Home ဆောင်းပါး မတရားတာကို လက်ပိုက်ကြည့်မနေနိုင်လို့ လမ်းပေါ်ထွက်လာကြတဲ့ မသန်စွမ်းအမျိုးသမီးတွေ

မတရားတာကို လက်ပိုက်ကြည့်မနေနိုင်လို့ လမ်းပေါ်ထွက်လာကြတဲ့ မသန်စွမ်းအမျိုးသမီးတွေ

စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဆိုင်းဘုတ်ကိုင်ကာ ကြွေးကြော်သံ ဟစ်ကြွေးနေတဲ့ ဝှီးချဲနဲ့အမျိုးသမီးကြီးတစ်ဦးကို သပိတ် စစ်ကြောင်းတစ်ခုရဲ့ ရှေ့ဆုံးမှာ မြင်တွေ့ရပါတယ်။

သူကတော့ ခန္ဒာအောက်ပိုင်း မသန်စွမ်းဖြစ်နေတဲ့ အသက် ၆၇နှစ်အရွယ် ဒေါ်မြင့်မြင့်စိန်ပဲဖြစ်ပါတယ်။ ဒီခေတ်မှာ အာဏာ ရှင်ဆန့်ကျင်ဖို့အတွက် လမ်းပေါ်ထပ်ထွက်ရလိမ့်မယ်လို့ ဒေါ်မြင့်မြင့်စိန်တစ်ယောက် မတွေးခဲ့မိပါဘူး။ ဒါပေမယ့် ဖေဖော်ဝါ ရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် သူလည်း လမ်းပေါ်ထွက်လာရပါတော့တယ်။

သူက လမ်းပေါ်ထွက်တာ အခုမှမဟုတ်ပါဘူး။ အသက် ၃၀ ကျော်အရွယ် ရှစ်ဆယ့်ရှစ်အရေးအခင်းမှာလည်း ပါဝင်ခဲ့သူပါ။

“ ကျွန်မတို့ကလည်း စစ်အစိုးရအုပ်ချုပ်တာမကြိုက်ဘူး။ ကျွန်မတို့ရဲ့အနာဂတ်တွေ ပျောက်ဆုံးကုန်မှာလေ။ ကျွန်မတို့ မှာလည်း ရည်ရွယ်ချက်တွေ ယုံကြည်ချက်တွေရှိတယ်။ မသန်စွမ်းတွေအနေနဲ့ကလည်းလုံးဝလက်မခံပါဘူး။ စစ်အစိုးရ အုပ်ချုပ်တာကို လုံးဝလက်မခံနိုင်တဲ့အတွက်ဆန္ဒထွက်ပြတာဖြစ်တယ်” လို့ ဒေါ်မြင့်မြင့်စိန်ကသူ့ခံစားချက်ကိုဖွင့်ဟပါတယ်။

ကိုယ်တိုင်က စစ်အုပ်ချုပ်ရေးအောက် ဖြတ်သန်းခဲ့ရသူဖြစ်တဲ့အတွက် စစ်အာဏာရှင်စနစ်ရဲ့ ဆိုးမွေတွေကို ကောင်းစွာ ခံစားခဲ့ဖူးသူလည်းဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်အောက်မှာ တိုင်းပြည်ဟာ အဖက်ဖက်က နိမ့်ကျခဲ့တာ ဖြစ်တဲ့အတွက် မသန်စွမ်းသူတွေရဲ့ ပညာရေး၊ကျန်းမာရေးနဲ့ အခွင့်အရေးတွေဟာလည်း နောက်ကျကျန်ခဲ့ရပါတယ်လို့ သူကဆိုပါတယ်။

စစ်အစိုးရလက်ထက်ကို ပြန်ရောက်သွားမယ်ဆိုရင် မသန်စွမ်းသူတွေရဲ့ အခွင့်အရေးတွေက ပိုတိုးတက်ဖို့ထက် ပိုပြီးကျပ် တည်းလာမယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ မသန်စွမ်းအမျိုးသမီးတွေက ဆိုပါတယ်။

ဒါကြောင့် အာဏာသိမ်းတဲ့ဖြစ်စဉ်အပေါ်မှာ အခြားသော ပြည်သူလူထုနည်းတူ မသန်စွမ်းသူတွေဟာလည်း လက်မခံနိုင်ကြ တဲ့အတွက် ဝှီးချဲအသုံးပြုသူ၊ ချိုင်းထောက်အသုံးပြုသူ၊ အမြင်အာရုံချို့ယွင်းသူ၊ အကြားအာရုံချို့ယွင်းသူတွေပါဝင်တဲ့ မသန်စွမ်းသူတွေရဲ့ သပိတ်စစ်ကြောင်းဟာ အာဏာရှင်ဆန့်ကျင်ဖို့ လမ်းမပေါ်ထွက်လာခဲ့ကြတာပါ။

အသက် ၃၅ နှစ်အရွယ် မတင်နီလာဝင်းကလည်း “ဒီမိုကရေစီလမ်းကြောင်းကိုသွားမယ်ဆိုရင် မသန်စွမ်းသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ပညာသင်ခွင့်တွေအများကြီးကောင်းလာနေပြီ ဒီလိုအနေအထားမှာ ပြန်ပြီးထိန်းချုပ် ခံလိုက်ရတာ အဆင်မပြေဘူးပေါ့။ ဒီဟာတွေကအရမ်းအရေးကြီးတယ်၊ ဒီလိုဟာတွေဆုံးရှုံးရမှာကြောက်တယ်၊ အမတို့ အနာဂတ်မှာရှိနေသေးတဲ့ မသန်စွမ်းသူတွေအတွက် အခွင့်အရေးတွေ ဆုံးရှုံးသွားမှာကြောက်တဲ့စိတ်တွေနဲ့ သပိတ်စစ် ကြောင်းတွေမှာ ပါဝင်ဖြစ်တာ” လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်ဖြစ်ပုံကို ပြောပြပါတယ်။

မသန်စွမ်းသူတွေကို တချို့အခြေအနေတွေမှာ ခွဲခြားဆက်ဆံမှုတွေရှိနေပင်မယ့် အခုလို သပိတ်စစ်ကြောင်းတွေမှာ မသန် စွမ်းတွေပါဝင်တဲ့ အခါမှာတော့ ပြည်သူလူထုက အားပေးကြကူညီကြတယ်လို့ဆိုပါတယ်။

“ ဆန္ဒပြတဲ့သူ အချင်းချင်းထဲမှာမှ ခန္တာကိုယ်ပိုင်း ချို့ယွင်းအားနဲနေကြပေမယ့်လည်း အိမ်မှာမနေဘဲ အားလုံးနဲ့ တန်းတူပါ ဝင်တဲ့အတွက် သူတို့အတွက်လည်း စိတ်ဓာတ်ခွန်အားဖြစ်တယ်၊ အမတို့ကိုကြည့်ပြီး သူတို့ကစိတ်အားတက်ကြတယ်။ အရင်တုန်းက ခွဲခြားဆက်ဆံမှုတွေရှိခဲ့တယ်ဆိုတဲ့ အမြင်တွေရှိခဲ့ရင်တောင် ဆန္ဒပြပွဲတွေမှာ မရှိတော့ဘူး ”လို့မတင်နီလာ ဝင်း သူ့ခံစားချက်ကိုဖွင့်ဟပါတယ်။

မသန်စွမ်းသူတွေဟာ ပုံမှန်အချိန်ကာလတွေမှာတောင် သွားရေးလာရေး အခက်အခဲတွေရှိနေတာဖြစ်ပြီး အခုလို သပိတ် စစ်ကြောင်းတွေမှာ ပါဝင်တာဟာ မသန်စွမ်းသူတွေအတွက် ခက်ခဲပင်ပန်းတဲ့ အနေအထားတစ်ခု ဖြစ်ပါတယ်။

ဝှီးချဲနဲ့ သွားလာရသူတွေဟာ အဖော်ပါမှ အဆင်ပြေသလို၊ ချိုင်းထောက်အသုံးပြုရသူတွေဟာလည်း ကြာရှည်မတ်တပ် ရပ်တဲ့အခါမှ ခြေထောက်နာတာ စတဲ့အခက်အခဲတွေရှိတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ မသန်စွမ်းအမျိုးသမီးတွေက ဆိုပါ တယ်။

“ တကယ်တမ်းကျ ကျွန်မတို့အပြင်ထွက်ရတာ မလွယ်ဘူး။ ကျွန်မဆို အောက်ပိုင်းသေတာဖြစ်တဲ့အတွက် ဆီးဝမ်းကိစ္စ တွေရှိတယ်။ ကျွန်မတို့ ဒါတွေကိုလုံးဝမမှုဘဲနဲ့ ထွက်တာ ဒါတွေကို ဒုက္ခခံပြီးထွက်တာ မသန်စွမ်းတွေအတွက်က ဒီလို တကယ်ကိုခက်ခက်ခဲခဲနဲ့ ဆန္ဒပြင်းပြလွန်းလို့ထွက်တာ” လို့ဒေါ်မြင့်မြင့်စိန်က သူ့အခက်အခဲကိုပြောပြပါတယ်။

ဒီလိုအခက်အခဲအချို့ရှိနေပေမယ့်လည်း မသန်စွမ်းအမျိုးသမီးတွေဟာ တက်နိုင်သလောက် သပိတ်စစ်ကြောင်းတွေမှာ လိုက်ပါနေကြတာကိုတွေ့ရပါတယ်။

မတရားတာကို လက်ပိုက်ကြည့်မနေနိုင်တဲ့အပြင် မသန်စွမ်းတွေရဲ့ သဘောထားဟာလည်း အများပြည်သူနဲ့ အတူရှိတာ ကို ပြသချင်တဲ့အတွက် အခက်အခဲတွေရှိနေပေမယ့် သပိတ်စစ်ကြောင်းမှာ လိုက်ပါရတာဖြစ်တယ်လို့ အသက် ၃၄ နှစ် အရွယ် မစိုးမိုးဦးကပြောပါတယ်။

မသန်စွမ်းတစ်ဦးဖြစ်သူ မထက်ထက်အောင်က “ သူများတွေလိုနေ့တိုင်းသွားချင်တယ်။ ဒါပင့်မယ့်လမ်းကြာကြာမလျှောက်နိုင် တဲ့အတွက် အဲ့လိုအခက်အခဲလေးတွေ ကြောင့် နေ့တိုင်းမလိုက်ဖြစ်တာ၊ စိတ်ကတော့ သူများတွေသွားသလိုသွားချင် တယ်။ အားကျတယ်။ နေ့တိုင်းမလိုက်နိုင်တဲ့အတွက် ကိုယ့်ကိုယ် တခါတလေကျ စိတ်မကောင်းဖြစ်တယ်”လို့ ဆိုပါတယ်။

သပိတ်စစ်ကြောင်းမှာပါဝင်တဲ့ မသန်စွမ်းအမျိုးသမီးတွေဟာ တခြားပြည်သူတွေနည်းတူ ကိုယ်တိုင်ရွေးချယ်တင်မြောက် ထားတဲ့ အစိုးရရဲ့ အုပ်ချုပ်မှုကိုသာ မြင်တွေ့ချင်တဲ့ စိတ်ဆန္ဒလည်းရှိကြပါတယ်။

ဒါကြောင့်လည်း ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ကာလ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ အချိန်မှာတောင် အခက်အခဲတွေ အများ ကြီးရှိတဲ့ကြားက မသန်စွမ်းတွေ မဲထွက်ပေးခဲ့ကြတာပါ။

“ မသန်စွမ်းသူတစ်ယောက်အနေနဲ့ အပြင်ထွက်မယ်ဆိုရင် ကိုဗစ်ကိုအရမ်းသတိထားရတယ်။ သူများရဲ့အကူအညီ ယူရတာရှိတယ်၊ အဲ့လိုအခြေအနေမှာတောင် မဲမပေးလိုက်ရမှာအရမ်းစိုးရိမ်တယ်၊ အဲ့အတွက်စိုးရိမ်စိတ်တွေကြားထဲကကို သွားပြီးတော့ ပေးခဲ့တယ်” လို့မထက်ထက်အောင်က ပြောပါတယ်။

နိုဝင်ဘာ ၈ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မသန်စွမ်းသူ စုစုပေါင်း ရှစ်သောင်းကျော် (၈၇,၀၀၀)ကျော် ပါဝင်မဲပေးနိုင်ခဲ့တယ်လို့ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီရဲ့စာရင်း တွေမှာဖော်ပြထားပါတယ်။

မသန်စွမ်းတွေဟာ အာဏာရှင်ကို တွန်းလှန်မယ်ဆိုတဲ့ ဓိတ်ဓါတ်နဲ့ လမ်းမတွေပေါ်ထွက်လာကြပေမယ့် သွားရေးလာရေး အခက်အခဲတွေတင်မက ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းတဲ့ ဖြစ်စဉ်တွေကလည်း ရှိနေတာကြောင့် သပိတ်စစ် ကြောင်းတွေမှာ ပါဝင်တဲ့ မသန်စွမ်းအမျိုးသမီးတွေအတွက် အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေအထား ဖြစ်ပါတယ်။

သပိတ်စစ်ကြောင်းတွေမှာ လိုက်ပါတဲ့အခါ အတတ်နိုင်ဆုံး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်မတွေ့အောင်ရှောင်တဲ့ နည်းလမ်းတွေကို အသုံးပြုတယ်လို့ ဆန္ဒပြပွဲတွေမှာပါဝင်တဲ့ မသန်စွမ်းသူတွေကဆိုပါတယ်။

“ လက်နက်ရှိတဲ့သူက မရှိတဲ့သူကို အကြမ်းဖက်ချင်တိုင်းဖက်နေတဲ့အခြေအနေမျိုးမှာ အမတို့တွေအနေနဲ့ကလည်း ကိုယ့်မှာအားကိုးစရာက လူထုပဲရှိတယ်”လို့ မစိုးမိုးဦးကဆိုပါတယ်။

မသန်စွမ်းသူတွေဟာလည်း ပြည်သူတွေနည်းတူ လက်နက်မပါဘဲ လိုချင်တဲ့ပန်းတိုင်အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် တာဖြစ်တဲ့အတွက် တကယ်တမ်း အကြမ်းဖက်လာခဲ့ရင်လည်း ခံရမှာပဲလို့ မထက်ထက်အောင်က တည်ငြိမ်စွာပြောပါတယ်။

“ ထွက်ပြီဆိုရင် စိတ်ကိုကြိုတင်ပြင်ဆင်ထားရတယ် အန္တရာယ်အကင်းဆုံးနေရာကို ရွေးပြီးတော့သွားရတယ်၊ တခြား သူ တွေနဲ့စာရင် အထိခိုက်အလွယ်ဆုံး အုပ်စုဖြစ်တဲ့အတွက် အဲ့ဒါတွေ သတိထားရတယ်၊ ဘာလို့ထွက်နေရလဲဆိုရင် အမ တို့ အခွင့်အရေးကိုအထိခိုက်မခံနိုင်လို့ ထွက်နေရတယ်” လို့ မတင်နီလာဝင်းက ဆိုပါတယ်။

အာဏာသိမ်းတဲ့ ဖြစ်စဉ်ကြောင့် ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းသူတွေရဲ့ အခွင့်အရေး တွေသာမက လူသားတစ်ဦးချင်းစီရဲ့ အခွင့်အရေးဆုံးရှုံးမှုတွေ ရှိနေတာပဲဖြစ်ပါတယ်။

“ မသန်စွမ်းတွေတင်မကပဲ ပြည်သူအားလုံးရဲ့ အခွင့်အရေးတွေဆုံးရှုံးနိုင်တယ်။ သူတို့က လူ့အခွင့်အရေးဆိုတာမသိဘူး၊ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဆိုတာတွေလည်း သိမှာမဟုတ်ဘူး၊ သူတို့သာဆက်အုပ်ချုပ်မယ်ဆို လူ့အခွင့်အရေး အားလုံးဆုံးရှုံးလိမ့်မယ်။ အဲ့ဟာကနောက်ဆက်တွဲ အကြမ်းဖက်မှုတွေပါလာနိုင်တယ်၊ နောက်တခုက သူတို့က ဉပဒေ ကိုလိုသလို ပြင်နေကြတာဖြစ်တဲ့အတွက် မတရားတဲ့ ဉပဒေတွေထုတ်လာနိုင်တယ်။ မတရားမှုတွေ နောက်ဆက်တွဲတွေ ဖြစ်လာနိုင်တယ်၊ သူတို့သာဆက်အုပ်ချုပ်သွားမယ်ဆိုရင် မတွေးရဲစရာပဲ” လို့မထက်ထက်အောင်ကဆိုပါတယ်။

မသန်စွမ်းသူတွေကလည်း ပြည်သူထဲကပြည်သူတွေဖြစ်တဲ့အတွက် ကိုယ့်ခံယူချက် ရပ်တည်ချက်တွေကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိတာဖြစ်တဲ့အတွက် သပိတ်စစ်ကြောင်းတွေမှာ မလိုက်ပါနိုင်ရင်တောင် CDM ကိုအားပေးဖို့ တိုက်တွန်းချင် တယ်လို့ သူကဆိုပါတယ်။

“ အခုအချိန်ကအရမ်းအရေးကြီးတယ်၊ စစ်အာဏာရှင်စနစ်ကို မနိုင်နိုင်အောင်တိုက်ဖျက်ရတယ်၊ အာဏာသိမ်းစစ်အစိုးရ ကို ဖြုတ်ချနိုင်အောင်ကြိုးစားရမယ်” လို့သူကဆိုပါတယ်။

Related Articles