Home ဆောင်းပါး ခေတ်ပြောင်းကြွေးကြော်သံအောက်မှ တော်လှန်ရေးအမျိုးသမီးများ

ခေတ်ပြောင်းကြွေးကြော်သံအောက်မှ တော်လှန်ရေးအမျိုးသမီးများ

နန်းဆိုင်နွမ်။ ။

၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီက ဥပဒေမဲ့စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အာဏာသိမ်းမှုကိုလက်မခံသော ပြည်သူ ပေါင်းများစွာမှ ဆန့်ကျင်ခဲ့ကြသည်။

နွေဦးတော်လှန်ရေးဟု ဂုဏ်ပြုမှည့်ခေါ်ထားသော စစ်အာဏာရှင်တော်လှန်ရေးတွင် လူတန်းစားပေါင်းစုံမှ အသက်သွေး ချွေးများရင်းကာ တော်လှန်ခဲ့ ၊ တော်လှန်နေဆဲပင်ဖြစ်သည်။

အထူးသဖြင့် နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများ၏ စွန့်လွှတ်စွန့်စား အနစ်နာခံမှုများမှာ ထင်ရှားလှသည်။ ထူးခြား သည်မှာ အမျိုးသမီးများက အာဏာရှင်ကိုသာမက ခေတ်အဆက်ဆက် အရိုးစွဲလာသော တန်းတူမညီမျှမှု ၊ အမျိုးသမီး များကို နှိမ့်ချထားသော အတွေးဟောင်း ၊ ခေတ်ဟောင်းအယူအဆများကိုပါ တော်လှန်နေခြင်းပင်ဖြစ်သည်။

ထို့ကြောင့် “ နွေဦးတော်လှန်ရေးကိုစခဲ့တာက စစ်အာဏာရှင်စနစ်တစ်ခုတည်းကို ဖြုတ်ချဖို့မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ အမြစ်တွယ်လာတဲ့ ဘာသာရေးအစွန်းရောက်မှုတွေ၊ ခွဲခြားမှုတွေ၊ တန်းတူညီမျှမှုမရှိခြင်းတွေ၊ နှိမ့်ချဆက်ဆံခြင်းတွေစတဲ့ လွဲမှားနေတဲ့ အတွေးအခေါ်ဟောင်းတွေကိုပါ တပါတည်းတိုက်ထုတ်ရမှာဖြစ်ပါတယ်” ဆိုထားကြလေသည်။

ထိုသို့ အမျိုးသမီးများ၏ စွန့်လွှတ်အနစ်နာခံမှုများကို သမိုင်းမှတ်တမ်းတွင် တင်ကျန်ရစ်စေဖို့လည်းလိုအပ်လှပေသည်။ ထိုသို့ လိုအပ်သောကွက်လပ်အား မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)က တတ်စွမ်းသမျှ ဖြည့်ဆည်းဆောင်ရွက်ထားခဲ့သည်။

အခြားမဟုတ်ပေ။ နွေဦးတော်လှန်ရေးတွင် အင်တိုက်အားတိုက်ပါဝင်နေသော အမျိုးသမီးများ၏ အခန်းကဏ္ဍများကို သမိုင်းတွင်ကျန်ရစ်စေရန် “ ခေတ်ပြောင်းကြွေးကြော်သံအောက်မှ တော်လှန်ရေးအမျိုးသမီးများ” ဟူသော စာမျက်နှာ ၆၇ မျက်နှာပါသည့် မှတ်တမ်းစာတမ်းတိုကို ထုတ်ဝေခဲ့ခြင်းပင်ဖြစ်သည်။

စာတမ်းတိုတွင် အခန်းကိုးခန်းပါဝင်ပြီး ခိုင်လုံတိကျသောသတင်းမီဒီယာများ ၊ အရပ်ဖက်အဖွဲ့အစည်းများ ၊ လူ့အခွင့် အရေးလုပ်ဆောင်နေသော အဖွဲ့အစည်းများမှ ထုတ်ဝေသည့် သတင်းဆောင်းပါးများနှင့် မှတ်တမ်းများကို ကိုးကားထား သည့်အပြင် နွေဦးတော်လှန်ရေးတွင်ပါဝင်နေသော အလွှာစုံ ၊ ဒေသအစုံမှ အမျိုးသမီး ၃၄ ဦးကိုလည်း တွေ့ဆုံမေးမြန်းကာ မှတ်တမ်းတင်ထားသည်ဟု ဆိုထားသည်။

မှတ်တမ်းတွင် အလွှာအသီးသီးမှ CDM အမျိုးသမီးများ၊ အလုပ်သမားများ၊ ထောက်ပို့အမျိုးသမီးများ၊ မသန်စွမ်းအမျိုး သမီးများ၊ Clicker ၊ အိမ်ရှင်မ၊ LGBTနှင့် လက်နက်ကိုင် PDF အမျိုးသမီးများကို တွေ့ဆုံမေးမြန်းထားကြောင်း BWUရဲ့ သတင်းနဲ့မှတ်တမ်းပြုစုရေးဌာနမှ တာဝန်ခံမကြယ်ဇင်တိုးက ဆိုပါသည်။

ဖိုဝါဒကြီးစိုးသော မြန်မာနိုင်ငံသမိုင်းတစ်လျောက်တွင် အမျိုးသမီးများ၏ နိုင်ငံရေးပါဝင်မှု၊ ဦးဆောင်မှုများနှင့် ပတ်သက်ပြီး တိကျခိုင်လုံသော အချက်အလက်များ မှတ်တမ်းတင်သိမ်းဆည်းထားမှုမှာ အလွန်နည်းပါးနေပြီး အမျိုးသမီးများ၏လှုပ်ရှား မှုများကို လေ့လာရန်မှာလည်း မှတ်တမ်းမှတ်ရာများလည်း ရှားပါးနေပါသည်။

ထို့ကြောင့် BWU အနေနဲ့ အမျိုးသမီးများ၏တော်လှန်ရေးတွင်ပါဝင်မှု၊ အကျဉ်းထောင်ထဲတွင် နိုင်ငံရေး အကျဉ်းသူများဖြတ် သန်းရမှု၊ စစ်အာဏာရှင်စနစ်အောက်မှ တိုင်းရင်းသူအမျိုးသမီးတွေ ဘဝအခြေအနေတွေကို တိကျခိုင်လုံသော အချက် အလက်များဖြင့် ဖော်ထုတ်မှတ်တမ်းတင်ရန် ကြိုးစားလာခဲ့ခြင်းဖြစ်သည်ဟု ဆိုထားပါသည်။

“ နွေဦးတော်လှန်ရေးမှာ ဘယ်လိုပုံစံနဲ့ပါဝင်လဲဆိုတာသိရတယ်။ တစ်ပိုင်တစ်နိုင်လှုပ်ရှားမှုက ရိုးရှင်းတယ်။ ဒါပေမယ့် အား ကြီးတယ်။ လက်နက်ကိုင်လမ်းစဉ်မှာ ပါဝင်တဲ့အမျိုးသမီးတွေရဲ့ မိဘတွေကလည်း အားပေးတာတွေတွေ့ရတယ်” ဟု မကြယ်စင်တိုးက ဆိုသည်။

နွေဦးတော်လှန်ရေးနှင့် ရှစ်လေးလုံးလူထုတော်လှန်ရေးတွင် အမျိုးသမီးပါဝင်မှုကို နှိုင်းယှဉ်ပါက နွေဦးတော်လှန်ရေးတွင် ပါဝင်သည့် အမျိုးသမီးများ ပိုမိုအားကောင်းသည်ကို တွေ့ရပြီး မှတ်တမ်းပြုစုမှုကို ကြည့်မည်ဆိုပါကလည်း ရှစ်လေးလုံး နည်းတူ နွေဦးတော်လှန်ရေးတွင် ပါဝင်ကြသည့် အမျိုးသမီးများအား မှတ်တမ်းတင်မှုအားနည်းသည်ကို တွေ့ရကြောင်း စာအုပ်ပြုစုရာတွင် တွေ့ရှိချက်ကို မကြယ်စင်တိုးက ဆိုသည်။

“ လက်နက်ကိုင် စစ်အာဏာရှင်ကိုတော်လှန်တဲ့အခါ အမျိုးသမီးတပ်ဖွဲ့ဖွဲ့စည်းခြင်းအပေါ် လုပ်နိုင်စွမ်းကို မေးခွန်းထုတ်၊ လှောင်ပြောင်တာတွေကြုံရပါတယ်။ အမျိုးသမီးနဲ့အမျိုးသားခန္ဓာကိုယ်ဖွဲ့စည်းခြင်း ကွာခြားတဲ့အတွက် ကြံ့ခိုင်စွမ်းအားနဲ့ ပတ်သက်ပြီး စစ်သင်တန်းလုပ်တဲ့အပေါ်မှာ အထင်သေးတာ။ တောတောင်ထဲမှာ လက်နက်ကိုင်တော်လှန်တဲ့အခါ တစ် ကိုယ်ရေသန့်ရှင်းရေးကိစ္စတွေ ပိုပြီးစိန်ခေါ်မှုတွေ့ရတယ်” ဟု အင်တာဗျူးသည့်အခါ ကြုံတွေ့ရသည်များကို မကြယ်စင်တိုး က ပြောပြသည်။

စာအုပ်မှတ်တမ်းပြုစုသည့်အချိန်တွင် နိုင်ငံအနှံ့တိုက်ပွဲများ ဖြစ်ပွားနေချိန်ဖြစ်သဖြင့် လုံခြုံရေးဆိုးရွားကာ အင်တာဗျူး မေးမြန်းရန်ခက်ခဲမှု၊ နယ်မြေအခြေအနေကြောင့် ကွင်းဆင်းအင်တာဗျူးမလုပ်နိုင်ခဲ့ကြောင်းလည်း သူကဆိုသည်။

BWUမှ အတွင်းရေးမှူး (၁) မဇူးပဒုမ္မာကလည်း “ တော်လှန်ရေးမှာ အမျိုးသမီးပါဝင်မှုက ဘယ်လောက်အားလျော့သွားမှာ လဲဆိုတာ လှောင်ပြောင်ဖို့ စောင့်ကြည့်နေတာရှိတယ်။ ဒါပေမယ့်ကျမတို့အမျိုးသမီးတွေက အခုထိရဲရဲတောက်ပါဝင်နေဆဲ ပါ ” ဟု ဆို၏။

မြန်မာပြည်တွင် ပုံမှန်အနေအထားတွင်မူ အမျိုးသမီးများသည် ခန္ဒာဗေဒအရ ခွဲခြားဆက်ဆံအနိုင်ကျင့်ခံနေရပြီး လက်ရှိ တော်လှန်ရေးကာလ စစ်ရေးလေ့ကျင့်ချိန်တွင် ပိုပြီးခွဲခြားဆက်ဆံနိုင်ရကြောင်းလည်း မဇူးပဒုမ္မာက ဆိုသည်။

“ အမျိုးသမီးတွေကို ခွဲခြားပြီးတော့ရှေ့တန်းမပို့တာရှိတယ်။ နောက်ပြီး အမျိုးသားတွေနဲ့အတူသွားရင်တောင် သမုတ် လှောင်ပြောင်တာတွေရှိတယ်။ အချင်းချင်းပေးစားတာတွေ စစ်သည်တော်အမျိုးသမီးတွေ ရင်ဆိုင်နေရတယ်” လို့ သူက ဆိုသည် ။

အမျိုးသမီးများအဖွဲ့ချုပ် – မြန်မာနိုင်ငံ (WLB)က အထွေထွေအတွင်းရေးမှူး နန်းမို့မို့ကလည်း စစ်ကောင်စီမှ အပြင်းအထန် လေကြောင်းဖြင့်တိုက်ခိုက်နေချိန်၊ မြေပြင်စစ်ရေးပြင်းထန်နေချိန် ၊ လုံခြုံရေးစိုးရိမ်နေရချိန်တွင်လည်း အမျိုးသမီးများဟာ လမ်းပေါ်ထွက် ဆန္ဒပြမှုများကို မပြတ်ပြုလုပ်နေကြပြီး တော်လှန်ရေးတွင် အမျဲိးသမီးများပါဝင်မှုကို အလွန်အားရ ကျေနပ် သည်ဟု ဆိုပါသည်။

လက်နက်ကိုင်တော်လှန်ရေးတွင် အမျိုးသမီးများအတွက် ရုပ်ပိုင်းဆိုင်ရာစိန်ခေါ်မှုများစွာ ရင်ဆိုင်ရပြီး ကျား၊မ တန်းတူရေး နှင့် ပတ်သက်ကာ လက်ခံကျင့်သုံးမှုအားနည်းသော မြန်မာ့လူမှုအသိုင်းအဝန်းအတွင်း အမျိုးသမီးတွေ လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့ ရွေးချယ်မှုဟာ ကျား၊မ ခွဲခြားဆက်ဆံမှုတွေကို စစ်အာဏာရှင်စနစ်နဲ့အတူ အမြစ်ဖြတ် လုပ်ဆောင်ဖို့ ကြိုးပမ်းမှုတစ်ရပ်ဟု မှတ်တမ်းမှာ ဖော်ပြထားပါသည်။

ဖိုဝါဒ ကြီးစိုးမှုလွန်ကဲသော မြန်မာနိုင်ငံတွင် အမျိုးသမီးတွေအပေါ် နှိမ့်ချတဲ့ ရုပ်ပုံတွေ ကာတွန်းတွေကလည်း ဆက်ရှိ နေဆဲပါပဲ။ အထင်သေးနှိမ့်ချမှုတွေကလည်း ရှိနေဆဲပါပဲ။

မည်သို့ပင်ဆိုစေကာမူ နွေဦးတော်လှန်ရေးဟာ မြန်မာနိုင်ငံ၏ နိုင်ငံရေးအချိုးအကွေ့တွင် ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပြီး အမျိုးသမီးများ၏ စွန့်လွှတ်စွန့်စား အနစ်နာခံမှုများဟာလည်း သမိုင်းတွင်ကျန်ရစ်နေမှာ ဖြစ်ပါသည်။

ထိုသို့ အမျိုးသမီးများပါဝင်မှုကို သမိုင်းတွင်ကျန်ရစ်ဖို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)က “ခေတ်ပြောင်းကြွေးကြော်သံ အောက်မှ တော်လှန်အမျိုးသမီးများ” စာတမ်းတိုပြုစုထားမှုဟာလည်း သမိုင်းအချက်အလက် ကိုးကားအားထားစရာအဖြစ် ရှိနေမှာပင် ဖြစ်ပါ၏။

Author:

Related Articles