Honest Information (HI)
မြေပြင်မှာ ကျည်ဆံတွေ၊ ယမ်းငွေ့တွေ တလူလူ ဖြစ်နေသလို ကောင်းကင်ယံမှာလည်း လေယာဉ်သံတွေ ဆူညံနေပြီး လက်နက်ကြီးပေါက်ကွဲသံတွေက မင်းတပ်မြို့တစ်ခုလုံးကို ဖုံးလွှမ်းထားပါတယ်။
ဒီလိုအချိန်မှာ CDF အဖွဲ့ဝင် အမျိုးသမီးလေးတွေဟာ ကျောပိုးအိတ်တွေ၊ သေနတ်တွေထမ်းရင်း ပေရာချီနက်တဲ့ တော တောင်လျိုမြောင်တွေ၊ ရေစီးသန်တဲ့ ချောင်းတွေဖြတ်ပြီးလာရတဲ့အတွက် သူတို့ရဲ့ ပင်ကိုယ်ဖြူနုတဲ့ အသားအရေဟာ ပင်ပန်းမှုကြောင့် နီမြန်းလို့နေပါတယ်။
မင်းတပ်မြို့မှာ အကြမ်းဖက်စစ်တပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF-Mindat) တို့ အကြား မေလ ၁၂ ရက်မှစလို့ လေးရက်တိုင်တိုင် နေ့၊ ညမပြတ် တိုက်ပွဲဖြစ်ခဲ့ရာမှ စစ်တပ်က ရွာသားတွေကို လူသားဒိုင်းသဖွယ် သုံးလာတာကြောင့် ဂျူလီယာတို့ပါဝင်တဲ့ CDF တပ်ဖွဲ့တွေဟာ တောထဲကို ပြန်ဆုတ်လာခဲ့ကြရတာပဲဖြစ်ပါတယ်။
သူတို့ဟာ ပင်ပန်းနွမ်းနယ်၊ ချွေးဒီးဒီးကျနေရက်နဲ့ မနားသေးဘဲ အဖွဲ့ဝင်တွေရဲ့ကျန်းမာရေးကို လိုက်လံစစ်ဆေးပေး ကုသပေးနေရပေမယ့်လို့ သူတို့က ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေ၊ လက်နက်ကိုင်တပ်က စစ်သမီးတွေ မဟုတ်ကြပါဘူး။
သူတို့ထဲက အများစုကတော့ အသက် ၂၀ ဝန်းကျင်သာရှိသေးတဲ့ တက္ကသိုလ်ကျောင်းသူလေးတွေ ဖြစ်ကြပြီး တားဆီး နေတဲ့ မိဘတွေကိုဆန့်ကျင်ကာ အကြမ်းဖက်စစ်တပ်ကို တွန်းလှန်ဖို့ လက်နက်စွဲကိုင်လာတဲ့ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။
ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ အမျိုးသမီး ၂၀ ယောက်ခန့်ပါဝင်ပြီး သူတို့တွေဟာ လိုအပ်ရင် ရှေ့တန်းထွက်တိုက်ပေး ရသလို နာမကျန်းသူတွေ ဆေးကုပေးရ၊ ယမ်းထောင်းပေးရတာတွေကအစ လုပ်ကိုင်ပေးကြရပါတယ်။
CDF- Mindat မှ အဖွဲ့ဝင် မဂျူလီယာ(အမည်လွှဲ)က “ဖမ်းထားတဲ့သူတွေကို ရှေ့မှာထားပြီး ရိုက်နှက်နှိပ်စက်နေလို့ ကျမတို့ နောက်ဆုတ်ပေးလိုက်တာပါ။ အရှုံးပေးလိုက်တာတော့ မဟုတ်ဘူး။ ကျမတို့က ဘယ်တော့မှ အရှုံး မပေးဘူး။ လောလော ဆယ်ခဏနေပြီးရင် ဆက်တိုက်ပွဲဝင်သွားမှာပါ”လို့ ပြတ်သားစွာ ဆိုပါတယ်။
အသက် ၁၉ နှစ်သာရှိသေးတဲ့ ဂျုလီယာဟာ သူရဲ့မိသားစုဝင်တွေဖြစ်တဲ့ မျက်မမြင်အဘွား၊ မိဘနှစ်ပါး၊ မောင်နှမတွေကို တောတွင်းလုံခြုံတဲ့နေရာတခုမှာ ထားရစ်ခဲ့ပြီး သူကတော့ တော်လှန်ရေးအောင်မြင်မှ ပြန်လာမယ်လို့ ကြိမ်းဝါးထားတဲ့သူပါ။
ဂျူလီယာအနေနဲ့ စစ်တပ်ရဲ့မတရားအာဏာသိမ်းမှုကို မနှစ်သက်သလို တိုင်းရင်းသားတွေအပေါ်မှာ အနိုင်ကျင့်ခဲ့တဲ့ အ တွက် စစ်တပ်ကို အရင်ကတည်းကအလိုမရှိခဲ့တာကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေးမှာပါဝင်ဖြစ်တာလို့ ဆိုပါတယ်။
ချင်းပြည်က အမျိုးသမီးတော်လှန်ရေး ဗီဇ
ချင်းတိုင်းရင်းသားတွေဟာ ကိုယ့်ဒေသ၊ ကိုယ့်ပြည်သူတွေကို လုံခြုံမှုပေးဖို့ ရရာလက်နက်စွဲပြီး ခုခံမှုပြုတာ အခုမှမဟုတ် သလို တိုက်ပွဲမှာ အမျိုးသမီးတွေ ပါဝင်တိုက်ခိုက်တာလည်း အထူးအဆန်းတော့မဟုတ်ပါဘူး။ တီးတိန်မြို့နယ်မှာရှိတဲ့ နာမည်ကျော် ရှားလုံခံတပ်မှာဆိုရင် အမျိုးသားခံတပ်နဲ့ အမျိုးသမီးခံတပ်ဆိုပြီး ခွဲထားတာကို ကြည့်ချင်းအားဖြင့် ခေတ် အဆက်ဆက်က ချင်းအမျိုးသမီးတွေဟာ တော်လှန်ရေးမှာ ပါဝင်ခဲ့တယ်ဆိုတာ သက်သေပါပဲ။
လူဦးရေတစ်သောင်းခွဲနဲ့ နှစ်သောင်းကြားမှာရှိတဲ့ မင်းတပ်မြို့လေးဟာ သစ်တောသစ်ပင်တွေ အုပ်အုပ်စိုင်းစိုင်းနဲ့ အေးမြ ကြည်လင်တဲ့ စမ်းချောင်းလေးတွေအပြင် ရှားပါးသစ်ခွတွေ၊ သားဌက်တိရစ္ဆာန်ပေါများပြီး နေချင်စဖွယ် အေးချမ်းသာယာ တဲ့ မြို့လေး ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်မှာ မတရားမှုကို အလိုမရှိတဲ့ မင်းတပ်ဒေသခံတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြရာမှ ဒေသခံတွေနဲ့ စစ်တပ်တို့ ထိပ်တိုက်တွေ့ကြတဲ့အတွက် မင်းတပ်ဟာ မငြိမ်မသက်နဲ့ သေနတ်သံတွေ ဆူညံတဲ့ ဒေသဖြစ်လာခဲ့တယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်က စစ်တပ်ဟာ ဗိုလ်ချုပ်ရုပ်ထုရှေ့မှာ လူမဲ့သပိတ်လုပ်ဖို့ စာတမ်းကပ်နေတဲ့ သပိတ်အဖွဲ့က အမျိုး သမီးလေးယောက်နဲ့ အမျိုးသားနှစ်ယောက်ကို ဖမ်းဆီးလိုက်တဲ့အတွက် ဒေသခံတွေက ပြန်လွှတ်ပေးဖို့ ငြိမ်းချမ်းစွာ တောင်းဆိုရာမှ တိုက်ပွဲဖြစ်ဖို့ လမ်းစဖြစ်လာခဲ့ပါတယ်။
ဒေသခံပြည်သူတွေက ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုမှုတွေ လုပ်ခဲ့ပေမယ့် စစ်တပ်က မလွှတ် ပေးတဲ့အတွက် ဧပြီလ ၂၇ ရက်မှာ ဒေသခံတွေက မြို့တွင်းမှာရှိတဲ့ စစ်အင်အား ၃၀ ခန့်ကို နှစ်ဖက်ညှပ်ပိတ် ထားလိုက် ပါတယ်။
အဲ့ဒီအချိန်ကျမှ စစ်တပ်က သူတို့တပ်သားတွေကို လွှတ်ပေးဖို့ ဆွေးနွေးမှု စတင်ကမ်းလှမ်းခဲ့လာတဲ့အတွက် ဒေသခံတွေက လတ်တလော ဖမ်းထားတဲ့ ခုနစ်ယောက်အပြင် ယခင်ဖမ်းထားတဲ့ ငါးယောက်ပါ လွှတ်ပေးဖို့ ညှိနှိုင်းရာ တပ်သား ၃၀ လွှတ်ပေးမှ ငါးယောက်ကို လွှတ်ပေးဖို့ စဉ်းစားမယ်လို့ ဆိုပါတယ်။
ဒေသခံတွေက တပ်သား ၃၀ ကိုလွှတ်ပေးလိုက်ပေမယ့် စစ်တပ်ကတော့ ခုနစ်ယောက်သာ အရင်လွှတ်ပေးလိုက်ပြီး ကျန်ငါး ယောက်ကို ချန်လှပ်ထားကာ စစ်တပ်နဲ့ ဒေသခံတို့ ဆက်လက်ညှိနှိုင်းဖို့ သဘောတူခဲ့ကြပါတယ်။
ရက်စက်စွာဖြိုခွင်းတဲ့ စစ်အကြမ်းဖက်တပ်
ဒါပေမယ့် မေလ ၁၂ရက်မှာ ဆွေးနွေးပွဲ ပျက်တဲ့အချိန်ကစပြီး စစ်တပ်ဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အင်အား အလွန်အကျွံသုံးကာ မင်းတပ်ကို စတင်တိုက်ခိုက်လာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တူမီးသေနတ်တွေနဲ့ ခုခံ တိုက်ခဲ့ရတယ်။
မဂျူလီယာက“ဆွေးနွေးပွဲပျက်သွားတာကစပြီး စစ်တပ်က လက်နက်အကြီးစားတွေနဲ့ပစ်တယ်။ အင်အားအလုံးအရင်းနဲ့ ကျမတို့ကို တိုက်ခိုက်ခဲ့တာ။ ကျမတို့ကလည်း လက်နက်ချင်းမမျှပေမယ့် ရတဲ့နည်းနဲ့ ခုခံခဲ့လို့ အဲ့ဒီနေ့ကတစ်ယောက်ကျ သွားတယ်။ ငါးယောက်လောက်တော့ ဒဏ်ရာရခဲ့တယ်”လို့ ရှင်းပြပါတယ်။
ယမ်းငွေ့တလူလူ ကြားထဲကနေ သေနတ်တွေ အဆက်မပြတ်ပစ်ဖောက်ကာ တဖက်ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ် နေတာကြောင့် မင်းတပ်ပြည်သူတွေ အိမ်အပြင်မထွက်ဘဲ နေပေးကြဖို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးက မေတ္တာရပ်ခံရတဲ့ အထိ တိုက်ပွဲက နေ့နေ့၊ ညည ပြင်းထန်ခဲ့ပါတယ်။
ဒီအချိန်မှာ စစ်တပ်ကလည်း သူတို့လူတွေဖမ်းဆီးခဲ့တဲ့ မင်းတပ်အပေါ် အငြိုးထားကာ မြို့ထဲမှာရှိတဲ့ ယောကျ်ားတွေကို လိုက်လံဖမ်းဆီးခဲ့ပြီး ရွာသား ၁၅ ယောက်လောက် အဖမ်းခံခဲ့ရပါတယ်။
အဲ့ဒီဖမ်းမိထားတဲ့ ရွာသားတွေကို စစ်တပ်က လူသားဒိုင်းသဖွယ် အသုံးချလာသလို မြင်တွေ့ရာမှန်သမျှကို လိုက်လံ ပစ်ခတ်နေတာကြောင့် မင်းတပ်ကာကွယ်ရေးတပ်က တပ်ဆုတ်ပေးလိုက်ပါတယ်။
လေးရက်တိုင်တိုင် အကြမ်းဖက်စစ်တပ်ရဲ့ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ဒေသခံ ၁၀ ယောက်သေဆုံးခဲ့ရပြီး ထိခိုက် ဒဏ်ရာရသူ ၁၀ ယောက်ခန့်ရှိကာ ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ မဂျူလီယာက ပြောပါတယ်။
စစ်တပ်ဘက်ကလည်း စစ်ကားတွေတိုက်ခိုက်ခံရတဲ့အတွက် မီးလောင်သေဆုံးတာတွေရှိတာကြောင့် အနည်းဆုံး စစ်သား ၂၀ နီးပါး ကျဆုံးနိုင်တယ်လို့ CDF အဖွဲ့က ခန့်မှန်းပြောကြားပေမယ့် စစ်တပ်ဘက်ကတော့ အရေအတွက် ဘယ်လောက် ကျဆုံးခဲ့တယ်ဆိုတာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်တပ်က မင်းတပ်မြို့ကို အင်အားပြင်းပြင်းနဲ့တိုက်နေချိန်မှာ ဟားခါးနဲ့ကန်ပက်လက်စတဲ့ ကာကွယ်ရေးတပ်တွေကလည်း မင်းတပ်နဲ့အတူ ရပ်တည်ပေးခဲ့တဲ့အတွက် စစ်တပ်ရဲ့တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။
ပြန်လည်နိုးထလာတဲ့ မင်းတပ်
ဒါပေမဲ့ မင်းတပ်က တဖန်နိုးကြားလာပြီး မေလ ၁၉ ရက်မှာ ကာကွယ်ရေးတပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲ ပြန်ဖြစ်ခဲ့ရာ စစ်တပ်ဘက်က သုံးယောက်ကျဆုံးခဲ့တယ်လို့ မင်းတပ်- CDFက ထုတ်ပြန်ထားပါတယ်။
မင်းတပ်ပြည်သူတွေအပေါ် စစ်တပ်က ဘယ်လောက်ပဲ ဖိနှိပ်မှုပြင်းထန်နေပါစေ။ စစ်အာဏာရှင် ဆန့်ကျင်ရေးကိုတော့ ရတဲ့နည်းနဲ့ ဆက်ပြီးတော်လှန်ဆန္ဒပြနေတာကိုလည်း တွေ့နေရပါတယ်။
စစ်တပ်ဟာ မင်းတပ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးတဲ့နောက်မှာတော့ မြို့တွင်းထဲရှိ နေအိမ်တွေ၊ ဆိုင်တွေထဲ ဝင်ဖောက်၊ ပစ္စည်းတွေကိုယူ၊ မယူနိုင်တဲ့ ပစ္စည်းတွေ ချိုးဖဲ့ထားသလို တချို့အိမ်တွေဆိုရင် မီးရှို့ပြီး အိမ်မွေး တိရစ္ဆာန်တွေကိုလည်း သတ်ဖြတ် စားသောက်တာတွေ လုပ်ခဲ့ကြတယ်။
ဒါ့အပြင် စစ်တပ်က စားသောက်ဆိုင်တချို့က ဖမ်းမိထားတဲ့ အမျိုးသမီးလေးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ကိုယ်ထိလက်ရောက်ရမ်းကားမှုတွေ ပြုလုပ်တာတွေရှိတယ်လို့ ဒေသခံတချို့က ပြောပြကြပါတယ်။
မေလ ၁၇ ရက်ကလည်း စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တယောက် ဘယ်ဘက်ပုခုံးမှာ ကျည်ထိမှန်ခဲ့ပြီး စိုးရိမ်ရတာကြောင့် မန္တလေးမှာ သွားရောက်ဆေးကုသမှုခံယူနေရပါတယ်။
နေအိမ်ထဲမှာ စစ်ဘေးပုန်းနေရသူတွေ
စစ်တပ်ရဲ့အကြမ်းဖက်မှုတွေဟာ ပြင်းထန်ရက်စက်လာတဲ့အတွက် ဒေသခံအမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ အဘိုး အဘွားတွေဟာ တောရွာတွေထဲ ထွက်ပြေးကြပေမယ့် ပိတ်မိပြီး ကျန်ရစ်သူ လူနှစ်ထောင်နီးပါးရှိတယ်လို့ အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ မင်းတပ်ဒေသခံ ဒေါ်အက်စတာက သူထင်မြင်ချက်ကို ပြောပြပါတယ်။
ပိတ်မိနေသူတွေဟာ စစ်တပ်ကို ကြောက်တာကြောင့် အပြင်ကိုမထွက်ဝံ့ဘဲ အိမ်ထဲမှာပဲ တံခါးတွေပိတ်ကာ ဘယ်အချိန် လာဖမ်းမလဲ၊ ပစ်မလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရှိတာလေးကို ချွေတာစားသောက်ရင်း နေထိုင်ကြရတယ်။
ချင်းပြည်သူ့ကာကွယ်ရေးတပ်တွေ နောက်ဆုတ်လိုက်ပေမယ့် စစ်တပ်ဟာ မင်းတပ်မြို့ဒေသခံတွေကို ရေ၊ မီး၊ ဖုန်းနဲ့ စားစ ရာ ရိက္ခာပို့မယ့်သူတွေကိုပါ ဖြတ်တောက်ထားလိုက်တာကြောင့် ပိတ်မိနေသူတွေ အစာရေစာ ပြတ်လပ်ဒုက္ခရောက်ရမယ့် အရေးကြုံတွေ့နေရပါတယ်။
ဒါ့အပြင် မင်းတပ်မြို့ကို ကူညီဖို့လာတဲ့ အဖွဲ့တွေကို ကလေးမြို့မှာ ဖမ်းဆီးလိုက်တဲ့အတွက် စစ်ရှောင်တွေဟာ ပိုလို့ ဒုက္ခ တွေ့နေကြရပါတယ်။
ဒေါ်အက်စတာက “ရာသီဥတုကလည်း ပူတယ်။ အိမ်တွေကလည်း တံခါးအားလုံးပိတ်ထားတော့ အရမ်းပူလှောင်နေပြီး ရေအရမ်းဆာတယ်။ ချင်းပြည်က နဂိုကကို ရေရှားတာ။ အခု ဘာမှမရတော့ လူကြီးတွေက မူးဝေတာ၊ အသက်ရှုကျပ် တာတွေ ဖြစ်လာကြတယ်”လို့ ပြောပါတယ်။
ဆင်းရဲ ဒုက္ခရောက်နေရတဲ့ စစ်ဘေးရှောင်တွေ
ကိုယ့်အိမ်မှာကိုယ် စစ်ဘေးဒုက္ခရောက်နေကြသလို စစ်တပ်ရန်ကြောင့် အိမ်ရာကို စွန့်ခွာထွက်ပြေးကြတဲ့ စစ်ဘေးရှောင် တွေအနေနဲ့လည်း ဆင်းရဲကြပ်တည်းမှု မျိုးစုံကို ခံစားနေကြရပါတယ်။
စစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တိမ်းရှောင်တဲ့ ပြည်သူအရေအတွက်ဟာ လူဦးရေ တစ်သောင်းကျော်သွားပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ စစ်ဘေးရှောင်တွေအတွက် စခန်းတွေ ဖွင့်ပေးထားပေမယ့် လူဦးရေ ၅၀၀ ကျော် လောက် သာ နေထိုင်နိုင်လို့ ရပါသေးတယ်။
တောထဲမှာ တိမ်းရှောင်နေရသူတွေဆိုရင် ခက်ခဲကြမ်းတမ်းတဲ့ တောလမ်းခရီးကို ဖြတ်ခဲ့ရသလို နေရတဲ့အခါမှာလည်း မြေပြင်မှာ တာလပါတ်လေးခင်း၊ ဝါးလုံးတိုင်လေးထူကာ ပလတ်စတစ်လေးမိုးပြီး ဖြစ်သလိုနေနေကြရပါတယ်။
စားတော့လည်း တချို့က ဧပြီလကတည်းက ထွက်ပြေးလာတာဖြစ်တဲ့အတွက် စားစရာမကျန်တော့ပေမယ့် အခုမှ ပြေးလာ သူတွေနဲ့ မျှတစားသောက်နေရသူရှိသလို တချို့က စားစရာလုံးဝပြတ်လပ်နေပြီလို့ စစ်ရှောင်တွေက ဆိုကြပါတယ်။
စစ်ရှောင်လာတဲ့ အသက် ၄၅ နှစ်အရွယ် ဒေါ်မိုင်မိုင်ဆိုရင် မင်းတပ်မြို့ကနေ တောထဲကို ထွက်ပြေးတိမ်းရှောင်လာတာ ဧပြီလကဖြစ်ပြီး သူအပါအဝင် လူကြီးသုံးယောက်၊ ကလေးငါးယောက်နဲ့ ရုတ်တရက် တိမ်းရှောင်လာရတာကြောင့် စားစရာ အလုံအလောက်မပါခဲ့ပါဘူး။
သူတိမ်းရှောင်လာတာ တစ်လနီးပါးရှိလာဖြစ်တဲ့အတွက် သူ့အဝတ်အစားတွေဟာ ညစ်နွမ်းနေပြီး အကျီအနားတွေက လည်း စုတ်ဖွာလို့နေပါတယ်။ သူရဲ့ပင်ကိုယ်အသားအရောင်ဟာ နေ၊ လေ၊ ရေတို့ကြောင့် အညိုကနေ အမဲဘက်ကို ရောက်လုလု ဖြစ်နေပါပြီ။
သူရဲ့ကလေးတွေက စမ်းချောင်းရေတွေနဲ့ ဓါတ်မတည့်တဲ့အတွက် ယားနာတွေဖြစ်ကာ ညဆိုအိပ်မရလို့ ငိုကြတဲ့အတွက် လူကြီးတွေမှာ မျက်လုံးဟောက်ပဲ့ ဖြစ်နေကြပါတယ်။
“ အရင်ကတည်းက မင်းတပ်မှာဖျားနာတာ၊ ဝမ်းလျောတာ၊ ဆေးခန်းကလည်းမရှိတော့ အရမ်းခက်ခဲတယ်။ ကျမကလေး နှစ်ယောက်ဆို ဝမ်းပျက်နေတာ၊ ဖျားတဲ့သူလည်းရှိတယ်” လို့ သူက ဆိုပါတယ်။
အဲ့ဒါကြောင့် “ လက်ရှိလိုအပ်နေတာတော့ ရိက္ခာပါပဲ။ နောက်ဆေးပေါ့။ နေဖို့ တဲတွေလည်းလိုချင်တယ်။ ဟိုနေ့က မိုးရွာ တော့လေ ကလေးတွေကို ချီပြီးမတ်တပ်အိပ်ရတယ်။ ရေရှည်အတွက်တော့ မိုးရွာရင်တောင်ပြိုမှာလည်း ကြောက်ရ သေး တယ်” လို့ ဒေါ်မိုင်မိုင်က သူတို့ကြုံနေရတဲ့ အခက်အခဲကို ရှင်းပြပါတယ်။
ဒါ့အပြင် သူတို့နေထိုင်တဲ့ အနီးအနားမှာ မွေးဖွားခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီး သုံးယောက်ရှိနေသလို မွေးဖွားပြီးစ မီးနေသည် အမျိုးသမီး သုံးယောက်လည်း ရှိနေပြီး သူတို့လည်း စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
ကိုယ်ဝန်ဆောင်တွေကတော့ အမျိုးသမီးအချင်းချင်း ကူညီမွေးဖွားပေးကြမှာဖြစ်ပေမယ့် လိုအပ်တဲ့အဟာရနဲ့ မိခင်တွေ အတွက် လုံခြုံနွေးထွေးမယ့်နေရာတွေ လိုအပ်တယ်လို့ ဒေါ်မိုင်မိုင်က ဆိုပါတယ်။
ဒေါ်မိုင်မိုင်ကတော့ စစ်တပ်ရဲ့ အကြမ်းဖက်ပစ်မှုတွေကြောင့် အေးချမ်းနေတဲ့ သူတို့ဘဝလေးဟာ တကွဲတပြား ဖြစ်သွားရ သလို သူတို့အိုးအိမ်တွေလည်း ဖျက်စီးခံလိုက်ရတာကြောင့် စစ်အာဏာရှင်စနစ်ကို အလိုမရှိဘူးလို့ ပြောပါတယ်။
ဒါ့အပြင် “စစ်တပ်အမြန်ဆုံး ကျဆုံးပါစေ”လို့လည်း ဒေါ်မိုင်မိုင်က ဆုတောင်းနေပါတော့တယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021