Home ဆောင်းပါး နန်းမိုဟွမ်နဲ့ နမ့်ခမ်းဒေသ ရှမ်း၊ တအာန်းအမျိုးသမီးများ လုံခြုံရေး ဘယ်သူတာဝန်ယူမလဲ

နန်းမိုဟွမ်နဲ့ နမ့်ခမ်းဒေသ ရှမ်း၊ တအာန်းအမျိုးသမီးများ လုံခြုံရေး ဘယ်သူတာဝန်ယူမလဲ

ဓါတ်ပုံ – လူမှုကွန်ယက်စာမျက်နှာ

နန်းဆိုင်နွမ်။             ။

မနက်(၈)နာရီအချိန်မှာ ကားတစီးရုတ်တရက်ဝင်လာပြီး ကလေးများကို ထမင်းကျွေးနေတဲ့ နန်းမိုဟွမ်ကို သေ နတ်နဲ့ထောက်ကာ ကားပေါ်ဆွဲခေါ်ပြီး တင်ဆောင်သွားခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ သြဂုတ်လ(၁၇)ရက်နေ့မှာ တအာန်း(ပလောင်)လွတ်မြောက်ရေးတပ်မတော် (TNLA) က တပ်သား (၅)ဦးလိုက်ပါလာတဲ့ ကားတစီးဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်နေ နန်းမိုဟွမ်တို့ရဲ့ အိမ်ဆောက်ပစ္စည်း (ကုန်မာ)ဆိုင်ရှေ့မှာ လာရပ်ပြီး နန်းမိုဟွမ်ကို  သေနတ်နဲ့ထောက်ကာ ကားပေါ်အတင်းဆွဲ ခေါ်သွားခဲ့တာပါ။

နန်းမိုဟွမ်ဟာ ကလေး(၃)ယောက်ရဲ့မိခင်လည်း ဖြစ်ပါတယ်။

သူမကို TNLA တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားချိန်မှာ ခင်ပွန်းဖြစ်သူစိုင်းစောရွှေဟာ တရားစခန်းဝင်နေပြီး၊ သူမ ဟာ ကလေး(၃)ယောက်ရှေ့မှာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

“ နန်းမိုဟွမ်က ကျနော်တို့  TNLA ရဲ့ ဥပဒေကို ချိုးဖောက်လို့ ဖမ်းဆီးရတာပါ။ သူ့ကို ကျနော်တို့စစ်ဆေးမှုတွေ ပြု လုပ်ပြီးရင် သူ့မိသားစုဝင်တွေနဲ့ ပေးတွေ့ပါမယ်” လို့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်အိုက်ကျော်က ဒီ ဖြစ်စဉ်နဲ့ပါတ်သက်ပြီး ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

စက်တင်ဘာလ(၃)ရက်နေ့မှာတော့ နန်းမိုဟွမ်ဟာ TNLA အကောက်ခွန်ဦးစီးဌာနမှ တာဝန်ဝတ္တရားများ ထမ်း ဆောင်နေတဲ့ ဝန်ထမ်းများကို အပြင်းအထန် ထိခိုက်သေဆုံးတဲ့အထိ တာဝန်ဝတ္တရားနှောက်ယှက်ခဲ့တဲ့အတွက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ(၃၃၃) နဲ့ TNLA ဗဟိုတရားရုံးမှာ အမှုဖွင့်တိုင်ကြားထားပါတယ်လို့ TNLA သတင်းပြန် ကြားရေးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

နန်းမိုဟွမ်ကို ရက်ပေါင်း(၁၂)ရက်ကြာချိန်အထိ TNLA က ခေါ်ဆောင်ထားခဲ့ပေမယ့် လက်ရှိအချိန်ထိ စစ်ဆေးမှု တွေ မပြီးပြတ်သေးကြောင်းနဲ့ သူမကို သူမရဲ့မိသားစုဝင်များရှေ့မှောက်မှာ စီရင်ချက်ချမှတ်နိုင်ဖို့ စီစဉ်သွားမှာဖြစ် ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ အမျိုးသမီးများကို ပစ်မှတ်ထားအကြမ်းဖက်တဲ့ကိစ္စများကို လုံးဝမပြုလုပ် သင့်ကြောင်း၊ ပဋိပက္ခဒေသများမှာနေထိုင်တဲ့ အမျိုးသမီးများဟာ နှစ်ဘက်လက်နက်ကိုင်အဖွဲ့များအကြား မြေစာ ပင်ဖြစ်နေကြောင်း၊ အမျိုးသမီးအရေးလှုပ်ရှားဆောင်ရွက်နေတဲ့ ကျားမတန်းတူညီမျှရေးကွန်ရက်မှ ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူက ပြောပါတယ်။

“ ဘယ်လိုလက်နက်ကိုင်အဖွဲ့အစည်းမျိုးမဆို အမျိုးသမီးတွေကို ပစ်မှတ်ထားအကြမ်းဖက်တာတွေကို လုံးဝမလုပ် သင့်ပါဘူး။ အခုက ကလေးငယ်တွေလည်း ရှိတော့ ကြားရတာနဲ့တင် စိတ်မကောင်းဘူး” လို့ ဒေါ်မေစံပယ်ဖြူက ပြောလိုက်တာပါ။

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက် ပြဿနာတစုံတရာဖြစ်လာပါက အပြစ်မဲ့အရပ်သားများသာ ထိခိုက် နေရတယ်လို့လည်း ဒေါ်မေစံပယ်ဖြူက ဝေဖန်ထောက်ပြပါတယ်။

ဆက်လက်ပြီး ဒေါ်မေစံပယ်ဖြူက “  ဒီကိစ္စ(နန်းမိုဟွမ်)က  အခုဆိုသက်သေပေါ့။ လက်နက်ရှိရင် ဘယ်သူ့ကိုမဆို အချိန်မရွေး၊ နေရာမရွေး အန္တရာယ်ပြုလို့ရတဲ့ အခြေအနေဆိုးကြီးထဲမှာ အမျိုးသမီးတွေအတွက်ကတော့ အသက် ရော အရှက်ပါ ထိခိုက်ရတယ်” လို့ထပ်လောင်းမှတ်ချက်ပြုပါတယ်။

TNLA မှ သူမကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်ပိုင်း နန်းမိုဟွမ်ရဲ့မိသားစုဝင်များဟာ နေအိမ်မှာ ဆက်လက် မနေရဲတော့လို့ တခြားမှာ တိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

“ ကျမသိသလောက် နန်းမိုဟွမ်က ဘယ်အဖွဲ့နဲ့မှ မပတ်သက်ဘူး။  နိုင်ငံရေး စစ်ရေးကိစ္စလည်း သူမသိပါဘူး။ သူ က ကုန်မာဆိုင်ပဲ လုပ်တယ်။ အမျိုးသမီးတယောက်ကို သေနတ်နဲ့ထောက်ပြီး ခေါ်သွားတာကြားတော့ ကျမတို့ အားလုံးထိတ်လန့်ရတယ်။ ကြောက်နေရတယ်” လို့ နမ့်ခမ်းဒေသခံအမျိုးသမီးတဦးဖြစ်တဲ့ နန်းမွေလှိုင်းက ပြောပါ တယ်။

နန်းမိုဟွမ်ကို အခုလို ဖမ်းဆီးသွားတဲ့အပေါ် အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပြီး အမျိုးသမီးတယောက်ကို အခုလို အတင်းအဓမ္မခေါ်ဆောင်သွားတာကိုလည်း ကန့်ကွက်ပါတယ်လို့ နန်းမွေလှိုင်းက ဆိုပါတယ်။

“ အခုဆို ကလေးတွေက တနေရာ၊ သူအဖေကလည်း တခြားတနေရာ တိမ်းရှောင်နေရပြီ။ နန်းမိုဟွမ်ဟာ မိခင် တယောက်ဖြစ်တဲ့အတွက် သူ့ကလေးတွေကို ဘယ်လောက်အထိ စိတ်မချဖြစ်နေပြီလဲ။ နောက် TNLA လက်ထဲမှာ သူဘယ်လောက်တောင်ကြောက်နေပြီလဲ။ ကျမတို့ သူအမြန်ပြန်လွှတ်လာဖို့ ဆုတောင်းနေပါတယ်” လို့ နန်းမွေ လှိုင်းက ဆက်ပြောပါတယ်။

ဓါတ်ပုံ – လူမှုကွန်ယက်စာမျက်နှာ

နမ့်ခမ်းဒေသဟာ  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့များစွာ လှုပ်ရှားနေတဲ့နေရာဒေသဖြစ်တဲ့ အတွက် လက်နက်ကိုင်ဆောင်သူတိုင်းကို ကြောက်နေရတယ်တယ်လို့ နမ့်ခမ်းဒေသခံ လူငယ်အမျိုးသမီးတဦး ဖြစ်တဲ့ နန်းအေးကလည်း ပြောပါတယ်။

“ အခုလိုအမျိုးသမီးတယောက်ကို လက်နက်ကိုင်အဖွဲ့က ခေါ်သွားတာမျိုး တခါမှ မရှိခဲ့ဖူးဘူး။ အခု သူ့ကိုခေါ် သွားတော့ ကျမတို့ အမျိုးသမီးတွေအတွက် စိုးရိမ်စရာတွေ ဖြစ်နေတယ်။ အခုဆို (၁၀)ရက်ကျော်ပြီ။ သူ ဘယ်လို နေမလဲဆိုပြီး ခဏခဏစဉ်းစားမိတယ်။ ကျမတို့ အမျိုးသမီးတွေဟာ ဘယ်အချိန်မှာ ဘာဖြစ်လာမယ်ဆိုတာ ကြို မသိတော့ ကိုယ့်လုံခြုံရေး ကိုယ်ပဲ တာဝန်ယူနေရတယ်” လို့ နန်းအေးကဆိုပါတယ်။

TNLA လက်နက်ကိုင်အဖွဲ့အနေနဲ့ အပြစ်မဲ့ပြည်သူ အမျိုးသမီးတဦးကို လူအင်အားသုံးပြီး လက်နက်နဲ့ ခြိမ်းခြောက် ဖမ်းဆီးခေါ်ဆောင်သွားတာဟာ ပြည်သူတဦးရဲ့အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်တဲ့အပြင် နိုင်ငံသား တဦးရဲ့ အသက်အန္တရာယ်နဲ့လုံခြုံမှုကိုပါ ထိပါးစေတယ်လို့ သြဂုတ်လ (၁၉)ရက်နေ့၊ ရက်စွဲနဲ့ နမ့်ခမ်းမြို့လူငယ် ကွန်ယက်ကလည်း သဘောထားထုတ်ပြန်ခဲ့ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်နေချိန် TNLA လက်နက်ကိုင်အဖွဲ့မှ အပြစ်မဲ့ ပြည်သူအမျိုးသမီးတဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာဟာ ဖော်ဆောင်နေဆဲ ငြိမ်းချမ်းရေးကို ထိ ခိုက်စေတဲ့အပြင် လူမျိုးရေးပဋိပက္ခအသွင်ဆောင်လာမှာကိုလည်း စိုးရိမ်မိတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

TNLA လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ မတရားဖမ်းဆီးခေါ်ဆောင်သွားတဲ့ နန်းမိုဟွမ်အား အမြန်ပြန်လွှတ်ပေးဖို့ လည်း နမ့်ခမ်းမြို့လူငယ်ကွန်ယက်က တောင်းဆိုခဲ့ပါတယ်။

“ အခုထိ ကျနော်တို့ နန်းမိုဟွမ်နဲ့ပတ်သက်ပြီး ဘာမှမကြားရသေးဘူး။ အိမ်ကလူတွေကိုလည်း မဆက်သွယ်လာ သေးဘူး” လို့ နမ့်ခမ်းလူငယ်ကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းသိန်းရွှေကပြောပါတယ်။

နန်းမိုဟွမ်ဟာ TNLA လက်နက်ကိုင်အဖွဲ့ရဲ့ ဥပဒေကို ချိုးဖောက်တယ်လို့ ပြောဆိုခဲ့တဲ့အတွက် နမ့်ခမ်းဒေသခံ များအနေနဲ့ ဘယ်လိုဥပဒေကို ချိုးဖောက်သလဲဆိုတာ သိရှိလိုတယ်လို့ စိုင်းသိန်းရွှေက ပြောခဲ့ပါတယ်။

“ ဒီအမျိုးသမီးက နိုင်ငံရေးတွေ၊ စစ်ရေးတွေလည်း မသိဘူး။ ဈေးရောင်းသူတယောက်ပါပဲ။ သူ့ကို ဥပဒေချိုး ဖောက်တယ်လို့ ပြောတော့ ဘာဥပဒေလဲဆိုတာကို ကျနော်တို့လည်း လိုက်စုံစမ်းနေပါတယ်။ သိချင်နေပါတယ်” လို့ စိုင်းသိန်းရွှေက ဆိုပါတယ်။

၂၀၁၇ ခုနှစ်ထဲမှာ TNLA တပ်ဖွဲ့ဝင်နှစ်ဦးက နန်းမိုဟွမ်တို့ရဲ့ဆောက်လုပ်ရေးပစ္စည်းဆိုင်မှာ ငွေကျပ်(၁၁)သိန်း အခွန်လာရောက်ကောက်ယူခဲ့ပြီး အပြန်မှာ တပ်မတော်ဖက်က တပ်မ(၈၈)က လမ်းမှာ စောင့်ဆိုင်းပစ်ခတ်တဲ့ အတွက် တယောက်သေဆုံးပြီး တယောက်အဖမ်းခံခဲ့ရတယ်လို့လည်း အချို့ကပြောဆိုနေကြပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး  နန်းမိုဟွမ်ဟာ အစိုးရတပ်ကို သတင်းပေးခဲ့တယ်လို့ TNLA မှ ဖုန်းဖြင့် စွတ်စွဲပြောဆို ခဲ့ပြီး နန်းမိုဟွမ်ကတော့  ငွေ(၁၁)သိန်းထက် အသက်အန္တရာယ်က ပိုအရေးကြီးလို့ ဒီလိုသတင်းပေးခြင်း လုံးဝမရှိ ဘူးလို့   ပြန်လည်ဖြေကြားခဲ့တယ်လို့ စိုင်းသိန်းရွှေက ထပ်လောင်းပြောပြခဲ့ပါတယ်။

TNLA အနေနဲ့ နန်းမိုဟွမ်ကို ပြန်လွှတ်ပေးရေးအတွက် ရှမ်းလူထုအသိုင်းအဝိုင်းက စာရေးတောင်းဆိုကြပေမယ့် အချိန်ကြာလာတဲ့အထိ နန်းမိုဟွမ်ကို ပြန်မလွှတ်ပေးတဲ့အပေါ် လူမျိုးရေးပဋိပက္ခများ ပိုမိုပြင်းထန်လာမှာကိုလည်း နမ့်ခမ်းဒေသခံများက စိုးရိမ်ပူပန်နေကြပါတယ်။

“ ကျနော်ကတော့ လူမျိုးရေးပဋိပက္ခ ပိုဖြစ်လာမှာပဲကြောက်တယ်။ အစကတည်းက ရှမ်းနဲ့ပလောင်က စိတ်ထဲမှာ အခံတွေရှိနေကြပြီ။ နန်းမိုဟွမ်ကို ပလောင်အဖွဲ့က အခုလိုခေါ်သွားတော့ နှစ်ဖက်မီးတောက်လာမှာပဲ ကြောက်ရ တယ်” လို့ နန်းခမ်းဒေသခံ  စိုင်းအိုက်က ဆိုပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းတခုအနေနဲ့ အရပ်သားတယောက်၊ အထူးသဖြင့် အမျိုးသမီးတယောက်ကို အခုလို အချိန်အကြာကြီးဖမ်းဆီးခေါ်ဆောင်ထားတာမျိုး လုံးဝမလုပ်သင့်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ တွဲဖက်အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲကလည်း ပြောပါတယ်။

“နန်းမိုဟွမ်ကို အပြစ်ရှိတယ်လို့ ယူဆခဲ့ရင်၊ သူမဟာ မိခင်တဦးလည်းဖြစ်ပြီး ကလေးငယ်များလည်းရှိတဲ့အတွက် နောက်ဆက်တွဲ မိသားစုဆိုးကျိုး၊ ကလေးများရေရှည်ဘဝလုံခြုံရေး စတာတွေအတွက်ပါ ထည့်သွင်းစဉ်းစားမှု မရှိရင်  စိုးရိမ်စရာကောင်းပါတယ်”လို့ နော်ဆဲဆဲက ဆိုပါတယ်။

“ ကျမတို့ ဘယ်ဥပဒေအရပဲ ကိုင်တွယ်ကိုင်တွယ် အဓိက လူ့အခွင့်အရေးကို လေးစားရမှာဖြစ်ပါတယ်။ လူ့အခွင့် အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသမီးများရဲ့ အခွင့်အရေးကို လေးစားလိုက်နာကြောင်း လက်တွေ့ပြသဖို့လည်း လိုအပ်ပါတယ်” လို့ နော်ဆဲဆဲက ထပ်လောင်း ပြောကြားပါတယ်။

ဆက်လက်ပြီး သူမက “ ဒါဟာကျမတို့လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို အတူတကွသွားတဲ့အခါမှာ ပြန် လည်သင့်မြတ်ရေးအတွက်လည်း အနှောင့်အယှက်ဖြစ်စေတယ်လို့ မြင်ပါတယ်” လို့ ဖြည့်စွက်ပြောပါတယ်။

နမ့်ခမ်းဒေသခံ နန်းမိုဟွမ်ကို  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ TNLA တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင် သွားတာဟာ နမ့်ခမ်းဒေသအမျိုးသမီးများ ဘဝလုံခြုံရေး အခြေအနေဆိုးရွားနေတာကို သက်သေပြနေတယ်လို့ ဒေသခံအမျိုးသမီးများက ပြောဆိုနေကြပါတယ်။

“ ကျမတို့ ပလောင်နဲ့ ရှမ်းတွေက အရင်ကတည်းက  ဒီဒေသမှာ အတူတူနေခဲ့တာ။ ဒီကိစ္စကြောင့် အမျိုးသားရေး တွေ မဖြစ်လာဖို့၊ ပြဿနာတွေ ပိုမကြီးလာဖို့ ဆုတောင်းနေရပါတယ်” လို့ နမ့်ခမ်းဒေသခံနန်းအေးက ဆိုပါတယ်။

တအာန်းလက်နက်ကိုင်တပ်များ၊ ရှမ်းလက်နက်ကိုင်တပ်များ လှုပ်ရှားနေတဲ့ဒေသတွေက ဒီလိုအဖြစ်အပျက်တွေ ဟာ ရှမ်းအမျိုးသမီးတွေသာမက တအာန်းအမျိုးသမီးတွေအတွက်ပါ ဘဝလုံခြုံရေး အာမခံချက်မရှိတဲ့ အခြေ အနေကို တွန်းပို့နေပြီလားလို့ စဉ်းစားနေတဲ့ ဒေသခံပြည်သူတွေကတော့ “စစ်ပွဲတွေရပ်ပါ။ နိုင်ငံရေးဆွေးနွေးပွဲ တွေမှာ အားလုံးပါဝင်အောင်လုပ်ပါ” လို့ ဆက်လက်တောင်းဆိုနေကြရဦးမှာဖြစ်ပါတယ်။

Related Articles