Home ဆောင်းပါး ရှေးရိုးစွဲတော်လှန်ရေး

ရှေးရိုးစွဲတော်လှန်ရေး

မြတ်စုမွန်။ ။


“မင်း ယောက်ျားမဟုတ်ဘူးလား”

ဒါကတော့ လူမဆန်တဲ့လုပ်ရပ်တွေ၊ လူ့အသိုင်းအဝိုင်းက လက်မခံနိုင်တဲ့အပြုမူတွေကို ယောက်ျားတစ်ယောက်က ပြုမူ လိုက်တဲ့အခါ သူ့အတွက် ပတ်ဝန်းကျင်က ပထမဆုံးနစ်နစ်နာနာ အပြစ်ပေးလိုက်တဲ့စကားလုံးပါ။

“မိန်းမလိုမိန်းမရမလုပ်နဲ့” ၊ “မိန်းမကြီးကျနေတာပဲ” ၊ “ယောက်ျားစကားပြောစမ်းပါ” စတဲ့ စကားလုံးမျိုးတွေဟာ မြန်မာ့ လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ ဖိုဝါဒကိုးကွယ်မှုပြယုဂ်တခုဆိုတာ ငြင်းလို့မရဘူး။

လူမဆန်တဲ့လုပ်ရပ်၊ လူ့အသိုင်းအဝိုင်းက လက်မခံနိုင်တဲ့လုပ်ရပ်တွေကို ယောက်ျားတွေက မလုပ်ဘူး၊ အဲလို အောက်တန်း နောက်တန်းကျတဲ့အလုပ်မျိုးကို မိန်းမတွေလုပ်တာဆိုတဲ့ အယူအဆတွေ ကျမတို့လူ့အဖွဲ့အစည်းရဲ့ သိစိတ်ရော၊ မသိစိတ် မှာပါ ဘယ်လောက်စွန်းထင်းနေသလဲဆိုတာ အခုလို ကာလမျိုးမှာ သိပ်ကို သိသာထင်ရှားတယ်။

ကျမတို့ငယ်စဉ်က မြင်တွေ့ခဲ့ဖူးတဲ့ ရှစ်လေးလုံးလူထုလှုပ်ရှားမှုအကြောင်းကို လူကြီးတွေက အာဘောင်အာရင်းသန်သန်နဲ့ ပြန်ပြောင်းပြောကြတဲ့အခါ “လမ်းမပေါ်ထွက်ပြီး ဆန္ဒမပြရဲတဲ့မြို့တွေကို ထမီတထည်၊ ကျောက်ပြင်တစ်ချပ်နဲ့ သနပ်ခါး တစ်တုံးပို့ပေးလိုက်တာကွ” ဆိုတဲ့ စကားလုံးက မဖြစ်မနေပါဝင်ခဲ့တယ်။ သေသေချာချာပြန်တွေးကြည့်တော့ “ဒီမိုကရေစီ ရမှအမျှဝေပါ”လို့ နောက်ဆုံးစကား အမှာပါးခဲ့တဲ့ မဝင်းမော်ဦးကို အင်မတန်အားနာမိတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ ပစ်ကြခတ်ကြတော့ မြောက်ဦး ရှေးဟောင်းနယ်မြေကို လက်နက်ကြီးကျတယ်။ လူသားမျိုးနွယ်တွေ ထိန်းသိမ်းရမယ့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် တွေဟာ လက်နက်ကိုင်ယောက်ျားတွေရဲ့ စစ်ဆာလောင်မှုဓားစာခံ ဖြစ်ရတယ်။

ဒါပေမယ့် ဘယ်သူကမှသူတို့ကြောင့်လို့ဝန်မခံခဲ့ကြဘူး။ စစ်တပ်ကလည်းဝန်မခံသလို၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ကလည်း ဝန်မခံခဲ့ကြဘူး။ အဲဒီအချိန်မှာ ဒေါသထွက်နေတဲ့လူတွေဟာ ဒီစကားလုံးကို သုံးခဲ့တယ်။

“မင်းတို့တွေ ယောက်ျားမဟုတ်ဘူးလား၊ ကိုယ့်အပြစ်ကိုယ် ဝန်မခံရဲတဲ့ကောင်တွေ ထမီဝတ်ထား” တဲ့။

အဲဒီစကားလုံးကိုကြားတဲ့အခါ လက်နက်ရှိလို့မိုက်ရဲတဲ့ယောက်ျားတွေ တဖွဲ့နဲ့တဖွဲ့သတ်ဖြတ်နေကြတဲ့ ပြည်တွင်းစစ်တွေရဲ့ အလယ်က မြေစာပင်အမျိုးသမီးတွေ၊ သားသယ်မိခင်တွေ ကိုယ်စားနာကျင်မိတယ်။

တဖက်နဲ့တဖက် တိုက်ခိုက်ကြလို့ တဖက်ဖက်ကအထိနာကြတဲ့အခါ လက်နက်ကိုင်ယောက်ျားတွေဟာ တဖွဲ့နဲ့တဖွဲ့ ထိုး နှက်တဲ့ စကားလုံးကတော့ “ယောက်ျားမပီသတဲ့လုပ်ရပ်” တဲ့။

အခု နွေဦးတော်လှန်ရေးမှာ အာဏာသိမ်းစစ်ကောင်စီဟာ လူမဆန်တဲ့လုပ်ရပ်၊ ကျင့်ဝတ်နဲ့မညီတဲ့လုပ်ရပ်တွေ ဆက်တိုက် လုပ်နေပါတယ်။ လူနေရပ်ကွက်ထဲကို ဝင်ပြီး အိမ်တွေထဲကို သေနတ်နဲ့ပစ်ခတ်တာတွေ လုပ်ကြတယ်။

သူတို့ပစ်ခတ်လို့ သေဆုံးသွားတဲ့ အရပ်သားတွေရဲ့ အလောင်းကို လုယူပြီး လက်စဖျောက်ပစ်တာတွေ လုပ်တယ်။ သူတို့ ပစ်သတ်လိုက်လို့ သေသွားတဲ့ ပြည်သူအလောင်းကိုပြန်ဖော်ပြီး သေသွားသူရဲ့ ခေါင်းထဲကကျည်ဟာ သူတို့သုံးတဲ့ ကျည် မဟုတ်ဘူးလို့ လိမ်ညာတယ်။

ဒါတွေကို ဒေါသထွက်နေတဲ့လူတွေက “ယောက်ျားတွေမဟုတ်တဲ့အတိုင်း ကလိန်ကကျစ်နဲ့” လို့ ဆဲရေးကြတယ်။

စစ်သားနဲ့ ရဲတွေဟာ သူတို့ပစ်သတ်လိုက်လို့သေသွားတဲ့ အရပ်သားတွေရဲ့ အသုဘအခမ်းအနားကို လက်နက်နဲ့ အကြမ်း ဖက်ဖြိုခွဲတယ်။

စစ်သားတစ်ယောက်ဟာ ဆေးတပ်သား ဘက်တံဆိပ်တပ်ထားတဲ့ ယူနီဖောင်းကို ဝတ်ထားပြီး ပြည်သူကိုပစ်မယ့် လက် နက်ကို ကိုင်ထားတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လက်နက်မဲ့ပြည်သူကို လက်ဖြောင့်တပ်သားတွေသုံးပြီး ကျည်အစစ်နဲ့ ပစ်သတ်ကြတယ်။ လူနေ အိမ်တွေ၊ ဈေးဆိုင်တွေကို ဖျက်ဆီးဝင်ရောက်ပြီး လူတွေကို ဖမ်း၊ ပစ်သတ်၊ ရှိတဲ့ရွှေငွေပစ္စည်းတွေကိုလုယူတယ်။ မေးမြန်း စရာရှိလို့ဆိုပြီး လာခေါ်သွားပြီး နောက်နေ့မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အလောင်းကိုလာပြန်ယူခိုင်းတယ်။

အိမ်ထဲမှာ ဘုရားဝတ်ပြုနေတဲ့ အဘွားအို၊ သူ့တဝမ်းတခါးအတွက် ဈေးရောင်းနေတဲ့ အဘိုးအိုကနေ မိခင်နို့တောင် မပြတ် သေးတဲ့ ကလေးငယ်တွေအထိ စစ်သားတွေ၊ ရဲတွေပစ်ခတ်လို့ အသက်တွေ ဆုံးရှုံး လိုက်ရတယ်၊ ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးလိုက်ကြရတယ်။

သူတို့ပစ်လိုက်လို့ ပွဲချင်းပြီးသေဆုံးသွားသူရဲ့အလောင်းကို ကောက်ယူလို့ ထပ်ပစ်တာ အလောင်းကောက်သူ ထပ်သေဆုံး ရတယ်။

လူတွေကို အရပ်ဝတ်တွေနဲ့ဖမ်းဆီးတာ၊ အရပ်ဝတ်တွေနဲ့ လက်နက်ကိုင်ပြီး ပစ်ခတ်တာ လူနာတင်ကားကို ပစ်ခတ်တာတွေ လုပ်ကြတယ်။ ဒါတွေအားလုံးဟာ စစ်သားနဲ့ ရဲဝတ်စုံတွေဝတ်ထားတဲ့ ယောက်ျားတွေ လုပ်ခဲ့တဲ့ အဆိုးရွားဆုံးလုပ်ရပ်၊ လူ့ ကျင့်ဝတ်တွေမှန်သမျှ အားလုံးချိုးဖောက်ခဲ့တဲ့ လုပ်ရပ်တွေပါပဲ။

ပြီးခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့က ထမီအလံလွှင့်ထူပြီး အာဏာရှင်ကို ဆန္ဒပြခဲ့တဲ့ အမျိုးသမီး သပိတ် စစ်ကြောင်းနဲ့ အဲဒီအပေါ် လူငယ်တွေရဲ့ သဘောထားအမြင်တွေက အားရစရာ ကောင်းခဲ့တယ်။

၂၀၂၁ အာဏာရှင်တော်လှန်ရေးတိုက်ပွဲမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုတွေဟာ ကြောက်ခမန်းလိလိ ဖြစ်ခဲ့တယ်။ သပိတ် စစ်ကြောင်းကို ရှေ့တန်းက ဒိုင်းကိုင်ပြီး ကာကွယ်ပေးတဲ့ မိန်းမငယ်လေးတွေရဲ့ ရဲရင့်မှုတွေကို တစ်ကမ္ဘာလုံးက ကြားနိုင်၊ မြင်နိုင်ခဲ့ကြတယ်။ နောက်တန်းက လိုအပ်သမျှ အားဖြည့်နေကြတဲ့ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍဟာလည်း မှတ်တမ်း တင်စရာတွေအပြည့်နဲ့။

ကျား၊ မ ဖြစ်တည်မှုအပေါ် ခွဲခြားနှိမ်ချ ဆက်ဆံခြင်းဆိုတဲ့ ပုတ်သိုးဆွေးမြေ့နေတဲ့ ရှေးရိုးစွဲအယူအဆ အုတ်တံတိုင်း ဟောင်း ကြီးတွေကို တတိတိ ဖြိုချပစ်ကြပြီဟေ့လို့ အားတက်စရာ ဖြစ်ခဲ့ရတယ်။

ဒါပေမယ့် မနေ့ကအထက်မြန်မာပြည်က မြို့လေးတမြို့မှာလုပ်ခဲ့တဲ့ အလှကုန်သပိတ်ကြောင့် စိတ်ဓာတ်တွေ အရုပ်ကြိုး ပြတ်ဖြစ်ခဲ့ရတယ်။

အဲဒီ အလှကုန်သပိတ်မှာ မိတ်ကပ်ဘူးတဘူးရဲ့ရှေ့မှာ စာရွက်လေးတရွက်ကပ်ထားတယ်။ စာရွက်ပေါ်မှာက “မိန်းမလို မိန်းမရနဲ့ စစ်တပ်၊ ရော့ဒီမှာမိတ်ကပ်”လို့ စာတိုလေးရေးထားတယ်။

ဒီ နွေဦးတော်လှန်ရေး အောင်မြင်စွာ ပြီးဆုံးသွားရင် ကျမတို့ ဆက်ပြီးတိုက်ပွဲဝင်ရဦးမယ့် မပြီးဆုံးသေးတဲ့ တော်လှန်ရေး တခု ဆက်လက်ကျန်ရှိ နေဦးမယ်ဆိုတဲ့ အရှိတရားကို ထင်ထင်ရှားရှားကြီး မြင်တွေ့လိုက်ရတယ်။

အာဏာရှင်ကို ကြိမ်ဖန်များစွာတော်လှန်နေရတဲ့ ကျမတို့တိုင်းပြည်မှာ အမျိုးသမီးသူရဲကောင်းဆိုတဲ့ ပန်းတွေ အလှပဆုံး ဖူးပွင့်ခဲ့ကြတယ်။

“ အကောင်းအတိုင်းပြန်လာမယ်လို့ အာမမခံနိုင်တဲ့ ခရီးကိုသွားရတဲ့အခါ နှောင်ကြိုးတွေကခွင့်လွှတ်ပေးပါ”တဲ့။ သပိတ် စစ်ကြောင်းတွေမှာ ဆေးဘက်ဆိုင်ရာ အကူအညီပေးရင်း တိုက်ပွဲဝင်ခဲ့တဲ့ အသက် ၂၀ အရွယ် သူနာပြုဆရာမလေး မသဉ္ဇာထွန်းက ဒီစာစုလေးကိုချန်ထားရစ်ခဲ့တယ်။

“ ကျမသေဆုံးသွားရင် ခန္ဒာကိုယ်အစိတ်အပိုင်းတွေကို လိုအပ်တဲ့ သူဆီလှူဒါန်းလိုက်ပါ”တဲ့။ မြန်မာပြည်ရဲ့ အာဏာရှင် တော်လှန်ရေးသပိတ်စစ်ကြောင်းမှာ ပါဝင်နေတဲ့ နုနုငယ်ငယ်မိန်းမပျိုလေးက သူ့လူမှုကွန်ရက်စာမျက်နှာမှာ မှာတမ်းစာ အသင့်ရေးထားပြီး တိုက်ပွဲဝင်နေတယ်။

“သမီးသေသွားခဲ့ရင် မကယ်ပါနဲ့၊ သမီးကိုထားပြီး နိုင်အောင်ကြိုးစားကြပါ၊ ဒီတိုက်ပွဲအောင်ရင် သေပျော်ပါပြီ၊ ကမ္ဘာမကြေ ဘူး”တဲ့။ ကျောင်းသားကဒ်ထည့်ဆွဲရမယ့် လည်ဆွဲလေးထဲမှာ ကျောင်းသားကဒ်အစား ဗလာစာရွက်လေးတရွက်ပေါ်က မညီမညာလက်ရေးလေးနဲ့ သေတမ်းစာကြိုရေးခဲ့တဲ့ မြီးကောင်ပေါက်မလေးတယောက်။

ဆန္ဒပြလို့ ၃ ကြိမ် အဖမ်းခံခဲ့ရပြီး၊ ငယ်သေးလို့ ခံဝန်နဲ့ပြန်လွှတ်ထားပြီး ၄ ကြိမ်မြောက်အဖမ်းခံရလို့ အင်းစိန်ထောင် ရောက်သွားတဲ့အခါ “ငါ့ကိုသတ်ချင်အသေသတ်၊မနှိပ်စက်နဲ့”လို့ပြောလို့ ရိုက်နှက်နှိပ်စက်ခံထားရတဲ့ဒါဏ်နဲ့ အိမ်ပြန် ရောက်ပြီး ၃ ရက်မြောက်မှာ သေဆုံးသွားတဲ့ အဲဒီ ၁၅ နှစ်အရွယ် မိန်းမငယ်လေးက မဇူးဝင့်ဝါ။

တော်လှန်ရေးကြောင့် ထိခိုက်ဒါဏ်ရာရသူတွေ သွေးလိုသလား၊ မျက်ကြည်လွှာလိုအပ်သလား၊ ဘယ်ခန္ဓကိုယ် အစိတ် အပိုင်းကိုမဆို လိုအပ်ရင် လှူဒါန်းလိုကြောင်း၊ စာရွက်စာတမ်းနဲ့လှူဒါန်းမယ်ဆိုရင်တောင် သေဆုံးသွားပြီးမှ လှူခွင့်ရမှာ ဖြစ်လို့ တကယ်လို့ လိုအပ်ခဲ့ရင် မသေသေးပေမယ့် အသက်အသေခံပြီးလှူမယ်ဆိုတဲ့ ရဲရဲတောက် မိန်းကလေးနောက်တစ် ယောက်ကတော့ မန္တလေးတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ၁၉နှစ်အရွယ် မကြယ်စင်ပါ။

သေနတ်နဲ့ပစ်ရင် သေမယ်မှန်းသိရက်နဲ့ မြန်မာ့မြေပေါ်ကနေ အာဏာရှင်စနစ် အမြစ်ပြုတ်ရေးမှာ ရှေ့တန်းကဖြစ်ဖြစ်၊ နောက်တန်းကဖြစ်ဖြစ် နေရာအသီးသီးက ပါဝင်နေတဲ့ အမျိုးသမီးသူရဲကောင်းတွေကို လူမဆန်တဲ့ လက်နက်ကိုင်လူရမ်း ကားတွေနဲ့ နှိုင်းယှဉ်တာမျိုးက သိပ်ရုပ်ဆိုးလွန်းတယ်။

ယူနီဖောင်းဝတ်ယောက်ျားတွေရဲ့ လူမပီသတဲ့ လုပ်ရပ်တွေကို “သူရဲဘောကြောင်တဲ့ မိန်းမလိုမိန်းမရ လုပ်ရပ်” ဆိုတဲ့ နာမည်တပ်ကြတယ်။ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ လက်မခံနိုင်ဖွယ် ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အာဏာရှင်ကို အမျိုးသမီးအသွင်ဝတ်စားတာ၊ မိတ်ကပ်လိမ်းခြယ်တာ စတဲ့ ရုပ်ပြောင်တွေဖန်တီးကြတယ်။ အာဏာရှင်ခေါင်းကို ဝတ် လစ်စလစ်အမျိုးသမီးခန္ဒာကိုယ်နဲ့တွဲပြီး လှောင်ပြောင်နေကြတဲ့ ဓာတ်ပုံဖန်တီးမှုတွေ ပြုလုပ်ကြတယ်။

ဒါတွေအားလုံးဟာ ကျမတို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ လူတွေဟာ ကျား၊ မ ကွဲပြားဖြစ်တည်မှုအပေါ် ဘယ်လို သဘောထား တယ်ဆိုတဲ့ သင်္ကေတတွေပဲ။ ဒီလိုလုပ်ရပ်၊ ဒီလိုပြောဆိုနေတာတွေမှာ အမျိုးသမီးတွေကိုယ်တိုင်လည်း ပါဝင်နေသလို၊ သူတို့လုပ်ရပ်ကမှ မြင့်မြတ်ပြီးအဓိပ္ပါယ်ရှိတာလို့ အထင်ရောက်နေတဲ့ ယောက်ျားတွေလည်း ပါဝင်ကြတယ်။

မြန်မာ့လူ့အဖွဲ့အစည်းမှာ ယောက်ျားတွေဟာ မိန်းမတွေနဲ့နှိုင်းယှဉ်ခံရရင် မခံမရပ်နိုင်ဖြစ်တတ်ကြ စိတ်ဆိုးတတ်ကြတယ်။ ဖောက်ထွက်တဲ့အမြင်ရှိတဲ့ ပညာတတ်ယောက်ျားတွေတောင် “မိန်းမကျနေတာပဲ” ဆိုတဲ့စကားမျိုးပြောခံရရင် မကြိုက်ကြ ဘူး။ ဒါဟာ သူတို့ရဲ့မသိစိတ်မှာ သူတို့ကမိန်းမတွေထက် မြတ်တယ်ဆိုတဲ့ အတ္တစိတ်အခံတွေ ကိုယ်စီရှိနေကြလို့ပဲဆိုတာ ငြင်းမရတဲ့ ကိစ္စပါ။

အမျိုးသမီးတယောက်နဲ့ ဘယ်အရည်အချင်းမျိုးကိုမဆို နှလုံးရည်အရ ယှဉ်ပြိုင်နိုင်စွမ်းမရှိတဲ့ ယောက်ကျားတစုတဖွဲ့ရဲ့ လက်နက်အားကိုးပြီး မိုက်ပြတဲ့လုပ်ရပ်တွေကို လူမဆန်တဲ့လုပ်ရပ်အဖြစ်သာ သတ်မှတ်ရပါမယ်။ ဒီလိုလူမျိုးတွေရဲ့ လုပ်ရပ် တိုင်းဟာ ယူနီဖောင်းဝတ်ထားတဲ့ ယောက်ျားတွေကျူးလွန်တာဆိုတဲ့ ပကတိကို မြင်အောင်ကြည့်ရပါမယ်။ အပြစ်ကျူးလွန် သူတွေကို ကျူးလွန်ခံရသူ အမျိုးသမီးတွေနဲ့ ခိုင်းနှိုင်းတာဟာ မသင့်လျှော်တဲ့ လုပ်ရပ်ပါပဲ။

အမျိုးသမီးဆိုရင် နှိမ့်ချလိုက်မယ်၊ ခွဲခြားလှောင်ပြောင်လိုက်မယ်၊ အပြစ်ဟူသမျှ ပုံချကြမယ်ဆိုတဲ့ စိတ်ရောဂါအခံနဲ့ အတွေးအခေါ်မျိုးတွေကို လူ့အသိုင်းအဝိုင်းမှာ ဆက်လက်ခံထားဦးမလား၊ အမြစ်ပြတ်အောင် တော်လှန်မလားဆိုတာ ရွေးချယ်လို့ရပါတယ်။

ဒါဟာ အာဏာရှင်တော်လှန်ရေးလိုပဲ ရှေးရိုးစွဲအယူအဆတော်လှန်ရေး၊ မျိုးဆက်နဲ့ချီ တော်လှန်ရမယ့် တော်လှန်ရေးပဲ ဖြစ်ပါတယ်။

အသက်၊ သွေး၊ ချွေးပေါင်းများစွာ ရင်းနှီးခဲ့၊ စတေးခဲ့ကြရတဲ့ နွေဦးတော်လှန်ရေးတောင်မှ တနေ့နေ့မှာ အောင်မြင်နိုင် သေးရင်၊ လူ့အဖွဲ့အစည်းကို ကောင်းကျိုးမပြုတဲ့ ကျား၊ မ ဖြစ်တည်မှုအပေါ် ခွဲခြားနှိမ်ချဆက်ဆံတဲ့ ရှေးရိုးစွဲ ဓလေ့ထုံးတမ်း တွေကို ရိုက်ချိုးပစ်နိုင်မယ့် အယူအဆတော်လှန်ရေးဟာ သေချာပေါက်အောင်မြင်နိုင်မယ်လို့ ယုံကြည်တယ်။

Related Articles