Home ဓါတ်ပုံ အက်ဆေး ရေမရှိတဲ့ တောင်ပေါ်မြေက ကယားအမျိုးသမီးတွေရဲ့ဘဝ

ရေမရှိတဲ့ တောင်ပေါ်မြေက ကယားအမျိုးသမီးတွေရဲ့ဘဝ

အမြင်အားဖြင့် လှပနေတဲ့ ကယားကျေးရွာတွေ တည်ရှိရာ တောင်ပေါ်တစ်နေရာ
တောင်ယာလုပ်ငန်းအပြင် အိမ်တွင်းအလုပ်တွေကိုလည်း အချိန်မီပြီးစီးအောင် တာဝန်ယူလုပ်ဆောင် ကြရပါတယ်။
ကျေးရွာရဲ့ အဓိကသောက်သုံးရေအတွက် မှီခိုနေရသည့် ကျေးရွာမှ (၁၀)မိနစ်ကြာ လမ်းလျှောက် ရသည့် ရေရရှိရာဂူငယ်
ကလေးကြည့်မယ့်သူမရှိတဲ့အတွက် အမျိုးသမီးတွေဟာ ကလေးငယ်တွေကို တပါတည်းခေါ်ဆောင်ပြီး ရေခပ်သွားကြရပါတယ်။
သောက်သုံးရေအတွက် အဓိကဦးစားပေးရလို့ အ၀တ်အစားလျှော်ဖို့အခက်အခဲရှိတာကြောင့် အ၀တ် အစားတွေ မြန်မြန်ပျက်စီးလွယ်ပါတယ်။
ဆောင်းတွင်းကာလမှာ ရေခမ်းခြောက်လို့ ဂူထဲက လက်ကျန်ရေတွေကိုပဲ တန်းစီစောင့်ခပ်ရပါတယ်။
ရေသွားရောက်ခပ်ရာ ဂူတွင်းလမ်း တနေရာ
ဆောင်းတွင်းကာလမှာ ရေခမ်းခြောက်လို့ ဂူထဲက လက်ကျန်ရေတွေကိုပဲ တန်းစီစောင့်ခပ်ရပါတယ်။
နွေရာသီကာလမှာတော့ ဂူရဲ့ကျဉ်းမြောင်းလှတဲ့ အတွင်းပိုင်းအထိ မိနစ် ၂၀ အကြာ ခက်ခက်ခဲခဲ ၀င်ပြီးမှ ရေ ရရှိကြပါတယ်။
ဂူထဲရေ၀င်ခပ်ချိန်မှာတော့ ကလေးငယ်တွေကို နောက်ထပ်ကလေး တယောက်နဲ့အတူ ဂူအပြင်ဘက်မှာ ချန်ထားခဲ့ရပါတယ်။
ဂူထဲမှ ရေခပ်ပြီးထွက်လာပုံ
ဂူပေါ် ပြန်တက်သည့် လမ်းတနေရာ
ဂူအတွင်းပိုင်းထိ ခပ်ဝေးဝေးသွားရတဲ့အခါ လမ်းကကျဉ်းပြီးမှောင်တဲ့အပြင် အောက်ဆီဂျင် သိပ်မရရှိတဲ့အတွက် အသက်ရှူရခက်စေပါတယ်။
ဂူအတွင်းပိုင်းထိ ခပ်ဝေးဝေးသွားရတဲ့အခါ လမ်းကကျဉ်းပြီးမှောင်တဲ့အပြင် အောက်ဆီဂျင် သိပ်မရရှိတဲ့အတွက် အသက်ရှူရခက်စေပါတယ်။

မယ်လွန်း။           ။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ရဲ့ တောင်ပေါ်ကျေးရွာတရွာဖြစ်တဲ့ ငူသွဲလဲကယားကျေးရွာမှာ အမျိုးသမီး အများစုဟာ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။ တောတောင်ရှုခင်း၊ တောင်ယာစိုက်ခင်းတွေနဲ့ လှပပေမယ့် ရေရှားပါးလွန်းတဲ့ဒဏ်ကို မိုးရာသီကလွဲပြီး နှစ်စဉ်နှစ်တိုင်းမှာ ကြုံတွေ့နေကြရပါတယ်။ တောင်ယာလုပ်ငန်းအပြင် အိမ်တွင်းအလုပ်တွေကိုပါ အဓိကတာဝန်ယူရတဲ့ ကယားအမျိုးသမီးတွေရဲ့ နေ့တဓူဝအလုပ်တွေထဲမှာ ရှားပါးလှတဲ့သောက်သုံးရေရရှိဖို့ နေ့စဉ် ရေခပ်ရတဲ့ တာဝန်ကလည်း မသေးပါဘူး။ အမျိုးသားတွေလည်း ဝိုင်းဝန်းကူညီခပ်ပေးကြတာရှိပေမယ့် အများစုမှာ အမျိုးသမီးတွေသာ အဓိက တာဝန်ယူကြရပါတယ်။

အရင်က သောက်သုံးရေရရှိဖို့အတွက် ရွာကနေ ၁-၂ နာရီကြာ ဝေးကွာတဲ့နေရာကို သွားရောက်ပြီး ရေခပ် ကြရပေမယ့် အခုေတော့ ရွာအနီးက ဂူငယ်လေးတခုကို ရှာဖွေတွေ့ရှိပြီးနောက်မှာ မိုးတွင်းကာလက ဂူထဲ အောင်းနေတဲ့ ရေအကြွင်းအကျန်တွေကို သုံးရေအဖြစ် တရွာလုံး အသုံးပြုလာခဲ့ပါတယ်။

ရေအနည်းအကျဉ်းသာဖြစ်လို့ တရက်တာ လုံလောက်တဲ့ သုံးရေရဖို့အတွက် ဝိရိယထားပြီး အချိန်စောစော ခပ်နိုင်မှဖြစ်မှာမို့ အမျိုးသမီးတွေဟာ ရေခပ်ချိန်အတွက် ညသန်းခေါင် (သို့မဟုတ်) မနက် ၃ နာရီ၊ ၄ နာရီ အချိန်တွေမှာ သွားခပ်ကြပါတယ်။ သောက်သုံးရေအတွက် အဓိကဦးစားပေးရလို့ အဝတ်အစားလျှော်ဖို့အခက်အခဲဖြစ်တာကြောင့် အဝတ် အစားတွေ မြန်မြန်ပျက်စီးလွယ်သလို ထပ်ဝယ်ဖို့အတွက်လည်း ဝင်ငွေမရှိဘူးလို့ အမျိုးသမီးတွေက ပြော ပါတယ်။

လွန်ခဲ့တဲ့ ၂နှစ်ခန့်က လူမှုရေးအဖွဲ့တခုရဲ့ အကူအညီနဲ့ ဂူထဲသွားစရာမလိုပဲ အိမ်အရောက် ရေပိုက်သွယ် တန်းပေးခဲ့ပေမယ့် အဲဒါဟာ မိုးတွင်းကာလ ဂူထဲရေပြည့်ချိန်မှာသာ အဆင်ပြေပြီး ဂူထဲနဲ့ ဂူပေါက်ဝမှာ ရေ ကုန်ခမ်းချိန် ဆောင်းတွင်းနဲ့ နွေရာသီကာလမှာတော့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ မီးဖွားပြီးခါစ မိခင်တွေ အပါအဝင် အမျိုးသမီးတွေဟာ ပလိုင်းလွယ်ပြီး ဂူထဲက ရေကြွင်းရေကျန်တွေကို တန်းစီ စောင့်ပြီး ခပ်ကြရပြန်ပါတယ်။ နွေရာသီကာလမှာတော့ ကျဉ်းမြောင်းလှတဲ့ ဂူအတွင်းပိုင်းက ရေရှိရာနေရာကို မိနစ် (၂၀)အကြာထိ ကုန်း ကုန်းကွကွ ခက်ခက်ခဲခဲသွားရောက် ပြီးမှ ရေ ရရှိကြပါတယ်။

ဂူအတွင်းပိုင်းထိ ခပ်ဝေးဝေးသွားရတဲ့အခါ လမ်းကကျဉ်းမြောင်းမည်းမှောင်တဲ့အပြင် အောက်ဆီဂျင် သိပ်မရရှိတဲ့အတွက် အသက်ရှူရခက်ပြီး မောပန်းတာမျိုး ဖြစ်ကြတယ်လို့ အမျိုးသမီးတွေက ဆိုပါတယ်။ ဂူထဲရေဝင်ခပ်ချိန်မှာတော့ ကလေးငယ်တွေကို ဂူအပြင်မှာပဲ ချန်ထားခဲ့ရတာမို့ ကလေးကြည့်ဖို့ နောက် ထပ် ကလေးတယောက်ကိုပါ ခေါ်သွားကြရပါတယ်။

အခုချိန်ထိတော့ ဒီလို ရေရှားပါးတဲ့ ကယားကျေးရွာတွေမှာ ရေရရှိရေးပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ အခြေအနေမရှိသေးတဲ့အတွက် ရေရှားပါးမှုဟာ အိမ်တွင်းဝေယျာဝစ္စတွေ အဓိကတာဝန်ယူထားကြရတဲ့ ကယားအမျိုးသမီး တွေအတွက် နေ့တဓူ၀ ရင်ဆိုင်နေရတဲ့ ပြဿနာတရပ်အဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။

Author:

Related Articles