Honest Information (HI)
“ တနိုင်ငံလုံးထွက်ကုန်ပြီ ဒို့ဝန်ထမ်းတွေငြိမ်မနေနဲ့ ”…“ ရုံးမသွားနဲ့ဝန်ထမ်းတွေ အိမ်မှာနေပါ ဇိမ်နဲ့ ဇိမ်နဲ့ ”..“ အလုပ် မသွားတဲ့ဝန်ထမ်းတွေ … ပြည်သူတွေက ကျွေးထားမှာဗျ ” …“ အာဏာရှင်ကို ဖြုတ်ဖို့ရာ ဝန်ထမ်းတွေကအဓိကပါပဲ ” စတဲ့ သံချပ်အသံစူးစူးလေးဟာ ထောင်ချီတဲ့လူအုပ်ကြီးကြားကနေ ဖောက်ထွက်လာပါတယ်။
ပူပြင်းတဲ့နေရောင်အောက်မှာ မျက်လုံးလေးဖော်ရုံသာ ပုဆိုးကိုခေါင်းမြီးခြုံထားသူတစုဟာ အတိုင်အဖောက်ညီညီနဲ့ ခြေ ထောက်လေးလွှဲ၊ ကိုယ်လုံးလေးယိမ်းကာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် သံချပ်ရွတ်နေကြတဲ့အသံပါ။
သံချပ်ရွတ်ဆိုနေသူတစုဟာ ကယားပြည်နယ်က အမျိုးသမီးလေးတွေဖြစ်နေပြီး ဒီသံချပ်နဲ့ပါဖောမန့်စ်ကို ဖန်တီးခဲ့ကြတဲ့ သူတွေပါလို့ ပြောရင် ထူးဆန်းအံ့သြနေမှာပဲမဟုတ်ပါလား။
တကယ်တော့ ဒီသံချပ်ဟာ CDM လှုပ်ရှားမှုမှာ တနိုင်ငံလုံးကဝန်ထမ်းတွေ ပါဝင်လာအောင် နည်းမျိုးစုံနဲ့ လှုပ်ရှားမှုတွေ လုပ်နေတဲ့အထဲမှာ အမျိုးသမီးတွေကလည်း တထောင့်တနေရာကနေ ဆန်းသစ်တီထွင်မှုတွေနဲ့အတူ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်လာဖို့ ဆော်သြတဲ့ သံချပ်ပဲဖြစ်တယ်။
သံချပ်ရွတ်ဆိုတဲ့ အဖွဲ့မှာပါဝင်သူတဦးဖြစ်တဲ့ ဖယ်ခုံမြို့နယ်က ဒေသခံ မမူယာချို(အမည်လွှဲ)က “ပုဆိုးခြုံတာကတော့ သူတို့လုံခြုံရေးအတွက်နဲ့ လက်ရှိစစ်အာဏာရှင်စနစ်မှာက ကျွန်မတို့လွတ်လွတ်လပ်လပ်ပြောဆိုခွင့်ကို အမှောင်ချထားတဲ့ သဘောကို ပြချင်တာ”လို့ ရှင်းပြပါတယ်။
၂၂၂၂၂ သပိတ်စတဲ့နေ့မှာ ကယားပြည်နယ်မှာရှိတဲ့ အစုအဖွဲ့အသီးသီးက စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း နည်းမျိုးစုံနဲ့ ထုတ်ဖော်ပြသဖို့ ကယားဒေးကွင်းထဲကို စုရုံးရောက်ရှိလာနေတဲ့ အချိန်လည်းဖြစ်ပါတယ်။ ကွင်းထဲရောက်ရှိ လာတဲ့ အစုအဖွဲ့တွေဟာ ဆန္ဒပြပြည်သူတွေ စိတ်ခွန်အားဖြစ်စေမယ့် သီချင်းဆိုတာ၊ ဟောပြောတာ၊ သံချပ်ရွတ်တာ၊ ရိုးရာဓလေ့နဲ့ စစ်အာဏာရှင်ကို တိုက်ထုတ်တာစတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ပါတယ်။
ဒီထဲမှာ ကယားပြည်နယ်မှာရှိတဲ့ အမျိုးသမီးငယ်တွေက CDM လှုပ်ရှားမှုမှာဝန်ထမ်းတွေ ပိုမိုပါဝင်လာစေဖို့ ရည်ရွယ်ချက်နဲ့ ပုဆိုးခြုံ၊ သံချပ်ရွတ်တဲ့ ပါဖောင်းမန်စ့်တခုအနေနဲ့ ပါဝင်လာတာပါ။
ဒါနဲ့ပတ်သက်လို့ လွိုင်ကော်မြို့နေ အသက် ၆၅ နှစ်အရွယ်ဒေါ်မြင့်မြင့်စန်းက“ ဒီခေတ်မိန်းကလေးငယ်လေးတွေရဲ့ ဆန်း ပြားတဲ့စိတ်ကူးနဲ့ တီထွင်ဖန်တီးတောင်းဆိုမှုတွေဟာ နည်းမျိုးစုံနဲ့မို့ ခေတ်အဆက်ဆက် ဆန္ဒပြမှုတွေထက် ခု စစ်အာဏာ သိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ ပိုထူးခြားတယ်”လို့ မှတ်ချက်ပြုပါတယ်။
ဒေါ်မြင့်မြင့်စန်းက“စစ်အာဏာရှင်က ကျား၊မခွဲပြီးဖိနှိပ်နေမှာမဟုတ်ဘူး။ အဲ့တော့အမျိုးသမီးတွေအနေနဲ့ ပိုပြီးထိခိုက် နိုင်ချေရှိတဲ့အချိန်မျိုးမှာ အမျိုးသမီးတွေဦးဆောင်မှုများလာတာကလည်း ပိုအားကောင်းလာစေတဲ့ လက္ခဏာပဲ”လို့ သုံးသပ် ပါတယ်။
အထူးသဖြင့် CDM လှုပ်ရှားမှုထဲမှာပါတဲ့ ဝန်ထမ်းတွေထဲက အမျိုးသမီးဝန်ထမ်းတချို့ သူတို့ရဲ့ခံစားချက်တွေထွက်ပြော ကြတာကို ပိုအားရပါတယ်လို့ သူကဆိုပါတယ်။
စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်မှာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ အပါအဝင် အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီး ကာ နိုင်ငံတော်အာဏာ သုံးရပ်ကို အဓမ္မရယူလိုက်တာက ပြည်သူတွေ လမ်းပေါ်ထွက်ဆန္ဒပြဖို့ ဖြစ်လာတာပါ။
ဒါ့အပြင်နိုင်ငံကို လက်ရှိအာဏာရစစ်ကောင်စီက အုပ်ချုပ်မှာဖြစ်ပြီး အာဏာလွှဲပြောင်းရယူမှုကို စစ်တပ်ကပဲ တစ်နှစ် တာဝန်ယူမှာဖြစ်တဲ့အတွက် စစ်အုပ်ချုပ်မှုယန္တရားရပ်ဖို့မှာ ဝန်ထမ်းတွေကအဓိကကျတာကြောင့် CDM လှုပ်ရှား မှုပါဝင် လာဖို့ စည်းရုံးနေတာ ဖြစ်ပါတယ်။
သူတို့အနေနဲ့ စစ်အာဏာသိမ်းပြီး ၅ ရက်မြောက်နေ့ကတည်းက စစ်အာဏာရှင်ကိုတွန်းလှန်ဖို့ လမ်းပေါ်ထွက် ဆန္ဒပြ နေတာ ဒါနဲ့ဆိုလေးကြိမ်ရှိပြီလို့ ဆိုပါတယ်။
လမ်းပေါ်မထွက်တဲ့ နေ့တွေဆို CDM လှုပ်ရှားမှုမှာ ဝန်ထမ်းတွေ ပါဝင်လာဖို့ အစိုးရ ရုံးစိုက်ရာနေရာတွေကို သွားရောက်ပြီး ရုံးတက်နေတဲ့ ဝန်ထမ်းတွေကို ဟောပြောစည်းရုံးတာ၊ ဆန္ဒထုတ်ဖော်တာတွေ လုပ်ခဲ့ပါတယ်။
ကမ်ပိန်းအနေနဲ့လည်း လမ်းမကြီးတွေပေါ်မှာ WE WANT FEDERAL DEMOCRACY ၊ JOIN IN CDM စာတွေ လိုက်ရေးတာ၊ နောက်ကိုးကွယ်ရာဘာသာအလိုက် ဆုတောင်း၊ ပုတီးစိပ်တာတွေလည်း တဖက်ကနေ လုပ်နေတာတွေ ရှိပါသေးတယ်။
ဒါ့အပြင် ဖမ်းဆီးထားသူတွေ လွှတ်မြောက်ရေးအတွက်လည်း ညစဉ်ညတိုင်း ၁၁ နာရီလောက်မှာ ဖယောင်းတိုင် ထွန်းပြီး ဆုတောင်းတာ၊ သံဗုံးတီးတာတွေကတော့ ပုံမှန်လုပ်မြဲ လုပ်ဆဲပါပဲ။
လမ်းမပေါ်ထွက်ဆန္ဒပြရာမှာလည်း စီတန်းလှည့်လည်တာ၊ ဟောပြောတာ၊ ထိုင်သပိတ်စတဲ့ စစ်အာဏာရှင်ကို လက်နက်မဲ့ ဆန့်ကျင်မှုတွေ ပြုလုပ်လျှက်ရှိတယ်။
“ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာကလည်း အစိုးရကို ဖိအားပေးဖို့အတွက်နည်းလမ်းတခုပဲ။ ဖိအားပေးနိုင်ဖို့နဲ့ CDM လှုပ်ရှားမှုမှာ များများပါလာဖို့နဲ့ နိုင်ငံတကာတွေရဲ့ အာရုံစိုက်မှုကို ရဖု့ိအတွက် ကျွန်မတို့ လမ်းပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ရတာ ဖြစ်တယ်”လို့ ဖယ်ခုံမြို့နယ်မှ ဒေသခံတဦးဖြစ်တဲ့ မမူကယ်ရိုလိုင်းက ဆိုပါတယ်။
မမူကယ်ရိုလိုင်းဟာ ငယ်စဉ်ကတည်းက ပြည်တွင်းစစ်ဒဏ်ကို အရွယ်နဲ့မမျှအောင် ခံစားခဲ့ရတဲ့အတွက် မီးရှူး၊ မီးပန်း မြင်ရင် လန့်တတ်တဲ့အထိ စိတ်ဒဏ်ရာရထားသူဖြစ်သလို စစ်အုပ်ချုပ်မှုအောက်မှာ အကြောက်တရားနဲ့ ကြီးပြင်းလာ ရသူဖြစ်တဲ့အတွက် ဗမာစစ်တပ်ဆိုရင် မုန်းတီးမှု အခံရှိသူ ဖြစ်တယ်။
“ စစ်အုပ်ချုပ်မှုအောက်မှာ နေခဲ့ရစဉ်က ကျွန်မတို့အဖေ၊ အကိုတွေဆို ခဏခဏပေါ်တာဆွဲခံရတယ်။ မတရားခံရမှုတွေ အတွက် စစ်ခုံရုံးနဲ့ယှဉ်လိုက်ရင် ကျွန်မတို့ဘယ်တုန်းကမှမနိုင်ခဲ့ဘူး။ ဒါတွေကို ကျွန်မတို့ကခါးခါးတူးတူးခံခဲ့ရတယ်” လို့ သူရဲ့ ခံစားချက်ကို ဖွင့်ဟပါတယ်။
ဒါကြောင့်လည်း ဘယ်ကလေးသူငယ်မှ သူလို စိတ်ဒဏ်ရာမျိုး မရစေချင်တဲ့အတွက် စစ်အာဏာရှင်ပြုတ်ကျရေးကို အောင် မြင်လုပ်ဆောင်သွားဖို့ သဓိဌာန်ချထားသူလည်း ဖြစ်ပါတယ်။
စစ်အာဏာသိမ်းတာ တစ်လရှိလာတဲ့အချိန်ထိ ရဲ၊ စစ်တပ်တွေက ညစဉ် CDM မှာ ပါတဲ့သူတွေ ဖမ်းဆီးတာ၊ ဆန္ဒပြသူ တွေကို စစ်လက်နက်တွေနဲ့ ခြိမ်းခြောက်ပစ်ခတ်တာတွေ လုပ်နေပေမယ့် ပြည်သူတွေရဲ့ဆန္ဒပြတဲ့ အရှိန်ဟာ ရပ်မသွားဘဲ နည်းမျိုးစုံနဲ့ တော်လှန်မှုတွေ ဆက်လုပ်နေပါတယ်။
ဒီထဲမှာ ဗေဒင်၊ ယတြာတွေကို ယုံကြည်တဲ့အမျိုးသမီးတချို့လည်းပါဝင်ပါတယ်။ သူတို့ဟာ စစ်အာဏာရှင်ပြုတ်ကျ သွား ဖို့နဲ့ ဆန္ဒပြသူတွေ ဘေးအန္တရာယ်ကင်းဖို့နဲ့ဖမ်းဆီးထားသူတွေ လွတ်မြောက်ဖို့အတွက် ယုံကြည်မှုကို အခြေခံကာ ယတြာ တွေ၊ ကျိန်စာတွေလုပ်ပါတယ်။
တလောက အညာမြေဖြစ်တဲ့ပုဂံမှာရှိတဲ့ ထီးလိုမင်းလိုဘုရားမှာ ကျိန်စာသဘောမျိုးလုပ်တာရှိသလို ပုသိမ်မှာလည်း နတ်ကနားနဲ့ စစ်အာဏာရှင်ကို နှင်ထုတ်တဲ့ လုပ်ဆောင်မှုတွေလည်း နေရာတချို့မှာ တွေ့ရပါတယ်။
ကယားပြည်နယ်မှာရှိတဲ့ ကယန်းအမျိုးသမီးအစည်းအရုံးမှ အတွင်းရေးမှူး(၁) မမူအယ်မာရီက“အမျိုးသမီးတွေ ဟာ အ မှောင်ထဲမှာနေရတဲ့ ခေတ်ကနေ ရုန်းထွက်နိုင်ဖို့ ဒီတိုက်ပွဲက အစပဲဖြစ်တယ်။ ဒီတိုက်ပွဲက အမျိုးသမီးတွေရဲ့ တိုက်ပွဲဖြစ်လို့ အမျိုးသမီးတွေအနေနဲ့ ရှေ့တန်းထွက်သင့်သလို နောက်က၊ ဘေးကနေလည်းပါဝင်သင့်တယ်”လို့ အကြံပြုစကားဆိုပါ တယ်။
ထို့အတူ ကယားပြည်နယ်မှာလည်း ကယန်းရိုးရာအရ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ကျိန်ဆဲတဲ့ အသုဘအခမ်း အနားလုပ်ကာ စစ်အာဏာရှင်ကို တွန်းလှန်ခဲ့ပါသေးတယ်။
ကယားပြည်နယ်မှာ ကယန်းလူမျိုးအများဆုံးနေထိုင်ကြတဲ့အတွက် ကယန်းရိုးရာအရဆိုရင် အိမ်တစ်အိမ်မှာ နာရေးတခု ရှိလို့ရှိရင် မေတ္တာပို့ပေးတဲ့သီချင်းတွေ နှစ်ညတိုင်တိုင်အလှည့်နဲ့ သီဆိုဆုတောင်းပေးတဲ့ဓလေ့ရှိပါတယ်။ သီချင်းဆိုတာကို ဘယ်သူမဆိုလုပ်လို့ရပြီး များသောအားဖြင့်ကတော့ နာရေးရှိတဲ့ ကျေးရွာ၊ ရပ်ကွက်ထဲက ရွာသူရွာသားတွေက လာစောင့် ပေးလာဆိုပေးကြတာ များပါတယ်။
ဒီလိုသီချင်းဆို ဆုတောင်းမေတ္တာပို့ပေးတာက သေဆုံးသူရဲ့ဝိညာဉ်က သန့်ရှင်းတဲ့အတွက် ကောင်းကင်ဘုံကို ရောက်ပါ စေလို့ ရှေ့ကနေတိုင်ပြီး နောက်ကအဖွဲ့က အဲဒါကိုပဲ ဝိုင်းဖွဲ့သီဆိုကြတာ ဖြစ်တယ်။
ပုံမှန်လုပ်ရိုးလုပ်စဉ်အရကတော့ သေဆုံးသူအတွက် မေတ္တာပို့ဆုတောင်းတဲ့ သီဆိုတာဖြစ်ပေမယ့် အခု စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နာရေးအခမ်းအနားလုပ်ရာမှာတော့ မေတ္တာပို့ဆုတောင်းမှုအစား ကျိန်ဆဲတဲ့စာသားတွေ ထည့်သွင်း ရွတ်ဆိုကြပါတယ်။ ကျိန်ဆဲတာကတော့ သေဆုံးသူဟာ မသန့်ရှင်းတဲ့အတွက် ဘယ်လိုဘဝကိုပဲ ရောက်ရမယ်။ ဘယ်မှာပဲ ရှိနေရမယ်ဆိုတာမျိုးကို သီချင်းစာသားတွေထဲ ထည့်ဆိုကြတာ ဖြစ်တယ်။
ဒါ့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အစိမ်းသေတာဖြစ်တဲ့အတွက် မသန့်ရှင်းတာကြောင့် သန့်ရှင်းတဲ့ သချိုင်း မြေမှာ မသဂြိုလ်သင့်ဘဲ လမ်းဆုံလမ်းခွနေရာတွေမှာရှိတဲ့ ရဲစခန်းတို့၊ ထွေအုပ်ရုံးရှေ့တို့မှာ သွားလုပ်ကြပါတယ်။
မင်းအောင်လှိုင် အသုဘအခမ်းအနားလို့ ဂျပ်ပြားတခုပေါ်မှာရေးထားပြီး စစ်အာဏာရှင်လို့ ရေးထားတဲ့အခေါင်းတခုကို အလယ်မှာချကာ ဘေးကဝန်းရံနေတဲ့ အမျိုးသမီးတွေက ဖြေးဖြေးလေးလေး ဆွဲဆွဲငင်ငင်နဲ့ ရွတ်နေတဲ့ ကျိန်ဆဲသံက ကြားရသူဖို့ ကျောချမ်းစရာပါ။
“ မင်းအောင်လှိုင် မင်းသေရင် ငရဲပြည်ကိုသွားရမယ်လို့ တယောက်ကတိုင်ရင် နောက်ကလူတွေကလည်း တကယ့် ကြောက်စရာအသံမျိုးနဲ့ လိုက်ဆိုပေးရတယ်”လို့ ဖယ်ခုံမြို့နယ် ဒေသခံတဦးက ရှင်းပြပါတယ်။
ဒီအခမ်းအနားမှာ တောက်ပြောင်တဲ့ ပန်းရောင်ဖဲသားအကျီၤနဲ့ နက်ပြာလိုလိုဘောင်းဘီပွပွဝတ်ထားတဲ့ အသားညိုညို အမျိုး သမီး တစ်ယောက်က ကြိုးချည်ထားတဲ့ ပေါက်ပြားအိမ်ကို သံချောင်းနဲ့ ခေါက်လို့ထွက်လာတဲ့“တိန် …တိန်”ဆိုတဲ့ အသံက ရင်ဘတ်တွေနာတဲ့အထိအောင် စူးရှလွန်းလှပါတယ်။
ဒီအခမ်းအနားမှာသုံးတဲ့ ပေါက်ပြားကို သုံးရတဲ့အကြောင်းက အစိမ်းသေတွေကို လူ့လောကကနေ အပြီးတိုင် မောင်းထုတ် တဲ့ သဘောလို့သိရပါတယ်။
စစ်အာဏာရှင်တွေကို တွန်းလှန်ကြတဲ့နေရာမှာ အမျိုးသမီးတွေဟာ သူတို့တတ်ကျွမ်းနိုင်နင်းလှတဲ့ ပညာတွေကို ထုတ် သုံးပြီး သူတို့မှာရှိတဲ့ အင်အားနဲ့ လက်နက်မဲ့တော်လှန်နေကြတာက ဂုဏ်ယူစရာပါ။
ရန်ကုန်အပါအဝင် နယ်မြို့အသီးသီးက အမျိုးသမီးတွေကလည်း စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့နေရာမှာ ပဲပင်ပေါက် ခေါင်းဖြုတ်တာ၊ ကြက်သွန်နီကောက်တာ ၊ လက်ပတ်ချည်ထိုးတာ၊ ငြိမ်းချမ်းရေးချိုးဌက်ပုံ စက္ကူခေါက်တာတွေ သနပ်ခါး တိုက်ပွဲစတဲ့ နည်းတွေနဲ့ ပါဝင်လှုပ်ရှားကြတယ်။
ဒီလိုလုပ်ဆောင်မှုတွေကြောင့်ပဲ အများစုသော အမျိုးသားတွေဟာ ရပ်ကွက်လုံခြုံရေးကအစ အမျိုးသမီးတွေကို အားကိုး အားထားပြုလာပြီး သူတို့လုပ်ဆောင်နိုင်တဲ့ စွမ်းရည်အပေါ်မှာလည်း အသိအမှတ်ပြုလာပါတယ်။
ဒါကြောင့် ဒီလိုရဲရင့်ထက်မြက်လှတဲ့ အမျိုးသမီးလေးတွေဟာ လူ့အဖွဲ့အစည်းမှာ ဦးစီးဦးဆောင်အနေနဲ့ ပိုမိုပါဝင်လာကြပြီး အာဏာရှင်ခေတ်အလွန်မှာ သူတို့ရဲ့ဦးဆောင်ပါဝင်မှုတွေနဲ့ တိုင်းပြည်ရဲ့အနာဂတ်ဟာ ကောင်းမွန်တဲ့အခြေအနေတခုကို ပိုင်ဆိုင်ရဖို့ အခွင့်အလမ်းများနေပြီပဲဖြစ်ပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021