Home သတင်း အာဏာသိမ်းစစ်အစိုးရသည် အမျိုးသမီးလစဉ်သုံးပစ္စည်းကဲ့သို့ပင် လုံခြုံမှုမပေးနိုင်ဟု လွိုင်ကော်အမျိုးသမီးများဆို

အာဏာသိမ်းစစ်အစိုးရသည် အမျိုးသမီးလစဉ်သုံးပစ္စည်းကဲ့သို့ပင် လုံခြုံမှုမပေးနိုင်ဟု လွိုင်ကော်အမျိုးသမီးများဆို

Honest Information (HI)

အာဏာသိမ်းစစ်အစိုးရသည် အမျိုးသမီးလစဉ်သုံးပစ္စည်းတစ်ခုကဲ့သို့ပင် လုံခြုံမှုမပေးနိုင်ကြောင်း ပြသသည့်အနေဖြင့် ကယားပြည်နယ်၊ လွိင်ကော်မြို့နှင့် ကျေးရွာဒေသအသီးသီးတွင်ရှိသည့် အမျိုးသမီးထု တစ်သောင်းကျော်က အမျိုး သမီးများအသုံးပြုသည့် အသုံးဆောင်များကို ကိုင်ဆောင်ကာ ဖေဖော်ဝါရီ ၂၈ ရက်က ချီတက်ဆန္ဒပြခဲ့ကြသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့က ပြည်လုံးကျွတ်သပိတ်တွင် မြန်မာနိုင်ငံဒေသအသီးသီးနှင့် မြို့ကြီးများတွင် အင်အားအလုံး အရင်းဖြင့် ဆန္ဒဖော်ပြခဲ့ကြရာ၌ လွိုင်ကော်မြို့က အမျိုးသမီး သပိတ်စစ်ကြောင်းလည်း အမျိုးသမီးများသီးသန့်အဖြစ် စစ်ကြောင်းတစ်ကြောင်းအနေဖြင့် ချီတက်ဆန္ဒဖော်ပြရာတွင် ယခင်နေ့များကဲ့သို့ ဗီနိုင်း စာသားများကိုင်ဆောင်၍ ဆန္ဒဖော်ပြခဲ့ခြင်းမဟုတ်ဘဲ အမျိုသမီး လစဉ်သုံးပစ္စည်းများနှင့် ဘရာဇီယာတို့ကို ကိုင်ဆောင်၍ အမျိုးသမီးထု၏ ဆန္ဒကို ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

“ ကပ်ခွာတစ်ခုလောက်တောင် လုံခြုံမှုမပေးနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က ကျူးလွန်ခဲ့တဲ့အမှုတွေအားလုံးက အများစုက ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေ အများကြီး ရရှိထားတယ်။ တကယ်လို့သာ စစ်အာဏာရှင်စနစ်သာ ဆက်ပြီးတော့ သက်ဆိုးရှည်နေမယ်၊ စစ်အာဏာရှင်လက်အောက်မှာပဲနေရမယ်ဆိုရင် အမျိုးသမီးဘဝတွေ ဒီလောက်တောင် လုံခြုံမှုရှိမှာ မဟုတ်ဘူးဆိုတာ ကျမတို့ ပြချင်တာ” ဟု ယင်းသပိတ်တွင် ပါဝင်ဆန္ဒထုတ်ဖော်ခဲ့သူ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)မှ တွဲဘက်အထွေထွေအတွင်းရေးမှူး(၂) မဇူးပဒုမ္မာက ဆိုသည်။

သပိတ်စစ်ကြောင်းများတွင် ညီညီညာညာဖြစ်စေရန်ရည်ရွယ်ကာ ကျွတ်ကျွတ်ကြိုးများအသုံးပြုကာ ကိုင်ဆောင် ချီတက်ကြ သော်လည်း ယင်းနေ့က ပြုလုပ်သည့် အမျိုးသမီးသပိတ်စစ်ကြောင်းတွင် ဘရာဇီယာအဟောင်းများကို ကြိုးတွင်ချီနှောင်၍ သရုပ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။

အမျိုးသမီး သပိတ်စစ်ကြောင်းဟုဆိုသော်လည်း အမျိုးသားများလည်း ပါဝင်ခဲ့ကာ အမျိုးသားများကိုယ်တိုင် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်ပုံတွင် အမျိုးသမီးလစဉ်သုံးပစ္စည်းကပ်ထားသည့် ဓါတ်ပုံစာရွက်ကို ကိုင်ဆောင်သည့် သူများ ရှိခဲ့သည်။ ယင်း ဓာတ်ပုံများ သတင်းမီဒီယာများသို့ ပြန့်နှံ့ချိန်တွင် ပြည်သူများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဘရာကမ်ပိန်းလှုပ်ရှားမှု (လွိုင်ကော်)

“ မျက်နှာအမူအရာကို ကြည့်တဲ့အခါမှာ တစ်ချို့ကလည်းစနောက်တာ ရှိတယ်။ ရွံတဲ့ပုံစံမျိုး ပြတာရှိတယ်။ တစ်ချို့က အထူးအဆန်းမို့ ကိုင်ချင်တာတွေ ရှိတယ်။ တစ်ချို့ကလည်း ဟာသလိုလိုနဲ့ နင်ကိုင်၊ ငါကိုင်နဲ့ ပြောကြတာရှိတယ်” ဟု ဆန္ဒဖော်ထုတ်ရာတွင် ကြုံတွေ့ခဲ့သည်ကို မဇူးပဒုမ္မာက ပြောပြသည်။

ကရင်နီ အမျိုးသမီးတစ်ဦးဖြစ်သူ မရိုစီကျော်က ယခင်စစ်အာဏာရှင်လက်ထက်က တိုင်းရင်းသားများမှာ ဖိနှိပ်မှုများ ပိုပြီးခံစားခဲ့ရသည့်အပြင် အမျိုးသမီးများမှာလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ခံခဲ့ရသည့်အတွက် ယင်းကဲ့သို့ စနစ်မျိုးကို မလိုချင်တော့သည့်အတွက် ဆန္ဒထုတ်ဖော်ရာ၌ ပါဝင်ခဲ့သည်ဟု ဆိုသည်။

“ ဒီလို ပုံတွေနဲ့ဆန္ဒဖော်ပြတာက ကျွန်မတို့က သူ့ကိုအလိုမရှိဘူးဆိုတာကို ပြချင်တာ။ ကျွန်မတို့အမျိုးသမီးထု အတွက် ဆိုရင် လစဉ်သုံးပစ္စည်းတစ်ခုလောက်တောင် လုံခြုံမှုမရှိဘူးဆိုတာကို ပြချင်တာပါ” ဟု မရိုစီကျော်က ပြောသည်။

ဆန္ဒထုတ်ဖော်သည့် ပုံစံမှာ ထူးခြားနေသည့်အတွက် တဘက်တွင် မိမိလုံခြုံရေးအတွက် မိမိကိုယ် မိမိတာဝန်ပြန်ယူ နေရသည့် အခြေအနေဖြစ်ခဲ့ကြောင်းလည်း မရိုစီကျော်က ဆိုသည်။

ယခုကဲ့သို့ ထူးထူးခြားခြား ဆန္ဒပြခဲ့ခြင်းသည် အယူသည်းသည့် စစ်ခေါင်းဆောင်များအတွက် ထိရောက်သည်ဟုဆိုကာ ပြည်သူအများက လက်ခံအားပေးနေကြသော်လည်း တစ်ဖက်တွင်မူ ရှေးရိုးစွဲယုံကြည်ထားကြသော ရာသီသွေး ၊ ထမိန် တို့မှာ ဘုန်းနိမ့်ညစ်ပတ်သည်ဆိုသည့် အယူအဆကို ပိုမိုခိုင်မာအောင် အားပေးနေသကဲ့သို့လည်း ယူဆကြနိုင်ကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားနေသူ တစ်ဦးဖြစ်သည့် မနန်းဖြူဖြူလင်း က မှတ်ချက်ပြုသည်။

“ အမျိုးသမီး အခွင့်အရေးလှုပ်ရှားမှုကို တကယ်လုပ်နေတဲ့ မည်သည့်ခွဲခြားနှိမ့်ချမှုကိုမှတိုက်ဖျက်တဲ့ သူတစ်ယောက် အ နေနဲ့ဆိုရင်တော့ အဲ့ဒါသည်ယုတ်ညံ့ပါတယ်လို့ ကိုယ်ကပါ ရောယောင်ပြီး ပြောလိုက်သလို ဖြစ်သွားမှာကိုလည်းစိုးပါ တယ်” ဟု AGIPP မှ နည်းပညာအကြံပေးတစ်ဦးလည်း ဖြစ်သူ မနန်းဖြူဖြူလင်းက သူ့အမြင်ကို ဆိုသည်။

မဇူးပဒုမ္မာကတော့ ပြုလုပ်ခဲ့သော လွိုင်ကော် အမျိုးသမီးစွမ်းဆောင်ရှင်များ သပိတ်စစ်ကြောင်းတွင် အမျိုးသမီး တစ် သောင်းကျော် ပါဝင်ဆင်နွှဲခဲ့ကာ ထူးခြားသည့်တင်ဆက်မှုကြောင့်လည်း ပြည်သူအများ၏ အာရုံစိုက်မှုရရှိခဲ့သောကြောင့် နောက်ထပ် ဆန္ဒထုတ်ဖော်မှုများတွင်လည်း ယခုထက်ပိုမိုဆန်းသစ်သည့် ပုံစံများဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

“ အမျိုးသမီးအခန်းကဏ္ဍ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ဖြစ်ဖို့ဆိုရင် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တာနဲ့တပြိုင်နက် ဖိုဝါဒ ကြီးစိုးတဲ့စနစ်ပါ ကျွန်မတို့က တွန်းလှန်ဖို့လိုတယ်။ ဒီလို စဉ်းစားမိတဲ့အတွက် ဘရာကိစ္စတွေ၊ ကပ်ခွာကိစ္စတွေက ယဉ် ကျေးမှုနဲ့ ကြည့်မယ်ဆိုရင် အများလက်ခံနိုင်စရာနည်းပေမယ့်လည်း ဒါကိုအသုံးပြုပြီး လုပ်ဆောင်ခဲ့တာဖြစ်တယ်” ဟု မဇူးပဒုမ္မာကဆိုသည်။

Related Articles