Home ဆောင်းပါး အယူအဆဟောင်းတွေကြားကဖောက်ထွက်လာတဲ့ တော်လှန်ရေးအောင်လံ

အယူအဆဟောင်းတွေကြားကဖောက်ထွက်လာတဲ့ တော်လှန်ရေးအောင်လံ

မြတ်စုမွန်
အမျိုးသမီးအတွင်းခံအင်္ကျီတွေ၊ အတွင်းခံဘောင်းဘီတွေ၊ လုံချည်တွေနဲ့ လစဉ်သုံးပစ္စည်းတွေချိတ်ဆွဲထားတဲ့ ကြိုးတန်းတွေဟာ အာဏာရှင်စနစ်အလိုမရှိကြောင်း တော်လှန်ရေးတိုက်ပွဲမှာ လက်နက်တခုအဖြစ် ပါဝင် လာလိမ့်မယ်လို့ တခါမှ မတွေးခဲ့ဖူးဘူး။

အာဏာရှင်စနစ်တော်လှန်ရေး လေပြေလေညှင်းကာလလို့ ပြောရမယ့် ၂၀၂၁ ဖေဖော်ဝါရီ အစောပိုင်း ကာလတွေကို ကပြဖျော်ဖြေမှု စိတ်ဝင်စားဖွယ်ရာ ဖက်ရှင်တွေ၊ လူငယ်တွေရဲ့ တီထွင်ဆန်းသစ်မှုတွေ၊ လမ်းလျှောက်ဆန္ဒပြမှုတွေနဲ့ ဖြတ်သန်းခဲ့ကြတယ်။ ဖေဖော်ဝါရီ နှောင်းပိုင်းကာလမှာတော့ နွေဦးတော်လှန်ရေးမုန်တိုင်းစခဲ့တယ်။

အစောပိုင်းမှာ ဂစ်တာကိုင်တဲ့ လက်တွေ ကြွေးကြော်သံဆိုင်းဘုတ်ကိုင်တဲ့ လက်တွေဟာ မုန်တိုင်း ထန်လာတာနဲ့ အမျှ ဒိုင်းတွေ၊ မီးသတ်ဆေးဘူးတွေ ပြောင်းကိုင်ကြရပြီ။ အစောပိုင်းက တော်လှန်ရေးသီချင်း သီဆိုသူတွေရဲ့ နှုတ်ဖျားမှာ အခုတော့ တောက်ခေါက်သံတွေ၊ ဒေါသတွေ၊ နာကျည်းသံတွေ။ လူသတ်လက်နက်တွေ၊ ကျည်ဆံတွေ၊ မျက်ရည်ယိုဗုံးတွေနဲ့အာဏာရှင်ကို ပြည်သူတွေ ပြန် တိုက်တဲ့လက်နက်က ကိုကာကိုလာ ပုလင်းတွေ၊ ရေစိုနေတဲ့စောင်တွေ၊ လက်လုပ်ကျည်ကာအင်္ကျီတွေ….

နောက်တော့ ကယားပြည်နယ်က အမျိုးသမီးအတွင်းခံအင်္ကျီတန်းကစလို့၊ ကချင်ပြည်နယ်က လည်း အမျိုးသမီးအတွင်းခံအင်္ကျီတန်းတွေတန်းလာကြတယ်။ ရန်ကုန်က ထမီကြိုးတန်းနဲ့ လစဉ်သုံးဂွမ်းထုတ်တွေချိတ်ဆွဲထားတဲ့ ကြိုးတန်းတွေ နောက်ဆုံးမှာတော့ တော်လှန်ရေး မုန်တိုင်းထန်တဲ့ကာလတွေမှာ ထမီအလှံတွေဟာ လမ်းမတွေဆီ ရောက်လာခဲ့တယ်။

အမျိုးသမီး အသုံးအဆောင်တွေနဲ့ ပတ်သက်လာရင် ဘုန်းနိမ့်ကံနိမ့်အရာတွေဆိုတဲ့ အတွေးအခေါ်တွေ၊ မိန်းမဆိုတာ ယောက်ျားထက် တဆင့်နိမ့်တယ်ဆိုတဲ့ မိရိုးဖလာအယူအဆတွေနဲ့ နေသားကျနေတဲ့ ကျမတို့ လူ့အဖွဲ့အစည်းမှာ ရင်သားကိုဖုံးအုပ်ထားတဲ့ ဘော်လီကလည်း ဘုန်းနိမ့်တယ်။ လူသားတယောက်ဖြစ်လာမယ့် သန္ဓေသားလေးကို လပေါင်းများစွာ ပိုက်ထွေးထားရတဲ့ သားအိမ်နဲ့ သားအိမ်က ထွက်လာတဲ့ ရာသီသွေး ဟာလည်း ယုတ်ညံ့တယ်။ အဝတ်အစားချင်းအတူတူ ယောက်ျားဝတ်တဲ့ ပုဆိုးထက်၊ မိန်းမဝတ်တဲ့ ထမီက နိမ့်ကျတယ်။ အဲဒီထမီကို လှန်းထားတဲ့ သက်မဲ့ကြိုးတန်းအောက်က ဖြတ်လျှောက်မိရင် ဘုန်းကံတွေ နိမ့်တယ်။ ဒါက ကျမတို့ မြန်မာ့လူ့အဖွဲ့အစည်း။

ယောက်ျားတွေလုပ်သမျှ အရာရာတင့်တယ်ပြီး၊ အမျိုးသမီးတွေရဲ့ ဘာပဲလုပ်လုပ် နိမ့်ကျတယ်၊ လူရာမဝင်ဘူး လို့ တဆင့်နှိမ့်ခံထားရတဲ့ လူ့အဖွဲ့အစည်းမှာ ယောက်ျားတွေ သူရဲဘောကြောင်သမျှ မိန်းမနဲ့ အနှိုင်းခံရတယ်။ ယုတ်မာကောက်ကျစ်တဲ့ ယောက်ျားတွေကို မိန်းမနဲ့ခိုင်းနှိုင်းတယ်။ ယောက်ျားတယောက်ရဲ့ လူမပီသတဲ့ လုပ်ရပ်တိုင်းအတွက် ပတ်ဝန်းကျင် အပြစ်ပေးတဲ့ စကားတခွန်းက “မင်းယောက်ျား မဟုတ်ဘူးလား” ဆိုတာပဲ။

အဲဒီလူ့အဖွဲ့အစည်းဟာ လူသတ်လက်နက်တွေ ကိုင်ထားတဲ့ ရန်သူကို ပြန်တိုက်ဖို့အတွက် ဒီ ကြိုးတန်းတွေကို သုံးကြတယ်၊ ထမီအလံတွေ လွှင့်ထူကြတယ်။ တဖက်ရန်သူကလည်း ဒါတွေကြောင့် နောက်တွန့်သွားတယ်။ ဆန္ဒပြလူအုပ်ကို ဖြိုခွဲဖို့အတွက် ထမီအလံတွေကို ကွေ့ပတ်ရှောင်သွားနေရယ်။ ကြိုးတန်းကို ဖြုတ်ဖို့ ကြိုးစား နေတဲ့လူတွေကို မြင်ရတဲ့အခါ ရန်သူရဲ့ စိတ်ပိုင်းဆိုင်ရာကို အနိုင်ရစေတဲ့ လက်နက်တခုသဖွယ် ဖြစ်လာတယ်။

ဒီလက်နက်ကြိုးတန်းတွေကို အသုံးချသူဘက်ကရော၊ ဒီကြိုးတန်းတွေကို ကြောက်ရွံ့သူဘက်ကပါ မိန်းမသား တွေရဲ့ လုံချည်တွေဟာ၊ လစဉ် ရာသီသွေးဆင်းတဲ့ ခန္ဓာဗေဒ ဖြစ်စဉ်တွေဟာ နိမ့်ကျတယ်၊ ယုတ်ညံ့တယ်ဆိုတဲ့ ကျား၊ မ ဖြစ်တည်မှု သဘာဝအပေါ်ခွဲခြားနှိမ်ချမှုတွေနဲ့ ရှေးရိုးစွဲအမြင်တွေ အပေါ် အခြေခံထားတာကို တွေ့ရ တယ်။

အမျိုးသမီးအတွင်းခံတွေချိတ်ဆွဲပြီး ရန်သူကို နောက်တွန့်သွားစေဖို့ ရည်ရွယ်ချက်မှာ မြန်မာ့လူ့အဖွဲ့အစည်းက မိန်းမတွေအပေါ်ထားတဲ့ သဘောထားကို ဖော်ပြနေတုန်းပဲ။

စစ်သားတွေရှေ့တန်းထွက်လို့ အမေ့ထမီအထက်ဆင်စကို လက်မောင်းမှာပတ်သွားရင် ကျည်ကွင်းတယ်တို့၊ ရန်သူကို အောင်နိုင်တယ်တို့ ဆိုတဲ့ ရှေးရိုးစွဲအယူအဆတွေကို လက်ခံကျင့်သုံးနေတဲ့ လူတစုဟာ လူထု အောင်နိုင်ရေး ထမီတန်းတွေနဲ့ ထမီအလံတွေကိုလည်း ကြောက်ရွံ့တယ် ဆိုတာ အထင်အရှားပဲ။

အဲဒီလူတစုဟာ ဗေဒင်တွေယတြာတွေကို အလွန်အကျွံယုံကြည်ကိုးကွယ်ပြီး၊ မိန်းမတွေရဲ့ထမီတွေဟာ သူတို့ကို ဘုန်းကံနိမ့်စေမယ်ဆိုတဲ့ ရှေးရိုးစွဲ အယူအဆတွေနဲ့ နေသားကျနေပေမယ့် သူတို့ကို တော်လှန်နေတဲ့ မျိုးဆက်တွေကတော့ အဲလိုမဟုတ်ဘူး။

လူငယ်အမျိုးသားတွေဟာ ထမီတန်းတွေအောက်မှာ သူတို့ကိုယ်သူတို့ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်မှာ တင်ကြတယ်။ လူငယ်အမျိုးသမီးတွေဟာ ထမီအလံကို ဝံ့ကြွားစွာ စွဲကိုင် ချီတက်ကြတယ်။ အဲဒီကြိုးတန်း တွေအောက် ဖြတ်လျှောက်နေတဲ့ ခေတ်ပညာတတ် လူငယ်တွေရဲ့ မျက်နှာမှာ ထမီဟာ ဘုန်းကံနိမ့်တယ် ဆိုတဲ့ ဆွေးမြည့်ပုပ်သိုးနေတဲ့ ရှေးရိုးစွဲ အယူအဆတွေကို မတွေ့ရတော့ဘူး။

အမျိုးသားလူငယ်တွေဟာ သူတို့ရဲ့ဘုန်းတန်ခိုးဟာ အဝတ်စ တစ်ခုအပေါ်မှာ တည်မနေဘူးဆိုတာ ထမီကို ခေါင်းမှာပတ်ပြပြီး အယူအဆအဟောင်းတွေကြားထဲကနေ ဖောက်ထွက်ပြလိုက်တယ်။

တသက်လုံးအရိုးစွဲလာတဲ့ မိန်းမဆိုတာ အားနွဲ့သူ၊ မိန်းမဆိုတာ နောက်ကွယ်မှာနေရမယ့် လူတန်းစားတရပ် ဆိုတဲ့ ရှေးရိုးအမြင်တွေကို နွေဦးတော်လှန်ရေးလူငယ်တွေက ပုံစံပြောင်းပစ်လိုက်ကြပြီ။ နွေဦးတော်လှန်ရေးမှာ မိခင်တွေရဲ့ ထမီ၊ တော်လှန်ရေးသမတို့ရဲ့ထမီ၊ အောင်ပွဲဆင်မယ့် အောင်လံလို့ တင်စားကြတဲ့ ထမီတွေနဲ့ ဒီနေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဆင်နွှဲနေကြပြီ။

အသက်နဲ့ရင်းပြီး အာဏာရှင်တွေရဲ့မတရားမှုတွေကို မှတ်တမ်းတင်ပေးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်၊ ဆရာမကြီး ဒေါ်တင်နွဲ့ရီ၊ မဒေစီ၊ မကြယ်စင်၊ ဒေါ်မြင့်မြင့်ဇင်၊ မကျော့နန္ဒာအောင် နဲ့ တော်လှန်ရေးလမ်းမတွေပေါ်က ရှေ့တန်းမှာရော၊ နောက်တန်းမှာပါ အသက်စွန့် တိုက်ပွဲဝင်နေကြတဲ့ မြန်မာ့နွေဦးသူရဲကောင်း အာဂ အမျိုးသမီးတွေကို ဂုဏ်ပြုလိုက်ကြတယ်။

သူတို့ဟာ ဘယ်ရှေးရိုးစွဲအယူအဆတွေနဲ့မှ ချုပ်နှောင်မခံတဲ့ လွတ်လပ်ပေါ့ပါးမှုနဲ့ အတူ အာဏာရှင်ကိုလည်း တိုက်၊ ရှေးရိုးစွဲအယူအဆ တံတိုင်းတွေကိုလည်း တတိတိ ဖဲ့ချပစ်နေတာ အားရစရာ သိပ်ကောင်းတယ်။

“အလံအဖြစ် မေကြီးရဲ့ ထမီ၊
အလံတိုင်အဖြစ် (သွားလေသူ)ဖေကြီးရဲ့ တောင်ဝှေး၊
သမီးရဲ့ ထမီတော်လှန်ရေးပေါ့”လို့ လူငယ်အမျိုးသမီးတယောက်က သူ့လူမှုကွန်ရက်မှာ ရေးတင်ခဲ့တာကို တွေ့ရတော့ တခါက မိတ်ဆွေတယောက်က သူ့လူမှုကွန်ယက်စာမျက်နှာမှာ ဓာတ်ပုံလေးတပုံနဲ့ စာလေးတကြောင်းကို တင်ထားဖူးတာလေး ပြန်သတိရတယ်။

တိမ်ပြာပြာ ကောင်းကင်မှာ သက်တန့်လေးတစင်း၊ သူက အဲဒီသက်တန့်လေးကို ငေးကြည့် နေတယ်။ သူ့စာမှာ ရေးထားတာက “သက်တန့်အဆုံးမှာ ရွှေအိုးတွေရှိသတဲ့” တဲ့။ သူ့ပုံနဲ့ စာကိုမြင်လိုက်ရတော့ သဘောကျလွန်း လို့ ပြုံးမိတယ်။

ဘဝတလျှောက်လုံးမှာ “သက်တန့်ကို လက်ညှိုးနဲ့ ထိုးမပြရဘူး၊ ချိုင်းအောက်မှာ အနာဖုပေါက်တတ်တယ်” ဆိုတဲ့ စကားကိုပဲ ကြားဖူးခဲ့တဲ့ ကျမဟာ သက်တန့်ကို မြင်ရင် လက်ညိုးမထိုးပြရဲခဲ့ဘူး။ သက်တန့်အဆုံးက ရွှေအိုးတွေအကြောင်း တခါမှ တွေးခွင့်မရခဲ့ဖူးဘူး။

အခုတော့ နွေဦးတော်လှန်ရေး သူရဲကောင်းလူငယ်တွေဆီမှာ သက်တန့်ရဲ့ အဆုံးမှာ ရွှေအိုးတွေရှိတယ်ဆိုတဲ့ အယူအဆ အသစ်တခုကို လှစ်ကနဲတွေ့လိုက်ရသလိုမျိုးပဲ။

ဒီတော်လှန်ရေးဟာ အာဏာရှင်ကိုသာ တိုက်တဲ့ပွဲမဟုတ်ဘူး။ အမျိုးသမီးတွေဟာ အားနွဲ့တယ်၊ အမျိုးသမီး အသုံးအဆောင်တွေဟာ ဘုန်းနိမ့်စေတယ်၊ အမျိုးသမီးတွေနေရာရလာမှာ၊ ရှေ့တန်းရောက်လာမှာကို မနာလိုသူ၊ တိုက်ခိုက်သူတွေအားလုံးအပါအဝင် အဲဒီလိုအယူအဆဟောင်းတွေကိုပါ တိုက်စားပစ်တဲ့ပွဲ ဆိုတာ သက်တန့်မြင်လို့မှ လက်ညိုးထိုးမပြရဲတဲ့ မျိုးဆက်က ကောင်းကောင်းနားလည်ရပါမယ်။

မြန်မာ့နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေ ရှေ့တန်းက ပါဝင်ခဲ့တာ၊ ငယ်ရွယ်နုပျိုတဲ့ မိန်းမငယ်လေးတွေရဲ့ ရဲရင့်မှုတွေ၊ နောက် ထမီကြောက်တဲ့ ရန်သူတွေအကြောင်း ပေါ့ပေ့ါပါးပါး ရယ်မောရင်း ပြန်ပြောပြနေမယ့် မျိုးဆက်ကို ဒီစာစုနဲ့ ဂုဏ်ပြုပါတယ်။

Related Articles