Home ဓါတ်ပုံ အက်ဆေး ဆန်ရရှိနိုင်ဖို့ စပါးကို ကိုယ်တိုင်ထောင်းပြီး လုပ်ကိုင်စားသောက်ကြသော ပအိုဝ်းအမျိုးသမီးများ ဓာတ်ပုံရသ

ဆန်ရရှိနိုင်ဖို့ စပါးကို ကိုယ်တိုင်ထောင်းပြီး လုပ်ကိုင်စားသောက်ကြသော ပအိုဝ်းအမျိုးသမီးများ ဓာတ်ပုံရသ

Honest Information (HI Burma) ။ ။

တောင်ကြီးမြို့ကနေ ဆီဆိုင်လမ်းအတိုင်း တစ်နာရီကျော်ကျော်မောင်းလာခဲ့မယ်ဆိုရင် ဆီဆိုင်မြို့ရဲ့စံပြကျေးရွာဖြစ်တဲ့ ဆိုက်ခေါဝ်ကျေးရွာကို ရောက်ရှိမှာဖြစ်ပါတယ်။ ဆိုက်ခေါဝ်ကျေးရွာရဲ့ အရှေ့ဖက်တည့်တည့်ကို နှစ်နာရီကျော်ကျော် ထပ် မောင်းလာမယ်ဆိုရင်တော့ မောက်မယ်မြို့၊ စံပြကျေးရွာဖြစ်တဲ့ ဟိုနမ်းကိုရောက်ရှိပါတယ်။ တောင်ကြီးမြို့ကနေ မောက် မယ်မြို့နယ် စံပြကျေးရွာကို ရောက်ရှိဖို့အတွက် လေးနာရီနီးပါး မောင်းရတယ်လို့ ပြောရင်လည်း မမှားပါဘူး။

စံပြကျေးရွာဖြစ်တဲ့ ဟိုနမ်း အနီးအနားရှိ ကျေးရွာတွေမှာတော့ ပအိုဝ်းတိုင်းရင်းသားအများစု နေထိုင်ကြပါတယ်။ ဟိုနမ်း အနီးအနား ကျေးရွာဖြစ်တဲ့ ထီဟန်းခြွီကျေးရွာက မောက်မယ်မြို့နယ်ရဲ့အစွန်းမှာတည်ရှိပြီး သွားမယ်ဆိုပါက နှစ်နာရီ လောက်တော့ မောင်းရပါတယ်။ မောက်မယ်မြို့ရဲ့ အဆုံးဆိုလည်း မမှားပါဘူး။

ထီဟန်းခြွီရွာမှာ အိမ်ခြေ ၇၀ကျော်ရှိပြီး အဆုံးမှာ တည်ရှိနေတာကြောင့် အစိုးရထောက်ပံ့မူတွေလည်း အလုံလောက် မရရှိ ပါဘူး။ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့အရာရာတိုင်း နောက်ကျနေတာကိုလည်း တွေ့မြင်ရပါတယ်။

အစိုးရဆေးပေးခန်းလည်း မရှိသလို စာသင်‌ကျောင်းလည်း လေးတန်းအထိပဲ ရှိပါတယ်။ လေးတန်းပြီးမြောက်သွားပြီ ဆိုရင် တော့ ပိုက်ဆံတတ်နိုင်တဲ့ မိသားစုဆိုလျှင် ပရဟိတကျောင်းတွေကိုပို့ပြီး မတတ်နိုင်သူတွေဆိုရင်တော့ ကျောင်းကနေ ထွက်ပြီး တောင်ယာအလုပ်တွေကို လုပ်ကိုင်ကြပါတယ်။

ထိုကျေးရွာရှိ အမျိုးသမီးတွေမှာ တောင်ယာသွားလိုက် အိမ်ပြန်လာလိုက်နဲ့ပဲ နိစ္စဓူဝ သူတို့ဘဝကို ဖြတ်သန်းလေ့ ရှိကြ ပါတယ်။ ဆား၊ ဆီ၊ ကြက်သွန် စတာတွေ ဝယ်ယူစားသုံးရတဲ့အခါမှာလည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ကိုလည်း ကြုံတွေ့နေရပါတယ်။

ထိုရွာမှာ ဖုန်းလိုင်းမရရှိသလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် ဆီ၊ ဆား ဝယ်ယူတဲ့ အချိန်မှာလည်း တခြား ဒေသတွေထက် ကုန်ဈေးနှုန်း တန်ဖိုးက နှစ်ဆ ပိုပေးရပါတယ်။ တခြားဒေသမှာ ဆီဗူးသေးတစ်ဗူးကို ၂,၅၀၀ ပေးရတဲ့ အချိန်မှာ ထိုရွာဒေသခံတွေက ၃,၀၀၀၊ ၃,၅၀၀ လောက် ပေးနေရပါတယ်။ နေ့စားလိုက်ရင်လည်း တစ်ရက်ကို လုပ်အားခ ၂,၅၀၀ ပဲ ရတာကြောင့် ဆီဖိုး၊ ဆားဖိုးတွေကို လုံလောက်စွာ မကာမိပါဘူး။

ဒီလိုကုန်ဈေးနှုန်းတွေကို အခြားဒေသတွေထက် ပိုပေးနေရတာကြောင့် ငွေကြေးမတတ်နိုင်တော့ပါဘူး။ မဝယ်နိုင် မတတ် နိုင်တော့တာကြောင့် ဒေသမှာစိုက်လို့ ပျိုးလို့ရတဲ့ အသီးအနှံတွေကို စိုက်၊ လူအင်အားနဲ့ လုပ်လို့ရတဲ့ အရာတွေဆိုလည်း ကိုယ်တိုင် ပြုလုပ်ကြပါတယ်။

စပါး၊ ငရုပ်သီး၊ မြေပဲ စတဲ့ သီးနှံတွေကို ဝယ်စရာမလိုဘဲ ကိုယ်တိုင် စိုက်ပျိုး လုပ်ကိုင်စားသောက် ကြပါတယ်။ စပါးစိုက်ပျိုး တဲ့ အချိန်မှာလည်း လယ်ကွင်းမရှိတာကြောင့် တောင်ကုန်းတွေမှာ စိုက်ပျိုးရပါတယ်။ လယ်စပါးဆိုလျှင် စက်ဖြင့် ထွန် ယက်တာမျိုးတွေ၊ ရေလိုရင် ရေသွင်းတာမျိုးတွေလုပ်လို့ရပေမယ့် တောင်ကုန်းစပါးကတော့ စက်နဲ့လုပ်လို့ မရပါဘူး။

လူအင်အားဖြင့်သာ အသုံးပြုပြီး လုပ်ကိုင်ရပါတယ်။ ရေဆိုလည်း မိုးရေကိုသာ အသုံးပြုရတာကြောင့် မိုးရာသီ တစ်ရာသီ လုံးလုံးကတော့ ဒေသခံများက စပါးစိုက်၊ စပါးပင်ကြားထဲ ပေါင်းနုတ်လိုက်နဲ့ပဲ ဖြတ်သန်းလေ့ရှိကြပါတယ်။

တစ်မိုးလုံး စပါးပင်ကို စိုက်ပျိုးလာခဲ့ပြီး မိုးရာသီကုန်ပြီဆိုတာနဲ့ ရိတ်သိမ်းတာတွေ ပြုလုပ်ရပါတယ်။ တခြားဒေသတွေမှာ စပါးရိတ်သိမ်းပြီးရင် ဆန်ရဖို့ စက်ကို အသုံးပြုကြပေမယ့် ထီဟန်ခြွီရှိ အမျိုးသမီးတွေကတော့ ဆန်ရဖို့ လူ့အင်အားကိုသာ အသုံးပြုကြရပါတယ်။

ထီဟန်းခြွီရှိ အမျိုးသမီးတွေ စပါးကနေ ဆန်ရရှိလာဖို့ လူအင်အားကို အသုံးပြုပြီး ပြုလုပ်သွားပုံကို လေ့လာကြရအောင်။

ဒါကတော့ တစ်မိုးလုံး ကြိုးကြိုးစားစား ပင်ပင်ပန်းပန်းနဲ့ စိုက်ပျိုးလာခဲ့တဲ့ စပါးစေ့တွေပဲ ဖြစ်ပါတယ်။

ရရှိလာတဲ့ စပါးစေ့တွေကို ဒီလို တောင်းအကြီးတွေနဲ့ သိုလှောင်ထားရပါတယ်။ ရေမထိအောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ သို လှောင်ထားရပါတယ်။ ရေထိပြီးဆိုရင်တော့ စပါးမှိုတက်တာတွေ ဖြစ်တတ်ပါတယ်။ တစ်နှစ်မှာ လူသုံးယောက် စိုက်ပျိုး ရင် တော့ ဒီလိုတောင်းကြီးကြီး နှစ်တောင်းရတဲ့အပြင် မိသားစုလေးယောက်‌လောက်တော့ တစ်နှစ်စာအတွက် လုံ လောက် အောင် စားသုံးလို့ ရပါတယ်။

စပါးစေ့ကနေ ဆန်ကို ရရှိနိုင်ဖို့ အရင်ဦးဆုံး စပါးစေ့ကိုထောင်းတဲ့နေရာ၊ ကြိတ်တဲ့နေရာတွေမှာ လွယ်ကူအောင်လို့ နေပူ လှန်းထားရပါတယ်။

နေပူလှန်းထားလို့ ရလာတဲ့ စပါးစေ့တွေကို ကြိတ်ဖို့ သက်တမ်းရင့် သစ်ပင် ပင်စည်နဲ့ ပြုလုပ်ထားတဲ့ ဆုံနှစ်လုံးကို အသုံး ပြုရပါတယ်။ ဆုံနှစ်လုံးကို အပေါ်အောက်ဆင့်ထားပြီး စပါးစေ့ထည့်နိုင်ရန် အပေါ်မှာရှိတဲ့ ဆုံတစ်လုံးကို အလယ်မှာ အပေါက်ဖောက်ထားရပါတယ်။

စပါးစေ့ကို ဆုံအပေါက်ထဲကို လောင်းထည့်ပြီး ဘေးလက်ကိုင်ဖက်ကို ဘယ်ညာလှည့်ရပါတယ်။ လှည့်တဲ့အချိန်မှာ စပါး စေ့တွေက စုံနှစ်ခုကြားရောက်သွားပြီး စပါးခွံ ကွဲသွားပြီး ဆန်အကြမ်းကို ရရှိလာမှာ ဖြစ်ပါတယ်။

ဒါကတော့ ဆုံနှစ်ခုနဲ့ လှည့်လို့ ထွက်ရှိလာတဲ့ ဆန်ကြမ်းတွေပဲ ဖြစ်ပါတယ်။ ချက်စားလို့ရတဲ့ အနေအထားတော့ မဟုတ် သေးပါဘူး။ စပါးခွံတွေနဲ့ ဆန်စေ့တွေ ရောနှောထားတဲ့ အရောလေးပါ။ အသင့်ချက်စားနိုင်ရန် ဆက်လက် ထောင်းရ ပါသေးတယ်။

တစ်နေကုန်လှည့်ရင်တော့ ရှစ်ပြည်၊ကိုးပြည်လောက်တော့ ရပါတယ်။ “ အားအရမ်းထုတ်ရတယ် လှည့်ဖို့ လက်မောင်း တောင် ဗလထွက်နေပြီ” လို့ နဖူးမှ ထွက်လာတဲ့ ချွေးတွေကို သုတ်ရင်းနဲ့ ပအိုဝ်းအဒေါ်က ရယ်မောစွာ ပြောပါတယ်။

စုံနဲ့ကြိတ်လို့ ရလာတဲ့ ဆန်ကြမ်းကို ဆန်ချောဖြစ်အောင် ဒီလို ဆုံတွေနဲ့ နောက်တစ်ကြိမ် ထပ်ထောင်းရပါတယ်။ ဆန်ရ လာဖို့က အင်မတန်မှ လက်ဝင်တာကြောင့် လွယ်လွယ်နဲ့ မရပါဘူး။ စက်နဲ့လုပ်ရင် ဒီလောက် မခက်ခဲဘူးဆိုတာကို သိနေ ပေမယ့် စက်နဲ့လုပ်ရင် စက်ဖိုးပေးရတာကို မတတ်နိုင်တော့ ကိုယ်တိုင်လုပ်ရတာလို့ ဆိုပါတယ်။

ဆန်ထောင်းတဲ့ အချိန်တွေမှာလည်း အိမ်နီးနားချင်းတွေက လာလည်တာ တချို့ဆိုရင် ကူထောင်းတာမျိုးတွေလည်း လုပ် ကြပါတယ်။

ထောင်းလိုက် ညောင်းလာရင်နားလိုက်နဲ့ ရေနွေးကြမ်းလည်းသောက်လိုက် ဟာသလေးပြောလိုက်နဲ့ အချင်းချင်း စနောက် ပြောဆိုနေကြတာကို မြင်တွေ့ရသူအဖို့ ပီတိဖြစ်ရပါတယ်။

ထောင်းရင်း ထောင်ရင်းနဲ့ စပါးခွံအကုန်လုံး ကျွတ်သွားရင်တော့ အမှုန့်လေးတွေကို တခါပြန်ရှင်းပြီးတဲ့အခါ ချက်စားလို့ ရပါပြီ။ ထီဟန်ခြွီက အမျိုးသမီးအများအစုကတော့ ဒီလိုပုံစံမျိုးနဲ့ ပြုလုပ်ကြပြီး လုပ်ကိုင်စားသောက်ကြပါတယ်။

တောင်ကုန်းပေါ်က စိုက်တဲ့ဆန်က လယ်ကွင်းကစိုက်တဲ့ အရသာနဲ့ မတူသလို အရောင်လည်း မတူပါဘူး။ တောင်ကုန်း ပေါ်မှာ စိုက်တဲ့ဆန်ဟာ ချက်စားတဲ့အခါ ပန်းရောင်လေး သန်းနေပြီး အရသာကလည်း ခပ်ပေါ့ပေါ့လေး ရှိပါတယ်။

ထီဟန်းခြွီက အမျိုးသမီးတွေကတော့ တောင်ကုန်းပေါ်မှာ စိုက်တဲ့ ဆန်ကိုသာ စားသောက် နေထိုင်ကြပါတယ်။ ဒီလို လူအင်အားနဲ့ စပါးစေ့ထောင်းတာဟာ ဘိုးဘွားစဉ်ဆက်တည်းက အသုံးပြုလာတာဖြစ်ပါတယ်။ ဘိုးဘွားပိုင် အမွေ အနှစ် ဆိုလည်း မမှားပါဘူး။ မြို့နှင့်အလှမ်းဝေးတဲ့ ကျေးလက်ဒေသဖြစ်သည့်အတွက် ရှေးထုံးတွေသည် ယခုထိ ကျန်ရှိနေပါ သေးသည်။ များသောအားဖြင့် အိမ်မှုကိစ္စ (မီးဖိုချောင်ကိစ္စ)တွေသည် အမျိုးသမီးတွေအလုပ်လို့သာ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဓလေ့ထုံးတမ်းတွေကြားထဲက ကြီးပြင်းလာတဲ့ အမျိုးသမီးအများစုကလည်း ဒီလို မီးဖိုချောင်ကိစ္စတွေဟာ အမျိုးသမီး တွေရဲ့ အလုပ်သာဖြစ်ကြောင်း လက်သင့်ခံထားကြပါတယ်။ ဒါကြောင့် ဆန်စပါး စစိုက်တဲ့အချိန်ကစပြီး စပါး ၊ဆန်ကြမ်း ၊ ဆန်ချော ရသည်အထိ အမျိုးသမီးတွေပဲ လုပ်ကိုင်ကြပါတယ်။

ဆန်ချော ရလာပြီးရင်လည်း မီးဖိုထဲဝင်ပြီး ထမင်းအိုးတည်တာအထိ အမျိုးသမီးအများစုသာ ပြုလုပ်ကြပါတယ်။ အမျိုးသမီး များက ဦးဆောင်ဦးရွက်သည့်အခန်းကဏ္ဍတွင် မပါပေမယ့် အိမ်မှုကိစ္စတွင် မပါမဖြစ် သတ်မှတ်ခံရထားရကာ များပြားလှပြီး မပြီးစီးနိုင်တဲ့ ဝင်ငွေမဲ့အလုပ်တွေမှာသာ လုပ်ဆောင်ပိုင်ခွင့်အပြည့်အဝ ရှိနေသေးတာပဲဖြစ်ပါတယ်။

Author:

Related Articles