Home ဆောင်းပါး ဘယ်နေရာဖြစ်ဖြစ် နားခိုဖို့နေရာတစ်ခုလောက်တော့ လိုချင်ပါတယ်

ဘယ်နေရာဖြစ်ဖြစ် နားခိုဖို့နေရာတစ်ခုလောက်တော့ လိုချင်ပါတယ်

ရှင်ငြိမ်း။ ။

“ အကုန်လုံးတော့ မကျွေးနိုင်ဘူး။ ကလေးသုံးယောက်ကိုတော့ ငါခေါ်ထားလိုက်မယ်” လို့ ပြောလိုက်တဲ့ ဒေါ်ကြွယ်ရဲ့ စကားဟာ ရေနစ်နေသူအတွက်တော့ ကောက်ရိုးလေးတစ်မျှင်ဖြစ်တာမို့ မအေးနွယ်ဝမ်းသာသွားရပါတယ်။

ကိုဗစ်ရိုက်ခတ်မှုနဲ့ စစ်အာဏာသိမ်းမှုအကျိုးဆက်တွေကြောင့် အလုပ်လက်မဲ့တွေဖြစ်ပြီး အိမ်လခမပေးတော့လို့ အိမ်ရှင်ကို မအေးနွယ်တို့က ခေတ္တနေခွင့်ပေးဖို့တောင်းပန်ပေမယ့် လက်မခံဘဲ နှင်ထုတ်လိုက်တာပါ။

တခြားသူတွေလို ပြန်စရာတောရွာမရှိ၊ မိဘမောင်နှမမရှိကြတဲ့ မအေးနွယ်တို့မိသားစုဟာ အထုပ်တွေ၊ ကလေးတွေနဲ့ ပြေး စရာမြေမရှိ၊ ခိုလှုံရာမရှိနဲ့ ဒုက္ခရောက်နေတဲ့ သူတို့ကိုခင်ပွန်းသည်ရဲ့ ကြီးတော်ဖြစ်သူက အခုလိုကူညီလိုက်တာ ဖြစ်တယ်။

မိသားစုတစ်ခုလုံးနေဖို့ မဖြစ်တာကြောင့် ကလေးသုံးယောက်ကိုကြီးတော်အိမ်ထားကာ မအေးနွယ်က ကျောက်ပန်း တောင်းက သူ့ဦးလေးအိမ်မှာနေပြီး ကုန်ကားမောင်းနေရတဲ့ ခင်ပွန်းသည် ကိုအေးနိုင်ကတော့ ကားပေါ်မှာပဲနေ၊ စားကာ မိသားစုတွေ ခွဲနေကြရတယ်။

ဒီလိုဖြစ်နေတာက မအေးနွယ်တို့မိသားစုတစ်ခုထဲတော့ မဟုတ်ပါဘူး။ ရွှေပြောင်းအလုပ်သမားသိန်းချီရှိနေတဲ့ လှိုင်သာယာ မြို့နယ်မှာဆိုရင် အလုပ်တွေပိတ်လိုက်လို့ အိမ်ဌားမနေနိုင်တော့ဘဲ နယ်၊တောရွာတွေကို ပြန်သွားကြရတဲ့ အလုပ်သမား သုံးပုံတစ်ပုံလောက်ရှိလာပြီလို့ အလုပ်သမားအရေးလှုပ်ရှားသူတစ်ယောက်က ရှင်းပြပါတယ်။

“ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံတွေ မီးလောင်ပျက်စီးသွားတာ၊ အပြီးပိတ်သိမ်းသွားတာ၊ လုပ်ငန်းမလည်ပတ်နိုင်လို့ အကန့်အသတ်မရှိရပ်ဆိုင်းသွားတာကြောင့် အလုပ်လက်မဲ့တွေများပြီး နေထိုင်ဖို့တွေခက်ခဲကုန်တော့ သူတို့နေရပ်ကို ပြန်သွားကြတာ ရပ်ကွက်တိုင်းလိုလိုမှာဖြစ်နေတာ” လို့ သူက ဆက်ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)ကဆိုရင် ကိုဗစ်ရဲ့စီးပွားရေးအပေါ် ရိုက်ခတ်မှုတွေကြောင့် မြန်မာနိုင်ငံ မှာအလုပ်သမား ၆.၉ သန်းမှ ၇.၃ သန်းအထိ အလုပ်လက်မဲ့ဖြစ်လာနိုင်တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ခန့်မှန်းချက် ထုတ်ထားပါတယ်။

ယခင်က မအေးနွယ်တို့ မိသားစုဟာ ရန်ကုန်မြို့၊ ထန်းတပင်မြို့နယ်၊ အေးရွာလေးကျေးရွာရှိ ခြံဝင်းတစ်ခုအတွင်းမှာ ကိုယ် တိုင်အိမ်ဆောက်ကာ ကိုယ့်မိသားစုနဲ့ ကိုယ်နေနေကြတဲ့ အိမ်လေးအိမ်ရှိပြီး မြေရှင်ကိုတော့ ရေ၊ မီးဖိုးအပါ တစ်အိမ်ကို တစ်လသုံးသောင်းပေးရပါတယ်။

မအေးနွယ်ဟာ ယခင်က တစ်လကို နှစ်သိန်းသာရတဲ့ ကုန်တိုက်ရဲ့အရောင်းဝန်ထမ်းဖြစ်ပြီး ခင်ပွန်းသည်က တစ်လ သုံးသိန်းရတဲ့အရက်ချက်စက်ရုံအလုပ်သမားဖြစ်တာကြောင့် လင်မယားနှစ်ယောက် ရွှေတိုငွေစလေးတွေစုဆောင်းနိုင် ခဲ့တယ်။

ကလေးသုံးယောက်ရှိလာချိန်မှာတော့ မအေးနွယ်က ကုန်တိုက်မှာအလုပ်မလုပ်နိုင်တော့တဲ့အတွက် ရပ်ကွက်ထဲမှာ အလှ ကုန်နဲ့ အထည်တွေကို လပေးနဲ့ယူရောင်းရာမှ ကိုဗစ်ဖြစ်တော့ အကြွေးဆုံးများလာတာကြောင့် အကြွေးတင်သွားရတယ်။

ဒီကြားထဲ ခင်ပွန်းသည်အလုပ်က ကိုဗစ်ကြောင့် လစာတစ်ဝက်နှုန်းသာရတော့တဲ့အတွက် မအေးနွယ်မှာ မိသားစုစား သောက်ဖို့အပြင် အိမ်လခ၊ အထွေထွေအသုံးစရိတ်တွေနဲ့ အကြွေးတွေကြားမှာ ဗျာများရပါတော့တယ်။

ကိုဗစ်ကာလ NLDအစိုးရရဲ့ ထောက်ပံ့ငွေ၊ စားသောက်ကုန်နဲ့ ကလေးမီးဖွားစရိတ်တွေပါ လုပ်ပေးပေမယ့် ဝင်ငွေမရှိဘဲ နေ့စဉ်ဆိုသလိုထွက်ငွေပဲရှိတော့တဲ့အတွက် ရှိတာတွေကိုထုခွဲရောင်းချကာ နေထိုင်စားသောက်ရပါတယ်။

ဒီအချိန်မှာ စစ်အာဏာသိမ်းလိုက်တော့ ပြည်သူတွေလုပ်စားခွင့်မရအောင် လုံခြုံရေးအကြောင်းပြချက်နဲ့ လမ်းတံတားတွေ မှာ ပိတ်ပင်စစ်ဆေးကန့်သတ်တာတွေကြောင့် အလုပ်တွေဆုံးရှုံးပြီး အခုလိုအငတ်ဘေး ကြုံလာရတာဖြစ်တယ်။

“ ဒီကာလဆိုးမှာက ဈေးရောင်းလို့လည်း အရင်းပြန်မရတာများတယ်။ ဗုံးပေါက်ရင် အစစ်အဆေးများတော့ ဈေးမရောင်း ရတော့ဘူးပေါ့။ ခုအချိန်ကျပန်းအလုပ်တောင်ရဖို့ခက်ခဲတယ်။ ဘာအလုပ်မှလုပ်လို့မရတာလေ။ ထမင်းရည်တောင် အိမ် တကာလည်တောင်းနေရတာ။ တချို့ကသနားလို့ ထမင်း၊ ဟင်းတွေပေးပါတယ်” လို့ မအေးနွယ်က သက်ပြင်းချရင်း ညည်းတယ်။

ရွေ့ပြောင်းအလုပ်သမားများတဲ့ ရွှေပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံစတဲ့နေရာတွေမှာ ပေ၂၀-၆၀ မြေကွက်တခုပေါ်မှာ အခန်းငါးခန်းတွဲအိမ်တစ်ထပ်၊ နှစ်ထပ်စသဖြင့် ဆောက်ထားပြီး မိသားစုဖြစ်စေ၊ သူငယ်ချင်းတွေစုနေတာဖြစ်စေ တစ်ခန်း ကို လူငါးယောက်ထက်ပိုနေလို့မရဘူးလို့ စည်းကမ်းသတ်မှတ်ထားပါတယ်။

အဲ့ဒီအခန်းတစ်ခန်းကို ရေ၊မီးပါရင် အနည်းဆုံးငါးသောင်းပေးရပြီး ရေ၊ မီးမပါရင်တော့ သုံးသောင်းပေါက်ဈေး ရှိပါတယ်။ ရေချိုးတာနဲ့ အိမ်သာကို မျှဝေသုံးစွဲရပြီး ထမင်းကိုတော့ လမ်းသွားတဲ့နေရာကျဉ်းကျဉ်းလေးမှာပဲ ချက်ပြုတ်ကြရပါတယ်။ ဒါပေမယ့် အဲ့ဒီလို ပိုက်ဆံအတန်အသင့် ချွေတာနေလို့ရတဲ့ အခန်းတွေမှာတောင် အိမ်ဌားခ မတတ်နိုင်လို့ ပြောင်းကြရတဲ့ သူတွေဟာ အတော်ကို များပြားနေပါပြီ။

မနွယ်အေးလိုပဲ အိမ်လခမပေးနိုင်လို့ အိမ်ရှင်ကမောင်းထုတ်လိုက်တဲ့ သားအမိသုံးယောက်လည်း အလားတူ အငတ်ဘေး နဲ့ကြုံနေရပြီး နားခိုစရာအိမ်မရှိဖြစ်နေပါတယ်။

“ ပေးစရာလည်းငွေမရှိ၊ပြေးစရာလည်း မြေမရှိနဲ့ တော်တော်ကိုဆိုးပါတယ်။ လောလောဆယ်တော့ ပိတ်ထားတဲ့ စက်ရုံ ဘေးမှာအဖီလေးထိုးနေတယ်။ လာဖယ်ခိုင်းရင်တော့ ဘယ်လိုလုပ်ရမှန်းမသိသေးဘူး” လို့ ပြောရင်း ဒေါ်ထွေးထွေးက ကျလာတဲ့မျက်ရည်တွေကို အကျီစလေးနဲ့ သုတ်လိုက်ပါတယ်။

ဒေါ်ထွေးထွေးရဲ့အမျိုးသားဆုံးသွားတာ နှစ် နှစ်ဆယ်ရှိပါပြီ။ သူ့မှာသမီးနှစ်ယောက်ရှိပြီး သမီးကြီးက ယောက်ျားဆုံးသွားပြီး ကလေးတစ်ယောက်နဲ့ကျန်ခဲ့ပါတယ်။ သမီးငယ်ကတော့ အသက် ၁၈ နှစ်အရွယ်မှာ လူလိမ်တွေခေါ်သွားကတည်းက ပျောက်သွားတာဖြစ်တယ်။

သမီးငယ်ပျောက်သွားပြီးနောက် ကလေးတစ်ယောက်ရှိတဲ့သမီးနဲ့အတူ လှိုင်သာယာထဲက ကျူးကျော်တစ်ခုမှာ တစ်လ နှစ်သောင်းခွဲနဲ့ လေးပေပတ်လည်တဲသာသာအိမ်လေးမှာ ဌားနေကြတာ ၁၀ နှစ်ကျော်ရှိနေပါပြီ။

သမီးကြီးရဲ့အထည်ချုပ်အလုပ်က လစာရှစ်သောင်းသာရပြီး ဒေါ်ထွေးထွေးကတော့ နေ့စားအလုပ်လေးတွေဖြစ်တဲ့ ပုလင်း ဆေးတာတို့၊ အဝတ်လျှော်၊ သန့်ရှင်းရေးစတာတွေလုပ်ပေမယ့် တက်လာတဲ့ကုန်ဈေးနှုန်းကြောင့် မစုမိဘဲ ရရစားစားနဲ့ သာနေကြရတယ်။

ကိုဗစ်ကာလမှာ သားအမိနှစ်ယောက်လုံးအလုပ်မရှိတော့ပေမယ့် အိမ်မှာလုပ်ရတဲ့ ကြက်သွန်ဖြူခွာတဲ့အလုပ်လည်း ရံဖန် ရံခါရတတ်သလို အစိုးရရဲ့ထောက်ပံ့မှုနဲ့ အလှူရှင်တွေရှိတာကြောင့် စားသောက်နေထိုင်နိုင်ခဲ့ပေမယ့် စစ်အုပ်ချုပ်ရေး ကာလမှာတော့ အများနည်းတူ အခက်အခဲတွေကြုံရတာပါ။

“ အခုက တိုင်းပြည်ကမကောင်း၊ ကိုဗစ်ကဖြစ်လာတော့ အိမ်လခမပေးနိုင်တော့ ဆင်းတော့ဆိုပြီး အိမ်ထဲရှိတာတွေ အကုန်ဆွဲထုတ်တာ။ ခြေသလုံးဖက်တောင်းပန်တာတောင်မရဘူး” လို့ ဒေါ်ထွေးထွေးက ပြောရင်းစိတ်မကောင်း ဖြစ်နေပါတယ်။

လက်ရှိမှာတော့ ဒေါ်ထွေးထွေးဟာ နာတာရှည်လေးဘက်နာရောဂါပြန်ထနေပေမယ့် ငွေမရှိတာကြောင့် ဆေးခန်းလည်း မပြ၊ ဆေးဝယ်မသောက်၊ ဆေးမထိုးဘဲ ဒီအတိုင်းပေတေပြီးနေတာကြောင့် ကိုက်ခဲခြင်းဝေဒနာကို အလူးအလဲခံစား နေရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ စစ်ကလည်းဖြစ်၊ ဝင်ငွေလည်းမရှိ၊ ကုန်ဈေးနှုန်းကတက်နေတဲ့ကြားမှာ ကိုဗစ်ပြန်ဖြစ်လာတော့ ရှိတဲ့ နေ့စားအလုပ်ပါပျောက်ပြီး ပြည်သူတွေအနေနဲ့ ရပ်တည်ဖို့ ခက်လာကြတာပါ။

ယခင်ကိုဗစ်ကာလတုန်းကတော့ ပရဟိတအဖွဲ့တွေအနေနဲ့ လွတ်လွတ်လပ်လပ်ကူညီခွင့်ရခဲ့ပြီး အခြေခံပြည်သူတွေကို တတ်နိုင်သလောက်ထောက်ပံ့နိုင်ခဲ့ကြပေမယ့် လက်ရှိအခြေအနေမှာ စစ်တပ်က သူတို့ကိုဆန့်ကျင်နေတဲ့ လူမူကူညီရေး အဖွဲ့တွေကို လိုက်ဖမ်းဆီးနေတာတွေ ကြုံနေရပါတယ်။ ဒီလိုကြားထဲကပဲ ဒုက္ခ ရောက်နေတဲ့ပြည်သူတွေအတွက် သူတို့က တတ်အားသရွေ့ ကူညီလုပ်ပေးနေတာတွေရှိပါတယ်။

သို့ပေမယ့် အဖမ်းအဆီးကြားထဲကနေ ပုန်းလျိုးကွယ်လျိုးနဲ့ ထောက်ပံ့မှုလုပ်ရတဲ့အတွက် ယခင်ကလို ဆင်ခြေဖုံး ရပ်ကွက်တွေအထိဆင်းကာ ထိထိရောက်ရောက် ကူညီမှုမပေးနိုင်ကြတော့ပါဘူး။

သီးနှံဆန်စပါးစိုက်ပျိုးလို့ရနေတဲ့ ကျေးရွာနဲ့ တောင်ပေါ်ဒေသတွေမှာဆိုရင်လည်း မြို့ကြီးတွေကနေ စစ်ဘေး၊ အငတ်ဘေး ပါရှောင်လာရသူတွေကို ကျွေးမွေးစောင့်ရှောက်ထားတဲ့အိမ်တွေအများကြီးပဲလို့ ဒေသခံတွေကဆိုပါတယ်။

ယခင်က အခုလိုနေစားဖို့ခက်ခဲလာရင် ဘုန်းတော်ကြီးကျောင်းတွေ၊ ဘာသာရေးကျောင်းတွေက တဖက်ကနေကူညီကျွေး မွေးထားရှိပေမယ့် အခုနောက်ပိုင်းမှာတော့ ငတ်မွတ်ဆင်းရဲမှုများလာတဲ့အတွက် အရင်လိုမကျွေးမွေးမထားနိုင်တော့ပါဘူး။

ဒါရဲ့အကျိုးဆက်ကတော့ “ လူတွေငတ်လာရင် သူခိုးတွေပေါမယ်။ ကလေးလုပ်သားတွေများလာမယ်။ အဆိုးဆုံးက နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး နေ့ခင်းကြောင်တောင် လုယက်သတ်ဖြတ်တဲ့အထိဖြစ်လာနိုင်တယ်” လို့ စီးပွားရေးပညာရှင်တစ်ယောက်က သုံးသပ်ပါတယ်။

အမျိုးသမီးတွေအလုပ်အကိုင်အများဆုံးရထားတဲ့ အထည်ချုပ်စက်ရုံတွေဆိုရင် ကိုဗစ်ရိုက်ခတ်မှုနဲ့ စစ်အာဏာသိမ်းမှု အကျိုးဆက်တွေကြောင့် စက်ရုံအလုပ်ရုံတွေ ပိတ်သိမ်းခဲ့ရသဖြင့် အလုပ်သမားခြောက်သိန်းရှိတဲ့အထဲမှာ သုံးသိန်း လောက် အလုပ်ပြုတ်သွားခဲ့တယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)ရဲ့အဆိုအရ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံဟာ ၂၀၀၅ ခုနှစ်မှာ ဆင်းရဲနွမ်းပါးမှု ၄၈.၂ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇ ခုနှစ်မှာ ဆင်းရဲနွမ်းပါးမှုကို ၂၄.၈ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့ပေမယ့် ကိုဗစ် ရိုတ်ခတ်မှုကြောင့် ၂၀၂၀ နှစ်ကုန်ပိုင်းမှာ လူဦးရေရဲ့ ၈၃ ရာခိုင်နှုန်းရှိတဲ့ မိသားစုတွေရဲ့ဝင်ငွေဟာ ထက်ဝက်ကျဆင်း သွားခဲ့တာကြောင့် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်မှာနေထိုင်ရတဲ့ မြန်မာနိုင်ငံသားအရေအတွက်ဟာ ၁၁ ရာခိုင်နှုန်းတိုးလာ နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းမှုဖြစ်လာတဲ့အခါ အခြေအနေက ပိုမိုဆိုးရွားလာပြီး ဆင်းရဲနွမ်းပါးမှုက နောက်ထပ် ၁၂ ရာခိုင်နှုန်းတိုးလာမယ် လို့လည်း ခန့်မှန်းထားပါသေးတယ်။

လက်ရှိအခြေအနေအရတော့ ပြည်သူတွေအနေနဲ့ အနာဂတ်အတွက် ဘာဆက်လုပ်ရမှန်းမသိဖြစ်နေပေမယ့် စစ်အာဏာ ရှင်ပြုတ်ကျသွားရင် ပြန်လည်ခေါင်းမော့လာနိုင်မယ့် လုပ်ငန်းတွေကို မျှော်ကိုးရင်း သူတို့ဆန္ဒလေးတွေ ပြည့်ဖို့ကိုလည်း ဆုတောင်းနေပါတယ်။

မအေးနွယ်ကတော့ “ နေဖို့ ဘယ်နေရာဖြစ်ဖြစ် နားခိုဖို့မြေနေရာတစ်ခုလောက်တော့ လိုချင်ပါတယ်” လို့ တောင်းဆုပြုလို့ နေပါတယ်။

Related Articles