ခင်မမမျိုး
(မြန်မာ့အမျိုးသမီးသမဂ္ဂ၊ ချိုးလင်းပြာစာစောင်၊ အမှတ် ၅-၂၀၀၉ ခုနှစ် အောက်တိုဘာလ)
၂၁ ရာစုမှာ အမျိုးသမီးအခွင့်အရေးဆိုတဲ့ စကားလုံးဟာ တကမ္ဘာလုံးမှာ ကျယ်ကျယ်လောင်လောင် အသံတွေ ထွက်နေပါတယ်။ နိုင်ငံများစွာမှာလည်း ကျား-မတန်းတူညီမျှမှုအခွင့်အရေးတွေအတွက် လှုပ်ရှားမှုတွေပျံ့နှံ့နေ ပါတယ်။ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုဆိုတာရိုးရာအစဉ်အလာ ဓလေ့ထုံးစံတွေကို စိန်ခေါ်မှုတရပ်အနေနဲ့ မြင်ကြပါတယ်။ ဒါပေမယ့် အစဉ်အလာဆိုတာ လူတွေကပြုလုပ်ခဲ့တာပါ။ အဲဒီလိုပြုလုပ်ခဲ့တာမှာ အဲဒီခေတ်အခါ ရဲ့လူမှုစီးပွားစနစ်အရ သင့်လျော်သလို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုခေတ်အခါမှာကျတော့ ကမ္ဘာ့လူမှုစီး ပွားစနစ်တွေလည်း အသွင်သဏ္ဍာန်အမျိုးမျိုးပြောင်းလဲနေခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် အစဉ်အလာဓလေ့ထုံးစံ တွေထဲက ခေတ်စနစ်နဲ့ကိုက်ညီတဲ့ အချက်အလက်တွေကိုသာလက်ဆင့်ကမ်းသယ်ယူပြီးဖယ်ရှားသင့်တာတွေ ကို ဖယ်ရှားရမယ့်အချိန်ရောက်နေပြီဖြစ်ပါတယ်။ ဒါမှလည်း တိုးတက်တဲ့လူ့ဘောင်သစ်ကို တည်ဆောက်နိုင်မှာ ပါ။ ခြေကျင်ခရီးကနေ လေယာဉ်ပျံတွေပေါ်ပေါက်လာကာ၊ ခိုနဲ့စာပို့စနစ်ကနေ လျှပ်စစ်စာပို့စနစ်တွေဖြစ်လာ တာကို မလွဲမသွေလံခံအသုံးပြုလာရတဲ့အချိန်မှာ ကျား-မတန်းတူညီမျှမှုဆိုတာကလည်း လက်ခံကျင့်သုံးရမယ့် အခြေအနေတခုဖြစ်လာနေခဲ့ပါပြီ။ အခုဒီဆောင်းပါးမှာ ကျား-မတန်းတူညီမျှမှုအပေါ် အခြေတည်ထွက်ပေါ်လာခဲ့ တဲ့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုရဲ့သမိုင်းကြောင်းကို တင်ပြမှာဖြစ်ပါတယ်။
ကနဦးအစ
အမျိုးသမီးအခွင့်အရေးတောင်းဆိုမှုတွေဟာ ၁၇ ရာစုနှောင်းပိုင်းနဲ့ ၁၈ ရာစုနှောင်းပိုင်းတွေမှာစတင် ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ၁၉ ရာစုမှာ ဥရောပတော်လှန်ရေးတွေထွက်ပေါ်လာတဲ့ အချိန်ကာလအထိ ထင်သာမြင်သာမရှိခဲ့ပါဘူး။ အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီး ပမထမဆုံးလှုပ်ရှားခဲ့သူကတော့ ဗြိတိသျှ စာရေးဆရာမနဲ့ အမျိုသမီးဝါဒီတဦးဖြစ်တဲ့ မေရီအက်စ်တယ်လ်ပါပဲ။ သူမရေးသားခဲ့တဲ့ Serious Proposal to the Ladies ဆိုတဲ့စာတမ်းထဲမှာ အမျိုးသမီးအခွင့်အလမ်းတွေအတွက် တောင်းဆိုမှုတွေပါဝင်ခဲ့ပါတယ်။ အမျိုး သမီးတွေအတွက် ကောလိပ်ကျောင်းတည်ထောင်ပေးရေးအချက်ပါဝင်တာကြောင့် “အမျိုးသမီးတွေဆိုတာ အိမ် တွင်းမှုလုပ်ရမယ်၊ အမျိုးသားတွေက ပြင်ပလူမှုဆက်ဆံရေး၊ အုပ်ချုပ်ရေးလုပ်ရမှာကြောင့် ပညာတတ်ရမယ် ” ဆိုတဲ့ အတွေးအခေါ်တွေ အမြစ်တွယ်နေတဲ့အဲဒီခေတ်လူ့အဖွဲ့အစည်းရဲ့ဝေဖန်ပြစ်တင်ရှုတ်ချခြင်းကိုခံခဲ့ရပါ တယ်။
အမေရိကန်ပြည်တွင်းစစ်ကာလတွေထဲက ၁၇၇၆ ခုနှစ်မှာ Abigail Addams ဆိုတဲ့အမျိုးသမီးဟာ နောင်တချိန် မှာ အမေရိကန်ရဲ့ Vice-President ဖြစ်လာခဲ့တဲ့ သူမရဲ့အမျိုးသား ဂျွန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အမျိုး သမီးအခွင့်အလမ်းတွေအတွက် တောင်းဆိုမှုတွေပါဝင်ခဲ့ပါတယ်။ သူမက နောင်တချိန်မှာ အမျိုးသမီးတွေရဲ့ တော်လှန်ရေးတွေ ပေါ်ထွက်လာဦးမယ်လို့ဆိုခဲ့ပါတယ်။ သူမရဲ့အဆိုဟာ ၁၇၈၉ ခုနှစ်မှာအမှန်တကယ်ဖြစ်လာ ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေးကာလမှာ အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားတောင်းဆိုမှုတွေပေါ်ထွက်လာခဲ့လို့ပါပဲ။ ၁၇၉၂ ခုနှစ်ရောက်တော့ အင်္ဂလန်က Mary Wollstonecraft ဆိုတဲ့အမျိုးသမီးဟာ အမျိုးသမီးအခွင့်အလမ်း လမ်းညွှန်စာတမ်းကိုထုတ်ဝေခဲ့ပါတယ်။ သူမရဲ့စာတမ်းကိုဘာ သာစကားမြောက်မြားစွာဘာသာပြန်ဆိုခဲ့ကြပြီး တကမ္ဘာလုံးမှာအမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီးကျယ် ကျယ်ပြန့်ပြန့် သိလာကြပါတယ်။ သူမဟာအမျိုးသမီးတွေရဲ့နိုင်ငံရေးအခွင့်အလမ်းတွေကို တောင်းဆိုခဲ့တာ ကြောင့် အဲဒီခေတ်ကာလက အမြစ်တွယ်နေတဲ့ “နိုင်ငံရေးဆိုတာအမျိုးသားတွေနဲ့ပဲသက်ဆိုင်တယ်” ဆိုတဲ့ အယူ အဆတွေကို ကိုင်စွဲထားသူတွေက ပြစ်တင်ရှုတ်ချတာကိုခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း နောင်နှစ်ပေါင်း ၄၀ ကျော် အကြာမှာတော့ သူမရဲ့တောင်းဆိုချက်တွေကို ကိုင်စွဲပြီး ကမ္ဘာအနှံ့မှာ အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုတွေပေါ်ထွက်လာခဲ့ပါတယ်။
ပထမဦးဆုံး နိုင်ငံတကာအမျိုးသမီးအခွင့်အရေးလှုပ်ရှားမှု
၁၈၃၀ နဲ့ ၁၈၄၀ ကာလတွေဟာ လူနေမှုစနစ်ပြုပြင်ပြောင်းလဲရေးကာလတွေဖြစ်ပါတယ်။ ဥရောပနဲ့အမေရိ ကန်ပြည်ထောင်စုမှာ အမျိုးသမီးတွေရဲ့မဲပေးခွင့်လှုပ်ရုှားမှုတွေ စတင်ပေါ်ထွက်လာပါတယ်။ ဥရောပမှာ ပေါ် ပေါက်လာခဲ့တဲ့ ဘာသာရေးလှုပ်ရှားမှုတွေ၊ အမေရိကန်ပြည်ထောင်စုမှာ ပေါ်ပေါက်လာခဲ့တဲ့ လက်ထပ်ထား သော အမျိုးသမီးများရဲ့မြေယာပိုင်ဆိုင်မှုအခွင့်အရေးလှုပ်ရှားမှုတွေ၊ ၁၈၄၇-၄၈ ကာလ ဥရောပတော်လှန်ရေး တွေဟာ အမျိုးသမီးလှုပ်ရှားတက်ကြွသူများစွာကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ စာပေဟာ တော်လှန်ရေးတခုရဲ့ လက်နက်ဖြစ်တာကြောင့် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေဟာ စာပေလက်နက်ကို အသုံးပြုပြီး တိုက်ပွဲ ဝင်ခဲ့ကြပါတယ်။
အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုကြီး အချိန်တိုကာလအတွင်းမှာတင် နိုင်ငံတကာလှုပ်ရှားမှုအသွင်သဏ္ဍာန်ကို ကူးပြောင်းသွားတဲ့ အဓိကအချက်ကတော့ တက်ကြွလှုပ်ရှားသူတွေဟာ နိုင်ငံ၊ လူမျိုး၊ အဖွဲ့အစည်းမခွဲခြားဘဲ အချင်းချင်းအားပေးကူညီမှုနဲ့ တော်လှန်ရေးလမ်းကြောင်းပေါ်အခြေတည်သော သွေးစည်းညီညွတ်မှုကို တည် ဆောက်နိုင်ခဲ့ကြလို့ပါပဲ။ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေဟာ လှုပ်ရှားမှုဖော်ဆောင်တဲ့ဆောင်းပါးတွေ၊ စာအုပ်တွေကို တစ်နိုင်ငံနဲ့တစ်နိုင်ငံပို့ဆောင်ဖြန့်ဝေခဲ့ကြပါတယ်။ ဘာသာစကားကျွမ်းကျင်သူတွေက တခြား ဘာသာစကားတခုကနေ မိခင်ဘာသာစကားကို ပြန်ဆိုဖြန့်ဝေခဲ့ကြတယ်။ အမျိုးသမီးထုအတွင်းကို အတွေး အခေါ်သစ်တွေ ပျံ့နှံ့ရောက်ရှိအောင် နည်းမျိုးစုံနဲ့ကြိုးပမ်းခဲ့ကြပါတယ်။ လူထုဟောပြောပွဲတွေ ပြုလုပ်ကြပါ တယယ်။ ၁၈၄၇ ခုနှစ်မှာ အမျိုးသမီးဝါဒီများအဖြစ် မိမိကိုယ်ကိုယ် ယုံကြည်လက်ခံတဲ့ ရာပေါင်းများစွာသော အမျိုးသမီးတွေဟာ နိုင်ငံတကာပူးပေါင်းလှုပ်ရှားမှုအသွင်နဲ့ခြေဆန့်လာခဲ့ကြပါတယ်။
၁၈၄၈ ခုနှစ်မှာ နယူးယောက်မှာ ပထမဆုံးအမျိုးသမီးညီလာခံကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ကြ ပါတယ်။ အမျိုးသမီးတွေရဲ့နစ်နာမှုများကြေညာစာတမ်းကိုရေးဆွဲခဲ့တဲ့ အက်လီဇဘက်စတင်ဟန်ဟာ ကမ္ဘာ့ အမျိုးသမီးအခွင့်အလမ်းလှုပ်ရှားမှုကြီးမှာ တစတစနာမည်ကြီးလာခဲ့ပါတယ်။ အက်လီဇဘက်ဟာ ၁၉၅၁ ခုနှစ် မှာ အန်တိုနီဆိုတဲ့အမျိုးသမီးတဦးကိုစတင်တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ အတွေးအခေါ်နဲ့ယုံကြည် ချက်တူညီတဲ့အတွက် တဦးနဲ့တဦး ကူညီထောက်ခံတဲ့ ဘဝတသက်တာမိတ်ဆွေများအဖြစ် ယုံကြည်မှုတည် ဆောက်နိုင်ခဲ့ကြပါတယ်။ အန်တိုနီက ဖွဲ့စည်းတည်ဆောက်ရေးနဲ့မဟာဗျူဟာရေးဆွဲရေးတွေမှာ အားသာ ချက်ရှိပါတယ်။ အက်လီဇဘက်က လူထုဟောပြောမှုနဲ့ စည်းရုံးရေးစွမ်းရည်တွေမှာ အားသာချက်ရှိပါတယ်။
လှုပ်ရှားမှုတခုမှာ ဒီစွမ်းရည်တွေက အရေးကြီးဆုံးဖြစ်ပါတယ်။ စင်ပေါ်မှာ ကပြရတဲ့ အရည်အချင်းတွေနဲ့စင် နောက်မှာ ဇတ်ညွှန်းရေးဆွဲရတဲ့ အရည်အချင်းတွေလို့အတိုချုံးဆိုနိုင်ပါတယ်။ လူ့စိတ်ဆိုတာကလည်း အ တော်ရှုပ်ထွေးပါတယ်။ လူအများက စင်ပေါ်မှာကပြရင်း ရလာမယ့် ကျော်ကြားမှုတွေ၊ လက်ခုပ်သံတွေကို လူ မသိ၊ သူမသိနဲ့စင်နောက်မှာနေပြီး ကိုယ့်ဇတ်ညွန်းအောင်မြင်သွားလို့ပျော်ရွှင်တဲ့ပီတိအရသာတွေထက် ပိုပြီး နှစ်သက်တတ်ကြပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ မင်းသားကြီးမလုပ်ရလို့ပတ်မထိုးဖောက်သူတွေ၊ စင်ပေါ်မရမ နေကုတ်ကပ်တက်သူတွေ၊ တစင်ထောင်သူတွေများလာပြီး လှုပ်ရှားမှုစင်လည်း ပြိုလဲတော့တာပဲပဲ။ စင်ပေါ်က အရည်အချင်းနဲ့စင်နောက်က အရည်အချင်းရှိသူတွေ ဟန်ချက်ညီလက်တွဲမိနိုင်ဖို့အလွန်ပဲအရေးကြီးပါတယ်။ ဒါဟာလှုပ်ရှားမှုတိုင်းရဲ့အသက်သွေးကြောပါပဲ။
အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုမှာတော့ နပိုလီယံလို့အများက နာမည်ပေးထားတဲ့ ဗျူဟာရေးဆွဲရေးကျွမ်း ကျင်သူ အက်လီဇဘက်တို့ဟန်ချက်ညီလက်တွဲမိခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ နယူးယောက်ဥပဒေမှာ အမျိုး သမီးကလေးစးသူငယ်စောင့်ရှောက်ခွင့်နဲ့ဥစ္စာပစ္စည်းပိုင်ဆိုင်ခွင့်၊ ကိုယ်ပိုင်လစာကို ကိုယ်ပိုင်ထိန်းချုပ်သုံးစွဲခွင့် ဆိုင်ရာ အခွင့်အလမ်းတွေကို ပြဌန်းတဲ့ ဥပဒေအချက်အလက်တွေ ပါဝင်လာအောင်ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ အဲဒီခေတ်ကာလက အမေရိကန် ပြည်ထောင်စုမှာ အမျိုးသမီးတွေဟာ အိမ်ထောင်ဘက်နဲ့လမ်းခွဲရင် မိခင်က ကလေးသူငယ်အုပ်ထိန်းခွင့်မရပဲ ဖခင်ကသာရပါတယ်။ အမျိုးသမီးတွေဟာ အိမ်ထောင်ပြုလိုက်ရင် မိဘ အမွေ အနှစ်ဥစ္စာပစ္စည်းတွေကို အမျိုးသားကို လွှဲပြောင်းပေးရပါတယ်။ ကိုယ်ပိုင်လုပ်အားကြောင့် ရလာတဲ့လစာကို လည်း ကိုယ်တိုင်သုံးစွဲခွင့်မရှိပါဘူး။ ဒီအခြေအနေတွေကို အန်တိုနီနဲ့အက်လီဇဘက်တို့ဦးဆောင်တဲ့ အမေရိ ကန်အမျိုးသမီးအခွင့်အရေလှုပ်ရှားသူတွေက ပြောင်းလဲနိုင်ခဲ့ကြပါတယ်။ ဒီအောင်ပွဲဟာ ကမ္ဘာအနှံ့ကို ပျံ့နှံ့ သွားခဲ့ပါတယ်။ ဗြိတိသျှ၊ ဂျာမနီ၊ ကနေဒါနိုင်ငံက အမျိုးသမီးဝါဒီတွေဟာ အမျိုးသမီးမြေယာပိုင်ဆိုင်မှု အခွင့် အလမ်းတွေအတွက် တက်တက်ကြွကြွ လှုပ်ရှားလာခဲ့ကြပါတော့တယ် ၁၈၈၈ ခုနှစ်မှာကျတော့ အန်တိုနီ နဲ့အက်လီဇဘက်စတင်တန်တို့ဟာ ဥရောပ အမျိုးသမီးဝါဒီအဆက်အသွယ်တွေနဲ့ ပူးတွဲပြီး နိုင်ငံတကာ အမျိုး သမီးကောင်စီကို ဦးဆောင်တည်ထောင်ခဲ့ကြပါတော့တယ်။
၂၀ ရာစုခေတ် အမျိုးသမီးကွန်ယက်ချိတ်ဆက်မှု
၁၉၀၄ ခုနှစ်မှာ ဂျာမနီနိုင်ငံ၊ ဘာလင်မှာကျင်းပတဲ့ နိုင်ငံတကာ အမျိုးသမီးကောင်စီကွန်ဖရင့်မှာ နိုင်ငံ တကာအမျိုးသမီးမဲပေးခွင့် လှုပ်ရှားမှု မဟာမိတ်အဖွဲ့ပေါ်ထွက်လာခဲ့ပါတယ်။ အမျိုးသမီးလှုပ်ရှားမှုတွေဟာ နိုင်ငံအနှံ့မှာ သီးခြားစီဖြစ်ပေါ်နေတာဖြစ်ပေမယ့် နိုင်ငံပေါင်းစုံက အမျိုးသမီးဝါဒီတွေဟာ တဖွဲ့ချင်း၊ တဖွဲ့ချင်း ကွန်ယက်ချိတ်ဆက်မှုတွေ၊ ကူညီအားပေးမှုတွေ၊ အတွေးအမြင်ဖလှယ်မှုတွေရှိနေခဲ့ကြပါတယ်။ ၁၉၁၀ မှာ ဂျာမ နီမှာ ကျင်းပတဲ့ ဆိုရှယ်လစ်အမျိုးသမီး နိုင်ငံတကာကွန်ဖရင့်မှာ အမျိုးသမီးအခွင့်အလမ်းလှုပ်ရှားသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ကို စတင်သတ်မှတ်ခဲ့ကြပါတယ်။(စကားချပ်- ကမ္ဘာ့ကုလ သမဂ္ဂက ၁၉၇၅ ခုနှစ်ကျမှ မတ်လ ၈ ရက်နေ့ကို နိုင်ငံတကာအမျိုးသမီးများနေ့အနေနဲ့သတ်မှတ်ခဲ့တာဖြစ် ပါတယ်)။
ပထမကမ္ဘာစစ်မတိုင်ခင်ကာလတလျှောက်မှာ အမျိုးသမီးတွေဟာ မဲပေးခွင့်တွေအတွက် နိုင်ငံပေါင်း စုံမှာ လှုပ်ရှားတိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဗြိတိန်နဲ့ပြင်သစ်နိုင်ငံတို့မှာ မဲပေးခွင့်အတွက် ပြင်းပြင်းထန်ထန်လှုပ်ရှား ခဲ့ကြသလို နယ်သာလန်က Carrie Catt ဆိုတဲ့ အမျိုးသမီးကလည်း ဘာသာရေးမစ်ရှင်ခရီးထွက်ရင်း ဖိလစ်ပိုင်၊ ပါလက်စတိုင်း၊ အင်ဒိုနီးရှား၊ မြန်မာနိုင်ငံစတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အမျိုးသမီးမဲပေးခွင့်အခွင့်အလမ်းတွေကို ဟောပြောလံှု့ဆော်ခဲ့ပါတယ်။ ပမထကမ္ဘာစစ်ကြီးကာလ ၁၉၁၅ ခုနှစ်မှာ ဥရောပ အမျိုးသမီးအဖွဲ့အစည်းကြီး တွေဖြစ်တဲ့ ဆိုရှယ်လစ် အမျိုးသမီးနိုင်ငံတကာကွန်ဖရင့်နဲ့ ဥရောပ-အမေရိက နိုင်ငံတကာအမျိုးသမီးကွန်ဂ ရက်တို့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်ပြုလုပ်လာခဲ့ကြပါတယ်။ ၁၉၁၉ ကျတော့ ငြိမ်းချမ်းရေးနှင့် လွှတ် မြောက်ရေးဆိုင်ရာ နိုင်ငံတကာအမျိုးသမီးအဖွဲ့ချုပ်ကြီးကို ဆွစ်ဇာလန်၊ ဂျီနီဗာမှာ ဖွဲ့စည်းခဲ့ကြပါတယ်။
ပထမ ကမ္ဘာစစ်အပြီးကာလမှာ ပဲရစ်ငြိမ်းချမ်းရေးကွန်ဖရင့်ကို အမျိုးသမီးကိုယ်စားလှယ်တွေ သွား ရောက်ခဲ့ပြီး အမျိုးသမီးအခွင့်အရေးဆိုင်ရာ အကြံပြုချက်စာတမ်းတွပေးအပ်ခဲ့ကြပါတယ်။ ဒီကာလတလျှောက် မှာ အမျိုးသမီးလှုပ်ရှားမှုဟာ ဥရောပနဲ့အမေရိကသာမကပဲ တကမ္ဘာလုံးကို ပျံ့နှံ့သွားပါပြီ၊ အီဂျစ်၊ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ မက္ကဆီကိုနိုင်ငံတွေမှာ အမျိုးသမီးအဖွဲ့အစည်း တွေ စတင်ပေါ်ပေါက်လာပါတယ်။ ၁၉၆၂ ခုနှစ် မှာ ငြိမ်းချမ်းရေးနဲ့လွတ်မြောက်ရေးဆိုင်ရာ နိုင်ငံတကာအမျိုးသမီးအဖွဲ့ချုပ်ကြီးမှာ အဖွဲ့ဝင်ငါးသောင်းကျော် ပါဝင်နေပါပြီ။ အမျိုးသမီးအခွင့်အလမ်းလှုပ်ရှားသူတွေဟာ နိုင်ငံတကာကွန်ယက်ချိတ်ဆက်လှုပ်ရှားမှုတွေ ပြုလုပ်ပြီး လှုပ်ရှားမှုါအရှိန်အဟုန်ကို မြှင့်တင်ခဲ့ကြပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတော့ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍပြောင်းလဲလာပါတယ်။ လူ ့စွမ်းအား အရင်းအမြစ်လိုအပ်ချက်ကြောင့် အမျိုးသမီးတွေရဲ့လုပ်အားကို ချန်လှပ်ထားလို့မရတော့တဲ့ အခြေအနေဖြစ် လာပါတယ်။ ၁၉၄၀ အလွန်ကာလတွေမှာ အမေရိကန်နဲ့ဥရောပက အိမ်ထောင်မရှိ အမျိုးသမီးများရဲ့၉၀ ရာ ခိုင်နှုန်းနဲ့အိမ်ထောင်ရှိ အမျိုးသမီးအလုပ်သမားတွေအတွက် လစာတိုးမြှင့်မှု၊ အလုပ်လုပ်ချိန် မျှတမှုဆိုင်ရာ မူ ဝါဒသစ်တွေလည်း ပြဌန်းလာကြရပါတော့တယ်။ အမျိုးသားနဲ့အမျိုးသမီးလူမှုညီမျှမှု ပထမဆုံးအကြိမ်ထွက်ပေါ် လာပါတယ်။ စစ်ပြီးကာလရောက်တော့ နိုင်ငံအများအပြားမှာ အမျိုးသမီးတွေ မဲပေးခွင့်ရရှိလာပါတော့တယ်။
ဒုတိယကမ္ဘာစစ်ပြီးကာလကျတော့ ၁၉၄၆ ခုနှစ်မှာ ကုလသမဂ္ဂ အမျိုးသမီးအဆင့်အတန်းကော်မရှင် ထွက်ပေါ်လာပါတယ်။ အမျိုးသမီးတွေရဲ့တန်းတူညီမျှနိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးအခွင့်အလမ်းတွေကို တိုး မြှင့်ဖော်ထုတ်ပေးဖို့ဖြစ်ပါတယ်။ ၁၉၅၁ မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီး(ILO)ကနေ အမျိုးသမီး လုပ်အားခတန်းတူညီမျှရေးကွန်ဗင်းရှင်းကို လက်ခံပြီး ၁၉၅၃ မှာ စတင်ကျင့်သုံးပါတယ်။ နိုင်ငံပေါင်းများစွာက လက်ခံကျင့်သုံးလျှက်ရှိပါတယ်။
အမျိုးသမီးနှင့် ကမ္ဘာ့ကုလသမဂ္ဂ
၁၉၇၁ ကာလတွေမှာ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုလှိုင်းလုံးကြီးက ကမ္ဘာတဝှမ်းမှာ ပျံ့နှံ့နေပါပြီ။ ကုလသမဂ္ဂက ဒီလှိုင်းလုံးကြီးကို အသိအမှတ်ပြုတဲ့အနေနဲ့ ၁၉၇၅ ခုနှစ်ကို နိုင်ငံတကာအမျိုးသမီးများနှစ် အဖြစ်သတ်မှတ်ခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်မှာ မက္ကဆီကိုမှာကျင်းပခဲ့တဲ့ ကမ္ဘာ့အမျိုးသမီးညီလာခံကြီးမှာ အန်ဂျီအို အဖွဲ့များက အမျိုးသမီးခြောက်ထောင်ကျော်နဲ့ အစိုးရကိုယ်စားလှယ်အမျိုးသမီး ၁၃၃ ဦးတက်ရောက်ခဲ့ကြပါ တယ်။ ကိုလိုနီစနစ်ရဲ့ဖွံ့ဖြိုးဆဲနိုင်ငံများပေါ် သက်ရောက်ခဲ့တဲ့ ဆိုးကျိုးတွေကို ဆွေးနွေးခဲ့ကြပြီး ကမ္ဘာ့ကုလ သမဂ္ဂအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအဖွဲ့ကိုတည်ထောင်နိုင်ခဲ့ပါတယ်။ ၁၉၇၆ ကနေ ၁၉၈၅ ခုနှစ် အထိကို အမျိုးသမီးများအတွက် ကုလသမဂ္ဂ ဆယ်စုနှစ်အဖြစ်သတ်မှတ်နိုင်ခဲ့ပါတယ်။
၁၉၈၀ ခုနှစ်မှာ ကိုပင်ဟေဂင်မှာကျင်းပတဲ့ ကမ္ဘာ့အမျိုးသမီးညီလာခံကြီးမှာ နိုင်ငံပေါင်း ၁၄၅ နိုင်ငံက အမျိုးသမီးကိုယ်စားလှယ်များနဲ့အန်ဂျီအိုအဖွဲ့များက အမျိုးသမီး ၈ ထောင်ကျော်တက်ရောက်ခဲ့ကြပါတယ်။ ကိုပင်ဟေဂင်ကွန်ဖရင့်ကနေ အမျိုးသမီးများ နိုင်ငံရေးနဲ့ဆုံးဖြတ်ချက်ချမှတ်ရေးမှာပါဝင်ခွင့်ရရှိရေး၊ ဥပဒေနဲ့မူ ဝါဒများမှာ အမျိုးသမီးတွေကို နှိမ့်ချဆက်ဆံမှုပပျောက်ရေးတွေကို တောင်းဆိုတဲ့ ကမ္ဘာ့လှုပ်ရှားမှုအစီအစဉ်ကို ရေးဆွဲဖော်ဆောင်ခဲ့ပါတယ်။
အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုကို ကျား-မတန်းတူညီမျှရေးလှုပ်ရှားမှုအနေနဲ့အသွင်သဏ္ဍန် ဖော် ဆောင်လာတာကတော့ ၁၉၈၅ ခုနှစ်မှာ ကင်ညာမှာကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီး ညီလာခံမှာဖြစ်ပါတယ်။ လူ့ အဖွဲ့အစည်းအတွင်းမှာ အမျိုးသမီးဝါဒဆိုတာကို ကျား-မ တန်းတူညီမျှမှုကို ဦး တည်စေတဲ့ ဝါဒတရပ်အဖြစ် လူတွေက သိနားလည်ခြင်းမရှိခဲ့ကြပါဘူး။ အမျိုးသားတွေဟာ ရာစုနှစ်ပေါင်းများ စွာ အမျိုးသမီးတွေအပေါ် နှိမ့်ချဆက်ဆံခဲ့ကြတာဖြစ်တဲ့အတွက် အတုံ့အလှည့်အနေနဲ့အမျိုးသမီးတွေက ပြန်လည်ဆက်ဆံမှာကိုကြောက်စိတ်ဝင်ခဲ့ကြပါတယ်။ အမျိုးသမီးဝါဒကို မိန်းမကြီးစိုးရေးဝါဒအဖြစ် ပုံဖော်ခဲ့ကြပါ တယ်။ အမျိုးသမီးဝါဒဆိုတဲ့စကားလုံးကို အဆိုးဘက်ကနေ ပုံဖော်ထားတာကြောင့် အမျိုးသမီးဝါဒီတွေကို လူ့ အဖွဲ့အစည်းက အဆိုးဘက်ကနေ ရှုမြင်တတ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးဝါဒရဲ ့အခြေခံအနှစ်သာရက အမျိုး သားတွေကို နှိမ့်ချဆက်ဆံတာမဟုတ်ပါဘူး။ ကျား-မတန်းတူညီမျှမှုအပေါ်မှာ အခြေခံပြီး တဦးနဲ့တဦး လွှမ်းမိုး ချုပ်ချယ်မှုကင်းတဲ့ လွတ်လပ်သာလူ့ဘောင်သစ်ကို တည်ဆောက်ဖို့ရည်ရွယ်ချက်သာဖြစ်ပါတယ်။ မိသားစု တွင်းမှာလည်း လွတ်လပ်မှု၊ မျှတမှု၊ တန်းတူညီမျှမှု၊ အတူတကွယှဉ်တွဲနေထိုင်မှုကိုသာ ဖော်ဆောင် ဖို့ဖြစ်ပါ တယ်။ ဒီအချက်ကို အမျိုးသမီးဝါဒီတွေက အမျိုးသမီးတွေသာမက အမျိုးသားတွေပါ နားလည်အောင် ဟောပြောမှုတွေ ပြုလုပ်လာခဲ့ကြရပါတယ်။
ကင်ညာညီလာခံကနေ အမျိုးသမီးအခွင့်အလမ်းတွေကို ကဏ္ဍသုံးရပ်မှာ မြှင့်တင်ပေးဖို့ဗျူဟာတွေချမှတ်ခဲ့ပါ တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဥပဒေရေးရာကဏ္ဍ၊ လူမှု ဘဝတန်းတူညီမျှရေး၊ နိုင်ငံရေးပါဝင်ပတ်သက်မှုနှင့် ဆုံးဖြတ်ချက်ချမှတ်မှုဆိုင်ရာ တန်းတူညီမျှရေးကဏ္ဍတွေမှာဖြစ်ပါတယ်။ ဒီထက်ပိုပြီး ရှင်းလင်းပြတ်သားတဲ့ လှုပ်ရှားမှုပလက်ဖောင်းကတော့ ၁၉၉၅ ခုနှစ်မှာ တရုတ်နိုင်ငံမှာကျင်းပတဲ့ စတုတ္ထအကြိမ် ကမ္ဘာ့အမျိုးသမီးများ ညီလာခံမှာမှ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ဒီညီလာခံကြီးမှာ အန်ဂျီအိုအဖွဲ့ ၂၀၀၀ ကျော်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးငါးထောင်ကျော်၊ အစိုးရကိုယ်စားလှယ် ၁၈၉ ယောက်နဲ့တသီးပုဂ္ဂလအန်ဂျီအိုရမ် ၉၅ ကနေတဆင့် တက်ရောက်လာတဲ့ အမျိုးသမီး သုံးသောင်းကျော်၊ အင်တာနက်ကနေ တက်ရောက်တဲ့ အမျိုးသမီးထောင် ပေါင်းများစွာ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ စုစုပေါင်း လေးသောင်းခုနှစ်ထောင်ကျော် တက်ရောက်ခဲ့တဲ့ အကြီးကျယ်ဆုံးကွန်ဖရင့်ကြီးတခုဖြစ်ခဲ့ပါတယ်။
ဒီညီလာခံကြီးကနေ ဘီဂျင်းကြေညာစာတမ်းကြီး ထုတ်ပြန်ခဲ့ပြီး ဘီဂျင်းလှုပ်ရှားမှု ပလက်ဖောင်းကို ချ မှတ်နိုင်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုပလက်ဖောင်းဟာ ဆင်းရဲနွမ်းပါးမှု၊ ပညာရေးနှင့် လေ့ကျင့်သင်တန်းပေးရေး၊ ကျန်းမာရေး၊ အမျိုးသမီး၊ အကြမ်းဖက်မှု၊ လက်နက်ကိုင် ပဋိပက္ခ၊ စီးပွားရေးအာဏာရအမျိုးသမီးများ၊ အမျိုး သမီးရေးရာ မြှင့်တင်ရေး၊ Institutional mechanisms များ၊ အမျိုးသမီးနှင့် လူ့အခွင့်အရေး၊ အမျိုးသမီးနှင့် သတင်း၊ စာနယ်ဇင်း၊ အမျိုးသမီးနှင့် ပတ်ဝန်းကျင်၊ ကလေးသူငယ်စတဲ့ ကဏ္ဍစုံလှုပ်ရှားမှုတွေကို မီးမောင်းထိုး ဖော်ပြထားပါတယ်။
၁၉၉၇ ခုနှစ်တွင် အီးယူ ၁၅ နိုင်ငံကနေ အမ်စတာဒမ်စာချုပ်ကိုထုတ်ပြန်ခဲ့ပါတယ်။ ဒီစာချုပ်မှာ ကျား-မ တန်းတူညီမျှမှုကို အီးယူရဲ့အခြေခံအခွင့်အရေးအနနဲ့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ၂၀၀ ခုနှစ်၊ ဇွန်လကျတော့ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့အမျိုးသမီးအခွင့်အလမ်းမြှင့်တင်ရေးဌာနခွဲတို့ကနေ ပြုလုပ်တဲ့ အမျိုးသမီး ၂၀၀၀-၂၁ ရာစု ကျား-မ တန်းတူညီမျှရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုတဲ့ UN အထူးဆွေးနွေးပွဲလုပ် ခဲ့ပါတယ်။ ဘီဂျင်း+၅ လို့နာမည်ရတဲ့ ဒီဆွေးနွေးပွဲမှာ ဘီဂျင်းလှုပ်ရှားမှုပလက်ဖောင်းအရ တိုးတက်မှုတွေကို ပြန်လှန်အကဲဖြတ်ဆန်းစစ်မှုတွေလုပ်ခဲ့ကြပါတယ်။
၂၀၀၀ ခုနှစ်၊ စက်တင်ဘာ ၆ ရက်ကနေ ၈ ရက်နေ့အတွင်းမှာ နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ နိုင်ငံတော်အစိုးရအကြီးအကဲတွေ စုဝေးရောက်ရှိခဲ့ကြပါတယ်။ အဲဒီမှာ Millennium ကြေညာချက်စာတမ်းကြီး ကို ကမ္ဘာ့ခေါင်းဆောင်တွေ အတူတကွထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီကြေညာစာတမ်းထဲမှာ “ကျား-မ တန်းတူ ညီမျှရေးကို မြှင့်တင်ခြင်းနှင့် အမျိုးသမီးများအား စွမ်းရည်မြှင့်တင်ခြင်းသည် ဆင်းရဲနွမ်းပါးမှု၊ ဆာလောင်မွတ် သိပ်မှုနှင့် ရောဂါပိုးမွှားများကို တိုက်ဖျက်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထိ ရောက်ဆုံးနည်းလမ်းများဖြစ်သည်” ဆိုတဲ့အချက်ကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာပဲ အောက်တိုဘာလ ၃၁ ရက်နေ့မှာ အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ကို ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့ကို အမျိုးသမီး များအကြမ်းဖက်ခံရမှုမှလွတ်ကင်းခွင့်ရရေး နိုင်ငံတကာနေ့အဖြစ်သတ်မှတ်ပြီး နိုင်ငံပေါင်းများစွာ အထိမ်း အမှတ်တွေပြုလုပ်နေကြပါတယ်။
၂၀၀၅ ခုနှစ် ဘီဂျင်းမှာ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးကွန်ဖရင့်ကြီးရဲ့ဆယ်နှစ်ပြည့်နှစ်ပတ် လည်ညီလာခံ ကျင်းပခဲ့ပါတယ်။ ဘီဂျင်း+၁၀ မှာ အဖွဲ့ဝင်နိုင်ငံတွေဟာ Gender mainstreaming အပေါ်ယုံ ကြည်ထောက်ခံမှုကို ကြေညာခဲ့ကြပြီး ညီလာခံထောက်ခံချက်တွေကို ၂၀၀၅ ခုနှစ် World Summit ကိုယူ ဆောင်သွားဖို့စီမံခဲ့ကြပါတယ်။ ဒီလိုနဲ့ ၂၀၀၅ World Summit မှာ အမျိုးသမီးနှင့် မိန်းကလေးငယ်များအကြမ်း ဖက်ခံရမှုမှ ပပျောက်ရေး၊ အစိုးရဌာနဆိုင်ရာများမှာ ဆုံးဖြတ်ချက်ချနိုင်မယ့် အမျိုးသမီးအကြီးအကဲများ ပါဝင် လာရေးစတဲ့ လုပ်ငန်းစဉ်တွေ ချမှတ်အကောင်အထည်ဖော်ခဲ့ကြပါတယ်။
နိဂုံး
သမိုင်းဆိုတာ လူတွေကရေးသားရတာဖြစ်ပါတယ်။ ဓလေ့ထုံးတမ်းအစဉ်အလာဆိုတာကလည်း ခေတ် စနစ်တခုမှာရှိနေတဲ့ လူသားတွေက မျက်မှောက်ခေတ်အခြေအနေနဲ့ အနာဂတ်အလားအလာတွေကို ရှုမြင်သုံး သပ်ပြီး ပယ်သင့်တာကိုပယ်၊ ယူသင့်တာကိုယူ၊ အသစ်ဖန်တီးသင့်တာကို ကြံဆောင်ဖန်တီးပေးရတာဖြစ်ပါ တယ်။ ကမ္ဘာတဝှမ်းလုံးက အမျိုးသမီးအခွင့်အလမ်းလှုပ်ရှားမှုသမိုင်းကြောင်းကို တိုးတက်တဲ့အတွေးအခေါ်ရှိတဲ့ အမျိုးသမီးတွေက သွေးချွေး၊ ဦးနှောက်တွေနဲ့ဖန်တီးရေးသားခဲ့ကြပြီး တိုးတက်တဲ့အမြင်ရှိတဲ့ အမျိုးသားတွေက ကူညီပံ့ပိုးပေးခဲ့ကြပါတယ်။ ဒါတွေကိုတိုးတက်တဲ့ လူ့အဖွဲ့အစည်းတွေက လက်ခံခဲ့ကြပြီး လိုက်လျောညီထွေ တဲ့ပြောင်းလဲမှုတွေ လုပ်လာခဲ့ကြပါတယ်။ ဒီလိုတိုးတက်တဲ့လူ ့အဖွဲ့အစည်းတွေ ပေါင်းစပ်မှုကနေ ယနေ့မျက် မှောက်တိုးတက်တဲ့ ကမ္ဘာ့လူ့ဘောင်ကြီးထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လှုပ်ရှားမှုသမိုင်းကြောင်းကို ရေးသားမယ့် တိုးတက်သော အတွေးအခေါ်ရှိတဲ့အမျိုးသမီးတွေ၊ ခေတ်စနစ်နဲ့အနာဂတ်ကိုရှုမြင်သုံး သပ်နိုင် မယ့် တိုးတက်သောလူ့အဖွဲ့အစည်းတွေကို တရားမျှတမှု၊ လွတ်လပ်ပွင့်လင်းမှု၊ ညီညွတ်မှု၊ သွေးစည်းမှု၊ တန်းတူညီမျှမှုအပေါ်မှာအခြေခံမယ့် ၂၁ ရာစု မြန်မာ့လူ့ဘောင်သစ်ကြီးက စောင့်မျှော်ကြိုဆို လျှက်ရှိပါ ကြောင်းတင်ပြလိုက်ရပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021