆရာဝန်နှင့် တပည့်ဖြစ်သူက တံခါးလော့ချထားခဲ့သည်ဟု ပြန်ပြောပြသည်။

ထိုသို့အချိန်တွင် သူနာပြုဆရာမမှာ ဆရာဝန်ကို တွန်း၍ တံခါးလော့ကို ဖွင့်ခဲ့ရာမှ အခန်းအနီးကို ရောက်ရှိနေသော လုပ်ဖော်ကိုင်ဖက်များက အခန်းထဲသို့ ဝင်ရောက်နိုင်ခဲ့သည်ဟု ဆိုသည်။

သူနာပြုဆရာမအခန်းသို့ ရောက်ရှိလာသော လုပ်ဖော်ကိုင်ဖက်များက သူနာပြုဆရာမကို ဘူးသီးတောင်မြို့ပေါ်ရှိ ၎င်း၏နေအိမ်သို့ ပို့ဆောင်ပေးခဲ့သည်ဟု ကိုမောင်မောင်က ပြောသည်။

သူနာပြုဆရာမက သူ့အားတိုက်နယ်ဆရာဝန်နှင့် ဇနီးသည်က ရိုက်နှက်ခဲ့ခြင်းမှာ အငြိုးအတေးကြောင့်ဖြစ်ပြီး တိုက်နယ်ဆရာဝန်သည် သူနာပြုဆရာမကို လိင်ပိုင်းဆိုင်ရာစော်ကားသော စကားလုံးအသုံးအနှုန်းများဖြင့် ဖုန်းကတဆင့် မက်ဆေ့ချ်(SMS)ပို့ခဲ့သည်ဟု ကာယကံရှင် သူနာပြုဆရာမက ပြောသည်။ ယင်းသို့ စာပို့ခြင်းကို သူနာပြုဆရာမက ၎င်း၏မိဘများနှင့်အတူ ဘူးသီးတောင်မြို့နယ် ဆေးရုံအုပ်ထံသွားရောက် တိုင်တန်းခဲ့သည်ဟုလည်းဆိုသည်။

အဆိုပါဖြစ်ရပ်များအတွက် သူနာပြုဆရာမ၏မိခင်က ဘူးသီးတောင်မြို့နယ် ညောင်ချောင်းနယ်ခြားစောင့်ရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ပြီး ရဲစခန်းက ကာယအိန္ဒြေပျက်စေရန် အကြံဖြင့် လက်ရောက်ကျူးလွန်မှု ပုဒ်မ ၃၅၄၊ အိမ်ကျော်နင်းမှုပုဒ်မ ၄၅၁ ၊ ဆဲဆိုမှုပုဒ်မ ၂၉၄ တို့ဖြင့် အမှုဖွင့်ထားသည်။

“ကျမတို့ကတော့ လုံးဝမကျေနပ်ဘူး။ ဆိုင်ရာနဲ့ဆက်ပြီး လုပ်သွားပါမယ်။ ရဲမှာလည်း အမှုဖွင့်ထားပါပြီ။ ပြီးတော့ အဖွဲ့အစည်းတွေနဲ့ ပြောထားတာတွေလည်းရှိပါတယ်” ဟု သူနာပြုဆရာမ၏ မိခင်ကပြောသည်။

အဆိုပါအမှုအတွက် စွပ်စွဲခံရသူများထံမှ HI အနေဖြင့် သီးခြားမှတ်ချက် မရရှိသေးဘဲ ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

အဆိုပါဖြစ်ရပ် ဖြစ်ပွားပြီး နောက်တစ်ရက်အကြာ မေလ ၁၁ ရက်တွင် စွပ်စွဲခံရသည့် ဆရာဝန်သည် စေတီတောင်တိုက်နယ်ဆေးရုံမှ စစ်တွေပြည်သူ့ဆေးရုံသို့ ပြောင်းရွေ့နေရာချထားခံခဲ့ရသည်ဟုလည်း သိရသည်။

အဆိုပါဖြစ်ရပ်အတွက် တရားမျှတမှုရရှိရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ရခိုင်အမျိုးသမီးများကွန်ရက်နှင့် ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ အပါအဝင် ဒေသတွင်းရှိ လူ့အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများက တောင်းဆိုနေကြသည်။

ယင်းဖြစ်ရပ်သည် အမျိုးသမီးတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းသာမကပဲ အသက်အန္တရာယ်ပါ ခြိမ်းခြောက်လာမှုအပေါ် ရှုတ်ချသည်ဟု အမျိုးသမီးအရေး လှုပ်ရှားနေသည့် Woman Generation အဖွဲ့ကဒါရိုက်တာ ဒေါ်ခင်မြင့်ဇော်က ပြောသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ရှေ့နေလိုက်ပေးခြင်းအပါအဝင် ဥပဒေပိုင်းဆိုင်ရာကိစ္စရပ်များကို အကောင်းဆုံး ကြိုးစားကူညီပေးသွားမည်ဟု ဥပဒေကုစားရေးအဖွဲ့(မြန်မာ)က ရှေ့နေ ဒေါ်မြသူဇာက ပြောသည်။

“ဥပဒေပိုင်းအရ အကောင်းဆုံးကို ကြိုးစားပြီးတော့ ဆောင်ရွက်သွားမယ်။ တကယ်လို့ ကျူးလွန်တယ်ဆိုလို့ရှိရင် ပြစ်မှုနှင့်ပြစ်ဒဏ် မျှတဖို့လိုအပ်ပါတယ်။ မျှတအောင်လည်း ကျမတို့အကောင်းဆုံး ကြိုးစားသွားမယ်”ဟု ၎င်းကဆို သည်။

သူနာပြုဆရာမအပေါ် အုပ်စုဖွဲ့ရိုက်နှက်မှုမှာ အမျိုးသမီးအကြမ်းဖက်မှုမြောက်ပြီး အဆိုပါ လုပ်ရပ်အပေါ် ရှုတ်ချကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (AHRDPA)က မေလ ၁၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ဒါကို ထိထိရောက်ရောက် အရေးမယူဘူးဆိုရင် အမျိုးသမီးအကြမ်းဖက်မှုနဲ့ ပတ်သက်လို့ မြန်မာအစိုးရက ချိုးဖောက်ရာကျတယ်”ဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (AHRDPA) ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သူနာပြုဆရာမအနေဖြင့် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားအောင် သက်သေပြသရန်လိုအပ်နေပြီး သက်သေမခိုင်လုံ၍ လွတ်မြောက်ခဲ့လျှင် ပို၍ပြောဆို ဝေဖန်စရာများ ဖြစ်လာနိုင်သည်ဟု အမ်းမြို့မှ တရားလွှတ်တော်ရှေ့နေ ဦးဟန်မင်းလှိုင်က ထောက်ပြသည်။

“ပြဿနာက လူနှစ်ဦးဖြစ်တဲ့ ပြဿနာလို့ ယူဆစေချင်တယ်။ ဆရာဝန်နှင့် သူနာပြုပြဿနာ၊ အမျိုးသား၊အမျိုးသမီးပြဿနာ စသဖြင့် လိုရာဆွဲခေါ်ပြီး ပုံကြီးချဲ့လာတဲ့ အနေအထားမဖြစ်စေချင်ဘူး။ အဲဒါကြောင့် အမှုစစ်တဲ့အဖွဲ့တွေကလည်း ပွင့်လင်းမြင်သာစွာနဲ့ အပြစ်ရှိ/မရှိ ထင်ရှားအောင် စစ်ဆေးပေးဖို့လိုအပ်တယ်။ အပြစ်ရှိရင်လည်း ထိရောက်တဲ့ ပြစ်ဒဏ်တရပ် ချမှတ်ပေးဖို့လိုအပ်ပါမယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးဟန်မင်းလှိုင်က ပြောသည်။

Author:

Related Articles