Home ဆောင်းပါး သတိထားရမယ့် အိမ်တွင်းက မုဒိမ်းအန္တရာယ်

သတိထားရမယ့် အိမ်တွင်းက မုဒိမ်းအန္တရာယ်

နန်းဆိုင်နွမ်။ ။


ပါးနှစ်ဖက်မှာ သနပ်ခါးလိမ်းခြယ်ထားတဲ့ သူမရဲ့ မျက်နှာမှာကို ကြည့်လိုက်တာနဲ့ မျှော်လင့်ချက်အပြည့်နဲ့ ပေါ့ပါးတက်ကြွနေတယ်ဆိုတာ သိသာနေပါတယ်။

“သမီးက အလှပြင်တာလည်း ကြိုက်တယ်၊ အပ်ချုပ်တာလည်း ကြိုက်တယ်။ နှစ်ခုစလုံး သင်ချင်တယ်” လို့ ပြောလိုက်တဲ့ သူမအသံမှာ အားမာန်တွေနဲ့ပါ။

သူမဟာ အခုမှ အသက် ၁၃ နှစ်အရွယ်သာရှိသေးတဲ့ ရှမ်းအမျိုးသမီးငယ်လေး ယိင်းပါ။ သူမရဲ့နာမည်ကတော့ အမည်လွှဲဖြစ်ပါတယ်။

သူမဟာ ၂၀၁၉ ခုနှစ်ကတည်းက ဖခင်ဖြစ်သူနဲ့ အခြားအမျိုးသားတဦးရဲ့ အကြိမ်ကြိမ် မုဒိမ်းပြုကျင့်မှုကို ခံခဲ့ရပြီး ပြီးခဲ့တဲ့လကမှ သီပေါမြို့နယ်က safe house (ခိုလှုံရာစင်တာ) တစ်ခုကို ရောက်ရှိလာသူဖြစ်ပါတယ်။

သူမရဲ့ မိခင်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က မူးယစ်ဆေးရောင်းဝယ်မှုနဲ့ ထောင်ကျခဲ့ရပြီးနောက်ပိုင်းမှာ ယိင်းတစ်ယောက် မူးယစ်ဆေးသုံးစွဲသူ ဖခင်နဲ့ အစ်ကိုတွေနဲ့ အိမ်မှာ ကျန်ရစ်ခဲ့ပါတယ်။

ဒါပေမဲ့ မိသားစုနဲ့ အိမ်ဟာ သူမအတွက် လုံခြုံတဲ့နေရာ မဖြစ်ခဲ့ပါဘူး။

မိခင်ထောင်ကျပြီး ၃-၄ ရက်အကြာမှာပဲ သူမရဲ့ အုပ်ထိန်းသူ ဖခင်အရင်းကိုယ်တိုင် သူမကို အကြိမ်ကြိမ် မုဒိမ်းပြုကျင့်ခဲ့တဲ့အပြင် သူမအစ်ကိုရဲ့ သူငယ်ချင်းတစ်ဦးကလည်း သူမကို မုဒိမ်းကျင့်ခဲ့ပါတယ်။

ဒီအခြေအနေကို ကံကောင်းထောက်မစွာနဲ့ ဖော်ထုတ်သိရှိခဲ့တာက လပိုင်းပဲ ရှိပါသေးတယ်။

သူမဟာ သီပေါမြို့နယ်ထဲက သူမတို့ကျေးရွာမှာ အရွယ်နဲ့မလိုက်အောင် ခိုးမှု ဆိုးမှုတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးထံကို မကြာခဏ တိုင်ကြားခံရတဲ့သူအဖြစ် နာမည်ကြီးတဲ့ ကလေးတစ်ဦးဖြစ်ပါတယ်။

တကယ်တော့ သူမရဲ့ စာရိတ္တကို ပြုပြင်စေလိုတဲ့ရည်ရွယ်ချက်နဲ့ သူမကို လူမှုဝန်ထမ်းကျောင်းကိုပို့ဖို့ သွားရောက်ခေါ်ဆိုခဲ့ပြီးတဲ့နောက်မှာမှ အခုလို အိမ်တွင်းက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကို သိရှိခဲ့တာဖြစ်ကြောင်း သူမကို ကူညီကယ်ထုတ်ခဲ့တဲ့ သီပေါမြို့ အမျိုးသမီးရေးလှုပ်ရှားနေသူ မနန်းနန်းက ပြန်လည်ပြောပြပါတယ်။

ယိင်းဟာ လူမှုဝန်ထမ်းကျောင်းမရောက်ခင် မနန်းနန်းနေအိမ်မှာ ရက်ပိုင်း နားခိုခဲ့တဲ့အချိန်မှာ သူမရဲ့ ဘ၀ ဖြစ်ပျက်ခဲ့တာကို ပြောပြခဲ့တာပါ။

“ သူပြောပုံအရဆိုရင် သူ့အမေ ထောင်ကျကတည်းက ဖခင်ဖြစ်သူက အကြိမ်ကြိမ်မုဒိမ်းကျင့်တဲ့ပုံစံပဲ။ နောက် အမျိုးသားတစ်ယောက် သူ့အကိုရဲ့ သူငယ်ချင်းလို့ပြောတယ်။ သတိရတိုင်း ထထပြောတော့ ပထမတော့ မယုံသင်္ကာဖြစ်သေးတယ်” လို့ မနန်းနန်း က စိတ်မကောင်းစွာနဲ့ ပြောပါတယ်။

ဒါကြောင့် နားလည်သိကျွမ်းတဲ့ လူမှုဝန်ထမ်းအဖွဲ့နဲ့ လားရှိုး Women Legal အဖွဲ့တို့ကိုဆက်သွယ်ပြီး သူတို့ရဲ့အကူအညီနဲ့ သီပေါမြို့ ပြည်သူ့ဆေးရုံမှာ ဆေးစစ်ခဲ့ကြပါတယ်။

“ ဆေးစစ်တော့ မုဒိမ်းကျင့်ခံထားရတဲ့ လက္ခဏာရှိတယ်ဆိုပြီး ဆရာဝန်တွေကတော့ ဆေးပေးလိုက်တယ်။ နောက် အဲဒီဆရာမတွေကပဲ သီပေါမြို့မရဲစခန်းကို ခေါ်သွားပြီး အမှုဖွင့်ခဲ့ပါတယ်” လို့ မနန်းနန်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့မှာတော့ သူမဖခင်နဲ့ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦကို အရွယ်မရောက်သေးတဲ့ ကလေးသူငယ်ကို အလိုမတူပဲ သားမယားအဖြစ် ပြုကျင့်ခဲ့မှုနဲ့ဆိုပြီး ရဲစခန်းက ဖမ်းဆီးထားပြီး (ပ) ၄၃/၂၀၂၀ ရာဇာသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ ယိင်းကိုတော့ အခုလက်ရှိ ခိုလုံနေတဲ့ စင်တာမှာ (Safe House) ထားထားပြီး အမှုကို ရင်ဆိုင်သွားမယ်လို့ ကူညီဆောင်ရွက်ပေးသူ မနန်းနန်းက ပြောပါတယ်။

“အဖေနဲ့ အဲဒီ အသက် ၂၀ အရွယ် အမျိုးသားက တိုင်ရင်သတ်မယ်၊ ရှိတဲ့နေရာလိုက်ရှာပြီး သတ်မယ်ဆိုပြီး ခြိမ်းခြောက်ခံထားရတာ။ အဖေကို မခေါ်သွားဖို့၊ မဖမ်းဖို့ဆိုပြီး အစက ကြောက်ပြီး ငိုသေးတယ်။ အခုတော့ သူ နားလည်သွားပြီ” လို့ မနန်းနန်းက ယိင်းရဲ့ အခြေအနေကို ပြောပြပါတယ်။

သီပေါမြို့မ ရဲစခန်းမှာ အမှုဖွင့်ရာမှာ “မုဒိမ်းမှု” လို့ မသုံးပဲ “သားမယားအဖြစ် ပြုကျင့်”ဆိုတဲ့ အသုံးအနှုန်းကြောင့် အမှုပေါ့သွားမှာကိုလည်း အမျိုးသမီးရေး ဆောင်ရွက်သူတွေကြား စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ သား၊မယား ပြုကျင့်တယ်ဆိုတဲ့ စကားလုံးဟာ မယားကို ပြုကျင့်တယ်ဆိုတဲ့ သဘောဖြစ်နေတဲ့အတွက် မုဒိမ်းမှုဖြင့်သာ တိုင်ဖို့လိုအပ်ကြောင်းလည်း အမျိုးသမီးအရေး ဆောင်ရွက်သူတွေက ပြောဆိုလိုက်ပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး ဥပဒေရေးရာကုစားရေးအဖွဲ့ (မြန်မာ) တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီကတော့ အမှုဖွင့်တဲ့အချိန်မှာ မုဒိမ်းကျင့်တယ်ဆိုတဲ့ အသုံးအနှုန်းကို ပြောရဲဖို့လိုအပ်သလို ဒီလို အသုံးအနှုန်းမတူတဲ့အတွက်ကြောင့်မို့ ဥပဒေအရ အမှုလျော့ရဲသွားမှာမဟုတ်ကြောင်း၊ ပြဌာန်းထားတဲ့ လက္ခဏာနဲ့ကိုက်ညီဖို့အရေးကြီးတယ်လို့ ဆိုပါတယ်။

“သားမယားပြုကျင့်တယ်ပဲတိုင်တိုင် မုဒိမ်းကျင့်တယ်ပဲတိုင်တိုင် ပြစ်ဒဏ်က တော့ အတူတူပါပဲ” လို့ ဒေါ်လှလှရီ က ဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး ၂၀၁၇ ခုနစ်ကနေ ၂၀၁၉ ခုနစ် အထိ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုကို ကြည့်ခြင်းအားဖြင့် တဖြည်းဖြည်း မြင့်တက်နေတာကို တွေ့ရပါတယ်။ တရားဝင် ထုတ်ပြန်ချက်တွေအရ ၂၀၁၇ ခုနစ်မှာ သက်ငယ်မုဒိမ်းမှု ၆၃.၈၄ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်မှာ ၆၄.၉၃ ရာခိုင်နှုန်းနဲ့ ၂၀၁၉ ခုနစ်မှာ ၆၇.၆၈ ရာခိုင်နှုန်းထိ ရှိလာပါတယ်။

သက်ငယ်မုဒိမ်းမှုလာရောက်တိုင်းကြားတဲ့အမှုတွေရဲ့ အများစုဟာလည်း ဆွေးမျိုးတော်စပ်သူတွေ အစ်ကိုဝမ်းကွဲ၊ ဦးလေးနဲ့ ပထွေးတို့ ဖြစ်ကြသလို ကျေးရွာတွေဘက်တွင် ဖခင်အရင်းက ကျူးလွန်တဲ့အမှုတွေကိုလည်း တွေ့မြင်ရကြောင်း အမျိုးသမီးနဲ့ ကလေးသူငယ်အမှုတွေကို ကူညီပေးတဲ့ တရားလွှတ်တော်ရှေ့နေဒေါ်လှလှရီ က ပြောပါတယ်။

“ဖခင်အရင်းက ကျူးလွန်တဲ့ သက်ငယ်မုဒိမ်းမှုက သီပေါမှာ ဒီတမှုပဲ တရားစွဲဆိုတာ ရှိတာ။ အရင်က ကြားတော့ကြားဖူးတယ်။ နောက် ဒီတိုင်းပဲပြီးသွားတယ်” လို့ သီပေါမြို့ အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီး ပညာပေးမှုတွေ ပြုလုပ်တဲ့ မနန်းနန်း က ပြောပါတယ်။

ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေနဲ့ သတင်းအချက်အလက်တွေ လက်လှမ်းမီဖို့ ခက်ခဲနေသေးတဲ့ ရှမ်းပြည်နယ် အတွင်းက အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရမှု၊ မုဒိမ်းကျင့်ခံရမှုတွေနဲ့ပတ်သက်ပြီး တိုင်းကြားဖို့ ရင်ဖွင့်ပြောထွက်လာဖို့က မဟာအခက်အခဲတစ်ခုပါပဲလို့ မနန်းနန်း ကဆိုပါတယ်။

“ ကျမတို့ကတော့ သူ့အမှုကို ပြီးတဲ့အထိ ရင်ဆိုင်ပေးမယ်။ သူ့ခြေထောက်ပေါ် ရပ်တည်နိုင်ဖို့အတွက် ထောက်ပံ့ပေးမယ်။ သူဖြစ်စေချင်တာတွေ ထောက်ပံ့ပေးမယ်” လို့ ယိင်းကို ကူညီစောင့်ရှောက်ပေးနေတဲ့ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အမျိုးသမီးရေးကူညီပေးသူတွေရဲ့ အကူအညီကြောင့် ကံကောင်းထောက်မစွာ အမှုဖော်ထုတ်ခွင့်ရခဲ့တဲ့ ယိင်းကတော့ လက်ရှိမှာ သူမဖခင်ရဲ့ကျူးလွန်မှုအတွက် အမှုရင်ဆိုင်ဖို့ စောင့်ဆိုင်းနေပါတယ်။

အမှုရှိနေတဲ့အတွက် လူမှုဝန်ထမ်းသင်တန်းကျောင်းက သူမကို လက်မခံသေးလို့ ကျောင်းကိုလည်း မသွားရသေးပါဘူး။

ဒါကြောင့် ဆေးရုံက ပေးလိုက်တဲ့ ဆေးတွေ သောက်ရင်း သူမခိုလှုံနေရာ နေရာလေးကနေ သူမ သင်ယူချင်တဲ့ ပညာရပ်တွေနဲ့ သူမအနာဂတ်ဘဝအတွက် စိတ်ကူးယဉ်လို့ နေပါပြီ။

“သမီးက အလှပြင်တာ သင်ချင်တယ်၊ အပ်ချုပ်ချုပ်တတ်ချင်တယ်” လို့ ယိင်းက သွက်သွက်လက်လက် ပြောပါတယ်။

Author:

Related Articles