Home ဆောင်းပါး ခေတ်ပျက်ထဲက ကိုယ်ဝန်သည်

ခေတ်ပျက်ထဲက ကိုယ်ဝန်သည်

သျှန်ကီခမ်း။ ။

ခပ်နွမ်းနွမ်း ပျဉ်ထောင် အိမ်လေးရဲ့ ဝရံတာထက် နေ့စေ့လစေ့ အသက် ၂၉ နှစ်အရွယ် ကိုယ်ဝန်သည် မမြတ်စုဟာ သူ့ရဲ့အနာဂတ်အတွက် ကြံရာမရ ဖြစ်နေခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူဟာ ဗိုက်ထဲကကလေးငယ်ရဲ့ မျက်နှာကိုမမြင်ရခင် ပြီးခဲ့တဲ့ ဇွန်လအတွင်းက ကွယ်လွန်သွားခဲ့ပါတယ်။ နောက်ထပ်လူ့လောကထဲ ရောက်လာမယ့်ကလေးအပါအဝင် စုစုပေါင်း သားသမီးလေးယောက်ရဲ့ အနာဂတ်မှာ မိခင်တာဝန်သာမက ဖခင်တာဝန်ပါ သူ့အပေါ်ကျရောက်လာပါပြီ။

ကလေးမီးဖွားဖို့၊ ကလေးကို လူ့လောကကနေ ကောင်းစွာ ရောက်ရှိလာနိုင်ဖို့ ကုန်ကျနိုင်မယ့် အသုံးစရိတ်အတွက် ငွေကြေးကို ဘယ်နားယူရမယ်၊ ဘယ်လိုလုပ်ရမယ် ဆိုတာကို တွေးမပေါက်တာကြောင့် စိတ်သောက ရောက်နေပုံက သူ၏မျက်နှာတွင် အထင်းသားမြင်နေရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်မားနေတဲ့ ကြားထဲက စစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။ ထိုနောက်မှာ ဆန်၊ ဆီ၊ စား၊ ဆေးဝါး၊ စက်သုံးဆီ စတဲ့ ကုန်ပစ္စည်း ဈေးနှုန်းတွေဟာ လေးဆအထိ အဆမတန် ထိုးတက်သွားခဲ့ပါတယ်။ မြန်မာနိုင်ငံရှိ အခြေခံ လူလတ်တန်းစား အများစုဟာ စားဝတ်နေရေး အခက်အခဲဒဏ်ကို ရင်ဆိုင်လာခဲ့ရပါတယ်။

မြန်မာနိုင်ငံ မြို့ပြလူဦးရေကြား ဆင်းရဲမွဲတေသူအရေအတွက်ဟာ သုံးဆနီးပါးတိုးလာဖို့ရှိနေတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP) ကပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကတည်းက ခန့်မှန်းထားတာပါ။ ၂၀၂၂ မှာ နိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေ သူအဖြစ် သတ်မှတ်နိုင်လောက်အောင် အကျပ်အတည်းတွေ ရင်ဆိုင်ရနိုင်တယ်လို့လည်း ဆိုထားပါတယ်။ အဆိုပါခန့်မှန်းချက်အတိုင်း ပိုပိုပြီးဆင်းရဲမွဲတေလာကြတဲ့ သူတွေထဲမှာ မမြတ်စုတို့ မိသားစုလည်းပါဝင်ပါတယ်။

သူဟာ ၁၃ နှစ် အရွယ် သား၊ ၇ နှစ်၊ ၂ နှစ် အရွယ် သမီးတွေနဲ့ ဆီဆိုင်မြို့နယ် ရပ်ကွက်တစ်ခုမှာ နေထိုင်တာပါ။

ခြံအလုပ်၊ ရပ်ကွက်ထဲလိုက် အဝတ်လျော် စတဲ့ရရာအလုပ်ကို နေ့စားလိုက်လုပ်ရင်း အသက်မွေး ဝမ်းကျောင်း ပြုနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ခြံပေါက် အလုပ်ကို ပင်ပင်ပန်းပန်းနဲ့ နေ့စားလိုက်မှ တစ်ရက်ကို ဝင်ငွေ ကျပ်လေးထောင်သာ ရတာပါ။ မိသားစု လေးယောက်လုံးက မမြတ်စု၏ ဝင်ငွေလေးထောင်နဲ့သာ အဆင်ပြေသလို စားသောက်နေထိုင် နေရပါတယ်။

မမြတ်စု၏ အမျိုးသားကတော့ လောလောလတ်လတ် ပြီးသွားတဲ့ ဇွန်လ ပထမပတ်လောက်မှာ အူမကြီးကင်ဆာဖြင့် ဆုံးပါး သွားခဲ့ပါပြီ။

မမြတ်စုဟာ တစ်ရက်တစ်ရက် ပင်ပင်ပန်းပန်း လုပ်လို့ရတဲ့ငွေကို အိမ်ပြန်ရောက်တာနဲ့ ဆန်၊ ဆီ၊ ဆား လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူ စားသောက်ရတာကြောင့် စုဆောင်းရတဲ့ ငွေဆိုတော့ လက်ထဲမှာ တစ်ပြားမှ မရှိချေ။

မိသားစု စားဝတ်နေရေး ထမင်းနပ်မှန်ဖို့က ပိုအဓိက ကျတာကြောင့် သားသမီးအကြီးနှစ်ယောက်ကို ကျောင်းနှုတ်ခဲ့ရပါတယ်။နေ့စားအလုပ် လုပ်ခိုင်းပြန်လည်း ငယ်သေးတဲ့ အတွက်ကြောင့် ခေါ်မယ့်သူ မရှိပြန်ပါဘူး။

မမြတ်စုဟာ ကိုယ်ဝန်တစ်ဖက်နဲ့ နေ့စားလိုက်ပြီး တစ်ရက်မှ လေးထောင်သာ ရတာကြောင့် သားနဲ့ သမီး ကျောင်းစရိတ်နဲ့ မိသားစု စားဝတ်နေရေး အသုံးစရိတ်အတွက် မကာမိပါဘူး။ “ထမင်းနပ်မှန်ဖို့ မနည်းကြိုးစားနေရတယ်”လို့ မမြတ်စုက ညည်းတွားပါတယ်။

ကိုယ်ဝန်တစ်ဖက်နဲ့ မနားပဲ ကြိုးစားပြီး လုပ်နေပေမယ့် လက်ရှိ ဘေးနားမှာ ရှိနေတဲ့ ကလေးအကြီး သုံးယောက်ကိုလည်း ထမင်းကို အသားငါးတွေနဲ့ စားရဖို့ နေနေသာသာ ဆားနဲ့ ထမင်းနယ်စားရတဲ့ အခါရှိသလို တစ်ထုပ် ငါးဆယ်တန်တဲ့ ရှူးရှုဲ အထုပ်သေးလေးကို မောင်နှမ သုံးယောက် ဟင်းလုပ်ပြီး စားရတဲ့အခါတွေလည်း ရှိပါတယ်။

“အဲလိုမြင်တော့ မခံစားနိုင်ဘူး သနားတယ် ရင်ဘတ်အောင့်တယ်” လို့ မမြတ်စုက ဝတ်ဆင်ထားတဲ့ ခပ်နွမ်းနွမ်း ထမိန်ကို လက်ဖက်လုံး ဆုပ်ကိုင်ထားပြီး ဆိုလိုက်ပါတယ်။

မမြတ်စုဟာ သားသမီးကို အခြားသူများ ကလေးတွေလို ကောင်းကောင်းမွန်မွန် ကျောင်းပညာရေးကို ပျော်ရွင်စွာ သင်ကြားတာမျိုး ထားချင်ပေမယ့် သူ့အနေနဲ့ မထားနိုင်တာကြောင့် စိတ်ဓာတ်ကျနေမိပါတယ်။

ဒါတင်မကပါဘူး စားဝတ်နေ‌ရေး အခက်အခဲတွေကြားထဲက တစ်ဖက်မှာလည်း လစေ့နေပြီဖြစ်တဲ့ (၉)လသား ကိုယ်ဝန် မီးဖွားနိုင်ဖို့ ကုန်ကျနိုင်တဲ့ ငွေကြေး အခက်အခဲနဲ့ သောကရောက် နေရပြန်ပါတယ်။ နေ့နေ့ ညညဆို မွေးတော့ ကိုယ်ဝန်ဆိုပေမယ့် လက်ရှိအချိန်ထိ ကလေးအတွက် အနှီး တစ်ထည်တောင် ဝယ်ဖို့ ပိုက်ဆံ မရှိခဲ့ပါဘူး။

ကိုယ်ဝန်ဟာလည်း လရင့် နေပြီ ဖြစ်တာကြောင့် ယခင်လို့ ခြံလိုက်တဲ့ နေ့စားအလုပ်ကို ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။ တစ်အိမ်လုံးမှာ မမြတ်စု အလုပ်ကိုသာ မှီခိုအားကိုး အားထားရတာကြောင့် မမြတ်စု မလုပ်နိုင်တဲ့အခါမှာ မိသားစု တစ်ခုလုံး ဝင်ငွေဆိုတာ လုံးဝမရှိတော့ပါဘူး။

ဒါ့အပြင်လည်း မီးဖွားပြီးလို့ အရွယ်တစ်ခု ရလာခဲ့ရင် ကလေးအနာဂတ်အတွက် ကုန်ကျလာနိုင်မယ့် ကျောင်းစရိတ်တွေ အသုံးစရိတ်တွေကိုလည်း ကောင်းမွန်စွာ မထောက်ပံ့ မကျွေးနိုင်လောက်ဘူးလို့ တွေးပြီး အိပ်လို့ မပျော်တော့တဲ့အထိ စိတ်ဓာတ်ကျနေတဲ့ ညတွေလည်း မနည်းလှတော့ပါ။

“အိပ်မပျော်တော့ ဟိုဖက် လှည့်လိုက် ဒီဖက်လှည့်လိုက်နဲ့ပဲ မိုးလင်းသွားတယ်” လို့ မမြတ်စုက ပြောပါတယ်။

နောက်ဆုံး မတတ်နိုင်တော့တဲ့ အဆုံးမှာ ကလေး၏ အနာဂတ် ကောင်းစားဖို့ သူ့ထက် ကောင်းမွန်စွာ ပြုစုနိုင်တဲ့ သူကို ပေးဖို့ သူဆုံးဖြတ်ချက်ချခဲ့ပါတယ်။ “ ကျမထက် ပိုကောင်းတဲ့ သူ၊ ကျမထက် ချမ်းသာတဲ့ သူ(ကလေး)ကို ကောင်းကောင်းမွန်းမွန် ထားပေးနိုင်တဲ့ သူကို ပေးဖို့ ဆုံးဖြတ်ထားမိတယ်”လို့ မမြတ်စုက ဝမ်းနည်းစွာ ဆက်ဆိုပါတယ်။

ကလေးမျက်နှာကို မမြင်ရသေးပဲ အခြားသူကို ပေးမယ်လို့ စီစဥ်ထားပေမယ့် “အရမ်းဝမ်းနည်း မိတယ်”လို့ မမြတ်စုက ပြောပါတယ်။ သူဟာ ရင်တွင်း ကလေးကို မချစ်တာ၊ မလိုချင်တာလည်း မဟုတ်ပါဘူး ပိုကောင်းတဲ့ နေရာမှာ ပိုပြီးတော့ ထားချင်တာပါလို့ မမြတ်စုက သူ့ရင်တွင်းစကားကို ယခုလို ဆိုပါတယ်။

“ ကျမနဲ့ နေရင် ဒုက္ခရောက်နေမှာ သူ့(ဗိုက်ထဲက ကလေး) အစ်ကို အစ်မတွေလို ဟင်းလည်း ကောင်းကောင်းမစားရ ကျောင်းလည်း နေရမှာမဟုတ်နိုင်ဘူး”လို့ မမြတ်စုက “ဆက်မပြောချင်တော့ဘူး ဆက်ပြောရင် ငိုမိလိမ့်မယ်” ဆိုပြီး စကားကို ရပ်တန့်လိုက်ခဲ့ပါတယ်။

မမြတ်စုဟာ စကားရပ်တန့်ရင်းနဲ့ သက်ပြင်းတစ်ချက် ချကာ မျက်နှာကို အပေါ်ကို မော့ပြီး တိတ်ဆိတ် ငြိမ်သက် သွားခဲ့ပါတယ်။

ကလေးကို ဆက်လက် ကျွေးမွေးပြန်လည်း ဆင်းရဲ ဒုက္ခရောက်တဲ့ ဒဏ်ကို မခံစားစေချင်လို့ အခြားသူကို ပေးမယ်လို့ ဆုံးဖြတ်ထားပေမယ့် မမြတ်စုရဲ့ ရင်ထဲမှာ မိခင်တစ်ယောက်ရဲ့ သောကမီး ဘယ်လောက်ထိ ထောက်လောင် လောင်ကျွမ်းနေတယ်ဆိုတာ မျက်ရည် မကျမိအောင် ထိန်းထားတာပုံကို ကြည့်အားဖြင့် ခန့်မှန်း မိနိုင်ပါတယ်။

မမြတ်စုလည်း တိတ်ဆိတ်သွားပြီး တခဏအကြာမှာတော့ ဆက်ပြောသည် “ ကျမ အဲတာတွေးလို့ အိပ်မပျော်တဲ့ ညတွေ ခိုးငိုခဲ့ရတဲ့ ညတွေလည်း မနည်းဘူး”လို့ ဝမ်းနည်းစွာဖြင့် ဆက်ဆိုပါသည်။

ကလေးမျက်နှာကို မတွေ့ရသေးဘဲ တခြားသူကို ပေးမယ်လို့ စဥ်းစားတိုင်း ဒီလောက် နာကျင်ရတာ မွေးပြီးလို့ ကလေးမျက်နှာ မြင်ရင် ဘယ်လိုမျိုး ပေးရက်နိုင်အုန်း ပါမှာလား ဒါမှမဟုတ် ပေးပြီး ရင် ကွဲပက်လက်နဲ့ ကျန်ခဲ့မှာလား မသိဘူးလို့ မမြတ်စုက မျက်နှာတစ်ချက်လွဲပြီး ခပ်တိုးတိုး ဆိုလိုက်ပါတယ်။

လက်ရှိမှာ ကလေးကို မည်သူ မည်ဝါကို ပေးမယ်လို့ ဆုံးဖြတ်ထားတာမရှိပေမယ့် ချမ်းသာပြီး ကလေးကို ကောင်းမွန်စွာ ထားနိုင်တဲ့ သူကို ပေးမယ်လို့တော့ သူဆုံးဖြတ်ထားတာပါ။

မမြတ်စုဟာ ဒီလို စားဝတ်နေရေး အခက်အခဲဟာ တစ်နေ့ထက် တစ်နေ့ ပိုမို စိတ်သောက ရောက်နေသည်မှာ တစ်နှစ်ကျော်လောက် ရှိလာခဲ့ပါပြီ။ ယခင် မမြတ်စု အမျိုးသားဟာ ကုန်စုံဆိုင်တွေမှာ ပစ္စည်းတင်ချ ဝန်ထမ်းလုပ်တာကြောင့် တစ်လကို တစ်သိန်းကျော်လောက်တော့ ရပါတယ်။

တစ်ဖက်မှာလည်း မမြတ်စုက ခြံလိုက်တာတွေ ပြုလုပ်နိုင်သေးတာကြောင့် လင်မယားနှစ် ယောက်ဝင်ငွေဖြင့် ကောင်းမွန်စွာ ရပ်တည်လာနိုင်ခဲ့ပါတယ်။ အိမ်လခလည်း ပေးနိုင်သလို တစ်ပတ်ကို တစ်ခါလောက် ဟင်းကောင်းစားရပါတယ်။ ဒါ့အပြင်လည်း အလတ်သမီးလေးကို ကျောင်းထားပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် မမြတ်စု ကိုယ်ဝန် (၂) လသား အရွယ်လောက်မှာတော့ အမျိုးသားဟာ ဗိုက်နာတဲ့ ဝေဒနာကို ခံစားလာရပြီး ဆေးရုံတက်ခဲ့ရတဲ့ အထိဖြစ်လာခဲ့ပါတယ်။ ထိုအချိန်မှာလည်း စစ်တပ်က အာဏာသိမ်းပြီ အစိုးရ ဆေးရုံဌာနတွေ ပိတ်ထားတာကြောင့် တောင်ကြီးမြို့မှာရှိတဲ့ ဈေးကြီး ပေးရတဲ့ ပုဂ္ဂလိကဆေးရုံကို သွားခဲ့ရတာပါ။

ထို အချိန်မှာ မမြတ်စုလည်း အမျိုးသား ကျန်းမာဖို့ အသိဆီကနေ အကြွေး (၈) သိန်းနဲ့ ချေးယူခဲ့ရပါတယ်။ ဈေးကြီးပေးပြီး ဆေးရုံတက်ရပေမယ့် မသက် သာသည့် အပြင် ဘာရောဂါဖြစ်မှန်းလည်း မသိခဲ့ရပါဘူး။ မတတ်နိုင်တော့တဲ့ အဆုံးမှာ အမျိုးသား၏ မိဘတွေ ရှိရာ မကွေးတိုင်းဖက်ကို ဆင်းပြီး ကုပေမယ့် အဆင်မပြေတာကြောင့် မန္တလေးမြို့မှာ ရှိတဲ့ ဆေးရုံမှာ ပြန်သွားတဲ့ အခါမှ အူမကြီး ကင်ဆာဖြစ်ကြောင်း သိရတယ်လို့ မမြတ်စုက ပြောပြပါတယ်။

ဆေးရုံတက်တဲ့ အချိန်မှာလည်း အမျိုးသားဟာ မသက်ပေမယ့် ပိုက်ဆံမလုံလောက် မရှိတာကြောင့် ဆေးရုံကနေ ဆင်းပြီး ရှမ်းပြည်ကို ပြန်လာခဲ့ရပါတယ်။ ထိုအချိန်မှာလည်း ငွေကြေး လုံးဝ ပြတ်တောက်သွားတာကြောင့် အိမ်ပြန်ဖို့ ခရီးစရိတ် မရှိတာကြောင့် ပါလာတဲ့ “ ဖုန်းနဲ့ နားကပ်ရောင်းတော့ သုံးသိန်းရတော့ အဲတာနဲ့ ပြန်လာခဲ့ရတာ” လို့ မမြတ်စုက ပြောပြပါတယ်။

မမြတ်စု အမျိုးသားဟာလည်း ကင်ဆာရောဂါဖြစ်တာကြောင့် ဆေးရုံကဆင်းပြီး လူ့လောကထဲကို (၆) လလောက်သာ နေခွင့် ခဲ့သွားတာပါ။ ထို (၆) အတောအတွင်းမှာလည်း ကင်ဆာဆေးကို တစ်ရက် တစ်လုံးဖြင့် စွဲသောက်နေရပါတယ်။ ကင်ဆာဆေးဟာ တစ်လုံးကို ငါးထောင်လောက်တော့ ပေးရပါတယ်။

ထိုအချိန်မှာလည်း မမြတ်စုဟာ အမျိုးသား သောက်ရမယ့် ဆေးဝယ်ဖို့ ပိုက်ဆံမရှိတာကြောင့် “ နည်းနည်းသစ်တဲ့ အင်္ကျီတွေ ပြန်ရောင်းထုတ်တယ်” ပြီး ရလာတဲ့ ပိုက်ဆံဖြင့် အမျိုးသားကို ဆေးကုသခဲ့ရတာပါ။ ဒါပေမယ့် ကင်ဆာဖြစ်တာကြောင့် မမြတ်စု သူ့ အမျိုးသားကို ဘယ်လောက်ထိပဲ ကြိုးစားပြီး ကုသခဲ့ပေမယ့် အသက် မကယ်နိုင်ခဲ့ပါဘူး။

တစ်လကို သုံးသောင်းဖြင့် ဌားနေတဲ့ အိမ်ပိုင်ရှင်လည်း မမြတ်စု ဒုက္ခရောက် အခက်အခဲ ကြုံနေရတာကို တွေ့ပြီး သနားသွားတာကြောင့် အိမ်လခ မတောင်းတော့ဘဲ အခမဲ့ ပေးနေပါတော့တယ်။

လက်ရှိမှာ မမြတ်စုဟာ ကိုယ်ဝန် လရင့်နေပြီမို့ အလုပ်မလုပ်နိုင်တော့တာကြောင့် အသက် ၁၄ နှစ် အရွယ်သာ ရှိသေးတဲ့ သားလေးကို မိသားစု စားဝတ်နေရေးအတွက် ပန်းရံအလုပ် ဝင်လုပ်ခိုင်းနေရပါတယ်။ “ တစ်ရက်ကို နှစ်ထောင်ရတယ်” သားရဲ့ ဝင်ငွေ နှစ်ထောင်နဲ့ မှီခိုနေရတာပါ။

ငွေကျပ် နှစ်ထောင်သည် ဆီ (၅၀)သား တစ်ဗူးကို ဝယ်လို့တောင် မရတာကြောင့် ဆီတစ်ဗူး ဝယ်နိုင်ဖို့ လေးရက်တော့ အလုပ်သွားမှ ရတာပါ။ ငယ်ငယ်ရွယ်နဲ့ မိသားစု ဝန်ကို တာဝန်ထမ်းဆောင် ခိုင်းပေမယ့် “ စိတ်ထဲမှာ မကောင်းဘူး မပျော်နေဘူး”လို့ မမြတ်စုက သားအပေါ် ခံစားရတဲ့ ခံစားချက်ကို ဆိုပါတယ်။

မမြတ်စုဟာ သားသမီးတွေကို ပညာတတ်ကြီး ဖြစ်စေချင်ခဲ့ပေမယ့် ကျောင်းမထားပေးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရသလို အရမ်းဝမ်းနည်းရပါတယ်လို့ ဆိုပါတယ်။

မမြတ်စုဟာ အကြွေး(၈) သိန်း ဆပ်ရမှာက တစ်ဖက်၊ မိသားစု စားဝတ်နေရေးက တစ်ဖက်၊ ကိုယ်ဝန်က တစ်ဖက်မို့ စိတ်သောက ရောက်ရပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့တဲ့ အချိန်မှာ လောကကြီးကနေ ဘာမှ လှည့်မကြည့်တော့ပဲ ထွက်သွားချင်ခဲ့ပါတယ်။

“ ကလေးမွေးရင်းနဲ့ သေသွားတာလည်း ကောင်းတယ် ကျန်တာ သူ့သူဖြစ်လိမ့်မယ်” လို့ မမြတ်စုက ပြောရင်းနဲ့ ခေါင်းငုံပြီး ထမိန်စကို တင်းကြပ်စွာ ဆုပ်ကိုင်ထား ရင်းပြောပါတယ်။

Author:

Related Articles