Home ဆောင်းပါး ကိုးကွယ်မှုအမှားနဲ့ ရေနစ်သူဝါးကူထိုးတဲ့အကျင့်ဆိုး…ပပျောက်ချိန်တန်ပြီ

ကိုးကွယ်မှုအမှားနဲ့ ရေနစ်သူဝါးကူထိုးတဲ့အကျင့်ဆိုး…ပပျောက်ချိန်တန်ပြီ

ခင်စုကြည်။             ။

လည်ကတုံးအကျီ ၤအဖြူ၊ ပုဆိုးအဖြူရောင်နဲ့ ရဟန်းသိက္ခာအချခံထားရပြီး လက်ထိပ်ခတ်ခံထားရတဲ့ အသက် (၃၂)နှစ်အရွယ် တရားခံဟာ တရားခွင်ထဲမှာ အမှုစီရင်ချက်ကို ကြားနာနေပါတယ်။

တရားသူကြီးဟာ အမှုနဲ့သက်ဆိုင်တဲ့ စာရွက်(၁၆)မျက်နှာခန့်ကို ဖတ်ပြီးချိန်မှာ တရားခံဟာ သက်ငယ်မုဒိမ်းမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ်အနှစ်(၂၀)ကျခံစေဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

တရားခွင်ပြင်ပမှာတော့ ရွာသူရွာသား (၇၀)ကျော်လောက် အချင်းချင်းတိုးဝှေ့ကာ နားထောင်ရင်း ပွက်လော ရိုက်နေကြပါတယ်။

ခဏအကြာမှာ “လမ်းဖယ် … လမ်းဖယ်”  ဆိုတဲ့ရဲသားတယောက်ရဲ့အသံနဲ့အတူ လက်ထိပ်ခတ်ထားတဲ့ တရားခံအမျိုးသားကို ခေါ်ဆောင်လာပါတယ်။

အဲဒီနောက်မှာတော့ ဟင်္သာတခရိုင်တရားရုံးကနေ အချုပ်ကားလို့ခေါ်တဲ့ထောင်ကားပေါ်တက်ဖို့ တရားခံကို ခေါ်သွားချိန်မှာ ခုနက အမှုလာရောက်နားထောင်နေတဲ့ ရွာသူရွာသားတွေဟာ စုရုံးလာပြီး တရားခံကို လက်အုပ်ချီကာ ထိုင်ကန်တော့ကြပါတော့တယ်။

ဒါဟာ ဘယ်လောက်ဆိုးလိုက်တဲ့ မြင်ကွင်းပါလဲ။

သင်္ကန်းဝတ်နဲ့ သက်ငယ်မုဒိမ်းကျူးလွန်ခဲ့တဲ့လူတယောက်ကို ပြစ်မှုထင်ရှားလို့ ထောင်ဒဏ်ချမှတ်ခံရတဲ့ အချိန်အထိ ဆက်ပြီးကိုးကွယ်နေရလောက်အောင် ဒီရွာသူရွာသားတွေရဲ့ ယုံကြည်မှုတွေက ဘယ်လောက် အထိ အမိုက်မှောင်ဖုံးလွှမ်းနေပါသလဲ။

ဒီလောက်နဲ့တင် မဟုတ်သေးပါ။ တရားသူကြီးရဲ့အမိန့်ချသံနဲ့အတူ ထွက်ပေါ်လာတဲ့ ရွာသားတွေရဲ့ စကားသံ တွေ….

“တန်တယ်။ နှစ် (၂၀) ကျတာတန်တယ်”

ဒါကတော့ ဒီဘုန်းကြီးကို ကိုးကွယ်တဲ့ ရွာသူအမျိုးသမီးတွေ အော်ဟစ်ပြောဆိုနေကြတဲ့ စကားသံပါ။

ဆိုလိုတာကတော့ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးကို တာဝန်ယူမယ့်အစား ထောင်ထဲမှာ နှစ် (၂၀) နေရတာ ဘုန်းကြီးဆိုသူ အမှုကျူးလွန်ခဲ့တဲ့ တရားခံအတွက် ထိုက်တန်တယ်ဆိုတဲ့သဘောပါ။

သူတို့ပြောစကားအရ ဘုန်းကြီးဟာ ဒီအမှုကို တကယ်ကျူးလွန်ခဲ့မှန်း သိရက်နဲ့ ယုံကြည်ကိုးကွယ်နေကြတယ် ဆိုတာ ပေါ်လွင်ပါတယ်။ ဒါဟာ သိပ်ကြောက်စရာကောင်းတဲ့ မှားယွင်းမှုတခုများလား။

တရားခံဘက်ကနေ လူတွေအခုလိုပြောဆိုနေချိန် ကျူးလွန်ခံရသူမိန်းကလေးရဲ့မိခင်ကတော့ မျက်ရည်အဝိုင်း သားနဲ့ တရားခွင်မှာ အမိန့်ကြားနာဖို့တောင် မဝံ့ရဲခဲ့ပါဘူး။

ဘုန်းကြီးမှာ အပြစ်ရှိနေတာကို သိနေကြပေမယ့် အနိုင်ကျင့်ခံရတဲ့မိန်းကလေးနဲ့ သူမရဲ့ အသိုင်းအဝိုင်းကိုသာ လူတွေက တိုက်ခိုက်ပြောဆိုကြနေတာကို အမှုဖြစ်စဉ်တလျှောက်လုံး ခံခဲ့ကြရပါတယ်။

ဒါတွေကတော့ လွန်ခဲ့တဲ့ (၂)နှစ်က ဇလွန်မြို့အတွင်း ညောင်အိုင်စိတ္တသုခဘုန်းကြီးကျောင်းမှာ ကျောင်းထိုင် ဆရာတော်ဖြစ်တဲ့ ဦးသုန္ဒရက အသက်မပြည့်သေးတဲ့ ကျောင်းသူတယောက်ကို အဓမ္မပြုကျင့်မှုနဲ့ တရားစွဲဆို ထားတဲ့အမှုကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ်စဉ် တွေ့မြင်ခဲ့ရတဲ့ အခြေ အနေတွေဖြစ်ပါတယ်။

အဲဒီလိုအဓမ္မပြုကျင့်ခံခဲ့ရတာကနေ အသက်(၁၂)ကျော်သာရှိသေးတဲ့ မိန်းကလေးငယ်မှာ ကိုယ်ဝန်ရရှိခဲ့ပါ တယ်။ အခုဆိုရင် သူမရဲ့ကလေးငယ်ဟာ အသက်(၃)နှစ်ကျော် အရွယ်ရောက်နေပါပြီ။ တရားခံကို တရားခွင်က အပြစ်ရှိကြောင်း အမိန့်ချမှတ်ပြီးတာတောင် တရားခံကို အပြစ်မမြင်ပဲ ကျူးလွန်ခံရတဲ့မိန်းကလေးငယ်ကိုဟာ အပြစ်ဖို့ပြောဆိုတဲ့ လူမှုပါတ်ဝန်းကျင်ရဲ့အလေ့အထကို ဒီအမှုမှာ အထင်းသားမြင်တွေ့ရပါတယ်။

တရားခွင်မှာ အမိန့်မချခင် ဘုန်းကြီးကို ကိုးကွယ်ကြသူတွေရဲ့ပြောစကားတချို့က “ကြည့်ပါဦး .. အသက် (၁၂)နှစ်နဲ့ ကိုယ်ဝန်ရတာ၊ ဘယ်အရွယ်တည်းက ဘာဖြစ်နေလဲမှမသိတာ” “အဲဒီမိန်းကလေးက အနေအထိုင် မှ မတတ်တာ ခံရပါစေ” “ကိုယ့်သမီးကိုယ်ဝန်ရှိတာတောင် မသိရအောင် မိဘတွေက ဘယ်လို အမျိုးအစား တွေလဲ” ဆိုတာတွေပါ။

ဟုတ်ပါတယ်။ ကောင်မလေးက အသက်မပြည့်သေးပဲ ကိုယ်ဝန်ဆောင်ခဲ့ရပါတယ်။ ကလေးမွေးခဲ့ရပါတယ်။ မိဘတွေ မသိအောင် ကိုယ်ဝန်ကို ဖုံးဖုံးဖိဖိနဲ့နေခဲ့ရပါတယ်။ တကယ်တော့ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ခဲ့ ရပြီး သတ္တိရှိတဲ့ ဒီမိန်းကလေးကို လေးစားရမှာပါ။

(၇) တန်းအရွယ် မိန်းကလေးငယ်တယောက်ကို မိဘတွေက ဘုန်းကြီးကျောင်းမှာ ယဉ်ကျေးလိမ္မာ သင်တန်း အပ်ခဲ့ရာကနေ ဘုန်းကြီးနဲ့ရင်းနှီးပြီး အဓမ္မပြုကျင့်ခံခဲ့ရပါတယ်။

မုဒိမ်းမှုဘာလို့မြောက်လဲဆိုတာလဲတော့ အသက်(၁၆)နှစ်အောက် မိန်းကလေးကို အလိုတူသည်ဖြစ်စေ မတူ သည်ဖြစ်စေ အဓမ္မပြုကျင့်ရင် သက်ငယ်မုဒိမ်းမှုမြောက်ပါတယ်။

အဲဒီလိုကျူးလွန်ခံရတာကနေ ကိုယ်ဝန်ရလာတဲ့အခါ တိတ်တဆိတ်ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဘုန်းကြီးကို သူ့မှာ ကိုယ်ဝန်ရှိကြောင်း ပြောတဲ့အချိန်မှာ ကိုယ်ဝန်ကို ဖျက်ချဖို့ပြောပါတယ်။ မိန်းကလေးကတော့ ကိုယ်ဝန် ကို ဖျက်မချရဲခဲ့ပါဘူး။ အဲဒါနဲ့ ကိုယ်ဝန်ဆောင်ဘဝနဲ့ ကျောင်းဆက်တက်ပြီးစာမေးပွဲဖြေဆိုခဲ့ပါတယ်။

အသက်(၁၂)နှစ်အရွယ်ကျောင်းသူတယောက်၊ ကိုယ်ဝန်ဆောင်ဘဝနဲ့ကျောင်းတက်ခဲ့ရတဲ့ သူမရဲ့အခက်အခဲ၊ မိဘတွေနဲ့ ပတ်ဝန်းကျင်က သိသွားမှာကြောက်တဲ့စိတ်၊ ဗိုက်ထဲကကလေးငယ် တခုခုဖြစ်သွားမှာ စိုးရိမ်တဲ့ စိတ်၊ ဒီလိုစိတ်တွေရဲ့ ကလေးအရွယ်သူမ ဘယ်လောက်တောင် ကြံ့ကြံ့ခံဖြတ်သန်းခဲ့ရသလဲ။

စာမေးပွဲဖြေဆိုပြီး (၂)ရက်အကြာ ကလေးမွေးခါနီးဗိုက်နာတော့မှ မပြောမဖြစ်လို့ မိဘတွေကို သူမဖွင့်ပြောခဲ့ရ တယ်။

ဒါကိုတောင် မိဘတွေက မသိကြဘူးလား၊ ဒီအရွယ်လေးနဲ့ ကိုယ်ဝန်ရအောင် ဘယ်လောက်တောင် အနေအ ထိုင်မတတ်တာလဲဆိုတဲ့ စကားတွေနဲ့ ဝေဖန်ပြစ်တင်နေကြတဲ့ သူမရဲ့ပါတ်ဝန်းကျင်။ တကယ်ဆို သူမရဲ့ အရွယ်နဲ့မမျှတဲ့ မိခင်စိတ်ဓာတ်ကို လေးစားရမှာမဟုတ်ဘူးလား။

အခုလို ကျူးလွန်တဲ့တရားခံထက် ကျူးလွန်ခံရတဲ့သူအပေါ်မှာပဲ ဝေဖန်တိုက်ခိုက်နေကြတာဟာ အင်မတန် ဆိုး ရွားတဲ့ အခြေအနေတခုဖြစ်ပါတယ်။ သူတို့ဟာ တရွာထဲမှာအတူနေကြတဲ့သူတွေဖြစ်ပြီး ကျူးလွန်ခံရသူ မိန်းကလေးဘက်က  ရပ်တည်ပေးသူက အလွန်ဆုံးရှိမှ လူ(၂၀)ကျော်လောက်သာဖြစ်ပြီး ကျန်တဲ့ရွာသူရွာသား အများစုက ကျူးလွန်တဲ့ ဘုန်းကြီးဘက်မှာ ရပ်တည်နေကြပါတယ်။

ဒီလိုမှားယွင်းတဲ့ အယူအဆတွေရှိနေတဲ့ ပတ်ဝန်းကျင်မှာ မိန်းကလေးငယ်နဲ့ သူ့မိသားစုဟာ ဘယ်လိုလုံလုံ ခြုံခြုံနဲ့ ဆက်နေထိုင်လို့ရပါ့မလဲ။ ကျူးလွန်ခံရတဲ့မိန်းကလေးလည်း ကလေးတဖက်နဲ့ ကျောင်းထွက်ခဲ့ရတယ်။ ကလေးရော မိခင်ရော ရွာမှာမနေရဲတော့ တခြားတနေရာကို ပြောင်းရွေ့နေထိုင်ကြရတယ်။

အသက်မပြည့်သေးတဲ့မိခင်ဟာ သူ့ကလေးအတွက် နို့ချိုတောင် မဖန်တီးပေးနိုင်လိုက်ဘူး။ ကျောင်းဆက် တက်နိုင်ဖို့ ကလေးကို အဒေါ်ဖြစ်သူဆီ ပို့ထားခဲ့ပေမယ့် ကျောင်းလည်းဆက်မတက်နိုင်တော့ဘဲ မိသားစုနဲ့ ဝေးရာမှာ သူ့ဘဝကို သူ့ဖာသာ ရုန်းကန်နေရရှာပါတယ်။

ဖြစ်ခါစကတော့ မိန်းကလေးငယ်ကို ဘုန်းကြီးက လက်ထပ်ယူပါမယ်လို့ ကတိပေးတယ်။ နောက်တော့ ကလေးစရိတ် တလတသိန်းထောက်ပံ့မယ်လို့ဆိုပြန်တယ်။ ဒါပေမယ့် ဘုန်းကြီးရဲ့ မိဘတွေက လက်မခံပါဘူး။

ကလေးမွေးပြီးတဲ့အထိ ကလေးစရိတ်လည်း မထောက်ပံ့ခဲ့သလို ဒီကလေးက သူနဲ့ရတာမဟုတ်ဘူးလို့ ပြန် ငြင်းဆိုပြန်ပါတယ်။ စတင်တရားစွဲဆိုတဲ့အချိန်မှာ သံဃာ့မဟာနာယကကို တိုင်ကြားပြီး ရဟန်းသိက္ခာချကာ ဖမ်းဆီးဖို့ကြိုးစားခဲ့ပေမယ့် ဘုန်းကြီးက အဖမ်းမခံခဲ့ပါဘူး။ ကလေးရဲ့  DNA  စစ်ဆေးပြီး အဖြေတူမှသာ  ရဲက သွားရောက်ဖမ်းဆီးခဲ့ပြီး ရဟန်းသိက္ခာတော်ကို ချခဲ့ရတာဖြစ်ပါတယ်။

တရားခံကို မဖမ်းဆီးရသေးခင်အချိန်ထိ ကျူးလွန်ခံရသူ မိန်းကလေးငယ်မိသားစုဟာ စိတ်အေးလက်အေးနဲ့ မနေနိုင်ခဲ့ပါဘူး။ ဘုန်းကြီးဦးသုနန္ဒရဘက်က ဆွေမျိုးအင်အား ငွေအင်အားတောင့်တင်းသလို ရွာသူရွာသားတွေ ကလည်း သူတို့ကိုးကွယ်တဲ့ ကျောင်းထိုင်ဘုန်းကြီး မရှိတော့ရင်ဆိုတဲ့စိတ်နဲ့ ဘုန်းကြီးဘက်ကသာ ရပ်တည်ခဲ့ ကြပါတယ်။

တကယ်တော့ အရင်ကျောင်းထိုင်ဘုန်းကြီး ပျံလွန်တော်မူတဲ့အချိန်မှာ အခုဦးသုနန္ဒရက ကျောင်းထိုင်ဆရာ တော်ဖြစ်လာပြီး ကိုးကွယ်ယုံကြည်သူတို့ရဲ့ ဖြူစင်တဲ့စိတ်ကို ခုတုံးလုပ်ကာ ဘုန်းကြီးဆိုတဲ့အမိန့်အာဏာနဲ့ မိန်းကလေးငယ်အပေါ် ဖြားယောင်းကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ကျေးလက်တောရွာတွေက ရွာသူရွာသားတွေဟာ အင်မတန်ရိုးသားကြပါတယ်။ သင်္ကန်းဝတ်ဘုန်းကြီး၊ ကိုယ် တော်တွေဆိုတာနဲ့ အလွယ်တကူ ယုံကြည်ကိုးကွယ်ကြတယ်။ စာသင်ပေးတဲ့ ဆရာတွေဆိုရင်လည်း ကလေး တွေ ပညာရေးအတွက် လေးစားအားကိုးကြပါတယ်။

အသိအမြင်မကျယ်တဲ့ ရွာသူရွာသားတွေရဲ့ ယုံကြည်အလေးထားမှုကို အာဏာတစုံတရာ အသုံးချနိုင်တဲ့သူ တွေက လွှမ်းမိုးချုပ်ကိုင်ကြတယ်။ ရွာသားတွေကလည်း သူတို့အားကိုးနေတဲ့သူကို အမှားတခုခုကျူးလွန်ရင် တောင် မားမားမတ်မတ်ရပ်တည်ပေးချင်ကြပါတယ်။

ဒါကြောင့် တရားစွဲဆိုလို့ အပြစ်ရှိပြီး တရားခံကို ထောင်ချလိုက်ရုံနဲ့ ဒီကိစ္စတွေက အလုံးစုံ ပပျောက် မသွား နိုင်ပါဘူး။ ဒီအဖြစ်အပျက်ကို ပြန်လည်သုံးသပ်ဆင်ခြင်ပြီး အသိအမြင်တွေရှိလာအောင်၊ အမှားအမှန် ခွဲခြား တတ်လာအောင်၊ ကျူးလွန်သူဟာ တကယ်အပြစ်ရှိကြောင်း သိမြင်နားလည်အောင်၊ ကျူးလွန်ခံရသူကို ဖေးမ ကူညီတတ်လာအောင် အသိအမြင်မြှင့်တင်ပေးမှုတွေကို မဖြစ်မနေ လုပ်ဆောင်ပေးဖို့ လိုအပါပါတယ်။

တကယ်တော့ သက်ငယ်မုဒိမ်းမှုလို အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုဆိုတာတွေဟာ နီးစပ်တဲ့အသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာဖြစ်ပေါ်နေတာပါ။ ဒီလိုကျူးလွန်ခံရတဲ့ မိန်းကလေးအပေါ်မှာပဲ အပြစ်ဖို့နေတဲ့ ပတ်ဝန်းကျင်မှာ မိန်းကလေးတွေဟာ ရှင်သန်ရပ်တည်ဖို့ခက်ခဲလာပါတယ်။

ဟင်္သာတခရိုင် တရားရုံး (ဓါတ်ပုံ-ခင်စုကြည်)

ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေကို မခံနိုင်တဲ့မိန်းကလေးတွေကတော့ အခုလို မုဒိမ်းမှုကနေ ကိုယ်ဝန်ရလာရင် တိတ်တဆိတ်ဖျက်ချဖို့ကြိုးစားကြရင်း အခန့်မသင့်ရင် ကိုယ်ဝန်ဆောင်မိန်းကလေးရဲ့ အသက်ပါ ဆုံးရှုံးနိုင်ပါ တယ်။ တကယ်လို့ ကလေးမွေးခဲ့ရင်တောင် နောက်ဆက်တွဲတာဝန်တွေဖြစ်တဲ့ ကလေးကို ပြုစုစောင့် ရှောက်ဖို့ အဆင်သင့်မဖြစ်မှု၊ ကလေးစရိတ်မတတ်နိုင်မှု၊ ပတ်ဝန်းကျင်ရဲ့ အထင်သေးခံရမှုတွေကြောင့် ကလေးကို စွန့်ပစ်မှုတွေလည်း ပိုမိုများပြားလာနိုင်ပါတယ်။

ဒါကြောင့် ကျူးလွန်ခံရတဲ့ မိန်းကလေးတွေကို အပြစ်ဖို့မှု၊ ဝေဖန်အပုတ်ချမှုတွေဟာ စကားလုံးတွေနဲ့ တိုက် ခိုက်တဲ့အဆင့်ကနေ လေထဲလွှင့်ပါပျောက်ကွယ်သွားတာမျိုးမဟုတ်ဘဲ မိန်းကလေးတယောက်ရဲ့ ဘဝတခုလုံး ဆုံးရှုံးသွားတဲ့အထိ ရိုက်ခတ်နိုင်ပါတယ်။

လုံခြုံတဲ့လူမှုဝန်းကျင်တခု ဖန်တီးဖို့ဆိုရင် ကျူးလွန်ခံရတဲ့ မိန်းကလေးတွေအပေါ် အပြစ်တင်ရှုတ်ချမှုတွေကို ချက်ချင်းရပ်တန့်ပြီး အမှန်တရားဖက်ကရပ်တည်လို့ ကိုယ်ချင်းစာတဲ့စိတ်ဓာတ်တွေ၊ ကူညီဖေးမတဲ့ တွဲလက် တွေနဲ့ ကြိုဆိုကမ်းလင့်ဖို့ လိုအပ်နေကြောင်း တင်ပြလိုက်ရပါတယ်။

Related Articles