Home ဆောင်းပါး “NUG ပရိုဖိုင်းချိန်းတဲ့ မိန်းကလေးငယ်တွေကို အောက်တန်းကျကျ တိုက်ခိုက်နေမှုများ”

“NUG ပရိုဖိုင်းချိန်းတဲ့ မိန်းကလေးငယ်တွေကို အောက်တန်းကျကျ တိုက်ခိုက်နေမှုများ”

Hi Burma။ ။

“ မိဘတွေသိပြီး အဆူခံရမှာအရမ်းကြောက်တယ်၊ အဖေကိုပိုကြောက်တယ်၊ ကိုယ်ကြောင့် မိဘ သူများအထင်သေးတာကို ခံရမှာကြောက်တယ်” လို့ တောင်ကြီးမြို့ ပအိုဝ်းကျေးရွာတစ်ရွာမှာနေထိုင်တဲ့ တက္ကသိုလ်ကျောင်းသူ နန်းငွေကဆိုတယ်။

သူက လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဖေ့ဘွတ်ခ်မှာတက်လာတဲ့ ဓါတ်ပုံတစ်ပုံကြောင့် စိတ်သောကရောက်နေတာပါ။ အဲဒီပုံ ကိုတွေ့ပြီး ပတ်ဝန်းကျင်၊ သူငယ်ချင်းတွေက ခွဲခြားဆက်ဆံပြီး နှိမ်မှာလား၊ နာကျင်အောင် ပြောမှာလားဆိုပြီး စိုးရိမ် ပူပင် သောကတွေနဲ့ နေထိုင်နေရတာပါ။

“ စိတ်ပူပြီး ထမင်းစားချင်စိတ်တောင်မရှိဘူး” လို့ နန်းငွေက ဆိုပါတယ်။

နန်းငွေသောကရောက်နေတာဟာ သူ့ရဲ့ ဖေ့ဘွတ်ပရိုဖိုင်းကို စကရင်ရှော့ရိုက်ကာ ဖေ့ဘွတ်အကောင့်တစ်ခုက လိင်ပိုင်း ဆိုင်ရာနဲ့ပတ်သက်ပြီး မဟုတ်မှန် ၊ စော်ကားတဲ့စာသားတွေကို ပုံတွေနဲ့တွဲပြီး တင်နေတာကြောင့်ပဲဖြစ်ပါတယ်။ နန်းငွေလိုပဲ အဲ့ဒီအကောင့်မှာအတင်ခံရတဲ့ မိန်းကလေးပေါင်း အယောက် ၃၀ ကျော်လောက်ရှိတာကို HI က တွေ့ရှိခဲ့ပါတယ်။

ဒါအပြင် ဖေ့ဘုတ်အွန်လိုင်းစာမျက်နှာသာမက Telegram တွေမှာလည်း အုပ်စုဖွဲ့ပြီး အမျိုးသမီးတွေရဲ့ပုံ၊ ဖေ့ဘုတ် အကောင့်တို့ကိုချပြပြီး လိင်ပိုင်းဆိုင်ရာ ပြောဆိုနေကြတာကို တွေ့မြင်နေရပါတယ်။

အဆိုပါအမျိုးသမီးငယ်တွေဟာ ဘာကြောင့် ဒီလိုစော်ကားခံနေရတာလဲ အရင်းစစ်လိုက်တော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံ၏ အစိုးရအဖြစ် အမျိုးသား ညီညွတ်ရေးအစိုးရ NUGကို အသိအမှတ်ပြုနိုင်ရန် ပြည်သူတွေက ဖေ့ဘုတ်စာမျက်နှာပေါ်မှာ NUG ပရိုဖိုင်း ချိန်းကြပြီး ထောက်ခံခဲ့ကြတာပါ။

ဒီလို ပရိုဖိုင်းချိန်းကြတဲ့အထဲကမှ မိန်းကလေးငယ်တွေရဲ့ ဖေ့ဘုတ်အကောင့်တွေကို စကရင်ရှော့ရိုက်ပြီး ခမ်းလူး (Kham Hlue)ဆိုတဲ့ အကောင့်ပိုင်ရှင်ဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မူစကားလုံးတွေနဲ့ အရှက်ခွဲ ပြောဆိုနေတာပါ။

နန်းငွေက သူ့ပုံကို အဲ့ဒီလို အရှက်ခွဲပြောဆိုနေတာကို သြဂုတ်လ ၁၈ ရက်နေ့မနက်မှာ စတွေ့ခဲ့တာပါ။ အင်တာနက် သုံးမယ်လို့ ဖုန်းကောက်ယူလိုက်တဲ့အချိန်မှာ သူငယ်ချင်းတွေက စာတွေအများကြီး ပို့ထားတာကို တွေ့ရပါတယ်။ ကြည့် လိုက်တဲ့အချိန်မှာ သူ့ပုံကို အလွဲသုံးစားလုပ်ပြီး လိင်အသားပေး ပြောဆိုအသုံးပြုနေတာကို တွေ့ပြီး လန့်ဖြန့်သွားပါတယ်။

“တွေ့တဲ့အချိန်မှာ ခြေမကိုင်မိလက်မကိုင်မိဖြစ်တယ်၊လန့်တယ်၊ စိုးရိမ်စိတ်ချက်ချင်းဝင်တယ်”လို့ နန်းငွေက ပြောပါတယ်။

အဲဒီနေ့က ရင်ထဲမှာပူပန် သောကရောက်နေရပြီး တစ်ဖက်မှာလည်း မိဘတွေ သိသွားကာ စိတ်ညစ်ကြမှာကို စိုးတာ ကြောင့် ဘာမှမဖြစ်သလို ဟန်ဆောင်ကာ အိမ်မှုကိစ္စတွေပဲ ဆက်တိုက်လုပ်နေခဲ့ကာ စိတ်နဲ့လူနဲ့ မကပ်တော့ဘဲ ဟင်းချက် တာတောင် ဆားကို နှစ်ခါသုံးခါလောက် ထည့်နေမိတယ်လို့ နန်းငွေက ဆိုပါတယ်။

သူက အဲဒီရက်တွေထဲ ဖုန်းကို အသုံးပြုခဲ့တော့ပါဘူး။ မက်ဆေ့ကနေလည်း တစ်ခုခုခြိမ်းခြောက် ပြောဆိုလာမှာကို ကြောက်နေခဲ့ရပါတယ်။ သူရဲ့ ရင်ထဲမှာရှိနေတဲ့ အပူအပင်တွေ၊ ခံစားချက်တွေကို သူရဲ့အစ်မကို အရဲစွန့်ပြီး ပြောပြခဲ့ ပါတယ်။ ကံကောင်းစွာနဲ့ပဲ သ့ူအစ်မက သူ့ကို နားလည်ပေးပြီး စိတ်ဓာတ်မကျအောင် ဖေးမပေးခဲ့တာကြောင့် အားရှိသွား တယ်လို့ ဆိုပါတယ်။

ယနေ့အချိန်ထိတော့ မက်ဆေ့ကနေ စကားလာပြောတာ လာခြိမ်းခြောက်တာတော့ မရှိသေးပေမယ့်လည်း ဘယ်ချိန်ပြော လာမှာလဲဆိုတာကို ကြောက်စိတ်တော့ ရှိတယ်လို့ ဆိုပါတယ်။ နန်းငွေက ဒီကိစ္စကို မေ့သွားတာတော့ မဟုတ်ပါဘူး။ ပတ် ဝန်းကျင် သူငယ်ချင်းတွေကလည်း အပုတ်ချတာ၊ နှိမ်ချတာ ပြောဆိုတာ မရှိပေမယ့် မိဘသိမှာကို သူစိုးရိမ်နေရပါသေး တယ်။ မိဘနှစ်ပါး မသိအောင် ဖုံးကွယ်နေရဆဲလို့လည်း ဆိုပါတယ်။

နန်းငွေကတော့ အမှန်တရားဖက်ကို ရပ်တည်တာ ဖြစ်တဲ့အတွက် သူရဲ့ ရပ်တည်မူကို ပြောင်းလဲသွားမှာ မဟုတ်သလို ဒီလို အမျိုးသမီးတွေကို လိုက်ပုတ်ခတ်ပြောနေတာဟာ အောက်တန်းကျတဲ့ အလုပ်တွေပါလို့ ဆိုပါတယ်။

“ ဘယ်လိုပဲဖြစ်ဖြစ် အမှန်တရားဖက်ကို ရှေ့ဆက်ရပ်တည်သွားမယ် …. လိုက်ပုတ်ခတ်ပြောဆိုနေက အောက်တန်းကျ တယ်၊ သိက္ခာမရှိတဲ့သူတွေပဲလုပ်တယ်” လို့ နန်းငွေက ဆိုပါတယ်။

နန်းငွေတို့ တတ်နိုင်သလောက် Report ထုကြတာမျိုးတွေ လုပ်ကြပေမယ့် အလွဲသုံးစားလုပ်ထားတဲ့ပုံနဲ့ လိင်အသားပေး ပြောဆိုထားတဲ့ ပုံတွေဟာ ယနေ့ထိ ရှိနေဆဲပါပဲ။

ခမ်းလူး (Kham Hlue) ဆိုတဲ့ အကောင့်က တင်တဲ့ပို့စ်ကို ကြည့်ရှုသူ ၇၀ ကျော်ရှိပြီး ကော့မန့် ဝင်ရောက်ရေးသားသူ ၅၀ လောက်ရှိခဲ့ပါတယ်။ ဒီလို မဟုတ်မမှန်တာတွေကို တင်တာသိတဲ့ သူတွေကလည်း သူ့ပို့စ်အောက်မှာ ဝင်ရောက်ပြီး ချေပ ဆဲဆိုကြပါတယ်။

အမျိုးသားတစ်ဦးကတော့ “နှမချင်းမစာမနာ မိန်းခလေးတွေကို လိုက်ဝေဖန် အမုန်းပွားအောင်လုပ်နေတာက တော်တော် အောက်တန်းကျတယ်”လို့ မှတ်ချက် ‌ရေးသားထားပါတယ်။

ခမ်းလူး (Kham Hlue) ဆိုတဲ့ အ‌ကောင့်ပိုင်ရှင်ဟာ အကောင့်အတုဖြစ်တာကြောင့် တချို့က ဘုန်းကြီးတစ်ပါးဖြစ်တယ်လို့ ခန့်မှန်းကြပြီး တချို့ကတော့ ဂျပန်နိုင်ငံမှာ အလုပ်သွားလုပ်နေတဲ့ လူငယ်တစ်ယောက်ဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြောဆိုခံရတဲ့ထဲမှာ အသက် ၂၂ အရွယ်ကျောင်းသူဖြစ်တဲ့ နန်းဇင်ပေးလည်း ပါဝင်ပါတယ်။ နန်းဇင်ပေးက ကျေးလက်ကျေးရွာကနေ တောင်ကြီးကို တက်လာပြီး ပညာရှာနေသူတစ်ဦးပါ။

Sex Group တစ်ခုမှာ Cover ပုံကို အမျိုးသားရဲ့ လိင်အင်္ဂါပုံတင်ထားပြီး Profile ပုံမှာတော့ သ့ူပုံကို အသုံးပြုထားတာကို သူငယ်ချင်းတစ်ယောက်က ပြလာတာကို တွေ့ပြီး ချက်ချင်းဆိုသလို ဘာလုပ်ရမှန်းမသိဘဲ ခေါင်းပူထူသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို သူ့ပုံကို အလွဲသုံးစားလုပ်ထားတာကို တွေ့လိုက်ရတဲ့အခါ “ သေ‌လောက်ထိ ကြောက်လည်းကြောက်တယ်၊ လန့် တယ် လန့်ခဲ့တယ်” လို့ ဆိုပါတယ်။

ဆိုရှယ်မီဒီယာက မိနစ်ပိုင်းတောတွင်းမှာပဲ အလွယ်တကူ ကြည်ရှုလို့ရတာကြောင့် ဓာတ်ပုံအရမ်းပျံ့နှံ့နေပြီလားဆိုတဲ့ စိုးရိမ်တွေလည်း ဝင်လာတယ်လို့ သူကဆိုတယ်။

သူကတော့ ခွင့်ပြုချက်မရှိဘဲ ဘာကြောင့် သူပုံကို ယူသုံးပြီး Sex Group တွေမှာ လိင်အသားပေးပြောဆိုနေရတာ လဲဆိုတာကို တွေးပြီး စိတ်တိုနေမိပါတယ်။

“ခွင့်ပြုချက်မရှိဘဲ ယူသုံးတာဟာ လူ့အခွင့်အရေးကို ချိုးဖောက်ရာကျတယ်လို့ ခံစားရတယ်”လို့လည်း သူကဆိုပါတယ်။

နန်းဇင်ပေးက သူအဲဒီလို မတရားခံရတာကို တွေးမိပြီး အမျိုးသမီးအဖွဲ့အစည်းတွေဆီကို လိုက်အကြံတောင်းတာတွေ လုပ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကိုလည်း သူအမေကိုပေးသိခဲ့ပေမယ့် အဖေကိုတော့ ပေးမသိရဲခဲ့ပါဘူး။ အမေကတော့ သမီးကို ဆူတာရိုက်တာမျိုးတော့ မရှိပေမယ့် ဖုန်းသုံးရင် သတိထားဖို့သာဆုံးမပြီး စိတ်ဓာတ်မကျအောင်လည်း အားပေးခဲ့ပါတယ်။

သူနေထိုင်ရတဲ့ ဇာတိကျေးရွာ‌လေးမှာ မုဒိမ်းမူ၊ လိင်အသားပေးပြောဆိုခံရတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မူတွေ ဖြစ်ပြီ ဆိုလျှင် ရှက်ဖို့ကောင်းတဲ့အရာတွေဖြစ်ပြီး ဖုံးကွယ်ထားရမယ် တိတ်နေရမယ်လို့ ရှေးအယူစွဲကို လက်ခံယုံကြည်နေသေး တဲ့ ဖွံ့ဖြိုးဖို့နောက်ကျနေသေးတဲ့ အရပ်ဒေသဖြစ်ပါတယ်။

မုဒိမ်းမူတစ်ခုခုဖြစ်ပြီဆိုလည်း “မိန်းကလေးဖြစ်ပြီး အနေထိုင်မှမတတ်တာဖြစ်မှာပေါ့” စတဲ့ စကားလုံးတွေနဲ့ အမျိုးသမီးကို အားပေးပြီး လက်တွဲခေါ်ဖို့နေသာသာ ကျူးလွန်ခံရတဲ့အမျိုးသမီးတွေကို ပြန်ပြီးအပြစ်တင်လှောင်ပြောင် ပြောဆိုကြပါ တယ်။

သူရဲ့ အိမ်နီးနားပတ်ဝန်းကျင်က ရှေးရိုးစွဲအယူအဆတွေကို ယနေ့ချိန်ထိ လက်ခံယုံကြတာကြောင့် အိမ်နီးနားပတ်ဝန်း ကျင်သိပြီး လှောင်ပြောင်ပြောဆိုခံရပြီး ခွဲခြားဆက်ဆံရတော့မှာလားဆိုတဲ့ စိုးရိမ်တာတွေလည်း ရှိခဲ့ပါတယ်။ ယနေ့ချိန်ထိ တော့ အိမ်နီးနားချင်း ပတ်ဝန်းကျင် မသိကြသေးပါဘူး။

သူရဲ့ သူငယ်ချင်းတွေကတော့ နန်းဇင်ပေးရဲ့ပုံကို အလွဲသုံးစားလုပ်ထားပြီး လိင်အသားပေးပြောဆိုတာ၊ လိင်ပိုင်းဆိုင်ရာ အရ ပြောဆိုတဲ့ပုံကိုတွေ့ကြပြီး နှိမ့်ချပြောဆိုတာမျိုးတွေ မလုပ်ကြပါဘူး။ သူရဲ့သူငယ်ချင်းတွေကလည်း အဲဒီ Sex Group ကို ဖြုတ်ပေးဖို့ သွားပြောပေးကြတာတွေ လုပ်ကြပါတယ်။

လက်ရှိမှာ ပြသနာဖြေရှင်းပြီးသွားတာမျိုးတော့ မဟုတ်ပေမယ့် နန်းဇင်ပေးက ပူပင်သောက စိုးရိမ်စိတ်တွေကတော့ ယခင် လို အရမ်းကြီး မဖြစ်တော့ဘူးလို့ ဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ဒီလို အမျိုးသမီးတွေကို လိုက်ပြီး နှောက်ယှက်နေတဲ့သူ၊ ဆိုရှယ်မီဒီယာ‌ပေါ်မှာလိုက်ပြီး အရှက်ခွဲတဲ့သူကို ထိရောက်တဲ့ အရေးယူမူတွေ လုပ်စေချင်တယ်လို့ ဆက်ဆိုပါတယ်။

အမျိုးသမီးတွေကို လိင်အသားပေးပြောဆိုတာ အရှက်ခွဲတာတွေကလည်း ဒီကာလမှာ အပြစ်ပေးအရေးယူ ဆောင်ရွက်မူ လုပ်ပေးမယ့်သူတွေ မရှိတဲ့အတွက်လည်း စိတ်မကောင်းဖြစ်မိတယ်လို့ နန်းဇင်ပေးက ဆိုပါတယ်။

နန်းဇင်ပေးလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံပရိုဖိုင်းချိန်းတာကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ လိင်အ သားပေး ပြောဆိုတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ပြောဆိုခံရတဲ့အထဲ မပုလဲလည်း ပါဝင်ပါတယ်။ မပုလဲဟာ မိသားစု စားဝတ်နေရေးအရ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေပြီး မိသားစုကို ပြန်လည်ထောက်ပံ့ပေးနေရတဲ့သူတစ်ဦးပါ။

မပုလဲကတော့ ကိုယ်ရဲ့ ရပ်တည်ချက်တွေကို လိင်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ လိုက်ပြီးပြောဆိုနေတာ ပုတ်ခတ်ပြောဆိုနေတဲ့ သူကို ကြောက်လည်းမကြောက် လန့်လည်းမလန့်ခဲ့ဘူးလို့ ဆိုပါတယ်။

“ လိုက်ပုတ်ခတ်ပြောဆိုနေတဲ့ တစ်ယောက်စီတိုင်းကို လိုက်ခံစားမယ်ဆို အားမှာမဟုတ်ဘူး၊မခံစားဘူး၊ စိတ်အပင်ပန်းခံပြီး တွေးမနေဘူး” လို့ ဆိုပါတယ်။

လိုက်ပြီး မခံစားဘူးဆိုပေမယ့် အမျိုးသမီးတွေကိုသာရွေးပြီး လိုက်ပုတ်ခတ်တဲ့အတွက် အင်မတန်မှစိတ်မကောင်းဖြစ် မိတယ်လို့ ဆိုပါတယ်။

အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတစ်ဦးကတော့ အမျိုးသမီးတွေဟာ ကိုယ်ပိုင်ရွေးချယ်ခွင့်၊ နိုင်ငံရေးအရ လွတ်လပ်စွာ ရွေးချယ်ထောက်ခံခွင့်ရှိပြီး ဒီလိုရည်ရွယ်ချက်ရှိရှိနဲ့ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်နေတာဟာ နိုင်ငံရေးမှာ အမျိုးသမီး ပါဝင်မူကို အဟန့်အတားဖြစ်စေနိုင်တယ်လို့ သူ့အမြင်ကို ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် တစ်ဆင့်နိမ့်ပြီး မီးဖိုးချောင်မှာပဲနေရမယ် နိုင်ငံရေးက အမျိုးသမီးနဲ့ မဆိုင်ဘူးဆိုတဲ့ ရှေးရိုးစွဲအယူအဆတွေနဲ့ လိုက်တိုက်ခတ်နေတာလည်း ဖြစ်နိုင်တယ်လို့ သူ့အမြင်ကိုဆိုပါတယ်။

“ နိုင်ငံရေးအရအမျိုးသမီးတွေကို ဦးတည်ပြီး ကာယအိန္ဒြေ၊ လိင်ပိုင်းဆိုင်ရာ ဂုဏ်သိက္ခာ ထိပါးနှောက်ယှက် ပုတ်ခတ်တာ ဟာ အမျိုးသမီးတွေကို မလေးစားတာပါပဲ” လို့လည်း အဆိုပါ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူကဆိုပါတယ်။

IT ကျွမ်းကျင်သူတစ်ဦးကတော့ ညစ်ညမ်းတဲ့ပို့စ်တွေ၊ အကောင့်တွေကို Report ထုတာနဲ့ အပြင်ရဲစခန်းတွေမှာ တိုင်တာ မျိုးတွေနဲ့ ဖြေရှင်းရနိုင်တယ်လို့ ဆိုပါတယ်။

တချို့အကောင့်တွေက လုံခြုံရေးမြှင့်ထားတဲ့အခါ လူဘယ်လောက်များများ Report ထုထု မပျက်ကြဘဲ အဲဒီလိုဆိုရင်

“ အကောင့်ကို ဦးတည်ပြီး Reportထုတာထက် ညစ်ညမ်းပို့စ်တွေကိုဦးတည်ပြီး လူအယောက် ၂၀ ကျော်လောက် နှစ်လထိ ပို့စ်တင်တာတွေ ပိတ်ခံထိသွားတာမျိုးရှိတယ် ပို့စ်ကို Report ဝိုင်းထုလိုက်ရင် ပိုထိ‌ရောက်တယ်” လို့ အကြံပြု ပါတယ်။

ဆိုက်ဘာ လုံခြုံရေးဥပဒေမူကြမ်းမှာလည်း ဆိုရှယ်မီဒီယာ၊ လူမူကွန်ရက်ပေါ်မှာ ကာယကံရှင်ရဲ့ ခွင့်မပြုချက်မရှိဘဲ ဓာတ်ပုံ ဖြင့် အရှက်ခွဲခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာတိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြောဆိုခြင်း၊ အစော်ကားခံရတို့ကို ကြုံတွေ့လာပါက ခိုင်လုံသောသက်သေထောက်ထားနဲ့ သက်ဆိုင်ရာမြို့နယ် နယ်မြေရဲစခန်းတွေမှာ တရားစွဲဆိုနိုင်ကြောင်း ဖော်ပြထားပါတယ်။

ဒါကြောင့် Cyber Crime တစ်ခုဖြစ်လာပြီဆိုပါက ရှက်မနေ ကြောက်မနေဘဲ၊ ဘယ်လိုတုန့်ပြန်သင့်လဲဆိုတာကို နီးစပ်ရာ ယုံကြည်ရသူများကို တိုင်ပင်ပြီး အကြံဉာဏ်၊ အကူညီများကိုရယူကာ ရသမျှသက်သေတွေကိုလည်း စုစည်းပြီး နီးစပ်ရာ ရဲစခန်းမှာ အမူဖွင့်တိုင်ကြားလို့ ရပါတယ်။

ရှေ့နေတစ်ဦးကလည်း “သက်ဆိုင်ရာ နယ်မြေရဲစခန်းကို သက်သေအချက်အလက်နဲ့တကွ သွားတိုင်လို့ရတယ်။ တိုင်မယ် ဆိုရင် ကိုယ့်ရဲ့ဖုန်းတွေကို သူတို့ကိုပေးထားရတယ်။ သက်သေစုံရင် တခါတည်းအမူဖွင့်ပေးတယ်။ ဒါပေမယ့်တိုင်မယ် ဆိုရင် တရားခံရှိတဲ့နေရာမှာ သွားတိုင်တာက စရိတ်ကုန်ကျသက်သာသလို ပိုပြီးလျင်မြန်တယ်” လို့ ပြောပြပါတယ်။

မည်သူမဆို မဖွယ်မရာ ညစ်ညမ်းသော လိင်ပိုင်းဆိုင်ရာ လုပ်ရပ်များပါဝင်သည့် စကား၊ ရုပ်ပုံ၊ အသံဖိုင်၊ ဗီဒီယို၊ စာသား၊ သင်္ကေတနှင့် ဖော်ပြုမူတွေပြုလုပ်ခြင်း ပြစ်မူထင်ရှားပါက နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ ကျပ် ၁၀ သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးကို ချမှတ်နိုင်တယ်လို့ ရှေ့နေက ဆက်ဆိုပါတယ်။

မပုလဲကတော့ သူ့လို ပြောဆိုခံရတဲ့ အမျိုးသမီးတွေအနေနဲ့ စိတ်အရမ်းမပူကြဘဲ စိတ်အညစ်မခံကြပါနဲ့လို့ ဆိုပါတယ်။ ဒါ့အပြင် အသိဉာဏ်နည်းပြီး အမြင်ကျဉ်းလွန်းတဲ့သူကိုလည်း ဂရုမစိုက်မနေဘဲ ကိုယ်လုပ်စရာရှိတာသာ ဆက်လုပ်ကြပါလို့ အားပေး စကားပါးလိုက်ပါတယ်။

Related Articles