Home ဆောင်းပါး တော်လှန်ရေးမုန်တိုင်းထဲက စေတနာ့ဝန်ထမ်း

တော်လှန်ရေးမုန်တိုင်းထဲက စေတနာ့ဝန်ထမ်း

ဒေဝီ။ ။

ဝေးလံခေါင်သီတဲ့အရပ်ဒေသမှာ စားရဖို့မလွယ်တဲ့ ဒံပေါက်ထမင်းနဲ့ကြက်သားဟင်းကို စစ်ဘေးရှောင်ကလေးငယ်တွေက အားပါးတရ စားသောက်နေကြသလို ခူးခပ်ထည့်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့။

ပျော်ရွှင်စွာစားသောက်နေတဲ့ ကလေးတွေကြားထဲ လက်တစ်ဖက်က ဒံပေါက်ထမင်းထည့်ထားတဲ့ပုံးကိုကိုင်ကာ နောက် တစ်ဖက်က ဇွန်းခွက်ကိုင်လို့ အပြုံးချိုချိုနဲ့ အမျိုးသမီးတစ်ဦးက ကလေးတွေပန်းကန်ထဲ ထမင်းထည့်ပေးနေတဲ့ မြင်ကွင်း က တွေ့မြင်သူတွေကို အပျော်တွေကူးစက်စေပါတယ်။

ယင်းအမျိုးသမီးက မသဉ္ဇာအေးပါ။ စစ်ကောင်စီနဲ့‌ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားရာ ကရင်နီပြည်နယ်က စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကို ကူညီ ပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

ဒေသခံတွေက ဆရာမလေးလို့ခေါ်ကြတဲ့ မသဉ္ဇာအေးက အာဏာမသိမ်းခင်အချိန်ကာလတွေမှာ ဆင်းရဲနွမ်းပါးတဲ့နေရာ ဒေသက ကလေးတွေကို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးတွေ အကူညီပေးနေတဲ့ “မင်္ဂလာပါ” လူငယ်ပရဟိတ အဖွဲ့နဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်အသီးသီးမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ Clean Yangon အဖွဲ့ တည်ထောင်သူများထဲက တစ်ဦးဖြစ်ပါတယ်။

Clean Yangon အဖွဲ့က ရန်ကုန်မြို့နယ်တွေမှာ အမှိုက်ကောက်တာ၊ နောက်ဖေးလမ်းကြား အမှိုက်တွေရှင်းလင်းတာ၊ အမှိုက်နဲ့ပတ်သတ်တဲ့ ပညာပေးမှုတွေကို လုပ်ဆောင်ခဲ့တဲ့အဖွဲ့ဖြစ်ပြီး မသဉ္ဇာအေးက Clean Yangonရဲ့ စွန့်ပစ်အမှိုက် ဆိုင်ရာ အသိပညာပေးကဏ္ဏတွေမှာ သင်ကြားရေးဆရာမတစ်ဦးအဖြစ် တာဝန်ယူခဲ့ပြီး လူထုအခြေပြု အသိပညာပေး လုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

Clean Yangon အဖွဲ့နဲ့အတူ အမှိုက်စွန့်ပစ်မှုအသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေရင်း အာဏာသိမ်းမှုကို ဆန့်ကျင် တဲ့အနေနဲ့ ဆန္ဒပြလှုပ်ရှားမှုတွေမှာပါဝင်တာ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု လုပ်ဆောင်နေတဲ့ ပြည်သူ့သူရဲကောင်း နိုင်ငံ့ ဝန်ထမ်းတွေ စားဝတ်နေရေးအတွက် We Support Heroes အမည်နဲ့ အကူအညီပေးရေးလုပ်ငန်းတွေကို တစ်ဖက် တစ်လမ်းကနေ ကူညီဆောင်ရွက်ခဲ့ပါတယ်။

စစ်ကောင်စီက ရန်ကုန်မှာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေလုပ်လာသလို တိုင်းရင်းသား‌‌ဒေသတွေ မှာလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့တိုက်ပွဲတွေ‌ကြောင့် စစ်ဘေးရှောင်တွေတိုးလာတဲ့အခါ လို အပ်သူတွေကို ကူညီဖို့ဆုံးဖြတ်ခဲ့တယ်။

ကိုယ်တိုင်က B.N.Sc ဘွဲ့ရ သူနာပြုတစ်ဦးဖြစ်တဲ့ မသဉ္ဇာအေးက လိုအပ်တဲ့နေရာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့အတွက် ပထမဆုံး စစ်ဘေးသင့်ဒေသဖြစ်တဲ့ ချင်းပြည်နယ်ကို Clean Yangon အဖွဲ့အနေနဲ့ စစ်ဘေးရှောင်တွေ ကို သွားရောက်ကူညီပေးခဲ့တယ်။

ချင်းပြည်နယ်ကစစ်ဘေးရှောင်တွေကို နှစ်ပတ်ကျော်ကြာ ကူညီမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် စစ်ကောင်စီနဲ့ တိုက်ပွဲပိုပြင်း ထန်နေတဲ့ ကရင်နီဘက်မှာ အရေးပေါ်လိုအပ်နေတဲ့အတွက် ကရင်နီပြည်နယ်ကို ဇွန်လဆန်းမှာ ရောက်ရှိခဲ့ကြတယ်။

Clean Yangon အဖွဲ့နဲ့အတူ ကရင်နီစစ်ဘေးရှောင်ဒေသမှာ လူသားချင်းစာနာမှုအဖြစ် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ပေးတာ၊ စားနပ်ရိက္ခာမျှဝေတာ၊ ပညာရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းတွေထောက်ပံ့ပေးတာ၊ ကလေးငယ်တွေကို စိတ်ဓါတ်ခွန်အားများ မျှဝေပေးပြီး အာဟာရဒါနကျွေးမွေးတာစတဲ့ လုပ်ငန်းတွေအပြင် Tomorrow Training Center ဆိုပြီး စစ်ရှောင်အမျိုးသမီးတွေကို အခြေခံကွန်ပျုတာကြားပေးတာ စတဲ့ လူမှုကူညီရေးလုပ်ငန်းတွေကို လုပ်ဆောင်လျက် ရှိပါတယ်။

Photo Credit: Clean Yangon

တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့အဖက်ဖက်က ပိတ်ဆို့မှုတွေအကြား အကူအညီပေးရေးလုပ်ငန်းတွေလုပ်ဆောင်ရတဲ့အခါ အခက်အခဲတွေကတော့မျိုးစုံပါ။ စစ်ဘေးရှောင်တွေအတွက် လူမှုအကျိုးပြုလုပ်ငန်းတွေစလုပ်ဖို့ ချင်းပြည်နယ်ကို စရောက် စဉ်အချိန်က မိုးတွင်းဆိုတော့ လမ်းခရီးခက်ခဲမှုတွေက အဆိုးဆုံးဖြစ်ပါတယ်။ စစ်ဘေးရှောင်စခန်းတွေ၊ တောင်ပေါ်ကျေး ရွာတွေကိုရောက်ရှိဖို့ နှစ်နာရီသုံးနာရီလောက် ခက်ခက်ခဲခဲနဲ့သွားခဲ့ရတာမျိုးတွေရှိခဲ့တယ်လို့ မသဉ္ဇာအေးက ‌ပြောပါတယ်။

ဒါ့အပြင် လမ်းချော်နေလို့ လူအင်အားနဲ့ဆေးပစ္စည်းတွေသယ်ရတာ၊ နာရီအတော်ကြာလမ်းလျှောက်ကြရတာ၊ ညကြီး အချိန်မတော် မီးမရတဲ့ဒေသမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ရတာမျိုးလည်းရှိတယ်လို့ ဆက်‌ပြောတယ်။

စစ်ဘေးရှောင်တွေကို ကူညီဖို့ လာရောက်ပေမယ့် ကိုယ်တိုင်က စစ်ဘေးရှောင်ဖို့ ပြေးလွှားပုန်းအောင်းရတာ၊ စစ်လေယာဉ် တွေဝဲနေလို့ ဗုံးခိုကျင်းထဲ ခိုအောင်းခဲ့ရတာတွေကို အခုချိန်ထိကြုံတွေ့နေရဆဲဖြစ်တယ်လို့ မသဉ္ဇာအေးကဆိုတယ်။

” လက်နက်ကြီးအသံတွေ အဆက်မပြတ်ကြားနေရတဲ့ကြားထဲက ဆေးကုပေးနေရတာမျိုးတွေလည်း ခဏခဏပဲ။ ရွာတစ် ရွာမှာဆို ဆေးကုနေရင်း စစ်ကြောင်းထိုးလာလို့ ပစ္စည်းတွေ ကမန်းကတန်းသိမ်းပြီး တောတောင်တွေထဲကို ပြေးပုန်းရတာ မျိုးတွေလည်း ရှိခဲ့ဖူးတယ်” လို့ မသဉ္ဇာအေးကပြောပါတယ်။

ဒီလိုအခက်အခဲတွေရှိပေမယ့် ဆေးကုသခွင့်ရဖို့ အားကိုးတကြီး မျှော်နေကြမယ့် သွေးချင်းတိုင်းရင်းသားညီအကိုမောင်နှစ် မတွေရှိနေတဲ့အတွက် အခက်ခဲတွေကြုံပေမယ့် လိုအပ်နေသူတို့ရဲ့အားနဲ့ပဲ အားတင်းရင်ဆိုင်ခဲ့ရတာလို့ ဆက်ပြောတယ်။

တိုက်ပွဲ‌ဖြစ်ရာနေရာဖြစ်တဲ့အပြင် ဝေးလံတဲ့နေရာ၊ ခက်ခဲတဲ့နေရာဒေသတွေကို ဆေးကုသအဖွဲ့တွေက တော်ရုံအနေနဲ့ ရောက်ရှိဖို့ မလွယ်ကူကြတဲ့အခါ ပုံမှန်အချိန်မှာတောင် ဧည့်ဝတ်ကျေလွန်းကြတဲ့ သွေးချင်းတွေက ဆေးကုသအဖွဲ့တွေ လာတယ်ဆိုတာနဲ့ အတိုင်းအထက်အလွန်ကို စောင့်ရှောက်ကူညီပေးကြတာ ကြည်နူးစရာလို့ဆိုတယ်။

မြေပြန့်ဒေသကနေ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ကျေးရွာတွေ၊ စစ်ရှောင်စခန်းတွေဆီကို အခမဲ့ကျန်းမာရေး စောင့် ရှောက်မှုပေးနေတဲ့သူတို့အဖွဲ့ကို ဆေးခန်းလာပြကြတဲ့ လူနာအသီးသီးက ဒေသထွက်ကုန်လေးတွေ ပြန်လည် လက် ဆောင်ပေးကြတာလည်း တကယ့်ကို ပီတိဖြစ်စရာ အမောပြေစရာလေးတွေပါလို့ မသဉ္ဇာအေးကပြောပါတယ်။

ကိုယ့်အရပ်ဒေသတွေမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်ရှာဖွေစားသောက်နေကြတဲ့ ဒေသခံတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေရဲ့ ရက်စက်မှုတွေကြောင့် နေထိုင်ရာနေရာတွေကနေ စွန့်ခွာထွက်ပြေးတိမ်းရှောင်ရ၊ ဖြစ်သလိုစားသောက်ရနဲ့ ဆင်းရဲ ဒုက္ခရောက်ကြပါတယ်။

စစ်ဘေးရှောင်‌ပြည်သူတွေမှာ ရာသီအကူးအပြောင်းကာလတွေမှာ ဖျားနာကြတာ၊ ကလေးသူငယ်နဲ့ကိုယ်ဝန်ဆောင်တွေမှာ လည်း ကျန်းမာရေးစောင့်ရှောက်မှုမရတာ၊ ကာကွယ်ဆေးထိုးဖို့လိုအပ်တာ ၊ သွေးတိုးဆီးချိုသမားတွေလည်းပုံမှန်သောက် နေကြဆေးတွေ ဝယ်မရတော့ ဆေးကုသရေးအဖွဲ့တွေကို မျှော်နေကြတဲ့ ကျေးရွာတွေကလည်း အများအပြားရှိကြတယ် လို့ မသဉ္ဇာအေးကပြောပါတယ်။

စစ်ဘေးရှောင်တွေ အရေအတွက်တိုးလာသလို ကျန်းမာရေးစောင့်ရှောက်မှုကလည်း ဦးစားပေးအရေးတကြီးအနေနဲ့ လိုအပ်တဲ့အတွက် ဆေးဝါးတွေက အဓိကအလိုအပ်ဆုံးဖြစ်ပြီး စစ်ကောင်စီက လမ်းခုလပ်ကနေ ဆေးဝါးရိက္ခာတွေကို သိမ်းဆည်းဖမ်းယူနေတာတွေရှိနေတော့ သူတို့နေရာကို ဆေးဝါးရောက်ရှိဖို့ကလည်း စိန်ခေါ်မှုတစ်ရပ်ပဲလို့ဆိုတယ်။

ဒီစိန်ခေါ်မှုတွေကိုလည်း နည်းလမ်းပေါင်းစုံနဲ့ ကျော်ဖြတ်ပြီး စစ်ဘေးရှောင်တွေကိုကူညီနေဆဲဖြစ်ပေမယ့် ဆေးဝါးတွေ အသိမ်းခံရတာ ကြုံတွေ့ရတဲ့အခါ စိတ်ထိခိုက်ရတယ်လို့ဆက်ပြောပါတယ်။

” ဆေးကုသရေးခရီးစဉ်မှာသုံးမယ့် ဆေးဝါးတွေ တစ်ခါအသိမ်းခံရဖူးတယ်။ ငါတို့ကိုယုံကြည်လို့ လှူဒါန်းထားတဲ့ပိုက်ဆံနဲ့ ဝယ်ထားတဲ့ဆေးဝါးတွေ ဒါတွေဆုံးရှုံးလိုက်ရပြီဆိုပြီး နှမြောလွန်းလို့ရယ် ဆေးဝါးရိက္ခာကိုသိမ်းတယ်ဆိုတာ လူတွေကို သတ်တာနဲ့တူတူပဲမလို့ ခံပြင်းဒေါသစိတ်တွေရယ်ကြောင့် အဲ့တုန်းကဆို မျက်ရည်တောင်ကျမိတယ်လို့ မသဉ္ဇာအေးက ပြောတယ်။

စစ်ဘေးရှောင်တွေကို ကူညီတဲ့နေရာမှာ ကလေးတွေကိုလည်း အဟာရမျှဝေတာကလည်း မပါမဖြစ်ပါ၊ အလှူရှင်တွေရဲ့ ပံ့ပိုးလှူဒါန်းမှုတွေနဲ့ ကလေးတွေကို အဟာရကျွေးမွေးတဲ့အချိန်ဆို ပျော်ရွှင်နေတဲ့ကလေးတွေကိုကြည့်ရင်း သူတို့ပါပျော်ရွှင် ရတယ်လို့ဆိုတယ်။

Photo Credit: Clean Yangon

စစ်ဘေးသင့်ဒေသတွေကို ကူညီရင်း အမှတ်ရစရာတစ်ခုအနေနဲ့ ခရစ္စမတ်နေ့မှာ စစ်ဘေးရှောင်ကလေးတွေအတွက် ဆန်တာကလော့ကြီးနဲ့ Surprise လက်ဆောင်ပေးခဲ့တဲ့အချိန်ပါ။

” ကလေးတွေကို မျက်လုံးလေးမှိတ်ခိုင်းထားပြီး Surprise လုပ်ပေးခဲ့တာ၊ မျက်လုံးဖွင့်လို့ရပြီဆိုတော့ ကလေးတွေခမျာ ပျော်ကြတာ ပျော်ကြတာတကယ့်ကို ဝမ်းနည်းဝမ်းသာဖြစ်ရတယ်။ သူတို့လေးတွေမှာ စိတ်ဒဏ်ရာကိုယ်စီနဲ့မို့ အတတ်နိုင် ဆုံး ဖြေဖျောက်ပေးချင်ခဲ့တာ။ အဲ့ဒီနေ့လေးကလည်း တကယ့်ကို မှတ်မှတ်ရရ ဖြစ်ခဲ့ရတယ်” လို့ မသဉ္ဇာအေးက ဆိုတယ်။

မသဉ္ဇာအေးက အာဏာမသိမ်းခင်ကာလတွေတုန်းက သာမန်သူတွေလိုပဲ ရုံးတက်ရုံးဆင်း ရုံးပိတ်ရက်တွေမှာ ပရဟိတ လုပ်ငန်းတွေလုပ်မယ်၊ မိတ်ဆွေတွေနဲ့ပျော်ပျော်ရွှင်ရွှင်တွေ့ဆုံကြမယ်နဲ့ ဘဝကိုအေးအေးဆေးဆေး ဖြတ်သန်းနေတာပါ။

” ဘဝကြီးက ပေါ့ပါးလွတ်လပ်တာပေါ့။ စိတ်လွတ်လပ်ပေါ့ပါးမှုနဲအတူ ပျော်ရွှင်စရာလည်းများတယ်လေ။ အခုကျတော့ အဓမ္မ အာဏာလုယူခံရတဲ့ ဖေဖော်ဝါရီထဲကစပြီး စိတ်ပျော်ရွှင်ရတဲ့အချိန်တွေ နေ့ရက်တွေက မရှိသလောက်ရှားပါတယ်။” လို့ မသဉ္ဇာအေးကပြောပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စစ်ဘေးရှောင်တွေကို ကူညီနေတဲ့သူ့အတွက် အသုံးပြုနေတဲ့ ဘဏ်အကောင့်တွေ ပိတ်ခံ ရတာ၊ မလိုသူတွေရဲ့တိုက်ခိုက်မှုတွေခံရတာ၊ သူနဲ့ပတ်သက်မိရင် အန္တရာယ်ဖြစ်မှာကြောက်တဲ့ မိတ်ဆွေတွေရဲ့ ပစ်ပယ်မှု တွေလည်းကြုံခဲ့ရပြီး ဒီအပေါ်မှာ တစ်ခါတစ်လေ စိတ်ပျက်ဝမ်းနည်းမိတယ်လို့ဆိုတယ်။

ဒါပေမယ့်လည်း တော်လှန်ရေးခရီးလမ်းကကြမ်းတယ်ဆိုတာ တွေးထားတဲ့အတွက် စိတ်မလျှော့ဘဲ ကိုယ်တစ်ဦးမပါလည်း ဘာမှမဖြစ်ပါဘူးဆိုတဲ့ အတွေးအစား ကိုယ်သာပါဝင်ကူညီနေရင် ပိုအားပြည့်တယ်ဆိုတဲ့ ခံယူစိတ်နဲ့ပဲ အခက်အခဲတွေကို ကျော်ဖြတ်ခဲ့တယ်လို့ဆိုတယ်။

” လိုအပ်နေသူတွေအတွက် ငါအလုပ်လုပ်နေတာ မလိုအပ်တဲ့သူတွေ ပြောချင်ရာပြောပါစေ။ လိုအပ်သူတွေ အဆင်ပြေ သွားဖို့ အဓိကဆိုတာပဲ အမြဲနှလုံးသွင်းထားတယ်။ မြေပြင်မှာ လိုအပ်ချက်တွေမြင်နေရလေ ဒီခံယူချက်တွေက ပိုခိုင်မာလာ လေပါပဲ” လို့ မသဉ္ဇာအေးက ပြောပါတယ်။

လက်ရှိမှာတော့ မသဉ္ဇာအေးဟာ စစ်ဘေးရှောင်တွေအတွက် အခက်အခဲတွေကြား ဘယ်လိုအခြေအနေမျိုးနဲ့ပဲ ကြုံတွေ့ပါ စေ၊ လိုအပ်တဲ့နေရာတွေမှာ လူမှုကူညီရေးတွေ ဆက်လုပ်သွားမှာဖြစ်ပြီး တော်လှန်ရေးအောင်မြင်ပြီးတဲ့အခါမှာလည်း အကူအညီလိုအပ်နေတဲ့ တိုင်းပြည်အတွက် ပြည်သူ့အစိုးရနဲ့အတူတူ နိုင်ငံပြန်လည်တည်ဆောက်ရေးတွေမှာ တတ်တဲ့ ပညာနဲ့ တစ်တပ်တစ်အားပါဝင်ကူညီသွားမယ်လို့ ယခုလိုဆိုတယ်။

” တန်ဖိုးရှိတဲ့ လူတစ်ယောက်မဖြစ်ရင်တောင် တန်ဖိုးမမဲ့ဖို့၊ ရှင်သန်နေတုန်းမှာ ကြိုးစားဆောင်ရွက်ချင်တယ်။ အဓိက က တော့ လူမှုကူညီရေးလုပ်ငန်းတွေကိုပဲ ဆောင်ရွက်ရင်းဖြတ်သန်းနေမှာပါ။”

Author:

Related Articles