Home ဆောင်းပါးသတင်းဆောင်းပါး တိုးမြင့်လာတဲ့ အမျိုးသမီးအမတ်လောင်းများနှင့် ရွေးကောက်ပွဲအလားအလာ

တိုးမြင့်လာတဲ့ အမျိုးသမီးအမတ်လောင်းများနှင့် ရွေးကောက်ပွဲအလားအလာ

မိုးမိုး။ ။
အမျိုးသမီးများအားနေရာပိုပေးလာသည့် NLD နှင့် USDP
၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ လွှတ်တော်ထဲကအင်အားကြီးနိုင်ငံရေးပါတီတွေဟာ ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ပြင်ဆင်ရာမှာတော့ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကို ယခင်နှစ်တွေကထက် သိသိသာသာပိုပြီး နေရာပေးလာကြပါပြီ။

၂၀၁၅ တုန်းက သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ၂၀၁၅ တုန်းက ပါတီကိုယ်စားလှယ်လောင်းစာရင်းမှာ အမျိုးသမီး (၁၅) ရာခိုင်နှုန်းလောက်သာပါဝင်ခဲ့ပေမယ့် ၂၀၂၀ မှာတော့ (၁၉) ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ပါတယ်။

၂၀၂၀ အတွက် NLD တင်သွင်းတဲ့ အမတ်လောင်း ၁,၁၃၁ ဦးထဲက ၂၁၅ ဦးဟာ အမျိုးသမီးများဖြစ်ကြပါတယ်။ ၂၀၁၅ တုန်းက အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၆၇ ဦး NLD ကနေဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲအပြီး အတိုက်အခံပါတီအဖြစ်ရပ်တည်နိုင်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီ (USDP) ကလည်း ၂၀၂၀ မှာအမျိုးသမီးကိုယ်စားလှယ်လောင်း(၁၁၁) ဦး ပါဝင်မှာဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (၁၀) ရာခိုင်နှုန်းအထိတိုးမြှင့်ခဲ့ပြန်ပါတယ်။

၂၀၁၅ တုန်းက USDP ကိုယ်စားလှယ်လောင်းစာရင်းမှာ အမျိုးသမီးကိုယ်စားလှယ်လောင်းပါဝင်မှုက (၆) ရာခိုင်နှုန်း သာရှိခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် လူစာရင်းမှာ အမျိုး သမီးကိုယ်စားလှယ်လောင်း ၂၀ ရာခိုင်နှုန်း အထိ ရွေးချယ်ထားတာကိုကြည့်ရင် အာဏာရ NLD ကအမျိုးသမီးအခန်းကဏ္ဍကို အသိအမှတ် ပြုထားတယ်ဆိုတာ ပေါ်လွင်တယ်ဆိုတာ သိနိုင်တယ်လို့ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ မုံရွာ အောင်ရှင်က ပြောပါတယ်။

အတိုက်အခံပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ( USDP)ကလည်း မဲဆန္ဒနယ်တိုင်းမှာ အမျိုးသမီး ပါဝင်ဖို့လာဖို့ မူချထားတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။

“ရှေ့ထွက်လာပြီးဆောင်ရွက်တဲ့ အမျိုးသမီးတွေ အောင်မြင်မှုတော်တော်များများ တွေ့ရတယ်။ အမျိုးသမီးနဲ့ အမျိုးသား ရှေ့ထွက်တဲ့ အခါမှာ အမျိုးသမီးတွေက ပိုပြီးတော့ ရှေ့မှာ ထင်သာ မြင်သာလေးတွေ မြင်ရတယ်” လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။

အင်အားကြီး တိုင်းရင်းသားပါတီများတွင်လည်း အမျိုးသမီးများနေရာရလာ
၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်နယ်တွေမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီတွေဟာလည်း အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေကို ပိုမိုနေရာပေးပြီး ပွဲထုတ်လာခဲ့ကြပါတယ်။

Photo: HI

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင်အမျိုးသားပါတီ (ANP)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နဲ့ တအာင်း(ပလောင်)အမျိုးသားပါတီ (TNP) တို့ဟာ NLD နဲ့ USDP ပြီးရင် ၂၀၁၅ ရွေးကောက်ပွဲအပြီး လွှတ်တော်ထဲက ထိုင်ခုံနေရာ အများစုရထားတဲ့ အဓိက နိုင်ငံရေးပါတီ တွေဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက ပြည်ထောင်စုအဆင့်၊ ရှမ်းနဲ့ကချင် ပြည်နယ်လွတ်တော်တွေမှာ နေရာ(၄၀) အထိ အနိုင်ရခဲ့တဲ့ အင်အားကြီးရှမ်းပါတီ SNLD ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ် (၃၇) ဦးအထိ နေရာပေးလာခဲ့ပြီး စုစုပေါင်းကိုယ်စားလှယ်လောင်းတွေရဲ့ (၂၉) ရာခိုင်နှုန်းဖြစ်ပါတယ်။ ၂၀၁၅ တုန်းကဆိုရင် SNLD မှာ အမျိုးသမီးကိုယ်စားလှယ်လောင်း (၂၇) ဦးသာပါဝင်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်က အင်အားကြီး ရခိုင်အမျိုးသားပါတီ (ANP) ဟာလည်း ၂၀၁၅ တုန်းကအမျိုးသမီး (၄) ဦးသာပါဝင်ရွေးကောက်ခံခဲ့ပေမယ့် ဒီနှစ်အတွက်စာရင်းမှာတော့ (၉)ဦးအထိ ပါဝင်လာခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၅) ရာခိုင်နှုန်းကနေ (၁၃)ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။

နောက်ထပ် ၂၀၁၅ အနိုင်ရပါတီတွေဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နဲ့ တအာင်း(ပလောင်) အမျိုးသားပါတီ (TNP) တို့ဟာလည်းအမျိုးသမီးပိုမိုပါဝင်ရေးဦးစားပေး လာခဲ့ကြပါတယ်။

၂၀၁၅ တုန်းက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှာ အမျိုးသမီးအမတ်လောင်း (၁) ဦးသာပါဝင်ခဲ့ပေမယ့် ၂၀၂၀ မှာတော့ (၅)ဦးအထိ တိုးတက်လာခဲ့ပါတယ်။ PNO ဟာ ၂၀၁၅ ရွေးကောက်ပွဲကနေ ပြည်ထောင်စုနဲ့ရှမ်းပြည်နယ် လွှတ်တော်တွေမှာ (၁၀)နေရာအထိ အနိုင်ရထားပါတယ်။

ပြည်ထောင်စုနဲ့ရှမ်းပြည်နယ် လွှတ်တော်တွေမှာ (၁၂)နေရာအထိ အနိုင်ရထားတဲ့ နောက်ထပ်အင်အားကြီး တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ တအာင်း(ပလောင်) အမျိုးသားပါတီ (TNP)မှာလည်း ၂၀၁၅တုန်းက အမျိုးသမီးပါဝင်မှုက (၁၁) ရာခိုင်နှုန်းသာရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ (၉)ဦးဖြစ်ပြီး ( ၂၅)ရာခိုင်နှုန်း အထိတိုးလာခဲ့ပါတယ်။

Photo: HI

လွှတ်တော်ထဲရောက် အမျိုးသမီးများရဲ့စွမ်းဆောင်ရည်
လက်ရှိအသက်ဝင်နေတဲ့ ပြည်ထောင်စုအဆင့်လွှတ်တော်တွေမှာ အဆိုအများဆုံးတင်သွင်းသူတွေက အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တယ်လို့ လွှတ်တော်တွေထဲက အခြေအနေတွေကို လေ့လာသုတေသနပြုနေတဲ့ ပွင့်လင်း မြန်မာ့ရှေ့ဆောင် သုတေသနအဖွဲ့(Open Myanmar Initiative-OMI) ရဲ့ သုတေသန ပြုလေ့လာတွေ့ရှိချက်ကဆိုပါတယ်။

OMI စစ်တမ်းအရ ပြည်သူ့လွှတ်တော်မှာ NLD ပါတီရဲ့ ဂန့်ဂေါမဲဆန္ဒနယ်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က အဆိုခုနစ်ခုတင်သွင်းခဲ့ပြီး အများဆုံးနေရာမှာရှိနေပါတယ်။ အမျိုးသားလွှတ်တော်မှာဆိုရင်လည်း ရခိုင်အမျိုးသားပါတီကနေ ၂၀၁၅ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ဒေါ်ထုမေ က အဆိုသုံးခုတင်ခဲ့ပြီး အများဆုံးအဆိုတင်သူအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

“… လွှတ်တော်ထဲမှာ မေးခွန်းတွေ အများဆုံးမေးတာ အဲဒါ အမျိုးသမီးကိုယ်စားလှယ်တွေများပါတယ်၊ ဒီဟာ ကျေနပ်စရာကောင်းတဲ့အဖြေပါပဲ၊ အဲဒါကြောင့် ဒီအမျိုးသမီးကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်ရည်ဟာ စိတ်ချရတဲ့အနေအထားရှိတယ်လို့ပဲ ပြောချင်ပါတယ်” လို့ NLD ရဲ့ပြောရေးဆိုခွင့်ရှိသူ မုံရွာ အောင်ရှင်က RFA သတင်းဌာနနဲ့ ဇူလိုင်လအတွင်းက တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။

နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီး ပါဝင်မှု အားနည်းနေပေမယ့် လွှတ်တော်ထဲရောက်လာတဲ့ အမျိုး သမီးများတွေဟာ အဆိုအများဆုံး တင်သွင်းနိုင်သူတွေဖြစ်တဲ့အပြင် တင်သွင်းလိုက်တဲ့ အဆိုတွေနဲ့ ဆွေးနွေးမှုတွေဟာလည်း အရည်အသွေးပိုင်းမှာ မြင့်မားထိရောက်တယ်လို့ OMI အမှုဆောင် ဒါရိုက်တာ ဦးအေးကျော် ကပြောပါတယ်။

“သူတို့တင်တဲ့ အဆိုတွေရဲ့ အရည်အသွေးပိုင်းကို ကြည့်မယ်ဆိုရင်လည်း ပြည်နယ်ရေး ကိစ္စတွေ၊ လက်နက် ကိုင်တိုက်ပွဲတွေ၊ စစ်ဘေးရှောင် စခန်းတွေ ၊ စစ်ဘေးရှောင်နေရတဲ့ လူတွေ ကိစ္စနဲ့ ပတ်သက်တဲ့ အဆိုမျိုးတွေ များတာကိုတွေ့ရတယ်” လို့ ဦးအေးကျော် ကပြောပါတယ်။

လွှတ်တော်ထဲမှာ အမျိုးသမီး အမတ်အနေနဲ့ အမျိုးသားတွေနဲ့ အတူတူ တာဝန်ထမ်းဆောင်တဲ့ အခါမှာ အခက်အခဲ မရှိပေမယ့် နိုင်ငံရဲ့ ခေါင်းဆောင်လိုနေရာမျိုးနဲ့ လွှတ်တော် ကော်မတီတခုမှာ အမျိုးသမီးများ ဦးဆောင်ဆုံးဖြတ်ရတဲ့ အဆင့်မြင့် နေရာတစ်ခုရရှိရန်ပင် အလွန်ခက်ခဲနေသေး ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ် ထုမေက ဆိုပါတယ်။

“အဲ့ဒီအမျိုးသမီးကိုယ်၌ ကလည်း စိတ်ဝင်စားတယ်။ ဒီအမျိုးသမီးကိုလည်း စည်းရုံးဖို့လိုမယ်။ စည်းရုံးမှသာ ပါတီအတွင်းမှာ အမျိုးသမီးတွေ အားကောင်းလာမယ်။ ဒါမှကျမတို့ ဆုံးဖြတ်ချက်ချတဲ့ နေရာကို ရောက်လာ မယ်” လို့ ဒေါ်ထုမေက ဆိုပါ တယ်။

Photo: HI

နိုင်ငံရေးလုပ်ငန်းစဉ်မှာ မလိုလားအပ်တဲ့ ရှေးရိုးစွဲတချို့က အမျိုးသမီး ဖြစ်ခြင်းကြောင့်ခွဲခြားဆက်ဆံချင်တဲ့ အင်အားစုကြီးက အလွှာတိုင်းမှာ ရှိနေသေးတာကြောင့် ပိုမိုကြိုးစားရကြောင်းNLD ပါတီမှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဒေါ် အေးမြမြမျိုးက ပြောပါတယ်။

၂၀၂၀ မှာ အမျိုးသမီးတွေလွှတ်တော်ထဲပိုရောက်လာမှာလား
လက်ရှိ မြန်မာနိုင်ငံရဲ့ လူဦးရေ ထက်ဝက်ကျော်က အမျိုးသမီးများဖြစ်သော်လည်း နိုင်ငံရေးရဲ့ ကိုယ်စားပြုမှုမှာ အမျိုးသားများက ကြီးစိုးနေဆဲဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၄ ရာခိုင်နှုန်းသာ အမျိုးသမီးတွေဖြစ်ခဲ့ကြပြီး ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာတော့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်းဟာ ၁၃ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စုနဲ့ ပြည်နယ်တိုင်း လွှတ်တော်တွေကို ဝင်ပြိုင်ရတဲ့ နေရာ ၁၁၅၀ မှာ အမျိုးသမီးအမတ် ၁၅၁ ယောက်သာရှိခဲ့ပါတယ်။

အမျိုးသမီးတွေ ပါတီနိုင်ငံရေးနဲ့ ကဏ္ဍ ပေါင်းစုံမှာ ပါဝင်လာဖို့အတွက် နိုင်ငံရေး ပါတီတိုင်းမှာ အမျိုးသမီး ပါဝင်မှု အနည်း ဆုံး ၃၀ ရာခိုင်နှုန်း ကိုယ်စားလှယ်စာရင်းတင်သွင်းတဲ့ အခါရမယ်ဆိုတဲ့ မူဝါဒများတွေကို ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ချမှတ်ထားသင့် တယ် လို့လည်း ငြိမ်းချမ်းရေးအတွက် ကျား/မ တန်းတူရေး မဟာမိတ် (AGIPP)မှ နည်းပညာအကြံပေး ဒေါ်နန်းဖြူဖြူလင်းက ပြောပါတယ်။

ကမ္ဘာပေါ်မှာ ဥပဒေ ပြဋ္ဌာန်းပြီး လွှတ်တော်ထဲ အမျိုးသမီးကိုယ်စားလှယ် အရေအတွက် သတ်မှတ်ထားတာ ၃၆ နိုင်ငံရှိပြီး ပြင်သစ်၊ စပိန်၊ အင်ဒိုနီး ရှား၊ နီပေါ၊ တီမော၊ ရဝမ်ဒါ၊ တောင်အာဖရိကနှင့်တောင်ကိုရီးယားအပါအဝင် နိုင်ငံ ၆၀ ကတော့ ကိုယ်စားလှယ်လောင်းတင်သွင်းရာမှာ ဥပဒေပြဋ္ဌာန်းပြီး အမျိုးသမီး ဦးရေသတ်မှတ် ထားတယ်လို့ International IDEA အဖွဲ့ရဲ့ သုတေသနတစ်ခုကို ကိုးကားပြီး အငြိမ်းစားပါမောက္ခတစ်ဦး ဆိုတဲ့ ကလောင်ရှင်က နိုင်ငံပိုင်သတင်းဌာနတွေမှာရေးသားပါတယ်။

အမျိုးသမီးတွေ ရွေးကောက်ပွဲမှာ နေရာရရေး ပြောကြဆိုကြပေမယ့် တကယ်မြေပြင်မှာရော ရွေးကောက်ပွဲလုပ်ရင် အမျိုးသမီးတွေမဲရပါ့မလားဆိုတဲ့မေးခွန်းကလည်း ထပ်ရှိလာပြန်ပါတယ်။

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ Pace Myanmar ရဲ့ ၂၀၁၉ ခုနှစ်အတွင်းက ကောက်ယူခဲ့တဲ့ စစ်တမ်းများအရ “သူတို့ ထောက်ခံတဲ့ ပါတီက အမျိုးသမီးတဦးကို ကိုယ်စားလှယ်လောင်း အဖြစ် စာရင်းတင်သွင်းမယ်ဆိုရင် မဲပေးမှာလား” လို့ မေးတဲ့ အခါ မဲပေးမှာလို့ ပြောတဲ့ သူ က ၇၀ ရာခိုင်နှုန်း ရှိတာ တွေ့ရတယ်လို့ ဆိုပါတယ်။

“သဘောကတော့ ကျွန်တော်တို့ ထင်ထားတဲ့ ‘အမျိုးသမီးနဲ့ လူငယ်တွေကို ကိုယ်စားလှယ်လောင်း တင်ရင်နိုင်မှာ မဟုတ်ဘူး’ လို့ ထင်ထားခဲ့တဲ့၊ ပြည်သူလူထုက မဲပေးမှာ မဟုတ်ဘူးလို့ ယေဘူယျ အထင်အမြင်နဲ့ တကယ့်လက်တွေ့ အချက်အလက် တွေနဲ့တော့ ကွဲပြားမှု ရှိတယ်လို့ ပြောလို့ ရပါတယ်” Pace Myanmar ရဲ့အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် ကဆိုပါတယ်။

အမျိုးသမီးတွေကို ပိုမိုနေရာပေးဖို့ကြိုးစားလာတာရှိပေမယ့် အမျိုးသမီးတွေ တိုးမပေါက်သေးတဲ့ နေရာတွေလည်းရှိနေဆဲပါ။ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာတော့ ပြည်နယ်နဲ့တိုင်း လွှတ်တော် ၁၄ ခုထဲက ချင်း၊ ကယား နဲ့ ရခိုင် ပြည်နယ် လွှတ်တော် သုံးခုမှာ အမျိုးသမီးလွှတ်တော်အမတ် တစ်ယောက်မှ ရှိမနေခဲ့ပါဘူး။

၂၀၂၀ ရွေးကောက်ပွဲအပြီးမှာတော့ အမျိုးသမီးတွေ စံချိန်တင်အနိုင်ရနိုင်မလား ဆိုတဲ့အဖြေကို သိရဖို့ကတော့ လပိုင်းလောက်သာ လိုပါတော့တယ်။

Author: Moe Moe

Related Articles