Home ဆောင်းပါး မကြောက်မရွံ့ နောက်မတွန့်ကြတဲ့ နွေဦးအာဂတွေ

မကြောက်မရွံ့ နောက်မတွန့်ကြတဲ့ နွေဦးအာဂတွေ

Honest Information (HI)

“ ဒိုင်း..ဒိုင်း”ဆိုတဲ့ သေနတ်သံတွေနဲ့အတူ “ ပြေး၊ ပြေး .. ဝပ်နေတော့ ထိသွားတဲ့သူကို ညီမခေါ်ခဲ့မယ်။ smoke လွှတ်ပေး ပါ”လို့ အော်ပြောရင်း မြေကြီးပေါ် လေးဘက်ထောက်တွားသွားကာ ကျည်ထိသူဆီကို မကြောက်မရွံ့သွားကူခဲ့သူက နွေဦး သော်တာပါ။

ဒီအသံဟာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ရဲတွေက ကြမ်းတမ်းစွာ ပစ်ခတ်ဖြိုခွင်းနေတဲ့ အသံတွေပဲ ဖြစ်ပါတယ်။

စစ်အာဏာရှင်ဟာ မတ်လ ၂၇ ရက်နေ့မှာ တပ်မတော်နေ့ကို ပျော်ရွင်စွာကျင်းပနေသလို တစ်ဖက်မှာလည်း ပြည်သူ တွေကို ကြမ်းတမ်းရက်စက်စွာ ဖြိုခွင်းသတ်ဖြတ်နေတဲ့အချိန်ပါ။

အသက် ၂၀ ဝန်းကျင်သာရှိသေးတဲ့ နွေဦးသော်တာဟာ ပစ်ခတ်မှုတွေကြားမှာ သူ့အသက်ကိုရင်းကာ ရှေ့တန်း၊ နောက် တန်း၊ အလယ်တန်းစတဲ့ နေရာတွေအပြင် ထိခိုက်ဒဏ်ရာရသူတွေ အရေးပေါ်ပြုစုပေးတာ၊ ခုခံကာကွယ်ဖို့အတွက် လိုအပ်တာတွေကို ကူသယ်ပေးရတာတွေကအစ လုပ်ဆောင်ပေးနေရတဲ့ အမျိုးသမီးလေး ဖြစ်ပါတယ်။

နွေဦးသော်တာကတော့ “ဖက်ဆစ်တော်လှန်ရေးနေ့က အဖမ်းအဆီး၊ အပစ်အခတ်တွေ ကြမ်းမယ်ဆိုတာသိတယ်။ ဒါပေမယ့် နာနာတွန်းမှလဲမှာမို့ ဘယ်လိုအတားအဆီးပဲလာလာ ရအောင်တိုက်မယ်ဆိုတဲ့စိတ်နဲ့ထွက်ခဲ့တယ်”လို့ ဆိုပါ တယ်။

နွေဦးသော်တာဟာ ပစ်ခတ်မှုတွေကြားမှာ သူ့အသက်ကိုရင်းကာ လက်နက်မစွဲကိုင်ရုံတမယ် စစ်အာဏာရှင်ကို တွန်းလှန် ရနေသလို ရံဖန်ရံခါတွေမှာ အလောင်းကောက်ရတဲ့အထိလည်း လုပ်ရပါတယ်။ အဲဒီ ဖက်ဆစ်တော်လှန်ရေးနေ့ကတော့ နွေဦးသော်တာတို့ရဲ့သပိတ်မှာ ကျည်ထိသူတစ်ယောက်သာရှိပြီး ကျဆုံးသူတစ်ယောက်မှ မရှိခဲ့ပါဘူးလို့ ဆိုပါတယ်။

အာဏာရှင်ကိုတော်လှန်နေတဲ့ နွေဦးတော်လှန်ရေးခရီးဟာ ရက်ပေါင်း ၆၀ ကျော်လာပါပြီ။ တော်လှန်ရေးအစမှာ တိုင်းနဲ့ ပြည်နယ်အနှံ့ သပိတ်စစ်ကြောင်းတွေဟာ ခြိမ့်ခြိမ့်သဲ လမ်းမတွေပေါ်ထွက်လာပြီး အာဏာရှင်ကို နည်းမျိုးစုံနဲ့ ဆန့်ကျင် ဆန္ဒပြကြပါတယ်။

ဒီလိုဆန္ဒပြတဲ့သူတွေကိုလည်း စစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖွဲ့တွေက ရက်ရက်စက်စက်သေနတ်တွေနဲ့ ပစ်ခတ်တာ ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်ကြပါတယ်။ ဒါကြောင့်လည်း ပြည်သူခြောက်ရာကျော်အသက်ပေးခဲ့ရပါပြီ။ ဒီအထဲမှာ အသက်မပြည့်သေးတဲ့ကလေးငယ်တွေနဲ့ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် ဆန္ဒပြပြည်သူတွေလုပ်ထားတဲ့ခံတပ်တွေကို မီးရှို့ဖျက်စီးပစ်သလို နေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီး ပစ်ခတ် ပါတယ်။ ဒီနေ့ဖမ်း နောက်နေ့အလောင်းပြန်ပို့တဲ့အတွက် ပြည်သူတွေဟာ ကြောက်ရွံ့စိုးထိတ်မှုများစွာနဲ့ ကျီးလန့်စာ စားနေရသလို နေထိုင်ကြရပါတယ်။

ဒီလုပ်ရပ်တွေဟာ ပြည်သူတွေ စိတ်ထဲကြောက်စိတ်တွေ ဝင်သွားအောင် ခြိမ်းခြောက်နေတာဖြစ်ပြီး သူတို့ကိုတော်လှန်ဆန့် ကျင်နေတဲ့ ဆန္ဒပြပွဲတွေ ရပ်တန့်သွားစေဖို့စစ်တပ်က ရည်ရွယ်ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြည်သူတွေဟာနောက်တွန့် မသွားကြဘဲ နိုင်ငံအနှံ့မှာ စစ်အာဏာရှင်ကိုရတဲ့နည်းနဲ့ ဆက်လက်တော် လှန်နေကြပါတယ်။ ဒီထဲမှာ နှင်းနွေဦးဇော်နဲ့ နွေဦးရနံ့ တို့လို အမျိုးသမီးငယ်လေးတွေကလည်း ထိပ်ဆုံးကပါဝင်နေ ပါတယ်။

နှင်းနွေဦးဇော်ကတော့ စစ်အာဏာသိမ်းပြီး ၆ ရက်မြောက်နေ့မှာ အမျိုးသမီးတွေ ဦးဆောင်တဲ့ သပိတ်စစ်ကြောင်းမှာ ရှေ့တန်းကနေ ပါဝင်ခဲ့သူဖြစ်ပြီး နွေဦးရနံ့ကတော့ စစ်အာဏာသိမ်းပြီး ၁၀ ရက်မြောက်နေ့မှ ပါဝင်ခွင့်ရခဲ့တဲ့သူပါ။

“ ငါ့တို့အနာဂတ်အတွက် တိုင်းပြည်အတွက် အသံတိတ်နေလို့မဖြစ်ဘူး။ ငါတို့ကမကြိုက်တာကို မကြိုက်ကြောင်းပြရမယ် ဆိုပြီး ၆ ရက်နေ့မှာ လမ်းပေါ်ထွက်ခဲ့ကြတယ်”လို့ အသက် ၂၃ နှစ်အရွယ် နှင်းနွေဦးဇော်ကဆိုပါတယ်။

အသက် ၂၃ နှစ်အရွယ် နွေဦးရနံ့ကလည်း တော်လှန်ရေးအတွက် အတားအဆီးဖြစ်စေတဲ့ မိသားစုတွေ၊ မိတ်ဆွေသူငယ် ချင်းတွေကို ကျောခိုင်းလာသူမို့ ဘယ်အတားအဆီးမှာ မကြောက်ဘူးလို့ ပြောပါတယ်။

“ ကျွန်မရှေ့တန်းက ပါဝင်ခဲ့တာက မှတ်မှတ်ရရ သုံးကြိမ်ရှိပါပြီ။ ကျန်တဲ့အချိန်တွေက နောက်တန်းမှာ နေရတာများတယ်။ နောက်တန်းကဆိုပေမယ့် ပစ်ခတ်မှုတွေကြားမှာ မီးခိုးဗုံးလိုရင်မီးခိုးဗုံး၊ ရေလိုရင်ရေစတာတွေလုပ်ပေးရတယ်”လို့ ရှင်းပြ ပါတယ်။

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကတည်းက သပိတ်စစ်ကြောင်းတွေမထွက်မီ ဆန္ဒပြပြည်သူတွေ ထိခိုက်မှု၊ သွေးထွက်သံယိုမှုနည်းစေဖို့အတွက် အမျိုးသမီးတွေပါဝင်တဲ့ ဆန္ဒပြသူတွေဟာ ကြိုတင်ကာကွယ်ရေးတွေ လုပ်ခဲ့ကြပါတယ်။

သပိတ်စစ်ကြောင်းသွားနိုင်မယ့် လမ်းကြောင်းကြည့်တာ၊ လမ်းကြောင်းဆွဲတာတွေနဲ့ ဖြိုခွင်းမှုတွေနဲ့ ကြုံတွေ့လာမယ် ဆိုရင်လည်း ဘယ်လမ်းကြောင်းက ပြေးမယ်။ ဘယ်မှာဆုံမယ်။ ဘယ်လိုအချင်းချင်း ချိတ်ဆက်ကြမလဲဆိုတာတွေကအစ စနစ်တကျ အစီအစဉ်တွေဆွဲခဲ့ကြတယ်။

ဒါ့အပြင် လူချင်းမတွေ့ကြတော့ရင် တစ်နေရာနဲ့ တစ်နေရာသတင်းဘယ်လိုပေးကြမလဲ။ ဘယ်နေရာမှာ ပုန်းမလဲ။ ဘယ် နေရာမှာ လုံခြုံမှုရနိုင်မလဲဆိုတာတွေကိုလည်း သူတို့အနေနဲ့ ကြိုတင်ဆွေးနွေးမှုတွေ အကြိမ်ကြိမ်လုပ်ပြီးမှ တော်လှန်ရေး စစ်ကြောင်းတွေ စထွက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကြောင်းတွေအနေနဲ့ ဖြိုခွဲခံရရင်လည်း ဒဏ်ရာရပြည်သူတွေ အရေးပေါ်ကုသပေးနိုင်အောင် ဆေးဘက်ဆိုင်ရာတွေနဲ့ ပြင်ဆင်တာကအစ ဒီအစီအစဉ်အားလုံးတွေကို ရပ်ကွက်အလိုက်၊ သူ့နေရာနဲ့သူ၊ သပိတ်မှာပါဝင်တဲ့ လူငယ်အားလုံး ဝိုင်းဝန်းစီမံလုပ်ဆောင်ခဲ့ကြတာပါ။

နှင်းနွေဦးဇော်က“ အခုစစ်ကောင်စီ အကြမ်းဖက်အုပ်စုရဲ့ မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေကသပိတ်ကို ဖြိုခွင်း တာမဟုတ်ပဲ လူသတ်ပွဲလုပ်နေသလို ဖြစ်တာကြောင့် ဒီအန္တရာယ်တွေကို အနည်းဆုံးလျော့ချနိုင်အောင်လို့ ကြိုတင် ပြင်ဆင်ခဲ့တာ”လို့ ရှင်းပြပါတယ်။

တချို့သော ကိစ္စရပ်တွေမှာတော့ စီစဉ်သလို မဖြစ်လာတွေရှိပေမယ့် စိတ်ပျက်မသွားဘဲ ပစ်ခတ်တားဆီးမှုတွေကြားကနေ တော်လှန်ရေးကို ရအောင်ဆက်လုပ်ခဲ့ကြတယ်။ အဲ့ဒီအထဲမှာ စစ်အာဏာရှင်တွေက လူသတ်ပွဲကြီးလုပ်ခဲ့တဲ့ ဖက်ဆစ် တော်လှန်ရေးနေ့လည်းပါဝင်ပါတယ်။

ဖက်ဆစ်တော်လှန်ရေးနေ့မှာ သူတို့တွေဟာ တိမ်းရှောင်နေတဲ့ နေရာအသီးသီးကနေ စုရပ်ရှိရာဆီကို စစ်ဆေးမှု နည်း နိုင်တဲ့ မနက် ၆ နာရီလောက်မှာ ဖုန်းကို restart ချကာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ခဲ့ကြပါတယ်။

နွေဦးရနံ့တို့ ဆန္ဒပြမယ့်နေရာရောက်ပြီး ဆန္ဒပြဖို့စီစဉ်နေစဉ်မှာပဲ စစ်တပ်က မီးခိုးဗုံးတွေ၊သေနတ်သံတွေနဲ့ တပြိုင်တည်း ပစ်ခတ်ခဲ့တာကြောင့် လူငယ်အများအပြား ကျည်ထိသွားတယ်။ အဲ့ဒီအချိန်မှာ စစ်တပ်ကိုခုခံဖို့ ရှေ့တန်းမှာ လူမရှိတဲ့ အတွက် သူအပါအဝင် မိန်းကလေး ငါးယောက်လောက်က ရှေ့တက်ပြီးခုခံကာကွယ်ခဲ့ကြတယ်။

“ အဲ့ဒီအချိန်မှာတော့ သေသွားနိုင်တယ်တို့ ဘာတို့တွေးမနေအားဘူး။ စစ်တပ်ကိုထိသွားစေချင်တာနဲ့ ကိုယ့်ရဲဘော်တွေကို ကာကွယ်ပေးချင်တာပဲသိတယ်။ ကြောက်စိတ်လည်း မဖြစ်ခဲ့ဘူး”လို့ ပြန်ပြောပါတယ်။

အဲ့ဒီနေ့ဟာ တစ်နေ့လုံး၊ တစ်ညလုံး ပစ်ခတ်သံတွေ၊ မီးခိုးမှိုင်းတွေကြားမှာ ပြည်သူတွေဟာ အမဲလိုက်ခံနေရသလို လက်နက်မရှိသူတွေကို ပစ်ခတ်ဖမ်းဆီးနေလို့ ပြေးလွှားပုန်းအောင်းနေရတာက စစ်မြေပြင်ကြီးအလားပဲလို့ သူက မှတ် ချက်ပြုပါတယ်။

နွေဦးရနံ့တို့လိုပဲ နှင်းနွေဦးဇော်တို့ ဆန္ဒပြတဲ့နေရာမှာလည်း သူတို့သပိတ်လုပ်ကြမယ့်စုရပ်ကို ရောက်သွားတဲ့အချိန်မှာ လူအားလုံးမရောက်မီ စတင်ဖြိုခွဲခံခဲ့ရတာကြောင့် အန္တရာယ်ကင်းမယ့်နေရာတွေမှာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လုပ်ကြဖို့ လူစုခွဲခဲ့ကြတယ်လို့ဆိုပါတယ်။

“ မထင်မှတ်ထားတဲ့နေရာမှာ သပိတ်လုပ်လိုက်ရပေမယ့် အဖက်ဖက်ကနေ လိုအပ်တာတွေ ရပ်ကွက်က ဝိုင်းဝန်းကူညီ ပေးတယ်။ နေပူလာတော့လည်း အရိပ်ရအောင် ကာပေးကြတယ်။ ခင်းထိုင်ဖို့ ကတ်ထူပြားတွေ လုပ်ပေးကြတယ်။ ရေတွေ၊ အစားအသောက်တွေ ဝေပေးကြတယ်။ အဲဒါတွေက အရမ်းကို စိတ်အားတက်ကြွစေတယ်”လို့ နှင်းနွေဦးဇော်က ဆိုပါ တယ်။

ရပ်ကွက်ထဲက အမျိုးသမီးတွေဟာ နှင်းနွေဦးဇော်ရဲ့ သပိတ်စစ်ကြောင်းမှာ ပါဝင်ဆန္ဒပြခဲ့ကြတဲ့အခါမှာ စစ်တပ်က စစ်ကား တွေ၊ လက်နက်တွေနဲ့ ခြိမ်းခြောက်ပြီး သုံးကြိမ်တိုင်တိုင် ဖြိုခွင်းဖို့လုပ်ကြပါတယ်။

ဒါပေမယ့် သူတို့တွေဟာ ဇွဲမလျော့ဘဲ နည်းမျိုးစုံနဲ့ တန်ပြန်ခုခံတော်လှန်ရေးတွေ လုပ်ခဲ့ပြီး စစ်ကားတွေ တစ်ခါဖြတ် သွားတိုင်း သူတို့တွေ တစ်ယောက်လက်၊ တစ်ယောက်ဆုပ်ကိုင် အားပေးရင်း ဆန္ဒဆက်ပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲကိုတားမရတဲ့အခါ စစ်တပ်က သပိတ်ဆက်လုပ်ရင်၊ သပိတ်ကို ရပ်ကွက်ကလက်ခံထားရင် ရပ်ကွက်ထဲက လူတွေပါ ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် သူတို့ဟာ ရပ်ကွက်ကိုမထိခိုက်စေမယ့် ဆန္ဒပြမှုမျိုး ပြုလုပ်ဖို့ ထပ်မံ စီစဉ်ကြပြန်ပါတယ်။

သူတို့ဟာ ရပ်ကွက်နေပြည်သူတွေမထိခိုက်စေဖို့ ရည်ရွယ်ကာ စစ်ကားတွေတက်လာရင် ဆန္ဒပြတာကိုရပ်ကာ လုံခြုံ တဲ့နေရာတွေမှာ ပုန်းနေကြပြီး စစ်တပ်တွေ ပြန်ဆင်းသွားရင်တော့ သပိတ်ကို ဆက်လုပ်ကြတာမို့ နောက်ဆုံးမှာ စစ်တပ်က လက်လျော့ကာ တပ်ခေါက်သွားပါတယ်။

အဲဒီ ဖက်ဆစ်တော်လှန်ရေးနေ့မှာလုပ်တဲ့ နှင်းနွေဦးဇော်တို့ရဲ့ သပိတ်စစ်ကြောင်းကနေ ထိခိုက်ကျဆုံးမှုမရှိဘဲ အောင် အောင်မြင်မြင်ပြီးခဲ့ပေမယ့် တခြားနေရာတွေပြင်းထန်စွာ ဖြိုခွင်းခံရတာကြောင့် အဲဒီနေ့တရက်ထဲ လူပေါင်း ၁၀၀ ကျော် ကျဆုံးခဲ့ရပါတယ်။

ဒီလိုသေဆုံးမှုတွေ အန္တရာယ်တွေရှိနေပေမယ့်လည်း ဒီအာဂအမျိုးသမီးလေးတွေဟာ သူတို့အနာဂတ်နဲ့နိုင်ငံကို ကယ် တင်ဖို့အတွက် တော်လှန်ရေးကို အဆုံးတိုင်ဆက်လက်ဆင်နွှဲကြဖို့ စိတ်ပိုင်းဖြတ်ထားကြပါပြီ။ တော်လှန်ရေးအပေါ် ထား တဲ့ခံယူချက်နဲ့ ပတ်သက်ပြီးလည်း နှင်းနွေဦးဇော်က အခုလိုပဲ ဆိုပါတယ်။

“ ဒီတော်လှန်ရေးက ကျွန်မတို့အတွက် နောက်ဆုံးဖြစ်ရမယ်။ နိုင်ကိုနိုင်ရမယ်လို့ ပိုင်းဖြတ်ထားတယ်”

Related Articles