Home ဓါတ်ပုံ အက်ဆေး တပို့တွဲလပြည့်နေ့ သျှားမီးပူဇော်ခြင်းပွဲတော် မြင်ကွင်းများ

တပို့တွဲလပြည့်နေ့ သျှားမီးပူဇော်ခြင်းပွဲတော် မြင်ကွင်းများ

ဓါတ်ပုံ – သျှန်ကီခမ်း

တပို့တွဲလပြည့်ညဆိုရင် ရှမ်းပြည်နယ်မှာ နှစ်စဉ်ပြုလုပ်ကျင်းပလျှက်ရှိတဲ့ ရိုးဓလေ့တစ်ခုရှိပါတယ်။ အဲ့ဒီပွဲတော်ကတော့ သျှားမီးပူဇော်တဲ့ပွဲပဲ ဖြစ်ပါတယ်။ 

တပို့တွဲလဟာ ဆောင်းရာသီကာလမှာ အအေးဆုံးဖြစ်တာကြောင့်  မြတ်စွာဘုရားရှင်ကို ရည်စူးပြီး အနွေး ဓာတ်ပေး ပူဇော်တဲ့အနေနဲ့ ရှားမီးကို မျိုးစုံကပ်လှူကြလေ့ ရှိပါတယ်။ 

ဟိုပုံးမြို့နယ်ရှိ ထမ်းစမ်းလှိုဏ်ဂူတော် ဟိုပုံးကိုရင်လေးကျောင်းမှာလည်း နှစ်စဉ် နှစ်တိုင်း ဆီမီးတစ်ထောင် ကျင်းပပြီး အနီး အနားရှိ တိုင်းရင်းသားများကလည်း လာရောက် ပူဇော်လေ့ရှိကြပါတယ်။ ထိုအနီးနားမှာရှိတဲ့ ကျေးရွာတွေ အများစု ဟာလည်း  တပို့တွဲ လပြည့်နေ့မတိုင်ခင် တစ်ရက်အလိုမှာ  ယာဂုတွေ ကြိုချက်လေ့ရှိကြပါတယ်။

အနီးနားမှာ ပအိုဝ်းကျေးရွာတစ်ရွာကတော့ လပြည့်နေ့မှာ ယာဂု၊ အလှူစာ၊ ပိုက်ဆံစတဲ့ ပစ္စည်းတွေနဲ့ ကျေးရွာမှာရှိတဲ့ သက်ကြီးရွယ်အိုတွေကို လိုက်ကန်တော့တာတွေ ဘုန်းကြီးကျောင်းတက်တာမျိုးတွေ ပြုလုပ်ကြပါတယ်။ ထိုလပြည့်နေ့မှာ ရွာဦးဘုန်းကြီးကို ကန်တော့ပြီးရင်တော့ အပျို၊ ကလေး၊ အမျိုးသမီးတွေက ဓားယူ ပလိုင်းလွယ်ကာ ငါးယောက် တစ်စု၊ ခြောက်ယောက်တစ်စုစီနဲ့ တောထဲကို ထွက်သွားကြပါတယ်။ 

တောထဲရောက်ပြီဆိုပါက သျှားပင်တွေကိုခုတ်ပြီး သျှားပင်ရဲ့ အခေါက်ကို ဖယ်ရှားတာ၊ အပိုင်းပိုင်းခုတ်တာ၊ ခွဲကာနဲ့ မီးရှို့တဲ့နေရာမှာ လွယ်ကူအောင် ပြုလုပ်ကြပါတယ်။ 

သျှားပင်အခေါက်တွေကို ဖယ်ရှားပြီးပါက ပုလိုင်းထဲ ထည့်ပြီး ဘုန်းကြီးကျောင်းကို ပို့ဖို့ တောထဲကနေ ကားနဲ့ အလွယ် တကူ သယ်လို့ရအောင် ကားလမ်းရောက်တဲ့ နေရာထိကို စုပေါင်းပြီး သယ်ယူကြပါတယ်။ ပြီးရင် ကားနဲ့သယ်ကာ သျှားမီး ပူဇော်မယ့် ဘုန်းကြီးကျောင်းမှာပဲ စုထားကြပါတယ်။ 

ည ၆ နာရီကျော်လောက်မှာတော့ အပျိုတွေ၊ ကလေးတွေ၊ အမျိုးသမီးငယ်လေးတွေက ဆောင်းရာသီရဲ့ အအေးဒဏ်ကို ခံနိုင်ဖို့ ဦးထုတ် ၊ မာဖလာ ၊ အနွေးထည်တွေ ကိုယ်စီဝတ်လာကြကာ ဘုန်းကြီးကျောင်းကို ရောက်လာကြပါတယ်။ ရောက် လာပြီဆိုလည်း သီချင်းသံ၊ အိုးစည်သံတွေဟာ တောတောင်တခွင်လုံးကို ဟိန်းသွားတော့ပါပဲ။

တချို့ဆို သျှားမီးပူဇော်ဖို့ သျှားချောင်းလေးတွေကို ယူပြီး စီကြ၊ ဆောက်ကြပါတယ်။ မီးထွန်းပေးတဲ့ သူကထွန်း၊ စီပေးတဲ့ သူကစီ၊ ကတဲ့သူက ကနဲ့ ပျော်ရွင်နေကြသည်မှာ မြင်မိသူအဖို့တော့ ဝင်မကဘဲ မနေနိုင်အောင်ပါပဲ။  

သျှားမီးချောင်းတွေကို စီပြီးဆိုရင်တော့ အောက်ခြေကနေ မီးစမွေးကာ ပူဇော်ပါတယ်။ မီးမွေးပူဇော်ပြီးရင်တော့ သျှားမီးပုံ ကို ထိုင်ကန်တော့ပြီး လိုချင်တဲ့ဆုကို အသီးသီး ဆုတောင်းကြပါတယ်။ 

ဆောင်းရာသီရဲ့ အအေးဆုံးည ဖြစ်နေပေမယ့် သျှားမီးပုံကြီး အကုန်ပြာကျတဲ့အထိ မီးအဆက်မပြတ်ထည့်ပြီး သျှားမီး ကုန်အောင် ပူဇော်ကြပါတယ်။ မီးလှုံတဲ့သူကလှုံ ကတဲ့သူက ကနဲ့ အင်မတန်မှ ပျော်ရွင်ဖို့ ကောင်းလှပါတယ်။ အဲဒီညမှာ ညနက်တဲ့အထိ နေကြပြီး က‌လေ့ရှိကြပါတယ်။

သျှားမီး ပူဇော်တာဟာ ကုသိုလ်လုပ်တယ်ဆိုပေမယ့် အမျိုးသားသျှားမီးပူဇော်ပုံနဲ့ အမျိုးသမီး သျှားမီးပူဇော်ပုံဟာ မတူကြ ပါဘူး။  အမျိုးသမီးတွေကတော့ သျှားပင်ကို အခေါက်ခွာပြီး လုပ်တယ်ဆိုပေမယ့် အမျိုးသားတွေကတော့ ဝါးအခြောက် တွေကို အချောင်းလိုက် ပြုလုပ်ပြီး အောက်ခံပလ္လင်ကိုပါ ပြုလုပ်ထားကြပါတယ်။

ကုသိုလ်ပြုတာချင်းတူတူ အမျိုးသားသျှားမီး ၊ အမျိုးသမီးသျှားမီး ဘာကြောင့်ခွဲထားတာလည်း ဆိုတာကို အများစု မသိကြ ပါဘူး။ ဘိုးဘွားလက်ထက်က အစဉ်အလာတိုင်း ယနေ့အချိန်ထိ ကျင့်သုံးနေကြဆဲ ဖြစ်ပါတယ်။ 

သျှားမီးပူဇော်ဖို့ ဝါးကို ခွက်ပုံစံလေး ပြုလုပ်ထားပြီး ဖယောင်းတိုင်၊ ထင်းရှုးစတာတွေကို ထည့်ပြီး မျိုးစုံပူဇော်ကြတာ ကိုလည်း တွေ့မြင်ရပါတယ်။

ထို တပို့တွဲလပြည့်နေ့မှာတော့ မနက်ပိုင်း အိပ်ယာထကတည်းက ကျေးရွာ ပတ်ဝန်းကျင်ရှိ စေတီပုထိုးကို ဆွမ်းတော် ကပ်တာမျိုးတွေ အိမ်တိုင်းလိုလို ပြုလုပ်ကြပါတယ်။ အလင်းရောင်မြင်လာပြီဆိုရင်တော့ မုန့်၊ အချိုရည်စတဲ့ အလှူစာ တွေကို ယာဂုနဲ့အတူထည့်ပြီး ကျေးရွာမှာရှိတဲ့ အမျိုးတွေ ၊အဘွားတွေ ၊ မိဘတွေကို တစ်အိမ်တက် တစ်အိမ်ဆင်း လိုက် ကန်တော့လေ့ ရှိပါတယ်။

ကန်တော့ပြီးရင်တော့ မနက်စာစားပြီး ဘုန်းကြီးကျောင်းတက် တရားနာဖို့ ရွာလုံးကျွတ်ဘုန်းကြီးကျောင်းကို တက်လာကြ ပါတယ်။ မိမိကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းကို တက်ပြီးပြီဆိုရင်တော့ ဒေသခံတွေ ရွာအနီးနားမှာရှိတဲ့ တခြားကျေးရွာ က ဘုန်းကြီးတွေကို လိုက်ကန်တော့တာ၊ မိမိရဲ့ဘုန်းကြီးကို တခြား‌ကျေးရွာဒေသခံတွေက လာကန်တော့တာမျိုးတွေ လည်း ပြုလုပ်ကြပါတယ်။

ကိုယ့်ဘုန်းကြီးကျောင်းကို တခြားရွာက လာကန်တော့တဲ့အချိန်မှာတော့ ကျေးရွာမှာရှိတဲ့ အပျို၊ လူပျိုတွေက ရေနွေးကြမ်း၊ လက်ဖက်၊ မုန့် စတာတွေနဲ့ ဧည့်ဝတ်ကြေစွာ ဧည့်ခံလေ့ရှိကြပါတယ်။ လူပျိုတွေကတော့ ရေနွေးကြမ်း ဧည့်ဝတ်ပြုတဲ့ နေရာမှာ လုပ်ကြပေမယ့် အပျိုအမျိုးသမီးတွေကတော့ အိုးခွက်ပန်းကန်ဆေးတာ၊ အိုးခွက်ပန်းကန်တိုက်တာ၊ အချိုပွဲပြင် ပေးတာ စတာတွေကို ပြုလုပ်ပေးရပါတယ်။

လူပျိုအမျိုးသားတွေက လူရှေ့ထွက် ဧည့်ခံကျွေးမွေးရပြီး အမျိုးသမီးတွေကတော့ အနောက်ကနေပဲ လိုအပ်တဲ့အရာတွေ ကို လုပ်ပေးရပါတယ်။ 

တပို့တွဲ ဘုန်းကြီးကျောင်းတက်တဲ့အချိန်တွေဆို  ဒီလိုပုံစံနဲ့ပဲ ဖြတ်သန်းလေ့ရှိကြပါတယ်။ တပို့တွဲလပြည့်နေ့က စပြီး ကျေးရွာတစ်ရွာပြီးတစ်ရွာက ဘုန်းကြီးကျောင်းတွေကို သုံးရက်ကြာတဲ့အထိ လိုက်ကန်တော့ကုသိုလ်ယူကြရင်းနဲ့ ပျော်ရွင် စွာ ဖြတ်သန်းကြပါတယ်။ 

Author:

Related Articles