ခက်ဆစ်။ ။
တိုင်းရင်းသားဒေသတွေမှာ နှစ်ပေါင်းကြာရှည် လက်နက်ကိုင်စစ်ပွဲတွေကြောင့် ပြည်သူတွေဟာ ဘေးလွတ်ရာကို ရှောင်တိမ်းနေထိုင်ကြရစဉ် စစ်တပ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် တိုင်းရင်းသားဒေသနဲ့ နယ်စပ် ဒေသတွေမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေနဲ့ စစ်ရှောင်လူဦးရေက ပိုမိုများပြားလာနေပါတယ်။
အခုလို အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေ၊ စစ်ဘေးရှောင်သူတွေထဲမှာ အမျိုးသမီးနဲ့ကလေးငယ်တွေ သက်ကြီး ရွယ်အို တွေ အများဆုံးပါဝင်ကြပါတယ်။ တချို့ရွာတွေမှာဆို အမျိုးသားတွေက ရွာရဲ့လုံခြုံရေးကို စောင့်ကြည့်နေရတဲ့ အခြေ အနေတွေရှိနေတာကြောင့် အမျိုးသမီးတွေနဲ့ တခြားမိသားစုတွေဝင်သာ ဘေးလွတ်ရာမှာ ပုန်းခိုနေကြရတာ ဖြစ်ပါတယ်။
အာဏာရှင်တော်လှန်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ အခြေအနေတွေထဲမှာ ကယားပြည်နယ်(ကရင်နီ) ပြည်နယ်ကတော့ တိုက်ပွဲပြင်းထန်ဖြစ်ပွားမှုတွေထဲမှာပါဝင်သလို စစ်ရှောင်ပြည်သူတွေ ပိုမိုများပြားလာတာကိုလည်း တွေ့မြင်နေရပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရဲ့ ဖော်ပြချက်အရ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ တိုက်ပွဲနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေ အထူးသဖြင့် ကယားနဲ့ကရင်ပြည်နယ်တွေမှာ ခန့်မှန်းခြေ စုစုပေါင်း လူဦးရေ တစ်သိန်းလေးသောင်းခန့် နေရပ်စွန့်ခွာထွက်ပြေးနေရကြတယ်လို့ သြဂုတ်လ ၂၇ ရက်နေ့ က ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေ အနည်းဆုံး နှစ်သိန်းခြောက်ထောင်ရှိပြီး အဲ့ဒီထဲမှာ ကလေး သူငယ်ဦးရေ ခုနစ်သောင်းကျော် ပါဝင်နေတယ်လို့ ဗြိတိန်အခြေစိုက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ပရဟိတရံပုံငွေအဖွဲ့ Save The Children ရဲ့ အစီရင်ခံတစ်စောင်မှာလည်း ဖော်ပြထားပါတယ်။
အခြေအနေဆိုးရွားနေတဲ့ ကရင်နီပြည်
ဒေသခံPDF တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေလည်းပြင်းထန်လာတာကြောင့် ကယားပြည်နယ်အတွင်းမှာ ဆိုရင်လည်း မေလ ၁၀ ရက်နေ့ကစလို့ ဇွန်လ ၁၅ ရက်နေ့အထိ လူပေါင်း တစ်သိန်းကျော် ပုန်းရှောင်ထွက်ပြေးနေရပြီး အဲ့ဒီထဲမှာ ၇၅ ရာခိုင်နှုန်းကတော့ အမျိုးသမီးတွေဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ကလည်း ပြောကြားထားပါ တယ်။ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားတိုင်း စစ်ရှောင်ဦးရေက ပိုမိုတိုးလာနေဆဲဖြစ်ပါတယ်။
ကရင်နီပြည်နယ်မှာ မတရားဖမ်းဆီးမှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ များပြားလာတာကြောင့် စစ်ရှောင်တွေ ပိုများ လာပြီး စစ်ရှောင်သူတွေဟာ တစ်နေရာတည်းမှာ ပုန်းခိုနေရတာမျိုးမဟုတ်ဘဲ တစ်နေရာပြီး တစ်နေရာ ရှောင်တိမ်းနေကြ ရတာဖြစ်သလို ကိုယ်ဝန်ဆောင်တွေ လသားကလေးငယ်တွေအတွက် အာဟာရပိုင်းဆိုင်ရာမှာ ချို့တဲ့မှုတွေလည်း ရှိလာ နေကြပါတယ်။
” ကိုယ်ဝန်ဆောင်တွေ လသားကလေးငယ်တွေ ပြင်ဆင်မှုမရှိဘူး။ နဂိုတည်းက ကိုဗစ်ကြောင့်ရော ကုန်ဈေးနှုန်းမြင့်တက် နေမှုကြောင့်ရော ကလေးငယ်ရဲ့နို့မှုန် အာဟာရမှုန့်တွေ ဝယ်မရတာတွေရှိတယ်။ တောထဲရောက်လာတဲ့အချိန် မိခင် ကိုယ်တိုင် ကအာဟာရမရှိတော့ ကလေးကိုနို့မတိုက်နိုင်ဘူး။ နို့မှုန့်လည်းမတိုက်နိုင်ဘူး။ အဲ့ဒီတော့ ကလေးတွေက အစာ အဟာရတွေမမျှတတော့ အမြဲဆာလောင်နေရတယ်။ အိပ်ရေးပျက်တာတွေကလည်းများတယ်။ လသားအရွယ်တွေ ဆို ဘာကာကွယ်ဆေးမှာ မထိုးပေးရသေးတာတွေရှိတယ်” လို့ ကရင်နီအမျိုးသမီးအစည်းအရုံးမှ မော်ဖရေးမြာကပြော ပါတယ်။
ကိုယ်ဝန်ဆောင်တွေ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အာဟာရချို့တဲ့မှုတွေရှိနေသလို ကျန်းမာရေး ပိုင်းဆိုင်ရာအတွက်လည်း အကူအညီအထောက်ပံတွေနဲ့ အလှမ်းဝေးနေကြပါတယ်။ စစ်ဘေးရှောင်တွေဟာ ထပ်ခါ ထပ်ခါ ပြေးလွှားနေကြရတာကြောင့် ကူညီထောက်ပံပေးနိုင်မှုအပိုင်းမှာလည်း အခက်အခဲတွေရှိလာနေသလို ဆေးဝါးပြတ် လပ်မှုတွေကိုလည်း ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ဆေးဝါးများလိုအပ်နေမှု
စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲပေါ်ပေါက်လာတဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရမှုနဲ့ လူမှုဒုက္ခခြေအနေအမျိုးမျိုးကို အရွယ်ရောက်ပြီးသူတွေ ရင်ဆိုင်နေရချိန် ကလေးသူငယ်များလည်း အစာရေစာမလုံလောက်မှု၊ ငတ်မွတ်ခေါင်းပါးမှု ဒဏ်တွေကို ခံနေရတယ်လို့ Save The Children အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကလေးသူငယ်တွေ ကိုယ်ဝန်ဆောင်တွေနဲ့ မီးဖွားပြီးစမိခင်တွေအပါအဝင် စစ်ဘေးရှောင်တွေဟာ တောတွေ တောင်တွေ ထဲဖြစ်သလို စီမံထားရတဲ့နေရာထိုင်ခင်းမျိုးတွေမှာ နေကြရတာဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
” တစ်ခုခုဖြစ်လာရင် ကျန်းမာရေးနဲ့ဆိုင်တဲ့ဝန်ဆောင်မှုကို ဘယ်နားသွားယူရမှန်းမသိဘူးး။ ဆေးရုံသွားမယ်ဆိုလည်း လမ်းတစ်လျှောက်မှာလည်း စစ်ကောင်စီတွေကရှိတော့ ပါသွားတာမျိုးကိုစိုးရိမ်ရတယ်။ လိုက်ပို့ပေးတဲ့ အမျိုးသားတွေ အတွက်လည်း လုံခြုံရေးကစိုးရိမ်ရတော့ လိုက်မပို့ကြတော့ဘူး။ တချို့ CDM ဝင်တဲ့ကျန်းမာရေးဆရာမတွေက သူတို့ကိုယ် ထူကိုယ်ထနဲ့ နိုင်တဲ့ဘက်ကနေ ကူပေးတာတွေရှိတယ်။ ဒါပေမယ့် သူတို့ကသွားကြည့်ပေးတယ်။ ဆေးတွေက သယ်လို့ လည်းမရ ဝယ်လို့လည်းမရတဲ့ အခြေအနေဖြစ်နေတယ် ။ရောဂါဖြစ်နေတဲ့အချိန်မှာဆေးမပေးနိုင်ဘူး” လို့ မော်ဖရေးမြာက ပြောပါတယ်။
နာတာရှည်ရောဂါတွေဖြစ်တဲ့ သွေးတိုး ဆီးချိုရောဂါရှိတဲ့ အသက်ကြီးပိုင်းတွေမှာ ဆေးတွေပြတ်လတ်နေပြီး ဗိုက်ခွဲမွေး ထားတဲ့ သားသည်မိခင်တွေ ကိုယ်ဝန်ဆောင်တွေနဲ့ အိမ်ထောင်သည်အမျိုးသမီးတွေအတွက် သန္ဓေတားဆေးတွေ လည်း မရရှိတော့တဲ့အခြေအနေတွေဖြစ်ပါတယ်။
ရွာအနီးနားက သားဖွားဆေးခန်းတွေမှာလည်း ကျန်းမာရေးဝန်ထမ်းတွေက CDM ဝင်ထားတာကြောင့် ဆေးခန်းထိုင်ဖို့ အဆင်ပြေတော့သလို တိုင်းရင်းသားအဖွဲ့တွေက ဖွင့်လှစ်ထားတဲ့ နယ်လှည့်ကျောပိုးအိတ်လို အဖွဲ့မျိုးတွေဆိုလည်း လုံခြုံရေးအရ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဟိုခိုစစ်ရှောင်စခန်းမှာတော့ စားနပ်ရိက္ခာထောက်ပံ့ပေးမှုတွေအပြင် ကျန်းမာရေးစောင့် ရှောက်မှုတွေလိုအပ်နေတယ်လို့ ဟိုခိုစစ်ရှောင်စခန်း တာဝန်ခံ ဒေါ်အမ်မွန်ကပြောပါတယ်။
” နိုင်ငံရေးအခြေအနေလည်းမတည်ငြိမ်ဘူး။ ကိုဗစ်ကာလည်းကြုံတွေ့နေရတော့ စားဝတ်နေရေးနဲ့ ပတ်သက်ပြီးတော့ လည်း စိတ်ပူပန်သောကတွေ ကြုံနေရတာပေါ့။ အလှူရှင်တွေလည်း လျော့နည်းလာတယ်။ ပြီးတော့ ကျမတို့ camp မှာ လည်း ကျန်းမာရေးနဲ့ပတ်သတ်တာလည်း အဆင်မပြေဘူး။ တကယ်လို့ဖြစ်လာရင်သွားပြစရာနေရာလည်းမရှိဘူး။ အရေး ပေါ်ဖြစ်ရင်လည်းသွားကုရဖို့အတွက် ငွေရေးကြေးရေးလည်းခက်ခဲတယ်။ သွားလာရတာလည်းအရင်လို မလုံခြုံတော့ဘူး” လို့ ဒေါ်အမ်မွန်က ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း ဆိုးရွားလာနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းမြေပြင်ရှိ အခက်အခဲများ ကိုတင်ပြခြင်း အွန်လိုင်းဆွေးနွေးပွဲမှာတော့ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်က ကျန်းမာရေး ဆိုင်ရာပြသနာတွေကိုအဓိကဖြစ်ပေါ်စေတဲ့အချက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့်လို့ ထောက်ပြသွားပါတယ်။
” မြန်မာနိုင်ငံအရှေ့ဖျားတစ်ခုလုံးမှာ ကျန်းမာရေးဆိုင်ရာပြသာနာတွေရင်ဆိုင်နေရတာဟာ စနစ်တကျနဲ့ ကျယ်ကျယ် ပြန့်ပြန့်ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့်ဖြစ်တယ်ဆိုတာ ကျမတို့ တွေ့ရှိရတယ်။ နိုင်ငံတကာရံပုံငွေအဖွ့ဲ တွေနဲ့လက်လှမ်းမီဖို့ကိုလည်း ပြည်တွင်းကနေ ကန့်သတ်မှုတွေ စစ်တပ်ကနေ ကန့်သတ်မှုတွေရှိတာတွေ့ရတယ်။ ကျန်းမာ ရေးပြသနာကိုဖြေရှင်းဖို့ဆိုတာကလည်း လူ့အခွင့်အရေးကိုအခြေခံပြီး ဆောင်ရွက်ရမှာဖြစ်တယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေက လူ့အခွင့်အရေးချိုးဖောက်မှုတွေ အမြင့်ဆုံးဖြစ်နေတယ်ဆိုတာတွေ့ရတယ်” လို့ သူကဆိုတယ်။
ပြည်တွင်းမှာဖြစ်စေ နယ်စပ်မှာဖြစ်စေ ကျန်းမာရေးဝန်ထမ်းတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်တာ ဖမ်းဆီးတာတွေဟာ ကျန်းမာရေးဝန်ထမ်းတွေအတွက် လုံခြုံမှုကိုထိခိုက်စေသလို ပြည်သူတွေရဲ့ ကျန်းမာရေးပြသာနာကို ပိုပြီး နက်နက်နဲနဲ ကြီးကြီးမားမားဖြစ်လာနိုင်တယ်လို့လည်း ဒေါက်တာစင်သီယာမောင်က ပြောကြားထားပါတယ်။
အမျိုးသမီးလစဉ်သုံးနဲ့ အတွင်းခံလိုအပ်ချက်
ဒါ့အပြင် စစ်ရှောင်စခန်းတွေက အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းတွေလိုအပ်မှုကလည်း ရှိနေဆဲဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာတော့ တိုက်ပွဲတွေရပ်တန့်နေပေမယ့်လည်းနေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်သူတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ရခိုင်အမျိုးသမီးအစည်းအရုံးအနေနဲ့ကတော့ ရခိုင်ဒေသအတွင်းက စစ်ဘေးရှောင်စခန်းအချို့ကို စားနပ်ရိက္ခာ နဲ့ အမျိုးသမီးလစဉ်သုံးများ လှူဒါန်းပေးနေပေမယ့်လည်း လုံလောက်မှုမရှိသေးဘူးလို့ဆိုပါတယ်။
ကိုယ်တိုင်လည်း ဒုက္ခသည်စခန်းမှာ နေခဲ့ဖူးသူတစ်ယောက်ဖြစ်တဲ့ စောမြရာဇာလင်းကတော့ သူရဲ့အတွေ့အကြုံကို အခု လိုပဲ ပြန်လည်မျှဝေထားပါတယ်။
” ကိုယ်တို့ကလည်းဒုက္ခသည်ဖြစ်ခဲ့ဖူးတော့ တော်လှန်ရေးမှာ အခက်အခဲမျိုးစုံရှိခဲ့တယ်။ ကျမတို့က နိုင်ငံတခုရဲ့ နယ်စပ် ကိုရောက်သွားတယ်။ အဲ့လိုသူများတိုင်းပြည်ရဲ့ နယ်စပ်မှာနေတဲ့အခါ ဝယ်သုံးဖို့ပိုက်ဆံမရှိဘူး။ အခက်အခဲတွေကြုံရတယ်။ ပြီးတော့ ခန္ဓာကိုယ် မသန့်ရှင်းတဲ့အတွက်ကြောင့်မို့ မသန့်ရှင်းသောရောဂါများ အမျိုးသမီးတွေမှာဖြစ်တယ်။ ဒါတွေက လည်းအရေးကြီးပါတယ်။ ပြီးတော့ အမျိုးသားတွေနဲ့ အတူထိုင်ပြီးတော့ အလုပ်လုပ်ရတာ။ ကိုယ့်မှာ မလုံမလဲဖြစ်နေ ပြီဆိုရင် အဲ့ဒီအစည်းအဝေးက ထဖို့အတွက်ကို အခက်အခဲကြုံတယ်။ အဲ့လိုမျိုးလည်း ကိုယ်လည်းကြုံခဲ့ဖူးပါတယ်။ အဲ့လို အနေအထားမျိုးတွေက အမျိုးသမီးတွေမှာ အများကြီးရှိနိုင်တယ်။ အထူးသဖြင့် မလုံမလဲဖြစ်လာတဲ့အခါမှာ ပေနေတာ တွေက အရေပြားနဲ့ဆိုင်တဲ့ရောဂါတွေ ယားယံတာတို့ဘာတို့ အမျိုးမျိုုးဖြစ်မှာလည်းစိုးရိမ်ရတယ်” လို့ စောမြရာဇာလင်းက ပြောပါတယ်။
စစ်ဘေးရှောင်စခန်းတွေမှာ အမျိုးသမီးဦးရေများပြားလာတာကြောင့် လစဉ်သုံး ပစ္စည်းတွေလိုအပ်ချက်ကလည်း ပိုများလာ သလို လက်ရှိထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေကလည်း ဒါတွေကို ထောက်ပံ့ပေးမှုမှာ အားနည်းနေသေးတယ်လို့ ဆိုရ မှာပါ။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင်စခန်းပေါင်း ၂၀၀ ကျော်ရှိပေမယ့် ၎င်းတို့အဖွဲ့အနေနဲ့လည်း စခန်း ၂၀ လောက် ကိုသာ လှူဒါန်းမှုပြုလုပ်နိုင်တာကြောင့် အထောက်အပံ့မရရှိတဲ့ လမ်းလှမ်းမမီတဲ့ ဒေသက စစ်ရှောင်စခန်းက အမျိုးသမီး တွေအတွက် လိုအပ်နေဆဲဖြစ်ပါတယ်။
စစ်ရှောင် အမျိုးသမီးတွေဟာ လစဉ်သုံးပစ္စည်းလုံလောက်မှုမရှိရုံသာမက အတွင်းခံအထည်များလုံလောက်စွာမရှိတာ၊ စိုစွတ်နေဆဲ အတွင်းခံတွေကို ပြန်အသုံးပြုရတာတွေကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ နောက်ဆက်တွဲကျန်းမာရေး ပြသာနာတွေကိုလည်း ရင်ဆိုင်ရလာနိုင်တယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ဆိုကြပါတယ်။
” အမျိုးသမီးတွေက ခြုံတွေအောက်မှာ ပုန်းပြီးနေကြတယ်။ ရေချိုး အဝတ်လျှော်ပြီးလည်း သူတို့အတွင်းခံတွေ အဝတ် အစားတွေလှမ်းတဲ့နေရာတွေက စနစ်တကျမရှိတာရယ် ပွင့်ပွင့်လင်းလင်းမလှမ်းရဲတာမျိုးတွေ ရှိနေသေးတော့ အတွင်းခံ တွေကအစ မခြောက်သေးတာတွေ စိုစွတ်နေတာတွေပြန်သုံးနေကြရတယ်။ မလုံလောက်တာတွေကြောင့်ပေါ့။ သုံးပြီးသား လစဉ်သုံးတွေကိုလည်း စနစ်တကျစွန့်ပစ်တာမျိုးမရှိတော့ အများသုံးတဲ့ ချောင်းတွေထဲကျတာမျိုး၊ ခွေးတွေဘာတွေက ဆွဲလာပြီး အစားအသောက်ရှိတဲ့နေရာတွေမှာ ချခဲ့တာမျိုး အဲ့လိုမျိုးတွေကလည်း ကျန်းမာရေးအတွက် ထိခိုက်မှုတွေ ရှိလာနိုင်တယ်” မော်ဖရေးမြာက ပြောပါတယ်။
စစ်ရှောင်အမျိုးသမီးများရဲ့ လုံခြုံရေး
အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေဟာ တိုက်ပွဲတွေနဲ့ဝေးရာ ဝေးလံခေါင်သီတဲ့ တောတွေ တောင်တွေထဲမှာ ထွက်ပြေး ပုန်းရှောင်နေထိုင်ကြရတာဖြစ်ပါတယ်။ တောထဲမှာ ဝါးတွေနဲ့တိုင်တွေထူကာ တာပေါ်လင်မိုးကာစတွေကို ချည်နှောင်ထား ရတဲ့ ယာယီတဲမျိုးတွေပြုလုပ်ကာ မိသားစုတွေ စုပေါင်းနေထိုင်ကြရပါတယ်။
မိုးကာတွေ ခြင်ထောင်တွေ အလုံအလောက်မရှိတာကြောင့် တဲတစ်ခုတည်းမှာ မိသားစု နှစ်စု သုံးစု ပေါင်းကာ နေထိုင် ရတဲ့အခြေအနေတွေလည်းရှိပါတယ်။
” အဆင်မပြေဘူး။ မိဘမဲ့ကလေးတွေက အမျိုးတွေနဲ့အတူနေရတယ်။ တချို့မိခင်တွေ မလိုက်လာနိုင်တာမျိုးတွေ ရှိတော့ မိန်းကလေးငယ်တွေ ကလေးငယ်တွေအတွက် လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရမှုအပိုင်းတွေမှာလည်း စိုးရိမ်ရတယ်။ တချို့ စစ်ရှောင်တွေဆိုပေမယ့်လည်း အရက်တွေ အရမ်းသောက်စားတာတွေရှိတယ်။ အရက်ကြောင်နေတဲ့အမျိုးသားတွေ လည်းရှိတယ်။ အဲ့ဒါမျိုးတွေအတွက်လည်းစိုးရိမ်နေရတယ်” လို့ မော်ဖရေးမြာက စစ်ရှောင်အမျိုးသမီးတွေရဲ့လုံခြုံမှုမရှိတဲ့ အခြေအနေတွေကို ထောက်ပြပါတယ်။
ဒါ့အပြင် အိမ်သာတွေမရှိတာ၊ရေချိုးတဲ့နေရာမှာ အကာအကွယ်မရှိတာ၊ ညဘက်အချိန်တွေမှာ မီးမရှိတာကြောင့် ကျန်းမာ ရေးကိစ္စဖြေရှင်းဖို့ တောထဲသွားလာရတဲ့အခါ အမျိုးသမီးတွေရဲ့လုံခြုံရေးအတွက်လည်း စိုးရိမ်စရာဖြစ်တယ်လို့ဆိုပါတယ်။
ကရင်နီအမျိုးသမီးအစည်းအရုံးအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပံ့ပိုးပေးမှုတွေဖြစ်တဲ့ စားနပ်ရိက္ခာပံ့ပိုးတာ၊ မိုးကာပံ့ပိုးပေးတာ၊ အမျိုးသမီးတွေ လုံလုံခြုံခြုံနဲ့သွားလာနိုင်ဖို့အတွက် အရေးပေါ်အိမ်သာတွေဆောက်လုပ်ပေးတာ စတာ တွေကို ပံပိုးပေးနေပြီး အသက်၅၀အောက် စစ်ဘေးရှောင်အမျိုးသမီးတွေကို လစဉ်သုံးပစ္စည်းတွေ ထောက်ပံ့ပေးတာမျိုးရှိ ပေမယ့် လုံလောက်မှုမရှိဘူးလို့ဆိုပါတယ်။
စစ်ဘေးရှောင်တွေဟာ စားနိပ်ရိက္ခာအပါအဝင် အခြားအခြေခံလိုအပ်ချက်တွေ ရရှိနိုင်ဖို့ ပရဟိတထောက်ပံ့ရေးအကူ အညီ တွေ အလှူတွေအပေါ် အဓိကအားထားနေရတာဖြစ်ပြီး ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်မှုအပေါ် ကန့်သတ်ချက်တွေ အတားအဆီးတွေရှိလာတာကြောင့် စစ်ဘေးရှောင်တွေရှိရာ နေရာအများစုဆီကို ထောက်ပံ့ရေးအဖွဲ့တွေ လာရောက်နိုင်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံထဲက စစ်ဘေးရှောင်မိသားစုတွေအတွက် စနစ်တကျတည်ဆောက်ထားတဲ့ ခိုလှုံဖို့ နေရာ ထိုင်ခင်းတွေ အစားအသောက်တွေ သန့်ရှင်းတဲ့ သောက်သုံးရေတွေ တစ်ကိုယ်ရေသုံးသန့်ရှင်းရေးပစ္စည်းတွေ ကျန်းမာ ရေးစောင့်ရှောက်မှုတွေ အရေးတကြီးလိုအပ်နေတယ်လို့ Save The Children အဖွဲ့က နိုင်ငံတကာကို အသိပေးထား ပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021