Home ဆောင်းပါး တောင်တန်းဒေသတိုက်ပွဲတွေကြားက အမေ့လျော့ခံအမျိုးသမီးများ

တောင်တန်းဒေသတိုက်ပွဲတွေကြားက အမေ့လျော့ခံအမျိုးသမီးများ

Honest Information (HI)

မြန်မာပြည်တဝန်းမှာ စစ်အာဏာရှင် စနစ်ကျရှုံးရေးအတွက် တော်လှန်ရေးတိုက်ပွဲဆင်နွှဲနေချိန် ပြည်သူတွေရဲ့သွေးတွေ မြေမှာခခဲ့ရသလို ရှမ်းတောင်တန်းပေါ်မှာလည်းတိုက်ပွဲတွေကြောင့် အမျိုးသမီးတွေရဲ့ အသက်တွေဆုံးရှုံးနေကြရပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မ တော် (RCSS/SSA)တို့ ၂၀၂၀ခုနစ် ဒီဇင်ဘာက စတင်ပြီး ယနေ့တိုင် တိုက်ပွဲတွေ ပြင်းထန်နေကြတာကြောင့် အရပ် သားတွေ ကျည်ထိမှန်သေဆုံးမှုတွေရှိသလို ကျည်ထိမှန်မှုကြောင့် ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။

အရပ်သားကျည်ထိမှန်သေဆုံးမှုထဲ ကိုယ်ဝန်ရှစ်လရှိပြီဖြစ်တဲ့ အမျိုးသမီးတဦးပါဝင်သလို ကျည်ထိမှန်ပြီး သေရာပါ ဒဏ်ရာတွေရရှိခဲ့ပြီး အသက်ရှင်နေတဲ့ အမျိုးသမီးတွေလည်းရှိပါတယ်။

ဖေဖော်ဝါရီ ၁၅ရက် နေ့လည်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား ရှမ်းပြည်နယ် ၊ ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတစ်လုံး အရပ်သားနေအိမ်ပေါ်ကိုကျခဲ့ပါတယ်။ လက်နက်ကြီး ဒဏ်ကြောင့် နေအိမ်မှာ မီးလောင်ကျွမ်းခဲ့ပြီး ကိုယ်ဝန်ရှစ်လရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ဦး ၊ အသက် ၆၀ကျော် အမျိုးသမီး တစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

“ ကိုယ်ဝန်သည်အမျိုးသမီးနဲ့ အသက် ၆၀ အမျိုးသမီးက ပွဲချင်းပြီးပဲ။ အမျိုးသားတော့ အချိန်မီဆေးရုံမရောက်လို့ဆုံးခဲ့ ရတာပါ”လို့ လက်နက်ကြီးဒဏ်သင့်ပြီး သွားရောက်ကူညီတဲ့ နမ့်ခုံးပရဟိတအသင်းက စိုင်းကူးက ပြောပါတယ်။

အမျိုးသားတွေ အချင်းချင်း ဖြစ်နေတဲ့တိုက်ပွဲကြားမှာ ကိုယ်ဝန်သည် အမျိုးသမီးတယောက် စတေးသွားရတာဟာ အလွန် ပင်ဝမ်းနည်းစရာကောင်းကြောင်း စိုင်းကူးက ပြောပါတယ်။

“ လက်နက်ကြီးထိပြီး သေဆုံးသွားတဲ့အမျိုးသမီး ကိုယ်ဝန်က ရှစ်လလောက်ရှိပြီ၊ ကိုယ့်ရင်သွေးလေးမျက်နှာတောင် မမြင်ရဘဲဆုံးသွားတယ်။ အရမ်းကိုဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်ပါ” လို့ ကျောက်မဲမြို့မှနန်းခင်က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ သီပေါမြို့နယ်တွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ မကြာခဏထိတွေ့ပြီးတိုက်ပွဲတွေဖြစ် နေတာကြောင့် အမျိုးသမီးတွေ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိနေပေမယ့် မည်သူကမှ ဂရုမစိုက်ကြကြောင်း နန်းခင်က ဆိုပါတယ်။

“ တိုက်ပွဲတွေမှာ အများဆုံးခံရတာက အမျိုးသမီးတွေပါ။ ကျေးရွာနဲ့အနီးမှာ တိုက်ပွဲတွေမဖြစ်ဖို့ အကြိမ်ကြိမ်ပြောခဲ့ပါ တယ်။ အမျိုးသမီးတွေနဲ့ကလေးငယ်တွေအတွက် စဉ်းစားပေးစေချင်ပါတယ်” လို့ နန်းခင်က ပြောပါတယ်။

အလားတူ ရှမ်းပြည်မြောက်ပိုင်းနမ္မတူမြို့မှာလည်း ယခု (မတ်လ)အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ အချင်းချင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အမျိုးသမီးသုံးဦး ကျည်ထိမှန်ပြီး သေရာပါဒဏ်ရာရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

မတ်လ ၃ ရက်နေ့က နမ္မတူမြို့နယ် မန်စံကျေးရွာအနီးမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ အချင်းချင်းတိုက်ပွဲဖြစ် ပွားခဲ့ပါတယ်။ အဲဒီအချိန် ခြံထဲမှာ ပန်းခူးနေတဲ့ အသက် ၃၀ အရွယ်မလှအေးရဲ့ နဖူးတည့်တည့်ကို လက်နက်ကြီးအစ တစ်ခုလာမှန်ပါတယ်။

“ကျွန်မ ခြံထဲမှာ ပန်းသွားခူးနေတဲ့အချိန်မှာ လက်နက်ကြီးက ကျွန်မအနားကိုလာကျတယ်။ ကျွန်မနဖူးတည့်တည့် လက် နက် ကြီးစထိတယ်။ အဲ့မှာ ကျွန်မနှစ်နာရီနီးပါး သတိမေ့သွားတယ်။ အားလုံးကသေပြီပဲထင်ကြတာ” ဟု နန်းလှအေးက ပြောပြပါတယ်။

ထိုနေ့မှာတော့ နန်းလှအေးတယောက် လက်နက်ကြီးသံနဲ့ လက်နက်ကြီးကျည်စ ထိမှန်တဲ့ဒဏ်ကြောင့် သတိလစ်မေ့မျော သွားခဲ့ပြီး မိသားစုဝင်တွေဟာ နန်းလှအေး သေဆုံးသွားပြီလို့ ထင်ခဲ့ကြပါတယ်။

သို့ပေမယ့် သူဟာ သေကံမရောက်သက်မပျောက်ခဲ့ပေမယ့် လက်ရှိမှာတော့ ကျည်စဒဏ်ကြောင့် ခေါင်းကိုက်၊ နာကျင်နေ ရကာ နောက်ကျောတခုလုံးလည်း တောင့်တင်းနေတာတွေ ခံစားနေရပြီး တချက်တချက် သတိမေ့တတ်တာတွေ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

“ ခေါင်းကတော့ တစက်စက်နဲ့ထိုးကိုက်တယ်။ နောက်ပြီး နောက်ကျောကလည်း တောင့်ပြီးနာတယ်။ နဖူးတည့်တည့် ဆိုတော့ အာရုံကြောတွေထိတယ်ထင်တယ်။ တချို့အရာတွေ ကျွန်မသတိမရတော့ဘူး” လို့နန်းလှအေးက ဆိုပါတယ်။

ယခုကာလက စစ်အာဏာသိမ်းမှုကြောင့် ပြည်သူတွေဟာ စစ်အာဏာဆန့်ကျင်ဆန္ဒပြမှုတွေ အရှိန်အဟုန်မြင့်လာ ကြသလို တဖက်မှာလည်း စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့က အကြမ်းဖက်မှုတွေလည်း ပြုလုပ်နေပါတယ်။ ထိုကာလ ကြားမှာ ဆေးရုံ၊ဆေးခန်းသွားဖို့လည်း ဝန်ထုပ်ဝန်ပိုးတခုဖြစ်နေသလို အခက်အခဲများစွာလည်း ရှိနေကြပါတယ်။

နန်းလှအေးဆိုရင် ကျည်စထိမှန်တဲ့ဒဏ်ရာကို ခွဲစိတ်ရန် နမ္မတူကနေလားရှိုးစစ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပေမယ့် စစ်ဆေးရုံ က အဆင်မပြေတာကြောင့် မန္တလေး ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ရပါတယ်။

ဒါပေမယ့် ရက်အနည်းငယ်သာ ဆေးကုရပြီး နိုင်ငံရေးပဋိပက္ခကြောင့် သူဟာ နေရပ်ကိုပြန်လာခဲ့ရပါတယ်။

“ ကျွန်မ မန္တလေးဆေးရုံသွားတက်ခဲ့တယ်။ ဒါပေမယ့်ဆေးတောင်ကုတာမပြီးသေးဘူး။ ကျွန်မပြန်လာရပြီ။ အခု ကျွန်မ မသက်သာဘူး။ နေလို့ထိုင်လို့အဆင်မပြေဘူး။ ဘာမှလည်းလုပ်လို့မရဘူး” လို့သူက စိတ်မကောင်းစွာနဲ့ ပြောပါတယ်။

လက်ရှိမှာ ကျည်စထိမှန်မှုကြောင့် အလုပ်လည်း မလုပ်နိုင်တော့ဘဲ အိပ်ရာထဲမှာ လှဲနေရတဲ့ ဘဝရောက်နေကြောင်းလည်း နန်းလှအေးက ပြောပါတယ်။

နန်းလှအေးမှာ ကျောင်းတက်နေတဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိနေတဲ့အတွက် သူ့အနေနဲ့ လုပ်ငန်းခွင် ပြန်မ ဝင်နိုင်တဲ့အခါ ဝင်ငွေလျော့သွားမှာကို တွေးပူနေရပါတယ်။

နန်းလှအေးလိုပဲ တိုင်းရင်းသားလက်နက်ကိုင်တွေအချင်းချင်းဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ကျည်ဆန်ထိမှန်ခဲ့တဲ့ အမျိုးသမီး နှစ်ဦးလည်း ရှိပါသေးတယ်။ အသက် ၅၀ကျော် အမျိုးသမီးတဦးက ရင်သားနဲ့ဗိုက်ကို ကျည်စရှပ်ထိပြီး၊ နောက် အသက် ၂၀ကျော် အမျိုးသမီးတဦးကလည်း တင်ပါးကို ကျည်စထိမှန်ခဲ့တာပါ။

ထိုကျည်ထိမှန်တဲ့နေရာတွေဟာလည်း အမျိုးသမီးတွေရဲ့ ထိလွယ်ရှလွယ်တဲ့ နေရာဖြစ်တဲ့အလျောက် ကျည်စထိမှန်မှု ကြောင့် စိတ်ဒဏ်ရာပါရရှိနေကြကြောင်းလည်း နမ္မတူမြို့နယ် အမျိုးသမီးအရေး တက်ကြွဆောင်ရွက်သူ နန်းခမ်းက ပြောပါတယ်။

“ ဒီလထဲမှာ ကျည်စထိမှန်တဲ့အမျိုးသမီးတွေက တော်တော်ဆိုးတယ်။ အမျိုးသမီးတွေ ကျည်ထိတဲ့နေရာတွေက ထိ လွယ်ရှလွယ်တဲ့နေရာဖြစ်တယ်။ ဒါကအရမ်းကို ဆိုးရွားတဲ့ဖြစ်ရပ်ပဲ” လို့ နန်းခမ်းက ပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြတာကိုသာ အာရုံစိုက်နေကြပြီး ရှမ်းတောင်တန်းပေါ်က စစ်ရေးကြောင့် ထိခိုက်သေဆုံးသူတွေအတွက် အသံထွက်ပြောဆိုမှုမရှိကြကြောင်းလည်း နန်းခမ်းက ပြောပါတယ်။

ရှမ်းတောင်တန်းမှာတော့ စစ်အာဏာသိမ်းမှုကို သပိတ်မှောက်နေရသလို တိုင်းရင်းသားအချင်းချင်းဖြစ်ပွားတဲ့တိုက်ပွဲ၊ တိုင်းရင်းသားတပ်နဲ့ စစ်ကောင်စီတပ် ဖြစ်တဲ့တိုက်ပွဲတွေကြားထဲမှာ အမျိုးသမီးတွေက စိုးရိမ်ကြောက်လန့်စိတ်နဲ့ နေထိုင် နေရပါတယ်။

“ အခုက စစ်ပွဲကိုသိပ်ပြီးအာရုံမစိုက်ဘူး။ စစ်အာဏာလုတာကိုပဲ အာရုံစိုက်ကြတယ်။ ဒါပေမယ့် ကျွန်မတို့ဘက်မှာက စစ်ပွဲတွေက ဖြစ်နေတာအခုမှမဟုတ်ဘူး။ ဒါတွေကကြာပြီ သေဆုံးတယ်။ ကျည်ထိတယ်။ အဓိက အမျိုးသမီးတွေ ပိုထိမှန်တယ်။ နေအိမ်ထဲမှာ မလုံခြုံတာလည်းအရင်ကတည်းကပါ” လို့ နန်းခမ်းက စိတ်မကောင်းစွာနဲ့ ပြောပါတယ်။

နမ္မတူမြို့နယ်အတွင်း တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာသူတွေကို မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကမှ လာရောက် ကူညီထောက်ပံ့ပေးတာတွေမရှိဘူးလို့ဆိုကြပါတယ်။

“ ဘယ်အဖွဲ့မှ တာဝန်ယူမှု တာဝန်ခံမှုတွေ မရှိကြဘူး။ ငွေကြေးမပြောနဲ့၊ သတင်းမေးတာတောင် မရှိကြဘူး။ ဒါတွေက အစဉ်အဆက် နစ်နာနေရတာ” ဟု ကျောက်မဲမြို့ မှ အမျိုးသမီးအရေးဆောင်ရွက်နေသူ တဦးကပြောပါတယ်။

လက်ရှိအချိန်ထိ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်နဲ့ နမ္မတူမြို့နယ်အတွင်းမှာ စစ်ရေးတင်းမာထိတွေ့မှုတွေ ရှိနေဆဲဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူ ၁,၅၀၀ ကျော် တိမ်းရှောင်နေရပါတယ်။

မည်သည့် လက်နက်ကိုင်တပ်ဖွဲ့မဆို တိုက်ပွဲဖြစ်ပွားပါက အရပ်သားတွေနေတဲ့ ကျေးရွာတွေနဲ့ အလှမ်းဝေးတဲ့နေရာတွေမှာ ဖြစ်ဖို့ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကြေညာစာတမ်းမှာ ဖော်ပြထားပေမယ့် လက်နက်ကိုင်တပ်ဖွဲ့တွေဟာ လိုက်နာ ချင်းမရှိကြပါဘူး။

အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် သက်ရောက်သော ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စရပ်အတွက် ပထမဆုံး ချမှတ်တဲ့ ကမ္ဘာကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ်(၁၃၂၅)ဟာ လက်နက်ကိုင်တပ်ဖွဲ့တိုင်း လိုက်နာရန် ကတိကဝတ်ဖြစ်ပေမယ့် လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကတော့ အလေးထား လိုက်နာ ကျင့်သုံးမှု အားနည်းနေဆဲလို့ အမျိုးသမီးတွေက ဝေဖန်ထောက်ပြပါတယ်။

အမျိုးသမီးတွေဟာ လူသားတွေကြားက လူသားတွေဖြစ်သော်လည်း တိုက်ပွဲကြားမှာတော့ ဥပက္ခာ ပြုခြင်းခံနေရသူတွေပါ။ ဒါကြောင့်အမျိုးသမီးတွေရဲ့အရေးကို မည်သည့်လက်နက်ကိုင်မဆို လေးစားလိုက်နာသင့်ပြီး အမျိုးသမီးတွေရဲ့ အခွင့်အရေး ကို လျစ်လျူမရှုသင့်ကြောင်းလည်း အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေက ပြောဆိုပါတယ်။

ကျည်ထိမှန်ခဲ့တဲ့နန်းလှအေးကတော့ “ ကျွန်မတို့ တောင်တန်းမြေပေါ်က တိုက်ပွဲဖြစ်ပြီး သေဆုံးတဲ့အမျိုးသမီး၊ ဒဏ်ရာရ တဲ့အမျိုးသမီးတွေဟာ အာဏာမသိမ်းခင်ကလည်း အမေ့လျော့ခံဖြစ်သလို စစ်အာဏာရှင်တိုက်ပွဲကြားမှာလည်း အမေ့ လျော့ခံလူသားတွေပါ” လို့ ဆိုပါတယ်။

Related Articles