Home ဆောင်းပါး “သား…အမေစောင့်နေတယ်နော်…”

“သား…အမေစောင့်နေတယ်နော်…”

Honest Information (HI)
“ သူတို့အာဏာလိုချင်တာ တစ်ခုထဲနဲ့ လက်နက်မဲ့ကလေးတွေကို လက်နက်အားကိုးနဲ့ ဒီလိုလုပ်စရာမလိုဘူးလေ။ လူသား ချင်းမစာမနာ။ ဒီလိုသတ်ဖြတ်စရာလိုလို့လား”လို့ သားအတွက် ယူကျုံးမရတဲ့စိတ်နဲ့ပြောလိုက်တဲ့ မိခင်တယောက်ရဲ့ ပူ ဆွေးမှုဟာ နှိုင်းပြဖို့ စကားလုံးပင်မရှိပါ။

သူရဲ့သားဖြစ်သူ မောင်အောင်ဖြိုးထက်(ကိုဟိန်း)ဟာ ယုဇနဥယျာဉ်မြို့တော်ထဲက ညသပိတ်မှာ စစ်တပ်နဲ့ရဲတွေ ဖြိုခွင်း ခဲ့မှုကြောင့် ပျောက်သွားပြီး နောက်နေ့မှာခေါင်းမှာကျည်ဒဏ်ရာနဲ့ အသက်ပါမလာတော့တာကြောင့် မိခင်ဖြစ်သူမှာ အရူးမီး ဝိုင်းသလို ခံစားနေရတာ ဖြစ်ပါတယ်။

အဲ့ဒီနေ့(မတ်လ ၁၄ ရက်)က ယုဇနရဲ့ညသပိတ်မှာ ကိုဟိန်းအပါအဝင် စုစုပေါင်းသုံးယောက်ကျဆုံးခဲ့ရပြီး သူတို့တွေဟာ ခေါင်းကို ကျည်ဆံမှန်ပြီး သေဆုံးခဲ့ရတဲ့သူတွေ ဖြစ်တယ်။

ခေါင်းကို ကျည်ဆံမှန်ကာ ကျဆုံးသွားသူအများစုဟာ အရွယ်ကောင်းလေးတွေဖြစ်တာကြောင့် ကျန်ရစ်သူ မိခင်တွေ အနေ နဲ့ ဘယ်လောက်တောင် ထိခိုက်နာကျင်ရမယ်ဆိုတာ တွေးတောင်မကြည့်ဝံ့ပါဘူး။

ကိုဟိန်းနဲ့အတူ ကျဆုံးခဲ့တဲ့မောင်ခန့်အောင်ဖြိုးဆိုလည်း အသက် ၁၉နှစ်သာ ရှိသေးတဲ့ အင်ဂျင်နီယာကျောင်းသားဖြစ်ပြီး သူဟာ ဖခင်မရှိဘဲ အမေတခု၊ သားတခု နေထိုင်ခဲ့ရတဲ့ ဘဝမှာ သားတယောက် ဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်။

“ မေမေမပူနဲ့၊ သားကိုသားလှူထားပြီးသား။ နိုင်ငံအတွက်ရဲဝံ့မယ်။ ဘုရားရှင်ခေတ်မှာရဟန်းဝတ်မယ်။ ငရဲခေတ်မှာတော့ လူသတ်မယ်”လို့ မိခင်ကိုပြောသွားတဲ့စကားက ပြည်သူတွေရဲ့ ရင်ကို လှုပ်ခတ်သွားစေခဲ့ပြန်ပါတယ်။

တော်လှန်ရေးထွက်သွားတဲ့ သားကို အိမ်ကနေစိတ်ပူပြီး ဂရုစိုက်ဖို့ သတိပေးစကားဆိုတဲ့ မိခင်ကို မောင်ခန့်အောင်ဖြိုးက အခုလို ပြန်လည်နှစ်သိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။

အလားတူ ပြည်သူတွေရဲ့ရင်ကို ဝမ်းနည်းမှုဖြစ်စေခဲ့တာကတော့ မတ်လ ၁၇ ရက်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ လည်း စစ်တပ်နဲ့ရဲတွေ သေနတ်နဲ့ ပစ်လို့ ရင်ဘတ်ကျည်ထိပြီး ကျဆုံးသွားတဲ့ အသက် ၁၉ နှစ်အရွယ် ဒိုဆွမ်းကိမ်းပါ။

ကျဆုံးသွားတဲ့ သားဖြစ်သူရဲ့ ရုပ်အလောင်း ပြန်မရသေးတာကြောင့် နာရီပေါင်း ၃၀ နီးပါးကြာအောင် ရေခဲတိုက်ရှေ့မှာ ထိုင်စောင့်ရင်း ပူဆွေးသောကရောက်နေရတဲ့ မိခင်ကို မြင်ရသူတိုင်းဟာ မျက်ရည်မဆယ်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။

ရေခဲတိုက်ရှေ့မှာ သားဓါတ်ပုံစိုက်ကြည့်ကာ မျက်ရည်တွေကြားကနေ “အမေစောင့်နေတယ်နော်သား”လို့ ပြောနေတဲ့ မိခင် တယောက်ရဲ့ ပူဆွေးမှုကို ကြည့်ပြီး ပြည်သူတွေကလည်း ထပ်တူထပ်မျှ ငိုကြွေးခဲ့ကြတယ်။

မြန်မာပြည်မှာတော့ မိဘနဲ့အတူနေသေးတဲ့ အသက် ၁၆၊ ၁၉ နှစ် မိဘတွေချစ်မဝသေးတဲ့အရွယ်လေးတွေမို့ ဒီလိုအသက် နဲ့ရင်းရတဲ့ အာဏာရှင်တော်လှန်ရေးမှာ ပါဝင်ခွင့်ပြုဖို့ဆိုတာ တော်ရုံသတ္တိလောက်နဲ့တော့ မရပါဘူး။

မိဘတွေစိတ်ပူမယ်ဆိုရင်လည်း စိတ်ပူစရာပါပဲ။ စစ်အာဏာရှင်ဟာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို ဖြိုခွင်းတဲ့ပုံစံ မျိုးမဟုတ်တော့ဘဲ အရက်စက်ဆုံး၊ အကြမ်းကြုတ်ဆုံး နည်းလမ်းတွေသုံးကာ မြင်မြင်သမျှကို ပစ်ခတ်၊ ဖမ်းဆီးသတ်ဖြတ် နေတာပါ။

မိဘတွေကိုယ်တိုင်က မရိုက်ရက်ခဲ့တဲ့ ကလေးသာသာအရွယ်လေးတွေကို စစ်တပ်နဲ့ ရဲက ခေါင်းတွေပွင့်သွားတဲ့အထိ မညှာမတာ ပစ်သတ်နေတာကို တွေ့မြင်ရတဲ့ ပြည်သူတွေတောင် ရင်ကွဲမတတ်ခံစားနေရရင် သူတို့ရဲ့ မိခင်တွေအနေနဲ့ ဘယ်လောက်ထိခိုက်ခံစားနေရမလဲဆိုတာ ပြောမပြတတ်အောင်ပါပဲ။

သို့ပေမယ့် သူတို့ကလေးတွေ ရဲဝံ့စွာ လျှောက်လှမ်းနေတဲ့ လမ်းက မှန်ကန်သင့်လျော်တာမို့ မတားရက်ခဲ့တဲ့ မိခင်တွေဟာ တော်လှန်ရေးမှာ သူတို့သားသမီးတွေ ဘေးမသီရန်မခဖို့ဆုတောင်းရင်း အိမ်ပြန်လာမယ့် သားသမီးတွေကို စောင့်မျှော်နေ ပါတယ်။

သားသမီးတွေ ပြန်ရောက်မလာမခြင်း ဘယ်အချိန်အလောင်းလာယူခိုင်းမလဲ၊ ဘယ်အချိန်လာဖမ်းမလဲဆိုတဲ့ သောက တွေနဲ့ မျှော်နေရတဲ့မိခင်တွေရဲ့ ရင်ထဲကအပူမီးဟာ စကားအဖြစ်ထုတ်မပြောပေမယ့်လည်း ခံစားမိကြရတယ်။

ဒါ့အပြင် မကွေးတိုင်း၊ စလင်းမြို့နယ်မှာ မတ်လ ၃ ရက်က ကျဆုံးသွားတဲ့ မောင်အောင်မြင့်မြတ်ရဲ့မိခင်ဟာ သားဖြစ်သူရဲ့ ရုပ်အလောင်းနားမှာ သူ့ကိုစိတ်မပူဖို့နဲ့ အေးအေးချမ်းချမ်းသွားဖို့ တတွတ်တွတ်မှာကြားနေပုံက မြင်ရသူတိုင်းကို မျက်ရည်မ ဆယ်နိုင်အောင် ဖြစ်စေခဲ့ပါတယ်။

မောင်အောင်မြင့်မြတ်ဟာ အသက် ၁၉ နှစ်သာရှိသေးပြီး သူလည်း ခေါင်းကိုကျည်ဆံမှန်ကာ ကျဆုံးသွားရတာ ဖြစ်တယ်။ သူဟာ အထက်တန်းစာမေးပွဲကို ၅ ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ထားတဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကြယ်ပွင့်လေးပါ။

ဒီလိုသောကတွေ၊ ဝမ်းနည်းပူဆွေးမှုတွေဟာ သက်ဆိုင်ရာ မိခင်တွေသာ ခံစားရတာမဟုတ်ဘဲ ပြည်သူတစ်ယောက်ကျဆုံး ရင် တတိုင်းပြည်လုံးက မိခင်တွေအားလုံး နာကျင်နေကြရပါတယ်။

“ အသည်းနှလုံးတခုလုံးကို ဖောက်ထုတ်လိုက်သလိုပါပဲ”လို့ ပြောရင်း သားရဲ့အလောင်းကို ဖက်ကာ လူးလိမ့် ငိုကြွေးနေတဲ့ မိခင်ရဲ့ပူဆွေးမှုဟာ ပြည်သူတွေထံကူးစက်လာကာ တနိုင်ငံလုံးကပါ ဝမ်းနည်းငိုကြွေးခဲ့ကြတယ်။

သူရဲ့သား မောင်ခန့်ညားဟိန်းဟာ အသက် ၁၈နှစ်တောင်မပြည့်သေးတဲ့ ဆေးကျောင်းသားလေးပါ။ စာမတတ်တဲ့ မိခင်က သားသမီးတွေကို ပညာတတ်စေချင်လွန်းလို့ စစ်ပွဲတွေဖြစ်နေတဲ့ ရှမ်းမြောက်ပိုင်းကနေ ရန်ကုန်ကိုပြောင်းရွှေ့နေထိုင် လာကြသူတွေ ဖြစ်ပါတယ်။

လိမ္မာကြိုးစားတဲ့ သားဖြစ်သူ ဆေးကျောင်းဝင်ခွင့်ရတော့ ဆရာဝန်ကြီးဖြစ်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပျော်ရွင်နေခဲ့တဲ့ မိခင်တယောက်ရဲ့ မျှော်လင့်ချက်အပြည့်ပါ။ ဒါပေမဲ့ ဝမ်းနည်းစရာက သူ့မျှော်လင့်ချက်တွေက မတ်လ ၁၄ ရက်မှာ ပျက်ပြယ်သွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနေ့မှာ စစ်အာဏာရှင်တွေရဲ့ ရက်စက်တဲ့ ဖြိုခွင်းမှုကြောင့် သူရဲ့သားဖြစ်သူဟာ ရှေ့မှာဒိုင်းကာရင်း ကျည်သုံးချက်ထိ ကာ နေရာမှာပဲ အသက်ဆုံးရှုံးသွားခဲ့ရတယ်။

ပစ်ခတ်နေတဲ့ကြားက လဲကျနေတဲ့ မောင်ခန့်ညားဟိန်း ခန္ဓာကိုယ်ကို မိန်းကလေးတယောက်က ဘေစင်လေးနဲ့ကာကွယ် ပေးခဲ့ပေမယ့် စစ်သားတွေက မောင်ခန့်ညားဟိန်းရဲ့အလောင်းကို တရွတ်တိုက်ဆွဲခေါ်သွားတာကို မြင်တွေ့လိုက်ရတဲ့ ပြည်သူတွေဟာ သူ့မိဘနဲ့အတူ ရင်ကွဲမတတ်ခံစားခဲ့ရပြန်တယ်။

ဒါ့အပြင် ကာကွယ်ပေးတဲ့ မိန်းကလေးကိုလည်း ရိုက်နှက်ဆောင့်ကန်ကာ ဖမ်းဆီးသွားခေါ်ဆောင်ပြီး အမှုဖွင့်အရေးယူခဲ့ပါ သေးတယ်။

“ အာဇာနည်ဆိုတာ နာမည်ပဲရှိတာပါသားရယ်၊ အန်တီ့သားလေးက ခုမရှိတော့ဘူး၊ အန်တီရင်ကျိုးရချည်ရဲ့”လို့ သားပညာ တတ်ကြီးကို တမ်းတငိုကြွေးနေတဲ့ မိခင်ဖြစ်သူအသံဟာ တစ်နိုင်ငံလုံးပြည်သူတွေကို ဝမ်းနည်းမျက်ရည်ကျစေခဲ့တယ်။

သူသားကျဆုံးသွားပေမယ့် သားလုပ်သွားတဲ့နိုင်ငံရေးအပေါ် မိခင်တယောက်အနေနဲ့ တတ်နိုင်တဲ့ဘက်က ကူညီလုပ် ဆောင်သွားဖို့လည်း သားရဲ့ဈာပနမှာ ကတိပေးသွားပါသေးတယ်။

“ သူတို့ရဲ့မတော်လောဘကြောင့် အန်တီ့သားလေးကို ဆုံးရှုံးလိုက်ရပြီ၊ တကယ့်ကမ္ဘာမကြေဘူး”လို့ ပြောလိုက်တဲ့ မိခင် တစ်ယောက်ရဲ့ရင်ထဲက အပူမီးဟာ တခြားသူတွေကို မျက်ရည်မိုးရွာစေခဲ့တယ်။

ထို့အတူပဲ ပြည်မြို့မှာ ပထမဆုံးကျဆုံးသွားတဲ့ မောင်ထက်မြတ်အောင်ဆိုရင် အသက် ၁၉ နှစ်သာရှိသေးပြီး ရေကြောင်း တက္ကသိုလ်ပထမနှစ်ကျောင်းသားလေးဖြစ်တယ်။ မတ်လ ၁၃ ရက်၊ တော်လှန်ရေးလုပ်ရင်း သူ့ဝမ်းဗိုက်ကို ကျည်ဆံနှစ် ချက်ထိမှန်ခဲ့ပါတယ်။

အဲဒီဒဏ်ရာကို သွေးတိတ်အောင်လုပ်နေတဲ့အချိန်မှာ စစ်တပ်နဲ့ရဲတွေက တောက်လျှောက်လိုက်လံ ဖမ်းဆီးနေတာ ကြောင့် သွေးအိုင်ထဲကနေ ထွက်ပြေးခဲ့ရတဲ့အတွက် သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ရပါတယ်။

စစ်အုပ်ချုပ်ရေးကို မကြိုက်လို့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာက နိုင်ငံတော်ကို သစ္စာဖောက်မှုမှ မဟုတ်ဘဲ။ ပြစ်မှုဖြစ်ရအောင် လည်း လက်နက်ကိုင်ခဲ့တာ မရှိဘူး။ နောက်စစ်အာဏာရှင်ပစ်ခတ်လိုက်လို့ ကျဆုံးသွားရတဲ့ သူတွေက အရွယ်မရောက် သေးတဲ့ ကလေးလေးပါ။

ဒီလိုကျဆုံးသွားရတဲ့ ကလေးလေးတွေမှာလည်း ကိုယ်ပိုင်အိပ်မက်တွေရှိကြတယ်။ သူတို့မိဘတွေမှာ သားသမီးတွေအ ပေါ်မှာ ငွေကြေး၊ အချိန်တွေ ပေးဆပ်ထားရတဲ့ မျှော်လင့်ချက်တွေရှိတယ်။ ဒီလိုကလေးလေးတွေ အပစ်မဲ့ အသတ်ခံ လိုက်ရတဲ့အပေါ်မှာ မိဘတွေ ဘယ်လောက်ရင်ကျိုးနေမလဲဆိုတာ မှန်းဆမရအောင်ပါပဲ။

တိတ်ဆိတ်တဲ့ ညတွေရောက်လာတိုင်း သူတို့သားသမီးကိုတမ်းတရင်း မိခင်တွေဟာ ရင်ကွဲမတတ် ရှိုက်ကြီးတငင် ငိုကြွေး နေကြမယ်ဆိုတာ တွေးကြည့်ရုံနဲ့ သိပါတယ်။

အလောင်းပြန်မရလို့ ကျန်ခဲ့တဲ့ အင်္ကျ ီစုတ်လေးကို သားအမှတ်နဲ့ ကြည့်ခဲ့ရတဲ့ မိခင်၊ အရေးပေါ်ကားတွေ ဖြတ်သွားတိုင်း ငါ့သားလားဆိုတဲ့ စိုးရိမ်ပူပန်နေတဲ့ မိခင်၊ ထောင်ကထွက်လာမယ့် သားကို တနေကုန်ထိုင် စောင့်ခဲ့တဲ့ မိခင်၊ ကျဆုံးသွားတဲ့ သားကို တမ်းတငိုကြွေးနေတဲ့ မိခင်၊ ဒီသောက ဒီလောက်နဲ့ပဲ ပြီးပါစေတော့။

ကျဆုံးသွားတဲ့ သားသမီးတွေနဲ့ပတ်သက်ပြီး ကိုဟိန်းရဲ့မိခင်ဒေါ်ဂျူးဂျူးကတော့ အခုလိုပဲ မေတ္တာစကားဆိုပါတယ်။

“ ဝမ်းနဲ့လွယ်မွေးထားတဲ့ သားသမီးတွေ သေသွားတာဆိုတော့ငိုကြမှာပေါ့။ မိခင်တွေဖြစ်တော့ ပိုခံစားရတယ်။ ဒါကြောင့် ဒီတော်လှန်ရေးလည်းအမြန်အောင်မြင်ပြီး မိခင်မျက်ရည်တွေလည်း အမြန်ခမ်းစေချင်ပြီ။ မျက်ရည်တွေထပ်မကျစေချင် တော့ဘူး”

Related Articles