ဒေဝီ။ ။
အပြာရောင်စက်ဘီး နောက်ခုံမှာတင်ထားတဲ့ အပြာရောင်ခြင်းထဲမှာ စာအုပ်တွေက အစီအရီနဲ့ ဘေးနားမှာလည်း လူငယ် လူရွယ်လေးတွေက ခြင်းလေးထဲက “စာအုပ်လေးတွေရပါတယ်ရှင့်၊” “ဂျပန်စာ၊ကိုရီးယားစာအုပ်လေးတွေ လည်းရပါတယ်” ” စာအုပ်အသစ်ထွက်တာလေးတွေ လည်းရှိပါတယ်” ဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့အသံက လူစည်ကားရာ လှည်းတန်းလမ်းမ၊ ဦးထွန်းလင်းခြံလမ်းထိပ်မှာ တစ်ချက်တစ်ချက် ထွက်ပေါ်လာတယ်။
လူတွေက စာအုပ်တွေကို စိတ်ဝင်တစားနဲ့ ရွေးချယ်ဖတ်ရှုနေကြတယ်။
ယင်းအမျိုးသမီးက စာအုပ်ရောင်းတဲ့အော်သံနဲ့အတူ စာဖတ်သူတွေလိုချင်တဲ့ စာအုပ်တွေကိုလည်း ခြင်းလေးထဲကနေ ရှာဖွေပေးနေပါတယ်။
သူ့အမည်က အေပရယ်ပန်းရောင်ပါ။ ဝါသနာနဲ့ဝမ်းရေးအရ စက်ဘီးပေါ် စာအုပ်ခြင်းသယ်ဆောင်လို့ လူစည်ကားရာ နေရာဖြစ်တဲ့ လှည်းတန်းဝန်းကျင်မှာ စာအုပ်ရောင်းချနေသူတစ်ဦးဖြစ်ပါတယ်။
စာဖတ်ဝါသနာပါပြီး ကိုယ်ပိုင်စာအုပ်ဆိုင် ဖွင့်လှစ်ချင်တဲ့ အေပရယ်ပန်းရောင်က တက္ကသိုလ်နောက်ဆုံးနှစ်ကတည်းက စာအုပ်တွေကို အွန်လိုင်းကနေရောင်းချခဲ့တာပါ။
အသက်၂၇နှစ်အရွယ် အေပရယ်ပန်းရောင်က မှော်ဘီနည်းပညာတက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီးနောက် ပြင်ပအလုပ်တစ်ခု လုပ်ခဲ့ပေမယ့်လည်း ဝါသနာနဲ့မကိုက်သလို တခြားအလုပ်လည်း မလုပ်လိုတာကြောင့် စာအုပ်ရောင်းချဖို့ ဆုံးဖြတ်ခဲ့တယ်။
စာအုပ်အရောင်းဆိုင်အမည်ကိုလည်း သူငယ်စဉ်ကတည်းက ဆုံးပါးသွားပြီဖြစ်တဲ့ မိခင်ဒေါ်ခင်ဦးတင့်ရဲ့ အမည်စာလုံး အတိုကောက် KOTအမည်နဲ့ အွန်လိုင်းကနေစာအုပ်ရောင်းချသလို၊ သူနှစ်သက်တဲ့ စာရေးဆရာတွေရဲ့ စာအုပ်စာပေတွေ ကို ဖတ်ရှုစုဆောင်းပြီး ၂၀၂၁သြဂုတ်လမှာ နေအိမ်မှာပဲ mini bookshop လေးဖွင့်လှစ်ခဲ့တယ်။
စာအုပ်ဆိုင်အသေးလေးဖွင့်လှစ်ခဲ့ပေမယ့် တစ်နေ့နေလို့မှ တစ်အုပ်မရောင်းရသလို ဈေးဦးမပေါက်တဲ့နေ့တွေလည်း ရှိခဲ့ တယ်။ မရောင်းရတဲ့နေ့တွေများလာတဲ့အခါ လှည်းတန်းမှာကားနဲ့ အဝတ်အထည်တွေ ဖိနပ်တွေတင်ရောင်းတဲ့ သူတွေ အတိုင်း စာအုပ်တွေကိုလည်း ရောင်းချဖို့ တွေးမိတယ်။
ဒါပေမယ့်သူ့မှာ ကားမရှိတဲ့အတွက် ရှိတဲ့စက်ဘီးနဲ့ပဲ စာအုပ်တစ်ချို့ကို ပုံးထဲထည့်လို့ စက်ဘီးနောက်ခုံပေါ်တင်ကာ လှည်းတန်းစိန်ဂေဟာရှေ့မှာ ဒီဇင်ဘာနောက်ဆုံးပတ်က သွားရောက်ရောင်းချခဲ့တယ်။
ပထမဆုံး လမ်းဘေးမှာရောင်းချတာကြောင့် ရှိန်နေတာရယ်၊ စာအုပ်တွေကို ပုံးထဲထည့်ထားတာဖြစ်တော့ လူသိပ်မသိဘဲ အဲ့ဒီနေ့က တစ်အုပ်မှ မရောင်းရခဲ့ဘူးလို့ သူကဆိုပါတယ်။
ပထမဆုံးလမ်းဘေးအရောင်းသည်ဘဝမှာ အရှုံးပြခဲ့တဲ့အတွက် နောက်နေ့တွေ ဆက်မရောင်းတော့ဘဲ အိမ်ကစာအုပ်ဆိုင် လေးမှာပဲ ပြန်ထိုင်ရင်း အွန်လိုင်းကနေပဲရောင်းချတာတွေဆက်လုပ်ခဲ့တယ်။
အိမ်ကစာအုပ်ဆိုင်မှာပဲ ရောင်းချနေရင်း သူ့ဆိုင်ကဆိုင်းဘုတ်ကို စည်ပင်က အခွန်လာကောက်ခဲ့တယ်။
တစ်နေ့တစ်အုပ်တောင်မရောင်းရတဲ့နေ့တွေကြား ဆိုင်ခန်းခအပြင် စည်ပင်ခွန်ပါတိုးလာတော့ မအေပရယ်ပန်းရောင် စိတ်ဓာတ်ကျမိတယ်။ စိတ်ဓာတ်ကျပေမယ့် အားတင်းပြီး တစ်အုပ်ပဲရောင်းရပါစေ ရောင်းမယ်ဆိုပြီး ပလတ်စတစ်ခြင်းထဲ စာအုပ်တွေထည့်လို့ လှည်းတန်းဦးထွန်းလင်းခြံလမ်းမှာ သွားရောက် ရောင်းချပြန်တယ်။
” တစ်နေ့ကိုတစ်ယောက် ဆိုင်လာတာမျိုးတောင်မရှိဘူး၊ စည်ပင်ခွန်ဆောင်ဖို့လည်းမတတ်နိုင် ဒီမှာထိုင်နေဖို့လည်း အဆင် မပြေတော့၊ အရင်းပဲပြန်ရရင်လည်း တော်ပါပြီဆိုပြီးရောင်းတာ၊ အဲ့ဒီမှာကံအကျိုးပေးတယ်ထင်တယ်” လို့ အေပရယ် ပန်းရောင်ကပြောပါတယ်။
ဇန်နဝါရီ၁၉ရက်နေ့ ဒုတိယအကြိမ်မြောက်ရောင်းချခဲ့တဲ့အချိန်မှာ စာအုပ် ၂၀ ဝန်းကျင်လောက်ရောင်းချခဲ့သလို၊ စက်ဘီး လေးနဲ့ စာအုပ်သည်ဆိုပြီးတော့လည်း လူသိများခဲ့တယ်။
လူစိတ်ဝင်စားသလို အားပေးဝယ်ယူသူတွေလည်း များလာတာကြောင့် အွန်လိုင်းနဲ့ရော၊ အိမ်ကဆိုင်လေးမှာလည်း ရောင်း ချသလို၊ ညနေဘက်တွေမှာ လှည်းတန်းဝန်းကျင်တဝိုက် ဆက်လက်ရောင်းချဖြစ်ခဲ့တယ်လို့ အေပရယ်ပန်းရောင် က ပြောပါတယ်။
သူက အခြားသက်မွေးဝမ်းကြောင်းအစား ဝါသနာပါရာစာပေလမ်းကြောင်းကိုရွေးချယ်ပေမယ့် အခက်အခဲတွေကတော့ အများအပြားပါ။ အိမ်မှာဆိုင်လေးဖွင့်ပြီး စာအုပ်ရောင်းပေမယ့်လည်း အရောင်းအဝယ်အေးခဲ့သလို၊ စက်ဘီးနဲ့ရောင်းချတဲ့ အချိန်မှာလည်း နေရာအခက်အခဲက ရှိပြန်တယ်လို့ ဆိုတယ်။
အချက်အချာကျပြီး စည်ကားလှတဲ့ လှည်းတန်းလိုနေရာမျိုးမှာ နေရာအတည်တကျနဲ့ ရောင်းချနိုင်ဖို့က ခက်ခဲပြီး အဆင် ပြေတဲ့နေရာစက်ဘီးရပ်လို့ ရောင်းချရတယ်လို့ဆိုတယ်။
” စက်ဘီးက နေရာတော့မစားဘူးဆိုပေမယ့် လှည်းတန်းမှာလည်း လွတ်တဲ့နေရာက သိပ်မရှိတော့ ရှိတဲ့နေရာ ပလက် ဖောင်းလေးရောင်းရတယ်။” လို့ အေပရယ်ပန်းရောင်ကပြောပါတယ်။
ငယ်ရွယ်တဲ့မိန်းကလေး နှစ်ဦးတည်းရောင်းချတာဖြစ်တော့ အခြားဈေးသည်တစ်ချို့ရဲ့ ရံဖန်ရံခါ စနောက်တာမျိုးတွေလည်း ကြုံတွေ့ရတယ်လို့ သူကဆက်ပြောပါတယ်။
အေပရယ်ပန်းရောင်ရဲ့ စက်ဘီးနောက်ခုံပေါ်က ပလက်စတစ်ခြင်းလေးက စာအုပ်ရေငါးဆယ်ဝန်းကျင် ဆန့်တဲ့အတွက် တစ်နေ့နဲ့တစ်နေ့ မတူညီတဲ့ သုတ၊ရသစာပေမျိုးစုံကို တင်ဆောင်ရောင်းချပါတယ်။ စက်ဘီးလေးနဲ့ သူ့စာအုပ်အရောင်း ဆိုင်လေးကို စိတ်ဝင်စားကြတဲ့အတွက် မကြာခဏလာရောက်အားပေးသူတွေလည်းရှိပြီး နေ့စဉ် ၁၅အုပ် ၂၀ အုပ် ဝန်းကျင် ရောင်းချရတယ်လို့ ပြောပါတယ်။
” အများဆုံးဆို ရသပိုင်းတွေလည်းရောင်းရတယ်။ ဝတ္တုဖတ်တာ။ ကဗျာစာအုပ်လေးတွေရောင်းရတာ၊ ဘာသာပြန်လေး တွေနောက်နေ့တင်ပေးခဲ့နော်အမဆိုပြီး ပြောတာတွေလည်းရှိတယ်”လို့ အေပရယ်ပန်းရောင်က ဆိုတယ်။
သူ့ဆိုင်လေးကို လာဝယ်တဲ့သူတွေကလည်း အသက်နှစ်ဆယ်ကျော်ဝန်းကျင်လူငယ်တွေ အများဆုံးဖြစ်ပြီး ခေတ်ပေါ် စာရေးဆရာတွေရဲ့ စာပေတွေကစလို့ ခေတ်ဟောင်းစာရေးဆရာကြီးတွေရဲ့ စာပေတွေကို ဝယ်ယူလေ့ရှိတယ်လို့ အေပရယ်ပန်းရောင်က ပြောပါတယ်။
သူ့ရဲ့ရည်မှန်းချက်က စာရေးဆရာစုံစုံလင်လင်ရဲ့ စာပေမျိုးစုံတင်နိုင်တဲ့ စာအုပ်ဆိုင်ဖွင့်လှစ်နိုင်ဖို့ပါ။ လက်ရှိမှာ စာအုပ်ဆိုင် အသေးစားလေးဖွင့်လှစ်ထားပေမယ့် လတ်တလောကြုံနေရတဲ့ အခြေအနေတွေကြောင့် ရောင်းအားက မရှိသလောက်ပဲ လို့ဆိုတယ်။
စာအုပ်တွေကို အွန်လိုင်းပေါ်မှာ ရောင်းချတဲ့အချိန်ကတည်းက ကိုဗစ်ကပ်ရောဂါ ကာလဖြစ်နေပေမယ့် ပြည်သူတွေက စီးပွားရေးအဆင်ပြေသေးတဲ့အတွက် အိမ်မှာနေပြီး စာဖတ်နိုင်သေးတာကြောင့် အခြေအနေကမဆိုးလှ။
ဒါပေမယ့် ကိုဗစ်ကပ်ရောဂါရော နိုင်ငံရေးအခြေအနေကြောင့်ပါ တစ်စတစ်စ ကျပ်တည်းလာတဲ့ ပြည်သူတွေရဲ့ စီးပွားရေး အခြေအနေမှာ စာအုပ်ဆိုတာ ဦးစားပေးအရာမဟုတ်တဲ့အတွက် နေအိမ်မှာဖွင့်လှစ်ထားတဲ့ သူ့ဆိုင်လေးလည်း တဖြည်း ဖြည်းနဲ့ လုံးပါးပါးလာတယ် လို့ဆိုတယ်။
” စာအုပ်ရောင်းတာ စွန့်စားရာတော့ရောက်တယ်။ ငါလက်လွတ်လိုက်ရမလားဆိုပြီးတွေးဖူးတယ်၊ စိတ်ဓာတ်တွေလည်း ကျဖူးတယ်။” လို့ အေပရယ်ပန်းရောင်ကပြောပါတယ်။
လူတွေကျပ်တည်းလာပြီး စာအုပ်ဖတ်ဖို့အတွက် ငွေအများကြီးမသုံးချင်တဲ့အပြင် တက်လာတဲ့ကုန်ဈေးနှုန်းတွေကြား စာအုပ်ဈေးတွေပါတစ်စတစ်စ မြင့်တက်လာတဲ့အတွက် ပိုပြီးတော့ စာအုပ်ရောင်းအားကျလာတယ်လို့ပြောတယ်။
” စာအုပ်အခြေအနေက စာဖတ်တဲ့သူတွေရှိနေလို့သာရောင်းနေရတာ၊ စာအုပ်ဈေးတွေမြင့်လာလို့ သိပ်ပြီးမတိုးနိုင်ကြ တော့ဘူး။ ဖတ်ချင်တဲ့သူတွေက အချင်းချင်း ပြန်ဖတ်ပြီး ပြန်ရောင်းကြတာ”လို့ အေပရယ်ပန်းရောင်ကပြောပါတယ်။
လက်ရှိမှာတော့ KOT mini book shop အမည်နဲ့ပဲစာအုပ်ဆိုင်လေးကိုသူနေထိုင်ရာ အမှတ်07/B၊မြေညီထပ် ခိုင်ရွှေဝါ မှတ်တိုင်နား-ဗဟိုလမ်းပေါ်မှာ ဖွင့်လှစ်ထားသလို အွန်လိုင်းကနေလည်း စာအုပ်ရောင်းချနေပြီး၊ သောကြာ၊စနေ၊ တနင်္ဂနွေ နေ့ ညနေဘက်တွေမှာတော့ စာအုပ်စက်ဘီးလေးကို ယောင်းမဖြစ်သူနဲ့အတူတကွ လှည်းတန်းဝန်းကျင်မှာ ရောင်းချလျက် ရှိပါတယ်။
အေပရယ်ပန်းရောင်က လျှပ်စစ်နဲ့ဆက်သွယ်ရေးအင်ဂျင်နီယာဘွဲ့ရထားပေမယ့် လမ်းဘေးမှာစာအုပ်ရောင်းချရတဲ့အချိန် အပေါင်းအသင်းတစ်ချို့နဲ့ ဆုံတိုင်း အားငယ်စိတ်ဖြစ်ပေမယ့် ကိုယ်ဝါသနာပါတဲ့အရာကို သမာအာဇီဝကျကျ လုပ်ဆောင် တယ်ဆိုတဲ့ စိတ်နဲ့အားတင်းရတယ်လို့ဆိုတယ်။
” တခါတလေကျရင်စာအုပ်ကို ဈေးရောင်းသလိုရောင်းရပါလားပေါ့၊ အချင်းချင်းတွေ့ရင် သိမ်ငယ်သွားသလို စိတ်ဝင်မိ တယ်။ အော်ဘာဖြစ်လဲ ကိုယ့်ဟာကိုရောင်းတာပဲဆိုပြီး Motivation ယူရတယ်။” လို့ သူကပြောတယ်။
စိတ်ဓာတ်ကျချိန် လှည်းတန်းဝန်းကျင်မှာ သူ့လိုမျိုးလူငယ်လူရွယ်တွေက အစားအသောက်တွေ Vintage အထည်လေး တွေကို လမ်းဘေးမှာပဲ တပိုင်တနိုင်နဲ့ ရောင်းချတာတွေကြည့်ပြီး အားယူတာတွေရှိသလို၊ စက်ဘီးနဲ့စာအုပ် ရောင်းနေတဲ့ သူ့ကိုအားကျပြီး အခြားနေရာမှာ သူ့လို့စာအုပ်ရောင်းချသူတွေရှိလာတာကိုလည်း ဝမ်းသာရတယ်လို့ ဆိုတယ်။
ဒါ့အပြင် ဘာလုပ်ရမှန်းမသိဘဲ လမ်းပျောက်နေတဲ့ လူငယ်လူရွယ်တွေကိုလည်း စိတ်ဓာတ်မကျဘဲ ကိုယ်ဝါသနာပါရာ အလုပ်တစ်ခုခုကို စလုပ်ပြီး တဖြည်းဖြည်းနဲ့ကိုယ့်စိတ်ကူးအကြံဉာဏ်အတိုင်းချဲ့ထွင်လုပ်ဖို့ တိုက်တွန်းပါတယ်။
” ကိုယ့်အကြံဉာဏ် ကိုယ့်နေရာနဲ့ ကိုက်သလို လိုက်လုပ်ကြည့်ပါ။ ကိုယ်က စာဖတ်ဝါသနာပါသူဆိုရင်လည်း စာအုပ်လေး တွေမြင်နေရတာ စာဖတ်နေရတာရောင်းနေရတာကိုက ကိုယ့်အပျော်ပဲပေါ့” လို့ အေပရယ်ပန်းရောင်ကပြောပါတယ်။
အေပရယ်ပန်းရောင်ကတော့ ဘယ်လိုအခြေအနေပဲ ကြုံတွေ့လာပါစေ စာအုပ်ဆိုင်ဖွင့်လှစ်မယ့်အိမ်မက်ကတော့ ရှိနေတဲ့ အတွက် ဆိုင်ပိတ်ခဲ့ရရင်တောင် စာအုပ်ရောင်းတာကို လက်မလျော့ဘဲ အွန်လိုင်းကနေရောင်းချတာ၊စက်ဘီးနဲ့ပဲ လှည့် လည် ရောင်းချတာတွေကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
- ရှေ့တန်းစစ်မျက်နှာပြင်က အမျိုးသမီးဒရုန်းစစ်သည် - 24/12/2024
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 23/12/2024
- သစ်ပင်တက်ရင်းမိသားစုကိုစောင့်ရှောက်နေသူ မိန်းကလေး - 19/12/2024