Honest Information (HI)
အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပအိုဝ်းတိုင်းရင်းသူ နန်းဖြူဟာ သူ့အတွက် တရားမျှတမှုကိုရှာဖွေဖို့ ကြိုးစားနေတာ ငါးလ နီးပါးရှိနေပါပြီ။ ဒါပေမယ့် အခုထိတော့ သူလိုချင်တဲ့ တရားမျှတမှုကို မရသေးပါဘူး။
သူ့ရဲ့ တရားမျှတမှုရှာဖွေတဲ့ခရီးလမ်းကလည်း ချောမွေ့မနေပါဘူး။ စီးပွားရေးကအဆင်မပြေ၊ သွားရေးလာရေး အခက် အခဲတွေများစွာ ရှိနေတဲ့ကြားက အားမလျော့ဘဲ သူ့ကို ပြစ်ဒဏ်ကျူးလွန်တဲ့သူကို ထိုက်တန်တဲ့ ပြစ်ဒဏ်ရစေဖို့အတွက် ကြိုးစားနေတာပါ။
“ တရားမျှတမှုလိုချင်တယ်။ ခက်ခဲမှန်းထပ်ကြာဦးမှန်းတော့သိတယ်။ ရှေ့ဆက်သွားမယ်။ ကိုယ်ကတရားမျှတမှုမရဘဲ လက်လျော့လိုက်ရင် ကိုယ်လည်း မတရားခံရသလို သူများလည်းအထင်သေးတယ်။ နောက်နောင် အဲ့လူတွေက အမျိုးသမီး တွေကိုအထင်သေးပြီး ဒီလိုမျိုး နောက်ထပ်ထပ်ပြီးကျုးလွန်မှာစိုးတယ်။ မဖြစ်စေချင်ဘူး ” လို့ နန်းဖြူကဆို ပါတယ်။
ဒီဆောင်းပါးမှာတော့ နစ်နာသူအမျိုးသမီးကို ကာကွယ်တဲ့အနေနဲ့ အမည်အရင်းမသုံးဘဲ နန်းဖြူဆိုတဲ့အမည်လွှဲနဲ့ဖော်ပြ မှာဖြစ်ပါတယ်။ နန်းဖြူဟာ ပအိုဝ်းတိုင်းရင်းသူဖြစ်ပြီး ဗမာစကားကို အနည်းငယ်သာ ပြောတတ်သူလဲ ဖြစ်ပါတယ်။
နန်းဖြူဟာ ထိုင်းနိုင်ငံမှာ ၇ နှစ်ကြာ အလုပ်သွားလုပ်နေခဲ့ရာက မိသားစုနဲ့ပြန်စုံစည်းဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ရှမ်းပြည် နယ်တောင်ပိုင်းက သူ့နေအိမ်ဆီ ပြန်လာခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ပြည်ပက ပြန်လာသူ တွေဟာ အိမ်တန်းမပြန်ရသေးဘဲ Quarantine ဝင်ရမယ်ဆိုတာကြောင့် ရှမ်းပြည်နယ်၊ တောင်ကြီး တက္ကသိုလ်ဝင်းရှိ နန်းဝတီ အမျိုးသမီးအဆောင် Quarantine စင်တာကို နိုဝင်ဘာ ၂၉ မှာ သူရောက်ခဲ့ပါတယ်။
အဲ့ဒီနေ့မှာဘဲ သူဟာ အဓမ္မပြုကျင့်ခံခဲ့ရတာပါ။ ည ၇ နာရီလောက်မှာ သူနေတဲ့အခန်းကို ဂျင်းဘောင်းဘီအမဲ၊ ဂျင်းအင်္ကျီ အမဲ မျက်လုံးအောက်ကနေစပြီး ခြေဖဝါးအထိ ခန္ဒာကိုယ်တစ်ခုလုံး အမဲရောင်ဝတ်ဆင်ထားတဲ့ အသက် ၂၀ အရွယ်ရှိတဲ့ အမျိုးသားတစ်ဦး ဝင်ရောက်လာပြီး လည်ပင်းကိုညစ် ဓားနဲ့လည်း ထောက်ထားကာ သူ့ကိုဖိထားခဲ့ပါတယ်။
သူကကြောက်လန့်ပြီး ငွေကိုယူကာ လူကိုချမ်းသာပေးဖို့တောင်းပန်ခဲ့သေးပေမယ့် လူကိုလည်း ဓားထောက်ပြီး အတင်း အဓမ္မကျင့်ကာ ငွေသုံး သောင်းခန့်လည်း ယူသွားခဲ့တယ်လို့ နန်းဖြူကဆိုပါတယ်။
“ အစ်မသူများနိုင်ငံမှာ အလုပ်သွားလုပ်တာ ဒီလိုမျိုးမကြုံဖူးဘူး။ ကိုယ်ရဲ့အမိနိုင်ငံကို ပြန်လာတဲ့အချိန်ကျမှ ဒီလိုမျိုး အစော်ကားခံရတာကို အရမ်းဝမ်းနည်းတယ်။ စိတ်ဆင်းရဲရတယ်။ ” လို့ ပအိုဝ်းဘာသာစကားနဲ့ နန်းဖြူကပြောပါတယ်။
အဲ့ဒီအဖြစ်အပျက်အပြီးမှာတော့ ရဲတွေစစ်ချက်ယူ ကျူးလွန်သူအမျိုးသားလို့ သံသယရှိသူကိုလည်း ဖမ်းဆီးထားပြီး အမှုကို စစ်ဆေးဖို့ ရုံးချိန်းခေါ်နေတာ ဖေဖော်ဝါရီ ၁၃ ကနေ ယနေ့အထိဆိုရင် ၁၀ ကြိမ်ရှိနေပါပြီ။ ဒါပေမယ့် တစ်ကြိမ်မှ တရားခွင်မှာ စစ်ဆေးခြင်းကို မဆောင်ရွက်ရသေးပါဘူး။
နန်းဖြူရဲ့ ရှေ့နေကတော့ “ အစ်မဆီ ရောက်လာတာ ၂ လပိုင်းက ရုံးချိန်းစုစုပေါင်းက ၁၀ ကြိမ်တော့ရှိပြီ။ သို့ပေမယ့် ကိုဗစ်-၁၉ တကြောင်း နိုင်ငံရေးအခြေအနေက တကြောင်းဆိုတော့ တစ်ခါမှတော့စစ်ဆေးမူမပြုလုပ်ရသေးဘူး”ဟု ဆိုပါ တယ်။
စစ်အာဏာသိမ်းပြီးနောက် တရားသူကြီးတွေကို ဖမ်းဆီးတာ၊ ဆန္ဒပြပွဲတွေကြောင့် တရားရုံးတွေဖွင့်မရတာနဲ့ ဖွင့်ခွင့်ရတဲ့ အချိန်မှာလည်း အခြားအမှုတွေထက် နိုင်ငံရေးအမှုတွေကို ဦးစားပေးဆောင်ရွက်နေတာကြောင့်လည်း နန်းဖြူရဲ့အမှုဟာ ကြန့်ကြာနေတာပါ။
နန်းဖြူကတော့ ရုံးချိန်းတိုင်း မပျက်မကွက်လာခဲ့ပါတယ်။ သူ့အတွက် ရုံးချိန်းတစ်ခါလာရတာဟာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။
တရားရုံးချိန်းတဲ့ နေ့ရက်တိုင်းမှာ သူနေထိုင်ရာ ကျေးရွာဒေသကနေ ဆိုင်ကယ်နဲ့တစ်နာရီမောင်းပြီး တရားရုံးချိန်းရှိရာ တောင်ကြီးမြို့ကို ချိန်းထားတဲ့နာရီအတိုင်း အမီလာရတာပါ။ တချို့ရုံးချိန်းရက်တွေဆိုရင် မနက် ၄ နာရီကတည်းက ထပြင် ဆင်ရတဲ့ အချိန်တွေလည်းရှိပါတယ်။
တရားရုံးဆီကို သွားနိုင်ဖို့အတွက်လည်း ဆိုင်ကယ်လိုအပ်ပါတယ်။ ဒါပေမယ့် သူ့မှာ ကိုယ်ပိုင်ဆိုင်ကယ်မရှိတာကြောင့် အသိဆီကနေ ရုံးချိန်းရက်တွေတိုင်း အားနာနာနဲ့ငှားခဲ့ပြီး မောင်းလာခဲ့ရပါတယ်။
“ မနက် ၄ ကျော်ထပြီး ထမင်းချက်ပြင်ဆင် ၆ နာရီဆိုသွားတယ် ။ ဆိုင်ကယ်ကို သူများနားငှားရတယ်။ ခဏခဏငှားရ တော့အားနာတယ်။ ပိုက်ဆံပေးပြီးငှားရအောင် ပိုက်ဆံကမရှိတော့ အခက်အခဲဖြစ်တယ် ။ ”
သူက ထိုင်းနိုင်ငံကနေ ငွေကြေးအမြှောက်အများစုစောင်း မိလို့ ပြန်လာခဲ့တာမဟုတ်ပါဘူး။ ကိုဗစ်၁၉ရောဂါ ကူးစက်မှာ စိုးရိမ်ပြီး ပြန်လာရတာဖြစ်တဲ့အတွက် ငွေကြေးအများအပြား မပါလာခဲ့တဲ့အတွက် ခုအချိန်မှာ သူ့အတွက် ငွေကြေးက တော်တော်ကိုကြပ်တည်းနေတာပါ။
အမှုဖြစ် Quarantine ဝင်ပြီး အိမ်ပြန်ရောက်တဲ့နောက်ပိုင်း တစ်ရက် ၄,၀၀၀ ရတဲ့ နေ့စားအလုပ်ကို လုပ်ကိုင်ကာ စားဝတ် နေရေးကို ပြေလည်အောင်စားသောက်နေရပါတယ်။ ကိုယ်ပိုင်ခြံမြေယာမရှိတဲ့တာကြောင့် နေ့စားအလုပ် လိုက်လုပ်ရ တာလို့ သူက ဆိုပါတယ်။
နေ့စားအလုပ်လိုက်မှ ပိုက်ဆံရတာဖြစ်တဲ့အတွက် ရုံးချိန်းသွားရတဲ့ နေ့တွေဆို ဝင်ငွေမရှိတော့ပါဘူး။
“ ရုံးချိန်းသွားပြီဆိုရင် နေ့စားမလိုက်ရဘူးပေါ့။ အဲရက်တွေဆိုရင် ပိုက်ဆံလည်း မရဘူးပေါ့”
ပိုက်ဆံမရတဲ့အပြင် တရားရုံးချိန်းနေ့တွေတိုင်းက သူငွေကုန်ကြေးကျများရတဲ့ ရက်တွေပါ။
ရုံးချိန်းတစ်ခါလာလျှင် အနည်းဆုံး “ဓာတ်ဆီဖိုး ၂,၅၀၀ ၊ နေ့လယ်စာက နှစ်ယောက်ဆိုတော့ ၅,၀၀၀ လောက်ကုန်ကျတဲ့ အခါမျိုးလည်းရှိတယ်။ တခါတလေ အဲ့ထက်ပိုတာလည်းရှိတယ်။ တခါတက်ရင် ၁၀,၀၀၀လောက်တော့ကုန်တယ်” လို့ သူက ညည်းပါတယ်။
တချို့ရက်တွေမှာတော့ ပိုက်ဆံကုန်ကျစားရိတ်များမှာစိုးတဲ့အတွက်ကြောင့် ဗိုက်ဆာပေမယ့်လည်း အပြင်မှာမဝယ်စားဘဲ နေလယ်စာထမင်းကို တောင်ကြီးကနေ အိမ်ကိုအမီပြန်ပြီး အိမ်မှာပဲ ပြန်စားတယ်လို့ နန်းဖြူကပြောပါတယ်။
ဒီလို ငွေရေးကြေးရေးကြပ်တည်းနေပေမယ့်လည်း သူကတော့ တရားရုံးချိန်းရက်တိုင်းမှာ ဝင်ငွေကို မရွေးချယ်ခဲ့ဘဲ တရား မျှတမှုကို ပေးစွမ်းနိုင်မယ်လို့ ယုံကြည်တာကြောင့် တရားရုံးချိန်းကိုသာ ရွေးချယ်ပြီး မပျက်မကွက် တက်ရောက်ခဲ့ပါတယ်။
“ ရုံးချိန်းတိုင်း အမျိုးသားနဲ့ တက်တယ်။ အဲ့ရက်တွေဆို နှစ်ယောက်စလုံး အလုပ်မလုပ်ရဘူး။ ရုံးချိန်းတိုင်းလည်း မပျက် ကွက်ခဲ့ဖူးဘူး” လို့ သူက ဆိုပါတယ်။
ငွေရေးကြေးရေး သွားရေးလာရေးအပြင် နောက်ထပ်ဒုက္ခတစ်ခုလည်း သူကြုံရပါသေးတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး စစ်အာဏာသိမ်းလိုက်တာကြောင့် သူနေတဲ့ ဟိုပုံးမြို့ကနေ တောင်ကြီးကိုလာတဲ့အခါ တောင်ကြီးမြို့ထဲကိုဝင်လာတဲ့ မည်သူမဆို ကား၊ဆိုင်ကယ်တို့ကို ရပ်ခိုင်းကာ နာမည်စာရင်းသွင်းခိုင်းပြီး စစ်တပ်က စစ်ဆေးတာတွေ ပြုလုပ်နေတာပါ။
စစ်ဆေးရေး ဂိတ်နှစ်ခုရှိပြီး လက်နက်တွေကိုင်ဆောင်ထားကာ စစ်ဆေးတဲ့အတွက်ကြောင့် ဖမ်းများဖမ်းသွားမှာလားဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံတဲ့ ကြားထဲကနေ ကြောက်ကြောက်နဲ့ တရားရုံးကို အမီလာတက်နေရတယ်လို့ နန်းဖြူကဆိုပါ တယ်။
“ လာတဲ့လမ်းမှာ စစ်ဆေးတာတွေရှိတယ်။ သေနတ်တွေကိုင်ထားတဲ့သူကကိုင်ဆိုတော့ ကြောက်တယ်။ မလုံခြုံနေဘူး။ ကြောက်ပေမယ့်လည်းတက်တယ်။ ရုံးချိန်းဆိုတော့ ရှုံးသွားမှာလည်းကြောက်တယ်” လို့ သူက ဆိုပါတယ်။
ဒီလိုစိတ်နဲ့ ရုံးချိန်းတိုင်း မပျက်မကွက် တက်ခဲ့ပေမယ့် တရားရုံးရှေ့ ရောက်လာပြီးမှ ရုံးချိန်းမဖြစ်ဘူးဆိုပြီး ပြန်လာတဲ့ အချိန်တွေက များလာတာကြောင့် တခါတလေ စိတ်ဓါတ်ကျမိတယ်လို့ နန်းဖြူကဆိုပါတယ်။
ဘယ်လောက်ထိလဲဆိုရင် အဓမ္မပြုကျင့်ခံရကြောင်းကို မည်သူ့ကိုမျှမပြောပြခဲ့ရင် အကောင်းသား ပြောမိတဲ့အတွက် မှား သွားတယ် ဒုက္ခခံနေရတယ်ဆိုတဲ့ အတွေးမျိုးတောင် တွေးမိတယ်လို့ သူကဆိုပါတယ်။
“ ငါမပြောဘဲ တိတ်တိတ်လေးပဲ နေသွားတာပိုကောင်းတယ်။ ငါသွားပြောမိတော့ မှားသွားတယ်လို့တောင်တွေးခဲ့တာ ကိုယ့်ကိုယ်အပြစ်တင်နေခဲ့မိတယ်” လို့ စိတ်ဓါတ်ကျပြီး တွေးမိခဲ့တာကို နန်းဖြူကပြန်ပြောပြပါတယ်။
ရုံးချိန်းကို ခဏခဏလာရတာကြောင့်လည်း အလုပ်တွေလည်းပျက် ခရီးစရိတ်တွေလည်း ကုန်ကျတာများတဲ့အတွက် ထွက်ငွေသာရှိပြီး ဝင်ငွေမရှိတဲ့အခါ နန်းဖြူအတွက် ကြာကြာတောင့်ခံနိုင်ဖို့ခက်ခဲလာနေပါတယ်။
“ ဓာတ်ဆီဖိုးနဲ့ စားစာရိတ်တွေက အနည်းနဲ့အများ ကုန်ကျတော့ ရုံးချိန်းတွေ ခဏခဏတက်ရတဲ့အချိန်တွေမှာ ခဏခဏ ကုန်ကျသလိုမျိုးသွားဖြစ်သွားတော့ ဝင်ငွေမရှိတဲ့အခါကျတော့ ခက်ခဲတယ်လေ” လို့နန်းဖြူကပြောပါတယ်။
ငွေကြေးအခက်အခဲကြောင့်လည်း တရားမျှတမှုထက် ငွေကြေးကပိုအရေးကြီးတယ်လို့လည်း တစ်ခါတစ်လေတွေးမိတယ် လို့ သူကဆိုပါတယ်။
“ ခဏခဏသွားရတော့ ထွက်ငွေကလည်းများ အလုပ်လည်းပျက်တော့ တရားမျှတမှု ရရမရရ လက်လွတ်ပြီးတော့ ဒီသ င်္ကြန်ပြီးရင် လင်မယားနှစ်ယောက်လုံး ထိုင်းပြန်သွားပြီး အလုပ်လုပ်မယ်လို့တောင် စဉ်းစားမိတယ် ”
အစကတော့ အမှုကိစ္စဟာ ရက်အနည်းငယ်နဲ့ ပြီးသွားမယ်၊ ကျူးလွန်တဲ့သူလည်း မြန်မြန် ပြစ်ဒဏ်ခံရမယ် ထင်ထား၊ မှန်း ထားခဲ့ပေမယ့် ထင်ထားသလို ဖြစ်မလာတာကြောင့် နန်းဖြူက စိတ်ဓါတ်ကျမိနေတာပါ။
နန်းဖြူရဲ့ရှေ့နေကလည်း “ဒီလိုနိုင်ငံရေးအခြေအနေပုံစံမျိုးနဲ့ဆို ကာယကံရှင်အမျိုးသမီးကလည်း စိတ်ပျက်သွားနိုင်တယ်။ သူကနဂိုကတည်းက ရှုပ်ရှုပ်ယှက်ယှက် မလုပ်ချင်တဲ့သူဆိုတော့ ပိုဆိုးတာပေါ့” လို့ ဆိုပါတယ်။
ဒါပေမယ့် နန်းဖြူဟာ ကျနေတဲ့စိတ်တွေကို တရားမျှတမှုကို ရဖို့အတွက် ပြန်လည်ကောက်တင်ပြီး အားတင်းခဲ့ပါတယ်။
လက်ရှိမှာ သူ့အမှုကို လိုက်ကူညီနေတဲ့ ပအိုဝ်းအမျိုးသမီးသမဂ္ဂအဖွဲ့ကလည်း ဆန်၊ ဆီ၊ ဆား၊ ခရီးစရိတ်တို့ကို ထောက်ပံ့ ပေးနေတာမျိုး ရှိလာပါတယ်။ ဒါကြောင့်လည်း နန်းဖြူအားတက်လာပြီး တရားမျှတမှုကိုရှာဖို့အဆုံးထိ ဆက်လျှောက်ဖို့ ရွေးချယ်ခဲ့ပါတယ်။
ဒါပေမယ့် လတ်တလောမှာ နိုင်ငံရေးအခြေအနေကြောင့် အမှုက ဘယ်လောက်ကြာမယ်မှန်း ဘယ်သူမှမမှန်းဆနိုင်ပါဘူး။ နန်းဖြူကတော့ တရားမျှတမှုမရခဲ့ဘဲ ဒီတိုင်းပြီးသွားမှာကို စိုးရိမ်နေပါတယ်။
“ တရားမျှတမှုတော့ မြန်မြန်လိုချင်တာပေါ့။ ဒီလိုအခြေအနေနဲ့ဆိုတော့ ဒီတိုင်းပြီးသွားမယ်ဆိုရင်အဆင်မပြေနိုင်ဘူး။ အစ်မလုံခြုံရေးအတွက် မလုံခြုံသလို ကျူးလွန်သူက နောက်နောင်အမျိုးသမီးတွေကို ထပ်မစော်ကားနိုင်ဘူးလို့ ပြောလို့ မရဘူး” လို့ သူက ဆိုပါတယ်။
နန်းဖြူကို ကူညီပေးနေတဲ့ ပအိုဝ်းအမျိုးသမီးအဖွဲ့ကလည်း “ တရားရေးဖက်မှာလည်းများစွာနောက်ကျနေသလို ဌာနပိုင်း ဆိုင်ရာမှာလည်း အလုပ်အပေါ်မှာ အချိန်တိကျမှုမရှိတာတွေလည်းရှိတယ်” လို့ ဆိုပါတယ်။
လတ်တလောမှာတော့ လာမယ့်ရက်ပိုင်းတွေမှာ ရုံးချိန်းခေါ်ထားတာဖြစ်တဲ့အတွက် ရုံးချိန်းတက်ဖို့ကို နန်းဖြူက ပြင်ဆင် နေပါပြီ ။ အခက်အခဲတွေကြုံနေရပေမယ့်လည်း နန်းဖြူကတော့ တရားမျှတမှုကိုရဖို့ အဆုံးထိလျှောက်မယ်ဆိုတဲ့ စိတ်ကို ပြင်ဆင်ထားခဲ့ပါပြီ။ သူ့ရဲ့ဆန္ဒကိုလည်း ယခုလိုဆိုပါတယ်။
“ အစ်မသူကိုတော့ ထောင်ကျစေချင်တယ်။ ဖြစ်နိုင်ရင် ထောင်ထဲမှာတစ်သက်လုံးနေစေချင်တယ်။ နောက်နောင် အမျိုး သမီးတွေ အစ်မလိုအဖြစ်မျိုးမကြုံစေချင်ဘူး”
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021