Home ဆောင်းပါး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ပေမယ့် ချစ်ခြင်းမေတ္တာမဆုံးရှုံးသူတွေ

ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ပေမယ့် ချစ်ခြင်းမေတ္တာမဆုံးရှုံးသူတွေ

ဒေဝီ။ ။

ချင်းရိုးရာပုဝါစကို တစ်ဖက်တစ်ချက်စီက ကိုင်ထားပြီး ချင်းရိုးရာဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသားနဲ့အမျိုးသမီးစုံတွဲရဲ့ ပုံ သဏ္ဍန်အမျိုးမျိုးနဲ့ မင်္ဂလာဓာတ်ပုံတွေက လူမှုကွန်ယက်မှာပျံ့နှံ့လာတယ်။

ပုဝါစကို ကိုင်ထားတဲ့ အမျိုးသားဖြစ်သူရဲ့လက်က တိုက်ပွဲမှာထိခိုက်ဒဏ်ရာရခဲ့တာကြောင့် လက်အတု တပ်ဆင်ထားရပေ မယ့် စိတ်ဓာတ်ကျအားငယ်ပုံမရှိဘဲ ပျော်ရွှင်ကြည်နူးနေတဲ့ပုံက မြင်တွေ့ရသူတွေကို အပျော်တွေကူးစက်စေပါတယ်။

သူတို့ကတော့ မိုင်တင်မေစီနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် CDF (Zotung) က ဆလိုင်းဇော်ထင်တို့ ဇနီးမောင်နှံပါ။

တော်လှန်ရေးမှာ မတော်တဆမှုတစ်ခုကြောင့် လက်နှစ်ဖက်လုံးဆုံးရှုံးသွားတဲ့ချစ်သူကို မစွန့်ခွာဘဲ ဘဝခရီးလမ်းကို အတူ လျှောက်လှမ်းဖို့ရွေးချယ်ခဲ့တာကြောင့် မြင်တွေ့ရသူတွေက အောက်ချင်းငှက်မောင်နှံရယ်လို့ ချီးကျူးဂုဏ်ပြုကြပါတယ်။

စစ်ကောင်စီကို အမြစ်ပြတ်တိုက်ပွဲဆင်နွှဲနေကြတဲ့ နွေဦးတော်လှန်ရေးမှာ စစ်ပွဲဧရိယာကျယ်လာတာနဲ့အမျှ နေရာအနှံ့ ဖြစ် လာတဲ့ တိုက်ပွဲတွေကြောင့် အသက်ဆုံးရှုံးသူတွေများလာသလို အသက်မသေပေမယ့် ကိုယ်လက်အင်္ဂါ ထိခိုက်ပြီး မသန် စွမ်းဖြစ်ခဲ့ရတဲ့သူတွေလည်း အများအပြားပါ။

တိုက်ပွဲမှာ လက်နက်ကြီးထိမှန်တာ၊မိုင်းနင်းမိတာ၊ လက်နက်စမ်းသပ်တာ၊ မိုင်းစမ်းသပ်တာကနေ မတော်တဆ ထိခိုက်မှု ဖြစ်တာတွေကြောင့် မသန်စွမ်း ဖြစ်ခဲ့တဲ့ရဲဘော်တွေ တစ်နေ့တခြားတိုးပွားလာပါတယ်။

ဒီလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အာဏာရှင်ကိုတော်လှန်ရင်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံး ခဲ့ရပေမယ့် သူတို့ကိုစွန့်ခွာမသွားဘဲ ဘဝအခက်အခဲတွေကို အတူရင်ဆိုင်သွားမယ့် လက်တွဲဖော် အမျိုးသမီးတွေကလည်း ရှိနေပါတယ်။

ဒီလိုအမျိုးသမီးတွေထဲ မိုင်တင်မေစီလည်းအပါအဝင်ပါ။ သူဟာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ မတော်တဆမှု တစ်ခုကြောင့် လက်နှစ်ဖက်လုံး ဆုံးရှုံးလိုက်ရတဲ့ချစ်သူနဲ့ ဘဝခရီးလမ်းလျှောက်လမ်းဖို့ ရွေးချယ်ခဲ့သူပါ။

“သူဖြစ်တယ်ဆိုတာကြားရတော့ အရမ်းစိုးရိမ်ရတယ်။ ပြောမတတ်အောင်ခံစားရတယ်။ ဆေးရုံရောက်မှပဲဖုန်းနဲ့ အဆက် အသွယ်ရတာ။အနားမှာမရှိတော့ သိပ်မလုပ်ပေးနိုင်ပေမယ့် စကားနဲ့ပဲခွန်အားပေးရတယ်။”လို့ မိုင်တင်မေစီကပြောပါတယ်။

မိုင်တင်မေစီနဲ့ ဆလိုင်းဇော်ထင်တို့က ၂၀၁၉ကတည်းက ချစ်သူဖြစ်ခဲ့ကြတာပါ။ အာဏာသိမ်းပြီးနောက် ဆလိုင်းဇော်ထင် က စစ်ကောင်စီကိုတော်လှန်ဖို့ တော်လှန်ရေးထဲ ရောက်လာတာဖြစ်ပြီး မိုင်တင်မေစီကတော့ ချစ်သူကိုပါရမီဖြည့်ရင်းနဲ့ပေါ့။

CDF ရဲဘော်ဆလိုင်းဇော်ထင်က မိုင်းစမ်းသပ်ပြုလုပ်စဉ်မှာပဲ မတော်တဆပေါက်ကွဲမှု ဖြစ်ခဲ့တယ်။ ဒီဖြစ်စဉ်ကြောင့် လက် နှစ်ဖက်လုံးနဲ့ ညာဘက်မျက်လုံးဆုံးရှုံးလိုက်ရသလို သွားတစ်ချောင်းကျိုးပြီး ရင်ဘက်နဲ့ဝမ်းဗိုက်တွေမှာပါ ဒဏ်ရာရရှိခဲ့ တယ်။

” ကိုယ်တိုင်လုပ်နေတော့ တစ်လုံးစမ်းပြီးသွားပြီ နောက်တစ်လုံးလုပ်တဲ့ အချိန်မှာ လက်ထဲပေါက်သွားတာ ပေါက်ပြီး လက် နှစ်ဖက်လုံးရော မျက်လုံးရောဆုံးရှုံးခဲ့ရတာလို့” မိုင်တင်မေစီက သူ့ခင်ပွန်းဆလိုင်းဇော်ထင်ကြုံတွေ့ရပုံကို ပြန်ပြောပါတယ်။

စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ချစ်သူက လက်နှစ်ဖက်လုံးအကောင်းပကတိ မရှိတော့တဲ့အခါ တခါတရံ စိတ်ဓာတ်ကျတဲ့အခါလည်း ရှိပါတယ်။ အဲ့ဒီအခါ မိုင်‌တင်မေစီက စိတ်ဓာတ်မကျဖို့ ခွန်အားပေး နှစ်သိမ့်ရပါတယ်။

” သူက အရမ်းဝမ်းနည်းတယ်။ တော်လှန်ရေးမှာမပါဝင်နိုင်တော့ဘူးဆိုလို့ တစ်ဖက်ဖြစ်ရင် လက်တစ်ဖက်ပဲ ရှိရင်တော့ ပါဝင်နိုင်သေးတယ်ပေါ့နော်။ အခုက နှစ်ဖက်လုံးဆိုတော့ အရမ်းကိုစိတ်ဓာတ်ကျတာရှိတယ်။ ကျွန်မအားပေးတယ် ဘာမှ မဖြစ်ဘူးဆိုတဲ့အကြောင်းပေါ့” လို့ အသက်၁၉နှစ်အရွယ် မိုင်တင်မေစီကပြောပါတယ်။

သူတို့နှစ်ဦးက ဘဝရှေ့ရေးအတွက် မိုင်တင်မေစီအသက်၂၃နဲ့ ကိုဇော်ထင် ၂၅-၂၆ နှစ်ကျရင် လက်ထပ်ကြမယ်လို့ တိုင် ပင်ထားခဲ့ကြပေမယ့် ရုတ်တရက်ဖြစ်ခဲ့ရတဲ့အခြေအနေတွေမှာ ချစ်သူကိုဘေးကနေ ခွန်အားပေးပြီး အနီးကပ်စောင့် ရှောက်ချင်တဲ့အတွက် လက်ထပ်ဖို့ဆုံးဖြတ်လိုက်တယ်လို မိုင်တင်မေစီကပြောပါတယ်။

” သူလည်း လက်နှစ်ဖက်မရှိတော့ လုပ်ချင်တာအကုန်လုပ်လို့မရတော့ဘူး။ သူ့အနားမှာ ကျွန်မရှိနေဖို့လိုတယ်ဆိုတော့ လက်ထပ်ဖြစ်ခဲ့တာ”လို့ မိုင်တင်မေစီကပြောပါတယ်။

လက်နှစ်ဖက်ဆုံးရှုံးထားတဲ့ ချစ်သူနဲ့လက်တွဲတဲ့အခါ အခက်အခဲတွေ၊ ဝေဖန်တာတွေရှိမလားစိုးရိမ်ပေမယ့် မိဘဆွေမျိုး တွေ သူငယ်ချင်းအပေါင်းအသင်းတွေက ဝိုင်းဝန်းအား‌ပေးကြတဲ့အပြင် သူတို့နှစ်ဦးရဲ့ လက်ထပ်တဲ့ပုံလေးတွေ လူမှုကွန် ရက်ပေါ်တင်တဲ့အခါမှာလည်း အများစုက ချီးကျူးဂုဏ်ပြုတဲ့အတွက် ဝမ်းသာရတယ်လို့ ဆိုတယ်။

” ချီးကျူးတာကို အရမ်းကျေးဇူးတင်တယ်၊ အရမ်း‌ပျော်လွန်းလို့ မျက်ရည်တောင်ကျရတယ်။ ကိုယ်လုံးဝမထင်ထားတော့ ကျွန်မကိုအားပေးကျလို့ ကျွန်မလည်းခွန်အားရတယ် ပီတိဖြစ်တယ်။”လို့ မိုင်တင်မေစီက ပြောပါတယ်။

ခင်ပွန်းဖြစ်သူကဆလိုင်းဇော်ထင်က တော်လှန်ရေးခရီးလမ်းမှာ လက်နက်ကိုင်တော်လှန်ဖို့ အခြေအနေမပေးတော့ပေမယ့် တော်လှန်ရေးကြီးအောင်မြင်ဖို့ နိုင်တဲ့နေရာကနေ ကူညီအားဖြည့်ပေးသွားမယ်လို့ဆက်ပြောတယ်။

မိုင်တင်မေစီလိုပဲ နွေဦးတော်လှန်ရေးမှာ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့တဲ့ ချစ်သူကို လက်တွဲခဲ့တဲ့ မိုင် (အမည်လွဲ)က “အမက သူခြေထောက်ဒီလိုဖြစ်သွားလည်း စိတ်ထဲမှာဘာမှမဖြစ်ဘူး ဂုဏ်ယူတယ်။ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံကို ကာကွယ် လို့ဖြစ်တဲ့ အတွက် အပြစ်မမြင်ဘူး။ သူ့ခြေထောက် ပြတ်တယ်ဆိုတာမခံစားရဘူး။ ဒီတိုင်းရိုးရိုးလေးပဲ” လို့ဆိုပါတယ်။

မိုင်က မတူပီ CDFက ဆေးတပ်သားတစ်ဦးဖြစ်သလို ခင်ပွန်းဖြစ်သူ ဆလိုင်းမာန်(အမည်လွှဲ)ကလည်း မတူပီCDF က ရဲဘော်တစ်ဦး ဖြစ်ပါတယ်။

မိုင်နဲ့ဆလိုင်းမာန်တို့က တစ်မြို့တည်းသားတွေဖြစ်ပြီး ၂၀၁၈ကတည်းက တွေ့ဆုံကာချစ်ခွင့်ပန်ခဲ့ပေမယ့် မိုင်က အကြောင်းမပြန်ခဲ့။ ကြားကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့်အဆက်အသွယ်ပြတ်တောက်ခဲ့ပေမယ့် အာဏာ သိမ်းပြီးနောက် ဆလိုင်းမာန်က မတူပီတပ်မှာ CDFရဲဘော်အဖြစ်တော်လှန်ရေးမှာပါဝင်ခဲ့သလို မိုင်ကလည်း ဆေးတပ်သား အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန် နှစ်ဦးသား ပြန်ဆုံတွေ့ခဲ့ပါတယ်။

ပြန်တွေ့ဆုံပေမယ့် တပ်ရင်းမတူတဲ့အတွက်‌ကြောင့် တစ်ရင်းတနှီး မပြောဆိုဖြစ်ခဲ့ကြဘဲ သူခြေထောက် မိုင်းထိပြီး နောက်ပိုင်းအချိန်မှသာ မိုင်ရဲ့အချစ်ကိုရခဲ့တာလို့ ဆလိုင်းမာန်ကပြောပါတယ်။

” စိတ်ထဲမှာရှိကြတယ် ချစ်ကြတယ်။ တန်းပြီးအဖြေမပေးတာ၊ အခုကျတော့ဒီပုံစံဖြစ်တော့ သူ့စိတ်ထဲမှာလည်း နောင်တ ရတယ်ထင်ပါတယ်။ အရင်တုန်းက ချစ်ခဲ့ရင်ဒီလိုပုံစံတွေဖြစ်မှာမဟုတ်ဘူးဆိုပြီး သူ့ဘက်ကတွေးရင် တွေးမှာပေါ့ ” လို့ ဆလိုင်းမာန်ကပြောပါတယ်။

မိုင်ရဲ့ခင်ပွန်းဖြစ်သူ ဆလိုင်းမာန်က စစ်ကောင်စီနဲ့ဖြစ်ပွားတဲ့တိုက်ပွဲတစ်ခုမှာ မိုင်းထိမှန်ပြီး ညာခြေထောက် ခြေကျင်း ဝတ်ကနေ ပြတ်ခဲ့ရတာပါ။

သူတို့တပ်ရင်းနှစ်ခုက ရဲဘော်နှစ်ဦး မိုင်းထိတယ်လို့ ကြားပေမယ့် အဲ့ဒီအချိန်က ချင်းပြည်နယ်မှာ ဖုန်းလိုင်း တွေဖြတ် တောက်ထားတဲ့အတွက် မိုင်းထိသူတွေက ဘယ်သူမှန်းဆိုတာ မိုင်မသိရှိခဲ့။

ရက်အနည်းငယ်ကြာမှ မိုင်းထိထားသူမှာ မိုင့်ကို ချစ်ခွင့်ပန်ထားသူ ဆလိုင်းမာန်မှန်းသိခဲ့ရတဲ့အခါ ဝမ်းနည်းခဲ့ရတယ်။

“သူမှန်းသိတော့ စိတ်မကောင်းဘူးပေါ့။ အရင်တုန်းက ကောင်းကောင်းစကားပြန်မပြောခဲ့တာတွေရော အရမ်း နောင်တ ရတယ်။ ငါအဲ့တုန်းက ကောင်းကောင်းစကားပြောခဲ့ရင်ဆိုတဲ့အတွေးဖြစ်ခဲ့တယ် “လို့ မိုင်ကပြောပါတယ်။

ဆေးရုံရောက်နေတဲ့ ဆလိုင်းမာန်ဆီကို ဖုန်းနဲ့ဆက်သွယ်ခဲ့တဲ့အခါ မိုင်ဆက်သွယ်လာတဲ့အတွက်ကြောင့် ပျော်ရွှင်ခဲ့ ရတယ်လို့ဆိုတယ်။

” ဖုန်းစစခေါ်ချင်း ရင်ခုန်တာပေါ့။ ငါနဲ့ဖုန်းပြောချင်ပါ့မလားဆိုတဲ့ အတွေးလည်းရှိတယ်။ ဟယ်လို ဘယ်သူလဲဆိုတော့ ကျွန်မပါလို့ ။ အဲ့လိုပြောတော့ပျော်သွားတဲ့ပုံပဲ” လို့ မိုင်ကရယ်ရင်း ပြောပါတယ်။

ဆေးရုံမှာ ရှိနေစဉ်အတွင်း ဖုန်းနဲ့ပဲအဆက်အသွယ်ပြုလုပ်ခဲ့ရပြီး ချစ်သူဖြစ်တဲ့ဆလိုင်းမာန် စိတ်ဓာတ်ကျ အားမငယ်အောင် ခွန်အားပေးတာတွေလုပ်ခဲ့တယ်လို့ဆက်ပြောတယ်။

” သူ့အနေနဲ့က စိတ်ဓာတ်ကျတာမျိုးမရှိဘူး။ ခြေတုတပ်ပြီးရင် ပြန်သွားမှာတဲ့ တပ်ရင်းကို၊ စိတ်ဓာတ်ပြင်းထန်တယ် စိတ်ဓာတ် လုံးဝမကျဘူး” လို့ မိုင်ကပြောပါတယ်။

ဒီလိုအခြေအနေကနေ နှစ်ဦးသားလက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး ဧပြီလ၁၉ရက်နေ့မှာ လက်ထပ်ဖြစ်ခဲ့ကြတယ်လို့ဆိုတယ်။

ချင်းရိုးရာဝတ်စုံဝတ်ဆင်ပြီး ချိုင်းထောက်တစ်ဖက်နဲ့ မင်္ဂလာပွဲဆင်နွှဲတဲ့ သူတို့မောင်နှံရဲ့ ပုံတွေလူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ အခါအများစုက ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ ဒီလိုချီးကျူးမှုတွေကိုလည်း ကျေးဇူးတင်ဝမ်းသာရတယ်လို့ ဆိုပါတယ်။

” မိန်းကလေးတွေရဲ့ သတ္တိအပိုင်းနဲ့သစ္စာရှိမှုအပိုင်းကိုပေါ့ ချီးကျူးကြတာ၊ တခါတလေကျ အကောင်းပကတိ အတိုင်း တောင်မှ မပြည့်စုံတာတွေရှိပြီး ကွဲကွာကြသေးတာ။ ကျွန်တော်က ကိုယ်လက်အင်္ဂါချို့ယွင်းသွားပြီပေါ့၊အဲ့အပေါ်မှာကို ယုံယုံကြည်ကြည်နဲ့လက်ထပ်တယ်ဆိုတော့ ကျွန်တော့်အမျိုးသမီးကိုချီးကျူးပေးကြတာ”လို့ ဆလိုင်းမာန်က ပြောပါတယ်။

ဆလိုင်းမာန်နဲ့မိုင်တို့က စစ်အာဏာရှင်တော်လှန်ရေးမှာ တစ်တပ်တအားပါဝင်ခဲ့ပေမယ့် လက်ထပ်ပြီး နောက်ပိုင်းမှာတော့ အိမ်ထောင့်တာဝန်တွေ ထမ်းဆောင်ရမှာဖြစ်တဲ့အတွက် ခင်ပွန်းဖြစ်သူသာ အာဏာရှင်ကို ဆက်လက်တော်လှန်သွားမယ် လို့ ပြောပါတယ်။

” ကျွန်တော်တို့ရဲ့ စွန့်လွတ်အနစ်နာခံမှုက အလကားအဖြစ်မခံနိုင်ဘူး။ လုပ်နိုင်တဲ့အတိုင်းအတာ အများကြီးရှိတယ်။ ကျတော်ခြေတုတွေတပ်ပြီးသွားလို့ရှိရင်တော့ သိပ်မကြာတော့ပါဘူး။ တစ်လနှစ်လကြာရင် ခြေတုတပ်ပြီး သွားလောက်ပြီ၊ အဲ့ကျရင် ကိုယ်က ဘယ်နေရာကနေလုပ်ပေးနိုင်မလဲ ကျတော်ကတော့ဆက်လုပ်သွားမှာပဲ”လို့ ဆလိုင်းမာန်ကပြော ပါတယ်။

တော်လှန်ရေးမှာ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရပေမယ့် ချစ်ခြင်းမေတ္တာမဆုံးရှုံးတဲ့ ဆလိုင်းဇော်ထင်-မိုင်တင်မေစီနဲ့ ဆလိုင်း မာန်-မိုင်တို့ဇနီးမောင်နှံတွေ သစ္စာမပျက်ယွင်းဘဲလျှောက်လမ်းမယ့် ဘဝခရီးကိုချင်းပြည်နယ်ရဲ့ သင်္ကေတဖြစ်တဲ့ အောက်ချင်းငှက်မောင်နှံလို့ တင်စားပြီး ချီးကျူးကြသလို ၈၈မျိုးဆက် ကိုမင်းကိုနိုင်ကလည်း “လက်ဖွဲ့”ဆိုတဲ့ ကဗျာတစ်ပုဒ် စပ်ဆို ဂုဏ်ပြုခဲ့ပါတယ်။

” ကိုမင်းကိုနိုင်က အရမ်းအထင်ကြီးရတဲ့သူဆိုတော့ သူ့ကိုလည်း ကျေးဇူးအရမ်းတင်တယ်။ ပြောမတတ်အောင်ကို ကျေးဇူး တင်တယ်။အရမ်းလည်းပီတိဖြစ်တယ်။”လို့ လက်ဖွဲ့ဆိုတဲ့ ကဗျာစပ်ဆိုရေးသားပေးတဲ့အပေါ် မိုင်တင်မေစီက ပြောပါတယ်။

(ပုံစာ – ကိုမင်းကိုနိုင်မှ ချင်းမောင်နှံများအတွက် လက်ဖွဲ့အဖြစ်ရေးသားထားသောကဗျာ)

ရှေ့ဆက်ရမယ့် ဘဝခရီးလမ်းကဘယ်လို အခက်အခဲကြမ်းတမ်းမှုတွေရှိနေလည်း စိတ်ဓာတ်မကျဘဲ နှစ်ဦးသား ရင်ဆိုင် သွားမှာဖြစ်ပြီး လက်တလောမှာတော့ တော်လှန်ရေးကြီးအောင်မြင်ဖို့ကအရေးကြီးတဲ့အတွက် နိုင်ရာကနေ ပါဝင်သွားကြ မယ်လို့ ယင်းမောင်နှံတွေကဆိုတယ်။

ဒါ့အပြင် တော်လှန်ရေးအတွင်းအသက်ပေးဆပ်ရသူတွေ၊ ကိုယ်ခန္ဓာအစိတ်အပိုင်းဆုံးရှုံးသွားသူတွေနဲ့ ယင်းရဲဘော်တွေကို လက်တွဲမဖြုတ်ဘဲ ဘဝခရီးလမ်းကိုလျှောက်လမ်းတဲ့ လက်တွဲဖော်တွေကိုလည်း လေးစားဂုဏ်ယူပြီး ဘဝခရီးလမ်း ချော မွေ့စေဖို့ ဆုတောင်းတယ်လို့ မိုင်တင်မေစီက ယခုလို ပြောပါတယ်။

” သူတို့အပြစ်ကြောင့်မဟုတ်ဘဲ နိုင်ငံတော်အတွက်လုပ်တာဆိုတော့ အားငယ်စရာမဟုတ်ဘူးလို့ ပြောချင်တယ် သူတို့ လည်းခွန်အားရစေချင်တယ်”

Author:

Related Articles