Home ဆောင်းပါး ကျမတို့ရဲ့ နောက်မျိုးဆက်ကို ဆိုးမွေတွေနဲ့ ကြီးပြင်းခွင့်မပြုဘူး

ကျမတို့ရဲ့ နောက်မျိုးဆက်ကို ဆိုးမွေတွေနဲ့ ကြီးပြင်းခွင့်မပြုဘူး

မြတ်စုမွန်။ ။

မြန်မာ့လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေကို နေရာပေးချင်တဲ့ စေတနာအားနည်းတယ်၊ အမျိုးသမီးတွေအပေါ် ခွဲခြားနှိမ်ချ ဆက်ဆံတဲ့ အစဉ်အလာတွေ ကြီးစိုးနေတုန်းပဲလို့ ပြောမိရင် မိတ်ဆွေ အမျိုးသားအချို့က ဆတ်ဆတ်ထိမခံ ဖြစ်ကြတယ်။ “ အမျိုးသမီးတွေ အရည်အချင်းရှိရင် နေရာရမှာပေါ့၊ အရည်အချင်း ရှိအောင်သာ ကြိုးစားပြလေ” လို့ ထေ့လုံးလေးနဲ့ ပြန်ဖြေကြလေ့ရှိတယ်။

ပြီးတော့ အိန္ဒိယလို၊ အာဖကန်နစ္စတန်လို နိုင်ငံမျိုးတွေက အမျိုးသမီးတွေနဲ့ ယှဉ်ပြပြီး၊ မြန်မာပြည်က အမျိုးသမီးတွေ ဘယ်လောက်အခွင့်အရေးတွေရတဲ့အကြောင်း စီကာပတ်ကုံး စကားနိုင်ပြန်လုကြတယ်။

ဒါဟာ ပညာလည်းတတ်၊ ဖြန့်ကျက်တွေးတောနိုင်စွမ်းရှိတဲ့ ခေတ်ပညာတတ်အမျိုးသားတွေဆီက ကြားရလေ့ရှိတဲ့ စကား တွေပါ။

တကယ်တမ်း ကျမတို့ရင်ဆိုင်နေရတဲ့ အရာတွေက အသေးစိတ်လွန်း၊ သိမ်မွေ့လွန်းတဲ့အခါ ကိုယ်တိုင် မခံစားဖူးသူတွေက ကိုယ်ချင်းစာတတ်ဖို့ ခဲယဉ်းပါတယ်။ ကိုယ်တိုင်မခံစားဖူးသူတို့အဖို့ အသေးစိတ်လေးတွေလို့ ထင်ရပေမယ့် ဒါက တကယ်ကို ခံရခက်တဲ့ အတွေ့အကြုံတွေပါပဲ။

တခါတုန်းက အိမ်ထောင်စု ဇယားတစ်ခုထဲမှာမပါသေးတဲ့ အမျိုးသားကို ထပ်ပေါင်းဖြည့်ဖို့အတွက် လူဝင်မှုကြီးကြပ်ရေး ရုံးကို သွားခဲ့ကြတယ်။ အိမ်ထောင်စုဇယားဖြည့်ပေးတဲ့ မိန်းကလေးက ကျမအမျိုးသားရဲ့ အလုပ်အကိုင်ကို မေးတယ်။ ပြောပြတယ်။ ပြီးတော့ ကျမတို့ ထိုင်စောင့်ကြတယ်။

အိမ်ထောင်စုဇယားအသစ် ပြန်ပြင်လုပ်ပေးတာ နေ့တဝက်လောက်ပဲ ကြာပါတယ်။ လက်ထဲကို အိမ်ထောင်စုဇယား ရောက်လာလို့ တခုချင်းဖတ်ကြည့်လိုက်တော့ ကျမနာမည်ဘေးက အလုပ်အကိုင်နေရာမှာ ‘မှီခို’ လို့ ရေးထားတယ်။

ဒါနဲ့ ကျမက စာရေးမလေးကို “ညီမလေးရေ… အစ်မက ‘မှီခို’ မဟုတ်ဘူး” လို့ပြန်ပြောတော့ သူက ပြန်ပြောတယ်။ “အမျိုးသမီးဆိုတော့ မှီခိုပဲ ထင်လိုက်လို့ပါအစ်မ၊ ပြန်ပြင်ပေးပါ့မယ်” တဲ့။ အဲဒါနဲ့ပဲ ကျမတို့အိမ်ထောင်စုဇယားရဲ့ အလုပ် အကိုင်နေရာမှာ မင်ဖျက်နဲ့ ဖျက်ထားတဲ့ အပေါ်မှာ ကျမရဲ့ အလုပ်အကိုင်ကို ထပ်ပြီးရေးပေးလိုက်ပါတယ်။

အဲဒီ လ.ဝ.က ဝန်ထမ်းအမျိုးသမီးငယ်ရဲ့ “အမျိုးသမီးဆိုတော့ မှီခိုပဲ ထင်လိုက်လို့ပါအစ်မ”ဆိုတဲ့စကားဟာ ကျမတို့ လူမှု အသိုင်းအဝန်းထဲမှာ အမျိုးသမီးတွေကို တဆင့်နှိမ့်တွေးခေါ်တဲ့ အယူအဆတွေ တွင်တွင်ကျယ်ကျယ် ရှိနေတုန်းပဲဆိုတဲ့ နမူနာတခုပါ။ သေစာရှင်စာ ဖတ်တတ်ရင်ပြီးရော၊ အိမ်မှုကိစ္စလုပ်ဖို့အတွက် သမီးမိန်းကလေးကို ကျောင်းစာသင်ခန်းတွေ ကနေ ဆွဲထုတ်ခဲ့ကြတဲ့ အကျိုးဆက်တွေလို့ပဲ ပြောရမှာပဲ။ သားယောက်ျားလေးဟာ အခွင့်အရေး ပိုရရှိခဲ့ကြတယ်ဆိုတာ သက်သေသာဓကတွေ အများကြီးရှိခဲ့တယ်ဆိုတာကို ပြတာပါပဲ။

တလောက ကျမရဲ့ မိတ်ဆွေတယောက်ဟာ ဆိုင်ကယ်အခိုးခံရပါတယ်။ ဆိုင်ကယ်ပြန်ရဖို့ သူ့ဘာသာသူ ကြိုးစားရင်းနဲ့ နောက်ဆုံး သူခိုးလက်ခံ ဆိုင်ကယ်ဝယ်သူတယောက်ဆီကနေ ပြန်တွေ့ပါတယ်။ အမှုဖွင့်ထားတဲ့အတွက် ပစ္စည်းပြန်တွေ့ သည့်တိုင် ချက်ချင်းယူလို့မရဘဲ တစုံတယောက်က အာမခံပေးမှ ထုတ်ယူလို့ရမယ့်အရေးနဲ့ ကြုံရပါတယ်။

အဲဒီအခါမှာ အလုပ်အကိုင်နဲ့ စီးပွားရေးလုပ်ငန်းတခုကို ဦးစီးလုပ်နေတဲ့ မိန်းကလေးသူငယ်ချင်းတယောက်က အာမခံ အတွက် ကူညီပေးတယ်။ ဒါပေမယ့် ရဲစခန်းက အဲဒီမိန်းကလေး အာမခံပေးတာကို လက်မခံဘူး။ အကြောင်းအရင်း ကတော့ အဲဒီမိန်းကလေးက အိမ်ထောင်မရှိသူ၊ မိန်းမပျိုတယောက် ဖြစ်နေလို့ပါတဲ့။ အိမ်ထောင်ဘက် ယောက်ျားသား တယောက်ရှိမှ ဒါမှမဟုတ် အိမ်ထောင်ဦးစီးယောက်ျားဖြစ်မှ အာမခံပေးလို့ရမယ်လို့ ရဲက ပြောတယ်။

မခံချိမခံသာနဲ့ အိမ်ပြန်လာရတဲ့ အဲဒီမိန်းကလေးရဲ့ ခံစားချက်မျိုး ဘယ်ယောက်ျားမှ ခံစားဖူးမှာမဟုတ်ဘူး။ ဒါဟာ မခံစား ဖူးသူတို့အဖို့ အသေးအဖွဲလို့ထင်ရပေမယ့် ကိုယ်ပိုင်အရည်အချင်းကို တန်ဖိုးထားတဲ့ အမျိုးသမီးတွေအတွက်တော့ တော်တော်စိတ်ပျက်စရာကောင်းတဲ့ ခံစားချက်ပါပဲ။ ဒါတွေဟာ အမျိုးသမီးတွေဆိုတဲ့ အမျိုးသားတွေထက် စွမ်းဆောင်ရည် တဆင့်နိမ့်တယ်၊ နောက်ကွယ်မှာ နေရမယ်ဆိုတဲ့ လူမှုဝန်းကျင်ရဲ့ ပုံစံခွက်တစ်ခုပါပဲ။

ဒီပုံစံခွက်တွေအားလုံးဟာ ရှေ့မျိုးဆက်တွေရဲ့ ဆိုးမွေတွေထဲက တစ်ခုလို့ပြောရပါမယ်။ ကျမတို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေကို နေရာမပေးလိုတဲ့စိတ်၊ အမျိုးသမီးဆိုတာ ဦးဆောင်ဦးရွက်ပြုရမယ့်နေရာမှာ မရှိသင့်ဘူးဆိုတဲ့ အမြင် တွေဟာ အမြစ်တွယ်နေတယ်။ ဦးစီးခေါင်းဆောင်ပြုနိုင်တဲ့ အရည်အချင်းရှိသူ အမျိုးသမီးတွေကို အားပေးထောက်ခံဖို့၊ သူ့ရဲ့အရည်အချင်းနဲ့ အားသာချက်တွေကို အသိအမှတ်ပြုဖို့ထက် သူ့ရဲ့ ကျား၊ မ ဖြစ်တည်မှုအပေါ် ချိုးဖဲ့ချင်တဲ့စိတ်၊ ထိုးနှက်ချင်တဲ့ စိတ်တွေကို ထင်ထင်ရှားရှားတွေ့ရ မြင်ရတယ်။

တနေ့က လူမှုကွန်ရက်ပေါ်မှာ ပန်းချီပုံလေးတပုံတွေ့တယ်။ ရင်ဖုံးအင်္ကျီဝတ်၊ ပန်းတွေဝေနေအောင်ပန်ထားတဲ့ ဒေါ်အောင် ဆန်းစုကြည်ကို နှုတ်ခမ်းမွှေးကားကား၊ မျက်ခုံးထင်းထင်း၊ လေးထောင့်ကျကျ မျက်နှာ၊ ယောက်ျားကြီး တစ်ယောက် ရဲ့သဏ္ဍန်နဲ့ တူအောင်ဆွဲထားတဲ့ ပန်းချီကားတချပ်ပါ။ အဲဒီပန်းချီကားကိုဖန်တီးသူရဲ့ ရည်ရွယ်ချက်ကို အတိအကျ မသိပေမယ့် အတွေးပွားစရာတွေ ပေါ်လာတယ်။

ကျမနေထိုင်ရာ ပတ်ဝန်းကျင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လက်မခံတဲ့လူတွေရှိတယ်။ မထောက်ခံတဲ့လူတွေ ရှိကြတယ်။ သူတို့အများစုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ဝေဖန်စကားပြောလိုက်ရင် “အသက်ကြီးမှ နားဆွဲ တရမ်းရမ်းနဲ့” ၊ “ဒေါက်ဖိနပ်စီးပြီး အလှပြနေတယ်” ၊ “နိုင်ငံခြားသားကို ယူတယ်” စတဲ့စကားလုံး တွေကိုပဲ ထပ်တလဲလဲ ကြားရလေ့ ရှိတယ်။ ဒီလိုစကားမျိုးတွေကို သူ့ကို မထောက်ခံတဲ့ ယောက်ျား၊ မိန်းမ အားလုံးက ပြောကြလေ့ရှိတယ်။ သူတို့စကားလုံး တွေမှာ မိန်းမတစ်ယောက်ပေါ် မနာလို၊ မရှုစိမ့်မှုတွေကို အထင်သား မြင်နေရတယ်။

အဲဒီ ပန်းချီကို မြင်လိုက်ရတဲ့ အချိန်မှာ ဖြတ်ကနဲ တွေးမိတာက သူတို့တွေ ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်ရခြင်း၊ မထောက်ခံရခြင်းတွေရဲ့အဓိကအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မိန်းမတစ်ယောက်ဖြစ်နေလို့ပဲဆိုတာ တွေးမိ တယ်။ သူသာ ယောက်ျားတယောက် ဖြစ်နေမယ်ဆိုရင် သူတို့ရဲ့သဘောထားက တမျိုးတမည်ပြောင်းနိုင်တယ်။

ကျမတို့ပတ်ဝန်းကျင်မှာ “မိန်းမဖျက်လို့ ပြည်ပျက်တယ်” ၊ “မိန်းမတန်မဲ့နဲ့” ၊ “မိန်းမက မိန်းမနေရာ မနေဘူး” စတဲ့ အရိုးစွဲ နေတဲ့ အသုံးအနှုန်းတွေ၊ သတ်မှတ်ချက်တွေနဲ့အတူ အမျိုးသမီးတွေကို ရှေးရိုးအယူအဆဟောင်းတွေထဲကနေ ရှုမြင်နေ တယ်ဆိုတာ သက်သေတွေပါပဲ။

ဒါတွေတင်ပဲလားဆိုတော့ ယောက်ျားတွေဖြစ်တဲ့ စစ်ခေါင်းဆောင်တွေရဲ့ သိက္ခာမဲ့တဲ့လုပ်ရပ်တွေ၊ လူမပီသတဲ့ လုပ်ရပ် တွေကို ဝေဖန် အပြစ်တင်တဲ့အခါမှာ အမျိုးသမီးအသွင်အပြင်ဝတ်စားဆင်ယင်ထားတဲ့ ကာတွန်းတွေဆွဲတာ၊ အမျိုးသမီးကို နာမ်စားပြုတဲ့ အသုံးအနှုန်းတွေနဲ့ နာမည်ပြောင် ခေါ်ဝေါ်တာတွေ ပြုလုပ်ကြပြန်တယ်။

ဒီလိုအောက်တန်းကျတဲ့ အလုပ်မျိုးတွေ၊ နိမ့်ကျတဲ့အလုပ်မျိုးတွေကို ယောက်ျားတွေက မလုပ်ဘူး၊ မိန်းမတွေကမှ လုပ် တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ပြောင်ပြောင်တင်းတင်း ဖော်ပြနေတယ်။ “မိအောင်လှိုင်”၊ “အခြောက်မ” ၊ “ဂန်ဒူး” စသဖြင့် လိင်စိတ်ခံယူမှု ကွဲပြားသူတွေနဲ့ နှိုင်းယှဉ်လှောင်ပြောင်ကြတယ်။ အရည်အချင်းမရှိဘဲ နေရာလုနေတဲ့ ယောက်ျားတွေကို အပြစ်တင်ချင် တာလား၊ အမျိုးသမီးတွေနဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူတွေအပေါ် နှိမ့်ချစော်ကားလိုတာလားဆိုတာ မကွဲပြားဘူး။

လူထုလက်မခံတဲ့ အမျိုးသမီးဝန်ကြီးတစ်ဦးကို သူ့အရည်အချင်းနဲ့ သူရဲ့ အသုံးမကျမှုတွေကို ဝေဖန်ထောက်ပြတာထက် အဲဒီအမျိုးသမီးက လိင်တူအိမ်ထောင်ဖက်ရှိတယ်ဆိုတဲ့အချက်ကို ပိုပြီးထိုးနှက်ကြတယ်။ အမျိုးသမီးတစ်ယောက်ဖြစ်နေ တဲ့အတွက် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်တဲ့ ရေးသားဖော်ပြမှုတွေ၊ အပုပ်ချမှုတွေကိုလုပ်ဖို့ ပိုအားသန်ကြတယ်။

မိန်းမဆိုရင် မှီခိုလို့ထင်တတ်တဲ့ တဆင့်နှိမ့်တွေးခေါ်မှုတွေ၊ အိမ်ထောင်ဦးစီးမဟုတ်လို့ အာမခံပေးလို့မရဘူးဆိုတဲ့ ကန့် သတ်ချက်တွေဟာ အရပ်ထဲက သာမာန်ဖြစ်ပျက်နေတဲ့ အသေးအဖွဲတွေလို့ထင်ရပေမယ့် မြန်မာ့လူ့အဖွဲ့အစည်းက အမျိုး သမီးတွေအပေါ် သဘောထားတွေကို လှစ်ပြနေတာပါပဲ။ အထူးသဖြင့် ယောက်ျားတွေဟာ သူတို့လိုချင်တဲ့နေရာကို အမျိုး သမီးတွေနဲ့ ထိုက်တန်လို့ အမျိုးသမီးတွေက ရောက်နေပြီဆိုရင် ပိုပြီးမနာလို မရှုစိမ့်နိုင်တာမျိုးကို လူမှုဝန်းကျင်မှာ မြင်ရ လေ့ရှိတယ်။

ဒါမျိုးတွေဟာ နေ့စဉ်လူနေမှုအသိုင်းအဝိုင်းမှာ သာမာန်ဖြစ်ပျက်နေတဲ့ အဖြစ်လားဆိုတော့ မဟုတ်ဘူး။ စဉ်းစားနိုင်စွမ်း နုံနဲ့တဲ့ သာမာန်လူတွေကြားထဲမှာပဲကျင့်သုံးနေတဲ့ အရာတွေလားဆိုတော့ မဟုတ်ဘူး။ အမျိုးသားတွေသာ အိမ်ထောင် ဦးစီးဖြစ်ခွင့်ရှိပြီး၊ အမျိုးသားတွေရဲ့ အဆုံးအဖြတ်ကိုသာ အလေးထားတာတွေစတဲ့ အဖိုကိုးကွယ်မှုဝါဒ ထွန်းကားတဲ့ တိုင်းပြည်မှာ ကျမတို့တွေ ကျား၊ မ၊ လိင်စိတ်ခံယူမှု ကွဲပြားသူ ဘယ်သူမဆို အရည်အချင်းတူရင် တန်းတူညီမျှ နေရာရ ဖို့ဆိုတာ ကာလကြာရှည်စွာ တိုက်ပွဲဝင်ရဦးမယ်။

ယောက်ျားလေးတွေဟာ ဘာအရည်အချင်းရှိတယ်၊ မရှိဘူးဆိုတာ မသိရသေးခင် အမေ့ဗိုက်ထဲမှာကတည်းက မွေးရာပါ အခွင့်အရေးတွေ ရပြီးသားဆိုတာ ကိုယ်တိုင် မိခင်တယောက်ဖြစ်လာတော့ သေချာပိုသိလာရတယ်။

ကျမဗိုက်ထဲက ကလေးကို ယောက်ျားလေးလို့ သိလိုက်ရတဲ့အချိန်မှာ ကျမမိတ်ဆွေတွေနဲ့ ပတ်ဝန်းကျင်က လူအများစုရဲ့ စကားလုံးတွေကို ကျမ စိတ်အနှောက်အယှက်ဖြစ်ခဲ့ဖူးတယ်။

“သားလေးဆိုတော့ ကံကောင်းလိုက်တာ” လို့ပြောတယ်။ ကျမစိတ်ထဲက ပြန်မေးတယ်။ “မိန်းကလေးဆိုရင် ကံဆိုးတာ လား” လို့။

“ သားလေးဆိုတော့ ရှင်ပြုပေးလို့ရပြီ၊ အပါယ်တံခါးပိတ်ပြီ” လို့ပြောကြတယ်။ ကျမစိတ်ထဲကပြန်မေးတယ်။ “မိန်းကလေး ဆိုရင် သီလရှင်ဝတ်ပေးလို့ရတယ်လေ၊ အပါယ်တံခါးဆိုတာသားယောက်ျားလေးကိုရှင်ပြုပေးရင် တကယ်ပိတ်သလား”လို့။

ခေတ်အဆက်ဆက်ကျင့်သုံးလာတဲ့ ဆိုးမွေ ပုံစံခွက်ထဲမှာ ကျမတို့ရဲ့ နောက်မျိုးဆက်ကို ထပ်မကြီးပြင်းစေချင်တော့ဘူး ဆိုတဲ့ ခံစားချက်ကို အဲဒီလိုအရာတွေကြောင့် တိတိကျကျ ခံစားရတယ်။ ယောက်ျားတွေရဲ့ ဖြစ်တည်မှုကို ပိုပြီးတန်ဖိုးထား တာ၊ မိန်းမတွေရဲ့ ဖြစ်တည်မှုကို တဆင့်နှိမ့်ရှုမြင်ပုံတွေကို အမြစ်ဖြတ်ဖို့ လိုအပ်တယ်လို့ ရှုမြင်မိတယ်။

ကျား၊ မ ဖြစ်တည်မှုအပေါ်ခွဲခြားနှိမ်ချဆက်ဆံတဲ့ ရှေးရိုးစွဲ အကျင့်စရိုက်တွေကို လက်မခံတဲ့ ကျမတို့တွေဟာ ဒါမျိုးတွေ ကြုံလာတိုင်း ငြိမ်မနေဘဲ သင့်တော်တဲ့ နည်းလမ်းပေါင်းစုံနဲ့တုန့်ပြန်ဖို့ လိုအပ်တယ်။ မျိုးဆက်နဲ့ချီ အချိန်ယူတိုက်ဖျက်ရမယ့် အရာတွေဖြစ်လို့ စိတ်ပျက် အားလျှော့မသွားဖို့လိုပါတယ်။ တစ်ကြိမ်၊ အကြိမ်တစ်ရာ၊ ထောင်သောင်းမက ချီသွားပါစေ ကြုံတိုင်း ထောက်ပြပြောဆိုဖို့ လိုတယ်။ ဒီလို အပြုအမူတွေ၊ အတွေးအမြင်တွေဟာ ရိုင်းပြကြောင်း၊ လူမပီသကြောင်း ဝေဖန်ပြဖို့ လိုပါတယ်။

သူတို့ဒီလိုပြောဆိုရင်၊ ဒီလိုပြုမူရင် အမျိုးသမီးတွေအပေါ် ဒီလိုခွဲခြားနှိမ်ချဆက်ဆံတာကို လက်သင့် မခံသူတွေဆီမှာ ဒီလိုထောက်ပြခံရမယ်ဆိုတဲ့ အသိဝင်သွားအောင် သံမှိုနှက်သလို နှက်ရပါမယ်။ သူတို့ပြုမူပြောဆို နေတာတွေဟာ မယဉ်ကျေးကြောင်းနဲ့ သတိထားဆင်ခြင်သင့်ကြောင်း သူတို့ ခံစားရစေဖို့လိုတယ်။

ကျား၊ မ ဖြစ်တည်မှုအပေါ် ခွဲခြားနှိမ်ချတဲ့ အတွေးအခေါ် အပြုအမူတွေကို လက်မခံကြောင်းပြောတဲ့ ဝေဖန်ထောက်ပြ စကားလုံးတွေဟာ အပ်ကြောင်းထပ်ချင် ထပ်နေပါလိမ့်မယ်။ ဒါပေမယ့် သေချာတာကတော့ အချက် ၁ထောင်ထုရိုက်မှ ကွဲမယ့် ကျောက်တုံးတတုံးကို ၁၀ ချက်လောက် ထုရိုက်ခွဲပြီး စိတ်ဓာတ်ကျ လက်လျှော့လိုက်လို့မရပါဘူး။

ဒါကြောင့် ကျမတို့ရဲ့ နောက်မျိုးဆက်ကို ဒီလို ဆိုးမွေတွေနဲ့ ကြီးပြင်းခွင့်မပြုဘူး ဆိုတဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ဟာ ကျမတို့ရဲ့ တိုက်ပွဲဝင် ဆောင်ပုဒ်ပါပဲ။

Related Articles