Home ဆောင်းပါး စစ်ကောင်စီနင်းခြေခဲ့သည့်ဘဝများ

စစ်ကောင်စီနင်းခြေခဲ့သည့်ဘဝများ

ဒေဝီ။      ။

မြန်မာနိုင်ငံအလယ်ပိုင်း ပခုက္ကူမြို့နယ်ထဲက သူတို့မိသားစုနေထိုင်တဲ့ ခြံဝန်းထဲမှာ စာကြည့်တိုက်တခုတည်ထောင်ဖို့ လွန်ခဲ့ တဲ့ငါးနှစ်လောက်ကတည်းက မသက်မွန်ကို စိတ်ကူးယဉ်ခဲ့တဲ့အိမ်မက်က အာဏာသိမ်းပြီးနောက်မှာ ပျက်ပြယ်ခဲ့ရ တယ်။

မသက်မွန်ကိုတို့ခြံဝန်းထဲမှာ အိမ်နှစ်လုံးရှိတဲ့အနက် နေအိမ်တစ်လုံးမှာ မိသားစုတွေ နေထိုင်ကြပြီး ကျန်တစ်အိမ်ကိုတော့ NLD ပါတီရဲ့မြို့နယ်ရုံးအဖြစ် ဖွင့်လှစ်ပါတယ်။ ပါတီရုံးခန်းကလည်း မကြာခင်ကာလမှာ အခြားမြေနေရာ တစ်ခုဆီ ရွှေ့ ပြောင်းမှာဖြစ်တော့ လစ်လပ်သွားတဲ့ ရုံးအဆောက်အဦကို စာကြည့်တိုက်လေးအဖြစ် အသွင်ပြောင်းဖို့ မသက်မွန်ကိုတို့ မိသားစုတွေ လွန်ခဲ့တဲ့ နှစ်တွေကတည်းက တိုင်ပင်ထားခဲ့ကြတာပါ။

ဒီအတွက်လည်း နိုင်ငံရေးစာပေ၊ဘာသာရပ်ဆိုင်ရာစာပေ၊ ကလေးနဲ့ အမျိုးသမီးတွေအတွက် စာပေအပြင် အခြားဗဟုသုတ ရဖွယ် စာအုပ်စာပေတွေကို လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက စုဆောင်းလာခဲ့ပြီး၊ ၂၀၂၁ ဧပြီလမှာ Community Library တစ်ခုအဖြစ်အကောင်အထည်ဖော်ဖို့ ရည်ရွယ်ခဲ့တာပါ။ 

ဧပြီလရောက်ဖို့နှစ်လလောက်အလို ဖေဖော်ဝါရီ၁ရက်မှာ အာဏာသိမ်းခဲ့တာကြောင့် အနှစ်နှစ်အလလ ကြိုးစားခဲ့တဲ့ စာကြည့်တိုက်စီမံကိန်းလဲပျက်ခဲ့ရသလို မသက်မွန်ကိုတို့မိသားစုဟာလည်းနှစ်ပေါင်းများစွာ နေထိုင်လာခဲ့တဲ့ နေအိမ်ကို စွန့်ခွာလို့ မိသားစုတွေ တကွဲတပြားနဲ့တိမ်းရှောင်ခဲ့ကြရပါတယ်။

မသက်မွန်ကိုရဲ့ဖခင်ဦးပိုက်ကိုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ အမာခံနိုင်ငံရေးသမားဖြစ်သလို ၂၀၁၅ ရွေး ကောက်ပွဲမှာအနိုင်ရခဲ့တဲ့ ပခုက္ကူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီဘက်က ဖမ်းဆီးဖို့ပစ်မှတ်ထားတာခံနေရတဲ့ သူလည်းဖြစ်ပါတယ်။

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလကစလို့ ပခုက္ကူမှာဆန္ဒပြပွဲတွေပြင်းထန်နေချိန်ကတည်းက ဖခင်ဖြစ်သူဟာ လုံခြုံရေးအရ အိမ်မှာမနေတော့ဘဲ တိမ်းရှောင်နေခဲ့ရပါတယ်။ နောက်ပိုင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖခင်ဖြစ်သူကို နေအိမ်ဆီ မကြာခဏလာရောက်ရှာဖွေသလို ပျူစောထီးတပ်ဖွဲဝင်တွေကလည်း ဖခင်ဖြစ်သူကိုဦးတည်တဲ့ခြိမ်းခြောက်စာတွေ ထုတ် ပြန်တာကြောင့် ဇူလိုင်လမှာ အခြားမိသားစုဝင်တွေပါ တိမ်းရှောင်ရပါတော့တယ်။

ဒီလိုတိမ်းရှောင်နေရင်းနဲ့ နိုဝင်ဘာ ၁၁ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မသက်မွန်ကိုတို့နေထိုင်ရာအိမ်နဲ့ ပါတီရုံးရှိတဲ့ နေအိမ်ခြံဝန်းတစ်ခုလုံးကို လာရောက်ချိတ်ပိတ်ခဲ့ပြီး၊ ပခုက္ကူမြို့ပေါ်က ဖခင်ဖြစ်သူ အမည်နဲ့ ပိုင်ဆိုင်တာတွေကိုပါတင်ပြဖို့ ထွေအုပ်နဲ့ မြေစာရင်းဌာနကို ညွှန်ကြားခဲ့တယ်လို့ မသက်မွန်ကိုကပြောပါတယ်။

မသက်မွန်ကိုတို့ အိမ်ကိုချိတ်ပိတ်ခံရတာက အခုမှတော့မဟုတ်ပါဘူး။ ၂၀၀၃ ဒီပဲယင်းအရေးအခင်းပြီးတဲ့နောက် ပါတီရုံးကို ချိတ်ပိတ်ခဲ့ပါသေးတယ်။ အဲ့ဒီ အချိန်တုန်းက ခြံဝန်းတခုထဲမှာရှိတဲ့ မြို့နယ်ပါတီရုံးအဆောက်အဦကိုသာ ပိတ်သိမ်းခဲ့တာ ဖြစ်ပြီး ၊ကျန်နေအိမ် အဆောက်အဦမှာတော့ မိသားစုဝင်တွေ နေမြဲတိုင်း နေထိုင်ခွင့်ရခဲ့ပါတယ်။

ခုနှစ်နှစ်နီးပါးချိတ်ပိတ်ခံခဲ့ရတဲ့ ပါတီရုံးဟာ ၂၀၁၀ရွေးကောက်ပွဲမတိုင်ခင်အချိန်မှ ပြန်လည် ဖွင့်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ဒီတကြိမ်မှာလည်း အာဏာသိမ်းလိုက်ကတည်းက နောက်ဆက်တွဲနိုင်ငံရေးအရပစ်မှတ်ထားတော့မယ့် ဖခင်ဖြစ်သူကို ဖမ်းဆီးတာ၊ ပါတီရုံးကိုချိတ်ပိတ်တာတွေအတွက် တွေးထားပြီးဖြစ်ပေမယ့် ကျန်မိသားစုဝင်တွေကို ဒုက္ခပေးဖမ်းဆီးမှာရော၊ မိသားစုတွေနေထိုင်ရာ နေအိမ်ကိုပါ သိမ်းယူမယ်ဆိုတာတွေကိုတော့ မမျှော်လင့်ခဲ့ဘူးလို့ မသက်မွန်ကိုက ပြောပါတယ်။

“အရင်အတွေ့အကြုံလည်းရှိတော့ စိတ်ကိုပြင်ဆင်ထားတာပေါ့။ ရုံးနေရာကတော့ ဒီတခါလည်းလာပိတ်မှာပဲဆိုပြီး။ ဒါပေ မယ့် ဒီလိုမျိုးကြီး ပိတ်မယ်လို့တော့မျှော်လင့်မထားဘူး။ ကြုံရချိန်မှာ ဝမ်းနည်းတယ်ခံပြင်းတယ်” လို့ မသက်မွန်ကိုက ပြောပါ တယ်။

ဖခင်ဖြစ်သူကို ပစ်မှတ်ထားဖမ်းဆီးသလို အခြားမိသားစုဝင်တွေကိုပါ ဒုက္ခပေးလာတဲ့အတွက် မသက်မွန်ကိုတို့ မိသားစု လည်း အခက်အခဲအတွေကြားက ရှောင်ရှားရင်း၊ ဖခင်ဖြစ်သူ ဘေးလွတ်ရာရောက်ဖို့ နေရာ ၁၂ ခုခန့် ရွှေ့ပြောင်းဖို့ စီစဉ်ပေး ခဲ့ရတယ်လို့ဆိုပါတယ်။

နိုင်ငံရေးသမား ဖခင်ဖြစ်သူကြောင့် ငယ်စဉ်ကတည်းက မိခင်ဖြစ်သူနဲ့ အတူခက်ခဲတဲ့လမ်းတွေ ကြုံခဲ့ပေမယ့် ဒီတစ်ကြိမ် ကတော့ အဆိုးရွားဆုံးအတွေ့အကြုံပဲလို့ မသက်မွန်ကိုကဆိုတယ်။ အရင်ကနိုင်ငံရေးလုပ်ပေမယ့် ကာယကံရှင်ကိုပဲ ဖမ်းဆီးနှိပ်စက်တာ ထောင်သွင်းအကျဉ်းချတာ၊ မိသားစုဝင်တွေကို လူ့ဝန်းကျင်မှာ ဖိနှိပ်တာတချို့ရှိပေမယ့် ယခုလောက် မိသားစုဝင်တွေကို အခြေအနေမဲ့အောင် ပြုမှုတာမျိုးမကြုံခဲ့ဘူးလို့ဆိုတယ်။

“အခုက အဆိုးရွားဆုံးနဲ့ အရက်စက်ဆုံးပဲ။ လူငယ်တွေအများကြီးသတ်တယ်။ အရင်က နိုင်ငံရေးလုပ်ရင် လုပ်သူကိုပဲ၊ ဒီတခေါက်က ဘာဖြစ်လာလဲဆို သူနဲ့ပတ်သက်တဲ့ မိသားစုဝင်တွေကိုပါရက်ရက်စက်စက်လုပ်လာတော့ ဒီတခါမှငါတို့ မတွန်းလှန်နိုင်ဘူး မနိုင်ဘူးဆိုရင် အရင်တုန်းကထက်ပိုဆိုးတဲ့ အခြေအနေတခုကို ပြန်ကြုံရမယ်” လို့ မသက်မွန်ကို ကပြော တယ်။

နှစ်ပေါင်းများစွာနေထိုင်လာခဲ့တဲ့ သူမတို့နေအိမ်ဟာမိသားစုအတွက် အမှတ်တရတွေနဲ့အပြည့်ပါ။ ဒီအိမ်မှာပဲ ကြီးပြင်း လာခဲ့ သလို၊ ကြုံလာသမျှ အခက်အခဲ အကောင်းအဆိုးတွေကိုမိသားစုတွင်းမျှဝေပြီး ကြံ့ကြံ့ခံရင်ဆိုင်ဖြတ်သန်းခဲ့ရတာပါ။

“မိသားစုဆိုတော့ မျှဝေခံစားရတာတွေ၊ အခက်အခဲကြုံတိုင်း ကျော်ဖြတ်ဖို့အားပေးခဲ့ကြတာတွေ။ တယောက်နဲ့ တယောက် ဖေးမ၊အားပေးတဲ့အခြေအနေဟာ ဒီအိမ်မှာပဲဖြတ်သန်းခဲ့ရတာ။ ဒါတွေကအမှတ်တရတွေပဲ” လို့ မသက်မွန်ကို ကပြောပါ တယ်။

မဖြစ်မနေစွန့်ခွာ ရှောင်တိမ်းရချိန်မှာ လိုအပ်တဲ့ပစ္စည်း အနည်းအကျဉ်းသာယူဆောင်ခဲ့ရပြီး၊စာကြည့်တိုက်အတွက်စုဆောင်း ထားတာတွေရော၊ ပိုင်ဆိုင်သမျှပစ္စည်းဥစ္စာတွေပါထားခဲ့ရတယ်လို့ဆိုပါတယ်။

မသက်မွန်ကို တို့မိသားစုလိုပဲ နိုင်ငံတဝှမ်းက စစ်အာဏာရှင်ကိုတော်လှန်နေကြတဲ့ အရပ်သားတွေ၊ နိုင်ငံရေးသမားတွေ၊ တော်လှန်ရေးကိုထောက်ခံကြသူတွေရဲ့နေအိမ်နဲ့ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီက ချိတ်ပိတ်တာတွေ လုပ်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ဇူလိုင်၅ရက်မှ နိုဝင်ဘာ ၁၁နေ့အထိ NLD ပါတီဝင်များနှင့် ဝန်းရံသူများ၏နေအိမ်များကို ချိတ်ပိတ်ခံရမှုပေါင်း(၅၇)ခု အထိရှိခဲ့ပြီး၊ ဒီထဲမှာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)ရဲ့ ဖက်ဒရယ်ရေးရာဝန်ကြီးဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း၊ ကျန်းမာရေးနဲ့ပညာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း  မန်းဂျော်နီ နဲ့အခြားနိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များပါဝင်နေပါ တယ်။

ဒါက NLD ပါတီဝင်နဲ့ ထောက်ခံသူတို့သိမ်းခံရတဲ့နေအိမ်စာရင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF တွေနဲ့ ဆက်စပ် နွှယ် လို့ သိမ်းယူတာတွေလည်း အများအပြားရှိနေပါတယ်။  

စစ်ကောင်စီဘက်ကတော့  NUG /PDF တို့နဲ့ ဆက်စပ်သူတွေကို အကြမ်းဖက်သူတွေအဖြစ် သတ်မှတ်ပြီး ဖမ်းဆီးနေ သလို၊ ယင်းတို့ကို ခိုလှုံခွင့်ပေးခြင်း၊ ငှားရမ်းနေထိုင်ခြင်းတွေ ပြုလုပ်ပါကနေအိမ်၊ တိုက်ခန်းပိုင်ရှင်တွေကို အရေးယူမယ့် အပြင် နေအိမ်တွေကိုလည်း နိုင်ငံပိုင်သိမ်းဆည်းမယ်လို့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုက စက်တင်ဘာ ၉ ရက် ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့ပစ်မှတ်ထားဖမ်းဆီးလိုတဲ့သူအပြင် နီးစပ်တဲ့ မိသားစုဝင်တွေကိုပါ ဖမ်းဆီးတာ၊ နေအိမ် တွေကို ချိတ်ပိတ်သိမ်းယူတာတွေကြောင့် အချို့မိသားစုတွေကလည်း သားသမီးတွေကို အမွေပြတ် စွန့်လွတ်တာ၊ လင်ခန်း မယားခန်းပြတ်ဆဲတယ်လို့ ကြေငြာတာတွေလည်းရှိလာပါတယ်။

နိုဝင်ဘာ ၁၆ရက်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းကအမွေပြတ် စွန့်လွတ် ကြောင်း ကြေငြာချက်တွေက တရားမဝင်ဘဲ NUG/PDF တပ်ဖွဲ့ဝင်တွေကို ထောက်ပံ့တာတွေပြုလုပ်ပါက အကြမ်းဖက်မှု တိုက် ဖျက်ရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ ဖြေကြားခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ နေထိုင်တဲ့ဒေါ်ခင်ခင်(အမည်လွှဲ) တို့မိသားစုဟာလည်း စစ်အာဏာရှင်ကို ဆန့်ကျင်တာကြောင့် နေအိမ်နဲ့ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံရသူတွေထဲမှာပါပါတယ်။

ဒေါ်ခင်ခင်ရဲ့ခင်ပွန်းကို စစ်ကောင်စီက  ပုဒ်မ၅၀၅(က)၊ အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)  တို့နဲ့ ဝရမ်းထုတ်ထားတာကြောင့် မိသားစုလိုက်လနဲ့ချီကြာ ရှောင်တိမ်းနေကြရတာဖြစ်ပါတယ်။

“အိမ်ချိတ်ပိတ်လိုက်ပြီဆိုတာ မိတ်ဆွေတွေကလှမ်းပြောတယ်၊ ချိတ်ပိတ်ခံရတယ်လို့ကြားတော့ မျက်ရည်ကျမိတယ်။ စိတ်မကောင်းဖြစ်မိတာပေါ့။ ဒီအိမ်ကသားသမီးတွေအတွက် စိတ်ကူးတွေရှိတာပေါ့” လို့ ဒေါ်ခင်ခင်ကပြောပါတယ်။

“ယုံကြည်ချက်နဲ့အတူ ရပ်တည်ကြတဲ့အတွက်အားတော့မငယ်ပါဘူး။   အိမ်မရှိဘူးဆိုတော့လည်း မိသားစုရှိတဲ့နေရာက အမတို့အတွက် အိမ်ပါပဲ” လို့ ဒေါ်ခင်ခင်ကပြောပါတယ်။

ခင်ပွန်းဖြစ်သူကို ပုဒ်မတစ်သီတစ်သန်းနဲ့ဝရမ်းထုတ် ဖမ်းဆီးတာကြောင့် နေအိမ်က တိမ်းရှောင်ရ ၊မိသားစုဝင်တွေလည်း အခက်အခဲမျိုးစုံနဲ့ ဖြတ်သန်းရ၊နှစ်ပေါင်းများစွာနေထိုင်ခဲ့တဲ့ နေအိမ်အသိမ်းခံရပေမယ်လည်း ခင်ပွန်းကြောင့်ဒုက္ခကြုံရ တယ်လို့  အပြစ်တင်စိတ်မရှိဘဲ သူရဲ့လုပ်ဆောင်ချက်ခံယူမှုတွေအပေါ် နားလည်ပြီး ကျေနပ်လက်ခံတယ်လို့ ဒေါ်ခင်ခင်က ပြောတယ်။

လက်တလောမှာ နေအိမ်ကို ချိတ်ပိတ်ခံရလို့ မိသားစုတွေ ဒုက္ခတွေနဲ့ ရင်ဆိုင်ဖြတ်သန်းရပေမယ့် တစ်နေ့မှာ မိသားစုလိုက် နေအိမ်ကို ပြန်သွားနိုင်ရမယ်ဆိုတာ ယုံကြည်ထားတယ်လို့ ဒေါ်ခင်ခင်ကပြောပါတယ်။

စစ်ကောင်စီက လုပ်ဆောင်နေတဲ့ ချိတ်ပိတ်တယ်ဆိုတာဟာ ဒီနေအိမ်ကအကြမ်းဖက်အဖွဲ့အစည်းနဲ့ပတ်သက်တယ်လို့ စွပ်စွဲပြီး ဘယ်သူမှမဝင်ရ၊မသုံးရ၊မရောင်းရဆိုပြီး  လုပ်ဆောင်တဲ့အဆင့်ပဲရှိကာ နိုင်ငံတော် မပိုင်ဆိုင်သေးဘဲ၊ အဆိုပါ အမှုတွေကို တရားရုံးကစစ်ဆေးပြီး အိမ်ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းစေလို့ အမိန့်ချမှသာ နိုင်ငံတော်ပိုင်ဖြစ်တာလို့  CDM တရားသူကြီးတစ်ဦးကဆိုပါတယ်။  

“နိုင်ငံတော်ပိုင်ဖြစ်သွားမှသာ လေလံတင်ရောင်းတာတွေဘာတွေလုပ်လို့ရမှာ၊ နောက်ပြီးတော့ တရားခံမိတဲ့ အမှုတွေမှာ ဆိုရင်တော့ နိုင်ငံပိုင်သိမ်းလို့ရတယ်၊ တရားခံမမိတဲ့ အမှုမှာဆိုရင် နိုင်ငံပိုင်သိမ်းလို့မရဘူး၊ တရားခံပြေးအမှုက သက်သေခံ ပစ္စည်းကို စီမံခန့်ခွဲလို့မရဘူး”လို့ ယင်းတရားသူကြီးကဆိုတယ်။

နေအိမ်တွေအသိမ်းခံရတဲ့အတွက် မိသားစုတွေမှာ တကွဲတပြားနဲ့ဒုက္ခပေါင်းစုံကြုံတွေရသလို ကာယကံရှင်တွေမှာလည်း ကိုယ့်ကြောင့် မိသားစုပါထိခိုက်လာရတဲ့အတွက်   ဒီအပေါ်မှာ အားနာစိတ်၊ ဝမ်းနည်းစိတ်တွေရှိတယ်လို့ နေအိမ်အသိမ်းခံ လိုက်ရတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မောင်ဝိုင်းဝိုင်းကပြောပါတယ်။

“မိသားစုကတော့ အိမ်မရှိတော့ အခက်အခဲတွေရှိတာပေါ့။ ကျတော်တို့ကလည်း(ဝင်ငွေရတဲ့) အလုပ်မည်မည်ရရမရှိတော့ အိမ်ကိုလည်းအားနာတယ်” လို့ ယင်းကပြောပါတယ်။

မောင်ဝိုင်းဝိုင်းက ရန်ကုန်မှာ စစ်ဆင်ရေးအချို့ လှုပ်ရှားနေရင်း သူအပါအဝင်အဖွဲ့ဝင်တစ်ချို့အမည် စာရင်းပေါက်ကြား သွားတဲ့အတွက် မိသားစုတွေပါနေအိမ်ကနေအမြန်ရှောင်တိမ်းခဲ့ရတာပါ။ ရှောင်တိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်ကို လာရောက်ရှာဖွေတဲ့အချိန်မှာ လက်နက်ပစ္စည်း သုံးခုတွေ့တယ်ဆိုပြီး နေအိမ်ကို ချိတ်ပိတ်ခဲ့တယ်။

ကြိုတင်တိမ်းရှောင်ခဲ့တဲ့အတွက် မိသားစုတွေက စစ်ကောင်စီထံ အဖမ်းမခံရဘဲ လွတ်မြောက်ခဲ့ပေမယ့်လည်း အခြား လုံခြုံတဲ့နေရာရှာဖွေရတာ၊ ရွှေ့ပြောင်းနေထိုင်ရတဲ့ နေရာမှာလည်း အသက်မွေးဝမ်းကြောင်းအဆင်ပြေစေဖို့ ရုန်းကန်ရတာ တွေနဲ့ မိဘတွေမှာ အခက်အခဲ မျိုးစုံ ကြုံတွေ့ရတယ်လို့ ဆိုတယ်။  

မောင်ဝိုင်းဝိုင်းရဲ့ မိဘတွေက လက်လုပ်လက်စားတွေဖြစ်ပေမယ့်လည်း မိသားစုမှာ သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင် ရှိခဲ့ပါတယ်။ လက်ရှိမှာ နေအိမ်တွေဆုံးရှုံးပြီး ဒုက္ခမျိုးစုံ ကြုံတွေ့ရပေမယ့် အပြစ်မမြင်ဘဲ သူတို့တွေ ရွေးချယ်ခဲ့တဲ့လမ်းကို အားပေးတဲ့အတွက် စိတ်အားတက်ရတယ်လို့ ယင်းကပြောပါတယ်။

“ကျွန်တော်တို့က အမှန်ရားအတွက် ရပ်တည်နေတော့လေ၊  မိဘတွေကလည်း မသိမ်ငယ်ပါဘူး။ ဂုဏ်ယူတယ်။ ဆက်ပြီး တော့ကြိုးစားပါပေါ့၊ သူတို့ဘယ်လောက်ပဲ ဒုက္ခကြုံကြုံ ကျတော်တို့မျက်နှာမငယ်နဲ့ဆိုပြီး အားပေးတယ်” လို့မောင်ဝိုင်းဝိုင်း ကဆိုပါတယ်။

မောင်ဝိုင်းဝိုင်းတို့ အနေနဲ့လည်း အဖက်ဖက်ကခက်ခဲပြီး အန္တရာယ်ကြားမှာ လှုပ်ရှားနေရပေမယ့် စစ်အာဏာရှင် ချုပ်ငြိမ်းပြီး ဒီမိုကရေစီပြန်လည်ရရှိမှသာတိုင်းပြည်အေးချမ်းပြီး မိသားစုများစွာရဲ့ဘ၀တွေလည်း ပြန်အဆင်ပြေမယ်လို့ ယုံကြည်ထားတဲ့ အတွက် အဆုံးထိတိုက်ပွဲဝင်သွားမယ်လို့ဆိုတယ်။

“အခုချိန်မှာ ကျတော်တို့ နေစရာစားစရာ မရရင်တောင်မှာ ဒီမိုကရေစီပြန်ရရင် အလုပ်တွေ ပြန်လုပ်နိုင်မှာလေ။ ကျတော်တို့ အတွက် အခွင့်အလမ်းတွေအများကြီး ၊နိုင်ငံတိုးတက်သွားလို့ရှိရင် အဆင်ပြေသွားမှာ။” လို့မောင်ဝိုင်းဝိုင်းက ပြောပါတယ်။

စစ်ကောင်စီကတော့ သူတို့ကို ဆန့်ကျင်တဲ့သူမှန်သမျှကို အရက်စက်ဆုံးနည်းလမ်းတွေနဲ့ တုံ့ပြန်ရှင်းလင်းနေပါတယ်။ ဒီအတွက် ကိုယ့်မိသားစုဝင်ထဲမှာ အာဏာရှင်ဆန့်ရှင်ရေးလုပ်ဆောင်တဲ့သူ ရှိလာပြီဆိုရင် ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို အခြားနေရာမှာ ရွှေ့ပြောင်းတာ၊ ကြုံလာရမဲ့ အခြေအနေတွေအတွက် စိတ်ပိုင်းဆိုင်ရာပြင်ဆင်တာတွေ လုပ်ထားဖို့ လိုမယ်လို့ ယင်းတို့ကအကြံပြုပါတယ်။

ဒါ့အပြင် ပြည်သူတွေကလည်း အကြောက်တရားတွေ အခက်အခဲတွေရှိပေမယ့် တော်လှန်ရေးအောင်မြင်ဖို့ ရှေ့တန်းကနေ ဆောင်ရွက်နေသူတွေကို  တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ ထောက်ပံ့ပေးဖို့လိုတယ်လို့ဆိုတယ်။

“ကျွန်မတို့လို ကြုံလာဖူးတဲ့သူတောင် ငါတို့ရဲ့အနာဂတ် ငါတို့နေခဲ့တဲ့အိမ် အသိမ်းခံလိုက်ရတော့ နေစရာမရှိတော့ဘူး ဆိုပြီး ဝမ်းနည်းပက်လက် ဖြစ်တယ်ပေ့ါ။ တခြားမိသားစုဝင်တွေလည်းဖြစ်မှာပဲ။ ဒါပေမယ့် ကိုယ့်ရဲ့သားသမီး ဖြစ်ဖြစ်၊ ခင်ပွန်းကို ဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာသော်လည်းကောင်းပံ့ပိုးပေးဖို့လိုတယ်၊ တော်လှန်ရေးအောင်ဖို့ ပြည်သူတယောက်ချင်းစီ  ကူညီပေး နေဖို့ကို ပြင်ဆင်ဖို့လိုတယ်” လို့ မသက်မွန်ကို ကပြောပါတယ်။

“ကျမတို့ ဒီတပွဲမှာ ရှုံးသွားခဲ့မယ်ဆိုရင် ဒီထက်ဆိုးတဲ့ အခြေအနေကိုကြုံရမယ်။ ပြည်သူတွေကလည်း အကောင်းဆုံး ပြင်ဆင်ထားပြီး တက်နိုင်သမျှလေးပံ့ပိုးပေးပါလို့ တောင်းဆိုချင်တယ်” လို့ မသက်မွန်ကို ကပြောပါတယ်။

Author:

Related Articles