သန့်ရှင်းထွန်း။ ။
အကျယ်လေးပေပတ်လည်ခန့်ရှိမည့် တိုင်လေးလုံးပေါ်တွင် မိုးထားသည့် သွပ်ပြားများက ပြောင်လက်နေသည့်အတွက် ဆိုင်ခန်းလေးကို တည်ဆောက်ထား သောအချိန်မှာ သိပ်မကြာသေးမှန်း သိသာနေသည်။ သွပ်ပြားမိုးထားသော်လည်း အကာမရှိသော ဆိုင်ခန်းလေးတွင် အသက် ၂၀ ကျော်အရွယ် မခိုင်သဇင်နွယ်က ကွမ်းယာဆိုင်လေးဖွင့်ထားသည်။
ကွမ်းယာဆိုင်လေးတွင် အချိုရည်ဗူးတစ်ချို့နှင့် ရေသန့်ဗူးအချို့ကိုလည်း တင်ထားသည်။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာ၊ အငူမော်ဆိပ်ကမ်းတံတားပေါ်တွင် တည်ဆောက်ထားသော ကွမ်းယာဆိုင်လေးက အကာမရှိသဖြင့် အရှေ့၊ အနောက်၊ တောင်၊ မြောက် ပတ်ပတ်လည်ကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။
အဆိုပါ ကွမ်းယာဆိုင်လေးကို မခိုင်သဇင်နွယ်ဖွင့်လှစ်ခဲ့သည်မှာ အချိန်အားဖြင့် တစ်လကျော်ခန့်သာ ရှိသေးသည်။ ဆိုင်မတည်ခင်က သူမသည်ရန်ကုန်မြို့စွန်၊စက်မှုဇုံရှိ အထည်ချုပ်စက်ရုံမှ ဝန်ထမ်းအဖြစ် အသက်မွေးဝမ်းကြောင်းခဲ့သူဖြစ်သည်။
မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးလည်းဖြစ်၊ အလုပ်အကိုင်အခွင့်အလမ်းအနည်းဆုံးလည်းဖြစ်သော ရခိုင်ပြည်နယ်က လူငယ်လူရွယ် အမျိုးသား၊ အမျိုးသမီးငယ်များမှာ ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံနှင့် တခြားစက်ရုံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်က မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ရန်ကုန်က အထည်ချုပ်စက်ရုံ အများအပြားပိတ်သွားခဲ့ရာ ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ ရောက်ရှိနေကြသော ထောင်ချီသော အလုပ်သမားများမှာ အလုပ်လက်မဲ့ဖြစ်၍ မိမိနေရပ်ဒေသသို့ ပြန်လာခဲ့ကြသည်။ ထိုသို့ ပြန်လာသူများထဲတွင် မခိုင်သဇင်နွယ်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။
ရန်ကုန်မှပြန်လာပြီးနောက် လုပ်စရာအလုပ်မမြင်တော့သဖြင့် ကွမ်းယာဆိုင်ဖွင့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု မခိုင်သဇင်နွယ်က ပြောသည်။
“ရန်ကုန်အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတာပါ။ စစ်အာဏာသိမ်းလိုက်တော့ အလုပ်တွေဆက်မလုပ်ရဘဲ လုံခြုံမှုလည်းမရှိတာနဲ့ မိဘတွေဆီကို ပြန်လာခဲ့တယ်။ ရခိုင်မှာလည်း သိတဲ့အတိုင်းပဲ အလုပ်အကိုင်တွေက ရှားတော့ လုပ်စရာမမြင်တာနဲ့ နောက်ဆုံးတော့ ဒီဆိုင်လေးဖွင့်ဖြစ်သွားတာပါ”ဟု သူမက ဆိုသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ မောင်တောနှင့် စစ်တွေမြို့ကို တစ်ရက်လျှင် ရာနှင့်ချီ၍သွားလာနေကြသော ခရီးသွားများက မခိုင်သဇင်နွယ်၏ ကွမ်းယာဆိုင်က ကွမ်းစားခြင်း၊ အချိုရည်နှင့် ရေသန့် ဝယ်သောက်ကြခြင်းကြောင့် သင့်တင့်သလောက် အဆင်ပြေနေ သည်ဟု မခိုင်သဇင်နွယ်က ပြောသည်။
“ရန်ကုန်စက်ရုံမှာလုပ်သလို လစာကို တစ်စုတစ်ခဲတည်းမရပေမယ့် ကွမ်းယာဆိုင်လေးက တစ်ရက်ကို တစ်သောင်းခွဲ နှစ်သောင်းလောက် အမြတ်ရနေပါတယ်”ဟု ကွမ်းယာဆိုင်ရောင်းသည့်အလုပ်ကို ကျေနပ်သည့် လေသံဖြင့် သူမက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် အခြေနေအရပ်ရပ် ဖရိုဖရဲဖြစ်ကာ အလုပ်အကိုင် အဆင်မပြေမှုများက နေ့စဉ်ရက်ဆက်ရှိနေဆဲဖြစ်သည်။ အာဏာသိမ်းမှုမတိုင်ခင်ကပင် ကိုဗစ်ရောဂါ၏ ဂယက်ကြောင့်လည်း ရန်ကုန်မြို့ရှိ စက်ရုံ၊ အလုပ်ရုံတစ်ချို့အလုပ်ရပ်နားခဲ့ရသည်။
“ကိုဗစ်ကြောင့် အလုပ်နားပြီးတော့ ဩဂုတ်လမှာ မောင်တောကိုပြန်လာတယ်။ သီတင်းကျွတ်ပြီးလို့ ပြန်သွားတော့ စစ်တွေမြို့ထိပဲရောက်ခဲ့တယ် ရန်ကုန်ကိုမသွားဖြစ်ဘဲ မောင်တောပဲပြန်လာခဲ့ရတယ်”ဟု ရန်ကုန်မြို့ရှိ ရွှေထည်ပစ္စည်း များထည့်သည့်ဗူးလုပ်သည့် အလုပ်ရုံတွင် အလုပ်လုပ်ခဲ့သူ မနွယ်နွယ်ဦး ကပြောသည်။
ကိုဗစ်ကပ်ရောဂါဆိုးကို ကျော်ဖြတ်ပြီး လုပ်ငန်းခွင်ဝင်ရန် စောင့်နေခဲ့သော်လည်း ကိုဗစ်ထက်ဆိုးသည့် စစ်အာဏာသိမ်းမှုက သူမကို မျှော်လင့်ချက်မဲ့စေခဲ့သည်ဟု မနွယ်နွယ်ဦးက ဆိုသည်။
“ရန်ကုန်မှာ နှစ်နှစ်လောက်အလုပ်လုပ်ခဲ့ပါတယ်။ တစ်လကို တစ်သိန်းခွဲရတယ်။ နေစရိတ်နဲ့ စားစရိတ်က ခုနစ် သောင်းလောက်ကုန်တယ်။ ကျန်တဲ့ ရှစ်သောင်းလောက်ကို အိမ်ပြန်ပို့နိုင်ခဲ့တယ်။ ကိုဗစ်ဖြစ်တာနဲ့ အာဏာသိမ်းတာနဲ့ ရန်ကုန်လည်း မသွားဖြစ်တော့ဘဲ မိထွေးအိမ်မှာနေပြီး အိမ်အလုပ်တွေ ဝိုင်းလုပ်ပေးနေတယ်”ဟု သူမကပြောသည်။
မနွယ်နွယ်ဦးသည် မိထွေးအိမ်တွင် အိမ်အလုပ်များ ဝိုင်းကူလုပ်ရင်း အပ်ချုပ်စက်တစ်လုံးဝယ်ရန် မျှော်မှန်းထားသည်။ သူမ၏ ရည်ရွယ်ချက်မှာ အပ်ချုပ်ရန်မဟုတ်သေးဘဲ စက်ချုပ်သင်ရန်ဖြစ်သည်။
“ဦးလေးက အိမ်မှာနေရင်း စက်ချုပ် သင်ဆိုပြီးပြောတယ်။ အပ်ချုပ်စက်တစ်လုံးဝယ်ပေးပြီးတော့ စက်ချုပ်သင်ခ ကိုလည်း ပေးမယ်လို့ပြောတယ်။ စက်ချုပ်သင်ရမယ့် စိတ်ကူးနဲ့ အထည်ဟောင်းတွေတောင် အစမ်းညှပ်ကြည့် ဖြစ်တယ်”ဟု သူမရှေ့ဆက်လုပ်မည့် အလုပ်ကို ပြောပြသည်။
ရခိုင်ပြည်နယ်တွင် ဆယ်တန်းမအောင်သည့် အမျိုးသမီးငယ်များအလုပ်လုပ်ရန် အလုပ်ရုံ၊ စက်ရုံမရှိဘဲ တစ်ချို့မှာ မိဘများ၏ မိရိုးဖလာ လယ်လုပ်ငန်းများတွင် ဝိုင်းကူလုပ်ပေးကြသည်။
တစ်ချို့မှာ ဈေးရောင်းကြပြီး တစ်ချို့မှာ စက်ချုပ်အလုပ်ကို လုပ်ကြသည်။ တစ်ပွဲတစ်မျိုး ဝတ်ဆင်နေကြသော လူဂုဏ်တန် အမျိုးသမီးများကြောင့် စက်ချုပ်ဆရာများကို ဝင်ငွေကောင်းစေသဖြင့် စက်ချုပ်ပညာကို သင်ယူလိုသူများပြားကြသည်။
မခိုင်သဇင်နွယ်နှင့် မနွယ်နွယ်ဦးကဲ့သို့ ရန်ကုန်ပြန်အလုပ်လက်မဲ့ အမျိုးသမီးငယ်များမှာ ရခိုင်ပြည်နယ်ရှိ မြို့ပေါ်ရပ် ကွက်များနှင့် ကျေးလက်တောရွာများတွင် ထောင်ချီ၍ရှိနေသည်။
“ရန်ကုန်စက်ရုံမှာ အလုပ်လုပ်လို့ရတဲ့ငွေကို ဘဏ်မှာစုထားတာ အခုစုငွေကို ထုတ်စားရင်းနဲ့ အကုန်ကုန်တော့မယ်။ ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ရသေးဘူး”ဟု ရန်ကုန်မြို့တွင် ခြောက်နှစ်ကျော်အလုပ်လုပ်ကိုင်၍ ပြန်ရောက်နေသူ မဦးဆန်းရီ ကပြောသည်။
ယခင်ကပင် အလုပ်လက်မဲ့ပြသနာကို မဖြေရှင်းနိုင်ခဲ့သော ရခိုင်ပြည်နယ်က အမျိုးသမီးငယ်များအတွက် ယခုကဲ့သို့ ကပ်ဆိုးနှင့် စနစ်ဆိုးများကြုံတွေ့လာသည့်အခါ မိမိဘဝလုံခြုံရေးအတွက် မိမိနေအိမ်ကို ပြန်လာနိုင်ခဲ့သော်လည်း သူတို့နှင့် သူတို့အပေါ်မှီခိုနေရသည့် မိသားစုများအတွက် စားဝတ်နေရေးကို များစွာအခက်တွေ့စေသည်။
ရခိုင်ပြည်နယ်သည်အလုပ်အကိုင်အခွင့်အလမ်းရှားပါးသည့်ပြည်နယ်တခု ဖြစ်ပြီး ၂၀၀၄ သန်းခေါင်စာရင်းအရ တနိုင်ငံလုံးတွင်အလုပ်လက်မဲ့ရာခိုင်နှုန်းအမြင့်မားဆုံး ပြည်နယ်လည်းဖြစ်သည်။ ၂၀၀၄ သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်တွင် အလုပ်လက်မဲ့သည် ၁၀ ဒဿမ ၄ ရာခိုင်နှုန်းအထိရှိပြီး နိုင်ငံ၏အခြားဒေသများထက် သိသိသာသာအလုပ်လက်မဲ့နှုန်းမြင့်မားနေခြင်းဖြစ်သည်။
ထို့အတွက်ကြောင့် သိန်းနှင့်ချီသည့် ဒေသခံများသည်ရခိုင်ပြည်နယ်ထဲမှထွက်ကာ ရန်ကုန်၊ မန္တလေး၊ဖားကန့် စသည့် ပြည်တွင်းမြို့ကြီးများနှင့် အိမ်နီးခြင်းနိုင်ငံများဆီသို့ အလုပ်အကိုင်ရှာဖွေရန်ထွက်ခွာနေကြရသည်။
ရခိုင်ပြည်နယ်နှင့် နီးကပ်စွာတည်ရှိနေသာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပြည်ပရင်းနှီးမြုပ်နှံမှု အထည်ချုပ် စက်ရုံများစွာ တည်ရှိသောနိုင်ငံဖြစ်သည့်အလျောက် အဆိုပါနိုင်ငံမှ အမျိုးသမီးငယ်များမှာ အထည်ချုပ်စက်ရုံ အသီးသီးတွင် အလုပ်ရနေကြသည်။ သို့သော်လည်း အလုပ်ရုံ၊ စက်ရုံမရှိသော ရခိုင်ပြည်နယ်အတွင်းက အမျိုးသမီး ငယ်များအတွက် ဘဝတက်လမ်းမှာ မရှိဖြစ်နေရသည်။
ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်အခွင့်အလမ်းမရှိသည့် ပြသနာကိုဖြေရှင်းရန်အတွက် ကုလအတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန်ကော်မရှင်က နိုင်ငံတော်အစိုးရအနေဖြင့် အသက်မွေးဝမ်းကျောင်းမှုနှင့် စက်မှုလက်မှု သင်တန်း များကို နိုင်ငံတော်အထောက်အကူများဖြင့် လုပ်ဆောင်သွားနိုင်ရန် စီမံချက်တစ်ရပ် ရေးဆွဲသွားသင့်သည်ဟု အကြံပြုခဲ့သည်။
သို့သော်လည်း အဆိုပါ အကြံပြုချက်များမှာ ယခုအချိန်တွင် အလဟသအကြံပြုချက်များဖြစ်နေပြီဖြစ်သည်။
ကိုဗစ်နှင့် စစ်အာဏာသိမ်းပြီးနောက် ရခိုင်သို့ ပြန်လာမည့် အလုပ်သမားများကို အကူညီပေးသူတစ်ချို့က ကားကြီး၊ ကားငယ်များဖြင့် ပို့ဆောင်ပေးခဲ့သော်လည်း ၎င်းတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းကို မဖန်တီးနိုင်သေးပေ။
“ရခိုင်ပြည်နယ်မှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ အဓိကပြသနာက စက်ရုံ၊ အလုပ်ရုံတွေမရှိတာပါ။ တကယ်လို့ စက်ရုံ၊ အလုပ်ရုံတွေရှိမယ်ဆိုရင် ဘယ်အမျိုးသမီး၊ အမျိုးသားမှ တခြားနေရာကို သွားပြီးအလုပ်လုပ်စရာမလိုပါဘူး။ ကိုယ့်ဒေသမှာ ကိုယ့်မိသားစုနဲ့ အလုပ်လုပ်ခွင့်ရနေမှာပါ”ဟု ရခိုင်ပြည်နယ်ရှိ အမျိုးသမီးငယ်များအတွက် တစ်ပိုင်တစ်နိုင် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနေသည့် ရခိုင်အမျိုးသမီးကွန်ယက်ဥက္ကဌ ဒေါ်ညိုအေး ကပြောသည်။
သို့သော် ရခိုင်ပြည်နယ်တွင် တစ်ပိုင်တစ်နိုင် စက်ချုပ်သင်ပေးခြင်း၊ ဇာထိုးပန်းထိုးသင်ပေးခြင်း၊ မုန့်နှင့် ဆပ်ပြာ လုပ်နည်းသင်ပေးခြင်းမှအပ အကြီးစားစက်ရုံ၊ အလုပ်ရုံများမှာမရှိသေးပေ။
အလားတူ လူမှုကူညီရေးလုပ်နေသည့် အဖွဲ့အစည်းများမှာလည်း စားနပ်ရိက္ခာထောက်ပံ့ပေးခြင်းမှအပ တခြား အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် ဖန်တီးပေးနိုင်ခြင်းက မရှိသေးကြောင်း တွေ့ရသည်။
နှစ်နှင့်ချီကြာမြင့်နေပြီဖြစ်သည့် ဒေသတွင်းမတည်မငြိမ်မှုများ၊ ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးပြဿနာများ အကြားတွင် အလုပ်လက်မဲ့ဖြစ်သွားခဲ့သော အမျိုးသမီးငယ်များ၏အနာဂတ်ကမရောရာမသေချာဖြစ်နေသည်။
သို့သော်လည်း ဝမ်းရေးအတွက် တစ်ခုမဟုတ် တစ်ခုလုပ်ကြရမည့် ရန်ကုန်စက်ရုံပြန် အမျိုးသမီးငယ်များမှာဖြင့် မခိုင်သဇင်နွယ်ကဲ့သို့ ကွမ်းယာဆိုင်ရောင်းသူကရောင်း၊ ကဏန်း၊ ခရုကောက်သူကကောက်နှင့် လမ်းလုပ်ငန်းများတွင် အုတ်ပြောင်း၊ သဲပြောင်းအလုပ်လုပ်နေကြသူများလည်းရှိနေပေမည်။
အပ်ချုပ်စက်တစ်လုံးဝယ်ပြီး စက်ချုပ်နည်းသင်ယူရန် ကြိုးစားနေသည့် မနွယ်နွယ်ဦးက သူမ၏ အနာဂတ်မျှော်လင့် ချက်ကို အောက်ပါအတိုင်းပြောသည်။
“စက်ချုပ်တတ်သွားရင် အပ်ချုပ်စက်လေးနဲ့ပဲ တစ်သက်လုံး လုပ်ကိုင်စားသောက်ပြီးနေတော့မယ်။ ဘယ်ကိုမှ ထွက် မသွားတော့ဘူး”ဟူ၍ ဖြစ်သည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021