Home ဆောင်းပါး ရင်သွေးလေးတွေကို နွေးထွေးစွာကြိုဆိုနိုင်မလား ပူပန်နေရတဲ့ မိခင်လောင်းတွေ

ရင်သွေးလေးတွေကို နွေးထွေးစွာကြိုဆိုနိုင်မလား ပူပန်နေရတဲ့ မိခင်လောင်းတွေ

Honest Information (HI)
ကိုယ်ဝန် ရှစ်လရှိနေပြီ ဖြစ်တဲ့ မပန်းနု(အမည်လွှဲ) တစ်ယောက် မွေးဖွားဖို့လပိုင်းသာလိုတော့ပေမယ့် သူမွေးတဲ့အချိန်မှာ အဆင်ပြေပြေ မွေးနိုင်ပါ့မလားဆိုတာကို စိုးရိမ်စိတ်တွေနဲ့ မွေးမယ့်ရက်ကို စောင့်နေရပါတယ်။

ပထမဆုံး ကိုယ်ဝန်လွယ်ထားရတဲ့ မပန်းနုဟာ ကိုယ်ဝန်စဆောင်တဲ့ အချိန်တုန်းက ဗိုက်ထဲမှာရှိနေတဲ့ ကလေးမွေးလာရင် ပျော်စရာ အကောင်းဆုံးအချိန်ဖြစ်မယ်လို့ လွန်ခဲ့တဲ့ ၆လလောက်က တွေးထင်ကြည်နူးနေခဲ့ပေမယ့် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ သူမရဲ့ အတွေးတွေဟာ ရင်သွေးလေးကို နွေးထွေးစွာကြိုဆိုနိုင်ပါ့မလားဆိုတာမျိုး ပြောင်းလဲလာ ပါတယ်။

မပန်းနုရဲ့အမျိုးသားဟာ အစိုးရဝန်ထမ်းဖြစ်ပြီး CDM လုပ်တဲ့အထဲမှာပါတဲ့အတွက် CDM ဦးဆောင်ပြီးလုပ်တဲ့ ဝန်ထမ်း တွေကို ဖမ်းဆီးတာတွေ ရှိလာတဲ့အခါ အိမ်မှာမနေရဲတော့ဘဲ ရှောင်နေရတာ ဖြစ်ပါတယ်။ ရှောင်နေရတဲ့ ခင်ပွန်း ဖြစ်သူကို စိုးရိမ်ရတာရှိသလို မွေးဖွားမယ့်နေရာကို သူကိုယ်တိုင် အတိအကျမရွေးရသေးတာလည်း သူ့ရင်သွေးအတွက် ပိုပြီးစိတ်ပူ စရာ ဖြစ်နေပါတယ်။

ကိုယ်ဝန်စဆောင်စဉ်က အမျိုးသားဖြစ်သူမှာ ပုံမှန်ရုံးတက်ပြီး လုပ်ငန်းပုံမှန်လည်ပတ်နေတဲ့အတွက် လစာလည်း ပုံမှန် ရနေသလို မပန်းနုကိုယ်တိုင်ကလည်း ကုမ္ပဏီဝန်ထမ်းဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ရဲ့ဝင်ငွေနဲ့ဆို ကလေးကိုပုဂ္ဂလိ က ဆေးရုံမှာမွေးဖို့ ကြိုပြီး တိုင်ပင်ထားတာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ အမျိုးသားဖြစ်သူမှာ ရှောင်ပုန်းနေရတဲ့အတွက် မပန်းနုတစ်ယောက်ထဲ အရင်နေထိုင်ခဲ့တဲ့ ဝန်ထမ်း အိမ်ရာမှာ ဆက်မနေရဲတော့ဘဲ ရွှေကြာပင်ရပ်ကွက်ထဲက ဆွေမျိုးနီးစပ်တဲ့အဒေါ်အိမ်မှာ ခဏနေထိုင်နေတာဖြစ်ပါတယ်။ မပန်းနုတို့ နှစ်ဖက်မိဘတွေဟာ ဧရာဝတီတိုင်းဘက်ကဖြစ်ပါတယ်။

“ သူတို့ဆီမှာပဲ ပြန်မွေးဖို့ အမေတို့ကတော့ ပြန်ခေါ်တယ်။ ကိုယ်က ဒီလိုအခြေအနေမျိုးနဲ့ မပြန်ချင်ဘူး။ ဈေးသက်သာတဲ့ အိမ်ငှားရှာနေတယ်။ အိမ်ငှားရရင် ညီမလေးကိုဒီခေါ်ပြီး မွေးပြီးတဲ့အထိ နေပေးဖို့ သူ့ကိုအကူအညီတောင်းထားတယ်” လို့ မပန်းနုက ပြောပါတယ်။

နေပြည်တော်မှာ အိမ်ငှားခတွေက ရွှေကြာပင်၊ သပြေကုန်း တို့လို အချက်အချာကျတဲ့ နေရာမျိုးမှာဆိုရင် တိုက်လုံးချင်းဆို ၅ သိန်းနဲ့ အထက်မှာရှိပါတယ်။ မြို့ဟောင်းဖြစ်တဲ့ ပျဉ်းမနား၊ လယ်ဝေးနဲ့ တပ်ကုန်းဘက်မှာတော့ အိမ်ငှားခမှာ ဈေးသက် သာပေမယ့်လည်း ဆေးရုံဆေးခန်း၊ ဝန်ကြီးဌာနပေါင်းစုံနဲ့ အလှမ်းဝေးတဲ့အတွက် အိမ်ငှားရှာတဲ့သူ အများစုကတော့ ကိုယ့်လုပ်ငန်းနဲ့ နီးစပ်တဲ့ နေရာကို ဦးစားပေးပြီး ငှားရမ်းကြတာများပါတယ်။

“ အခုဆို ဝင်ငွေကအမ ဝင်ငွေတစ်ခုပဲ ရှိတော့တာလေ။ ကလေးမွေးမယ့် မွေးစရိတ်လည်း ကြိုစီစဉ်ထားရတော့ အိမ်ငှားခ ကို အများကြီးမသုံးနိုင်လို့ ဈေးသက်သာတာရှာနေတယ်။ အခုထိတော့မရသေးဘူး။ အမရုံးက မိတ်ဆွေတွေလည်း ကူရှာ ပေးနေပါတယ်” လို့ မပန်းနုက ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေတွေ မငြိမ်မသက်ဖြစ်ပေါ်ခဲ့တဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ စီးပွားရေးကြပ်တည်းမှုတွေ၊ ဆန္ဒပြလို့ လူတွေ သေကြေပျက်စီးတာတွေ ရှိနေသလိုမျိုး ကိုယ်ဝန်ဆောင်ထားရတဲ့ မိခင်တွေဟာလည်း မမွေးလာသေးတဲ့ ရင်သွေးအတွက် ကြိုတင်ပြီး စိတ်ပူနေကြရတာဖြစ် ပါတယ်။

တပ်မတော်က အာဏာသိမ်းတာကို လက်မခံတာကြောင့် နိုင်ငံအနှံ့အပြားမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းအများစုက ငြိမ်း ချမ်းစွာ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေကြပါတယ်။ ဆေးရုံဆေးခန်းတော်တော်များများလည်း ပိတ်ထား ရတဲ့အတွက် ကျန်းမာရေးဆိုင်ရာပြဿနာတွေကို CDM ပြုလုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ကနဦးမှာ ဆောင်ရွက် ပေးကြပါတယ်။

ဒါပေမယ့် စစ်ကောင်စီက CDM ပြုလုပ်တဲ့ ဝန်ထမ်းတွေကို တောက်လျှောက်ဖမ်းဆီးတာတွေ ပြုလုပ်နေတဲ့အတွက် တိမ်းရှောင်နေကြရပါတယ်။

ဒီလိုအခြေအနေမှာ မြို့ကြီးတွေမှာရှိနေတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေအပြင် နယ်မြို့နဲ့ ကျေးလက်ဒေသတွေမှာရှိနေတဲ့ ကိုယ်ဝန်သည်တွေပါ မွေးဖွားဖို့အတွက် အခက်အခဲရှိလာမှာကို စိုးရိမ်နေကြတာပါ။

နယ်မြို့အများစုမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ သားဖွားမီးယပ် အထူးကု(OG) ဆရာဝန်တွေနဲ့ ပြလေ့မရှိဘဲ ကျေး လက်ကျန်းမာရေး ဦးစီးဌာနအောက်မှာ အဆင့်ဆင့်ဖွဲ့စည်းထားတဲ့ သားဖွားဆရာမ၊ အရန်သားဖွားဆရာမတွေနဲ့ မွေးလေ့ ရှိပြီး၊ ကလေးအနေအထားမမှန်ဘဲ မမွေးနိုင်လို့ နောက်ဆုံးအချိန်မှသာ မြို့ပေါ်မှာရှိတဲ့ ဆေးရုံကိုတက်ပြီး မွေးဖွားကြတာ ဖြစ်ပါတယ်။

“ ဆေးရုံ ဆေးခန်းမှာ ဆရာမတွေလည်းမရှိဘူး။ ဘယ်ဆေးခန်းသွားမွေးရမလဲဆိုတာ အခုထိမသိရသေးဘူး။ အိမ်မှာမွေး မယ်ဆိုတော့လည်း ဘယ်လိုပုံစံနဲ့ မွေးရမှာလဲပေါ့။ တွေးလိုက်ရင်ကလေးများတစ်ခုခုဖြစ်သွားမလားဆိုတာကို အရမ်းစိုးရိမ် ပြီးစိတ်ပူမိတယ်” လို့ လွိုင်ကော်မြို့နယ်၊ ကွန်းသာအုပ်စု၊ ဝါထောင်ကျေးရွာက မမူအဲက ပြောပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိတဲ့ မမူအဲရဲ့ကိုယ်ဝန်ဟာ ၈လရှိနေပြီ ဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေ စဖြစ်တဲ့ အချိန်ကစပြီး ကိုယ်ဝန်ဆောင် အားဆေးတစ်လုံးတောင်မသောက်ရတော့ပါဘူး။ သူ့ရဲ့အမျိုးသားဖြစ်သူမှာ အရင်က ကျပမ်းအလုပ် လုပ်ပြီး ငွေရှာနိုင်ပေမယ့် အခုအချိန်မှာ ကျပမ်းအလုပ်တောင် မလုပ်ရတာကြောင့် ဘာဝင်ငွေမှ မရှိတဲ့အတွက် ဆေးဖိုးနေ သာသာ ထမင်းဖိုးပင် မနည်းရှာဖွေ စားသောက်နေရတဲ့ အခြေအနေဖြစ်ပါတယ်။

မမူအဲဟာ ဒုတိယမြောက် ကိုယ်ဝန်လွယ်ထားရတာဖြစ်ပါတယ်။ ပထမတစ်ယောက် မွေးတုန်းက ကာကွယ်ဆေး ပုံမှန်ထိုး ရပြီး၊အားဆေးလည်း ပုံမှန်သောက်ခဲ့ရပါတယ်။ မွေးတဲ့ အခါမှာလည်း ဆေးခန်းမှာ ဆရာမစုံစုံလင်လင်နဲ့ မွေးခဲ့ရတာ ဖြစ် တယ်လို့ မမူအဲက ဆိုပါတယ်။

“ အခုဆေးခန်းမှာ ဆရာမတစ်ယောက်မှမရှိတော့ဘူး။ ကိုယ်ဝန် ၅လအထိပဲ အားဆေးသောက်ခဲ့ရတယ်။ အခု ၈လ ရောက်နေပြီ ဘာဆေးမှမသောက်ရတော့ဘူး။ ဘယ်လိုပုံစံနဲ့မွေးမလဲ စဉ်းစားတိုင်းကြောက်ရတယ်။ ဒီအတိုင်းပဲ ချောချော ချူချူ မွေးရင်တော့ တော်သေးတာပေါ့” လို့ မမူအဲက သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ ခံစားနေရတဲ့ အခြေအနေကို ပြောပြပါတယ်။

မမူအဲ နေထိုင်တဲ့ ဝါထောင်ကျေးရွာမှာ ကိုယ်ဝန်သည် လေးယောက်ရှိပါတယ်။ ဝါထောင်ကျေးရွာမှာရှိတဲ့ ကိုယ်ဝန်သည် ၄ ဦးစလုံးက ဘယ်လိုပုံစုံမျိုးနဲ့ မွေးကြမယ်ဆိုတာ မသိသေးတဲ့ အခြေအနေဖြစ်တယ်လို့ ကွန်းသာအုပ်စုက အမျိုးသမီးရေး တက်ကြွ လှုပ်ရှားသူ မမီခိုင်က ဆိုပါတယ်။

“ ကျွန်မတို့ ကိုယ်ဝန်သည်တွေ စာရင်းလိုက်ကောက်တယ်။ သူတို့ ရင်ဖွင့်တာတွေ ကြားရတော့ စိတ်တော့မကောင်းဘူး။ ကိုယ်ဝန်ကိုဆရာမကို သွားပြချင်ပေမယ့်လည်း ကျွန်မတို့ ကွန်းသာအုပ်စုက ဆရာ/ ဆရာမတွေက အကုန်လုံး CDM လုပ်ကြတော့ ပြလို့မရတော့ဘူး။ အပြင်ဆေးခန်းပြမယ်ဆိုတော့လည်း ပိုက်ဆံက မရှိကြဘူးတဲ့လေ” လို့ မမီခိုင်က ပြောပြ ပါတယ်။

မြို့ပေါ်မှာနေပြီး ငွေကြေးတတ်နိုင်တဲ့ မိသားစု အသိုင်းအဝိုင်းက ကိုယ်ဝန်သည်မိခင်အများစုဟာ ပုဂ္ဂလိက ဆေးရုံမှာ OG ဆရာ ဝန်များနဲ့ ပြသပြီး သက်တောင့်သက်သာ မွေးဖွားနိုင်ကြပေမယ့် ငွေကြေးအသင့်အတင့်သာ တတ်နိုင်တဲ့ ကိုယ်ဝန် သည် အများစုကတော့ အစိုးရဆေးရုံတွေမှာ အများဆုံး မွေးကြတယ်လို့ နေပြည်တော်က OG ဆရာဝန်တစ်ဦးက ပြောပါ တယ်။

“ အစတုန်းက ပျဉ်းမနား ကုတင် ၂၀၀ ဆေးရုံမှာပဲ မွေးဖို့ဆုံးဖြတ်ထားတာ။ ရပ်ကွက်ထဲက သူတွေလည်း အရင်က ဒီလိုပဲ မွေးကျတော့လေ။ အခုကျတော့ ဆေးရုံမှာ ဆရာဝန်တွေရော ၊ ဆရာမတွေရော CDM လုပ်နေကြတော့ အပြင်ဆေးရုံ မွေး ဖို့ စဉ်းစားနေတယ်” လို့ ပျဉ်းမနားမြို့မှ ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ ကိုယ်ဝန်သည် မစန္ဒာမောင်က ပြောပါတယ်။

ပုဂလိကဆေးရုံမှာ ကလေးမွေးဖွားမည်ဆိုပါက အနိမ့်ဆုံး ကျပ် ၁၀ သိန်း နဲ့အထက် ကုန်ကျမှုတွေ ရှိနေတဲ့အတွက် ဝင်ငွေနဲ့ ပြန်လည်ချိန်ညှိမှုတွေ လုပ်နေရသေးတဲ့အတွက် ဘယ်နေရာမှာမွေးမယ်ဆိုတာ တိတိကျကျ ဆုံးဖြတ်ထား တာတော့ မရှိသေးဘူးလို့လည်း ကိုယ်ဝန် ၆ လရှိနေပြီဖြစ်တဲ့ မစန္ဒာမောင်က ဆိုပါတယ်။

အစိုးရ ဆေးရုံအများစုက ကျန်းမာရေးဝန်ထမ်းတွေဟာ CDM လုပ်နေကြတဲ့အတွက် ဆေးရုံတွေမှာ အရင်လို ၂၄ နာ ရီလုံးလုံး ဝန်ဆောင်မှုမပေးနိုင်တဲ့ အနေအထားဖြစ်နေတယ်လို့ မုံရွာမြို့မှ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဆရာဝန်တစ်ဦးက မှတ်ချက်ပြုပါတယ်။

“ အခုဆို နိုင်ငံရေးက ဒီလိုဖြစ်နေတော့ ဒီကလေးကို ငါအောင်မြင်စွာ မွေးနိုင်ပါ့မလားဆိုတာမျိုး၊ မွေးမယ့်အချိန်ကျမှ ငါ့မှာ ဘာအခက်အခဲတွေများ ကြုံရမလဲဆိုတဲ့စိတ်က ပညာတတ်ခြင်း၊ ပညာမတတ်ခြင်းနဲ့မဆိုင်ဘူး။ မိခင်တိုင်းမှာ ဖြစ်တတ် တယ်။ ပထမဆုံးအကြိမ်မွေးမယ့် မိခင်တွေမှာ အတွေ့အကြုံမရှိတော့ ပိုပြီးဖြစ်နိုင်တယ်” လို့ ယင်းဆရာဝန်က ဆိုပါတယ်။

ဗိုက်ထဲမှာကလေးရှိပြီလို့ သိရကတည်းက တစ်ခါတစ်လေ စိတ်အားထက်သန်တာတွေ ဖြစ်တတ်သလို၊ တစ်ခါတစ်လေ စိုး ရိမ်စိတ်တွေ အရမ်းများပြီး ထမင်းမစားနိုင်တဲ့ရက်တွေရှိခဲ့ပါတယ်။ ကိုယ်ဝန်စဆောင်ရတည်းက စိတ်အတက်အကျ ဖြစ် တာ အရမ်းမြန်တယ်လို့ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှ ကိုယ်ဝန် ၄ လရှိနေပြီဖြစ်တဲ့ ကျောင်းဆရာမတစ်ဦးဖြစ်တဲ့ ဒေါ် နှင်းနှင်း(အမည်လွဲ) က ဆိုပါတယ်။

ဒေါ်နှင်းနှင်းတို့ လင်မယားနှစ်ယောက်စလုံး ပညာရေးဝန်ထမ်းတွေဖြစ်ပြီး နှစ်ယောက်စလုံးက CDM လုပ်တဲ့အထဲ ပါဝင် နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရပ်ကွက်ထဲက သူနာပြုဆရာမနဲ့ ကိုယ်ဝန်ကိုအပ်ထားပြီး မွေးဖွားမယ့် အချိန်က ၅ လနီးပါးလိုသေးတဲ့အတွက် မွေးဖွားမယ့်နေရာကို သူလည်းအတိအကျတော့ မရွေးရသေးပါဘူး။

“ သူ့ကြောင့်ဆိုပြီး သတ္တိတွေ အလိုလိုရှိလာတယ်။ သူ့ကို ကောင်းကောင်းစောင့်ရှောက်နိုင်ပါ့မလားဆိုတာကိုလည်း ကိုယ့် ကိုယ်ကို မေးခွန်းတွေ ပြန်မေးမိတယ်။ ဒါပေမယ့်လည်း အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တယ်ဆိုတာ ကလေးကြီးလာရင် ပြန်ပြောပြဖို့ တွေးထားတယ်”လို့ ဒေါ်နှင်းနှင်းက ပြောပါတယ်။

နိုင်ငံရေး တည်ငြိမ်နေပြီး ပုံမှန်အနေအထားမျိုးမှာတောင် ကိုယ်ဝန်သည်အမျိုးသမီးတွေဟာ တွေးပြီးစိတ်ပူတတ်ကြသလို၊ စိတ်ခံစားမှုမှာလည်း ပိုပြီး ထိရှလွယ်တတ်တဲ့သဘောရှိတယ်လို့ အထက်ပါဆရာဝန်က မှတ်ချက် ပြုပါတယ်။

ကိုယ်ဝန်သည် မိခင်လောင်းတွေ အနေနဲ့ ဒီလို ကာလမျိုးမှာ ပုံမှန်ထက် ၂ ဆ ပိုပြီး စိတ်ပူနေကြမယ်ဆိုတာ နားလည် သော်လည်း ကိုယ်ဝန် ၅ လကျော်ရင်တော့ TV ဓာတ်မှန် ရိုက်ထားသင့်ပြီး ကလေးရဲ့ အနေအထားကို သိထားပါက ဘယ် လိုပုံစံနဲ့ မွေးမလဲဆိုတာတော့ ကြိုပြီး စီစဉ်ထားလို့ရတယ်လို့ အထက်ပါ ဆရာဝန်က မှတ်ချက်ပြုပါတယ်။

“ ကလေးရဲ့အချင်းက လည်ပင်းမှာပတ်နေသလား၊ အချင်းက မွေးလမ်းကြောင်းမှာ ပိတ်နေသသား၊ ကလေးက အထဲမှာ ရေတွေပဲ များနေတာလား။ မိခင်ရဲ့တင်ပဆုံ ညှပ်ရိုးနဲ့ထိနေတာလား၊ ကလေးခေါင်းက ကြီးနေသလား စသဖြင့်ဒါတွေ ကြိုသိရရင် ကလေးကို ဘယ်လိုမွေးရင် ရနိုင်တယ်ဆိုတာကြိုတွက်လို့ ရတယ်” လို့ ဒီလိုကာလမျိုးမှာ မွေးဖွားမယ့် ကိုယ် ဝန်သည်တွေကို အကြံပြုချက်ပေးပါတယ်။

သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ ပြထားတဲ့ ကိုယ်ဝန်သည်တွေဆိုရင် ဘယ်ရက်ကို မွေးမယ်ဆိုတာ ကြိုတင်ပြော ထား ပေမယ့်လည်း အဲ့ဒီရက်မွေးချင်မှမွေးပြီး ကြိုမွေးတာတွေ၊ နောက်ကျမှမွေးတာတွေ၊ ချော်လဲလို့မွေးလိုက်ရတာမျိုးတွေ ဖြစ်တတ်တဲ့အတွက် မိခင်တွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးဖြစ်တယ်လို့ ဆရာဝန်ကမှတ်ချက်ပြု ပါတယ်။

ကိုယ်ဝန်အရင့်အမာဖြစ်နေတဲ့ မပန်းနုဟာ သူ့မိသားစုအရေး၊ စီးပွားရေး အဆင်မပြေမှုတွေ ဖြစ်နေတာထက် သူ့ကလေး ကို လူ့လောကထဲကောင်းကောင်းမွန်မွန်ရောက်ရှိလာဖို့အတွက် ပိုပြီးစိတ်အားထက်သန်နေပါတယ်။ ချောချောမွေ့မွေ့နဲ့ ရင်သွေးလေး မွေးဖွားနိုင်ဖို့ စိုးရိပ်နေရတဲ့အပြင် နောက်ထပ် စိုးရိမ်နေတာ တစ်ခုလည်းရှိပါသေးတယ်။

အဲ့ဒါကတော့ လက်ရှိနိုင်ငံရေး အခြေအနေတွေကြောင့် သူမွေးဖွားလာမယ့် ရင်သွေးလေးရဲ့အနာဂါတ်ကို စိုးရိမ်ပူပန်နေ တာပါ။

“ ဒီအချိန်မှာ စဉ်းစားလိုက်ရင် အရာအားလုံးက မှုံဝါးနေတယ်။ ရှေ့ဆက်မယ့်အနာဂတ်တွေ ပျောက်နေတယ်။ ဒီလိုအခြေ အနေဟာ မြန်မာပြည်က ပြည်သူတွေအကုန်လုံးနီးပါးခံစားနေရတာ သိပေမယ့် မွေးလာမယ့်ကလေးရဲ့ အနာဂတ်ကိုတော့ အလင်းရောင်ဖျာနေစေချင်တယ်” လို့ မပန်းနုတစ်ယောက် အသံဖျော့ဖျော့လေးနဲ့ ဆိုပါတယ်။

Related Articles