Home သတင်း စစ်အာဏာရှင်ကို ဆန့်ကျင်ရင်းဖြတ်သန်းရမည့် နိုင်ငံတကာအမျိုးသမီးများနေ့

စစ်အာဏာရှင်ကို ဆန့်ကျင်ရင်းဖြတ်သန်းရမည့် နိုင်ငံတကာအမျိုးသမီးများနေ့

Honest Information(HI)/(မတ်လ ၈ ရက် နိုင်ငံတကာအမျိုးသမီးများနေ့ဂုဏ်ပြုဆောင်းပါး)

မတ်လ ၈ရက်နေ့ဟာဆိုရင် နိုင်ငံတကာအမျိုးသမီးများနေ့ပဲဖြစ်ပါတယ်။ ဒီနှစ်မှာတော့ နိုင်ငံတကာအမျိုးသမီးများနေ့ လှုပ် ရှားမှုအတွက် ခေါင်းစဉ်ကတော့(Choose to Challenge) ဖြစ်ပါတယ်။

အလုပ်သမားလှုပ်ရှားမှုကနေ မွေးဖွားပေါ်ပေါက်လာခဲ့တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ကို ၁၉၇၅ ခုနှစ်မှာတော့ ကုလသမ ဂ္ဂက တရားဝင်သတ်မှတ်ခဲ့ပါတယ်။ သမိုင်းမှတ်တမ်းတွေအရ နိုင်ငံတကာအမျိုးသမီးများနေ့ဟာ နိုင်ငံရေးကိုအခြေခံပြီး ပေါ်ပေါက်လာတဲ့ နေ့တစ်နေ့လို့ပြောရင်လည်း မမှားပါဘူး။

နိုင်ငံတကာမှာတော့ မတ်လ ၈ရက်နေ့ကို အထိမ်းအမှတ်ပွဲတွေ ပြုလုပ်ရင်းကျင်းပနေကြမှာဖြစ်ပေမယ့် လက်ရှိမြန်မာ နိုင်ငံမှာတော့ နိုင်ငံတကာအမျိုးသမီးများနေ့ကို စစ်အာဏာရှင်ဆန့်ကျင်ရင်း ဖြတ်သန်းကြရမှာဖြစ်ပါတယ်။

၁၇ ရာခိုင်နှုန်းအပေါ်ထားတဲ့ မျှော်လင့်ချက်များ
စစ်အာဏာသိမ်းမှုဖြစ်စဉ်သာ မရှိခဲ့ရင် မတ်လ(၈)ရက်နေ့နဲ့ တိုက်ဆိုင်စွာ လွှတ်တော်အတွင်း အမျိုးသမီးအရေးနဲ့ဆိုင်တဲ့ မေး ခွန်းတွေ အဆိုတွေတင်သွင်း ဆွေးနွေးနေကြမယ်လို့ မှန်းဆနိုင်ပြီးတော့ လွှတ်တော်တွင်း အမျိုးသမီးကိုယ်စား လှယ်တွေရဲ့ ခြေလှမ်းတွေဟာ အတော်အသင့် ခရီးရောက်နေလောက်မှာပဲဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်ခြောက်ထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အနက် အမျိုးသမီးကိုယ်စားလှယ်က တစ်ထောင်ကျော်ပါဝင်ပြီး ၁၉၀ ကျော်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးကိုယ်စားလှယ် အများစုဟာ ဓလေ့ထုံးတမ်းတွေ၊ ကန့်သတ်ချက် အတားအဆီးတွေကြားထဲက ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။ ရွေးကောက်ခံကိုယ်စားလှယ်တွေထဲမှာ ဒုတိယအကြိမ်ရွေးကောက်ခံ ကိုယ်စား လှယ်တွေ ပါဝင်သလို ကိုယ်စားလှယ်အသစ်တွေလည်းပါဝင်ပါတယ်။

“ လွှတ်တော်တွင်းမှာ ပြည်နယ်အတွက် အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမယ်၊ လွတ်တော်ကနေ အစိုးရကိုထိန်း ကျောင်းပြီးတော့လူထုအသံကိုထင်ဟပ်စေမယ့်ဟာမျိုးတွေ အကောင်အထည်ဖော်မယ့်ဟာမျိုးတွေ ကျွန်မရဲ့စိတ်ကူးယဉ် အိပ် မက်ကြီးတွေရှိခဲ့တယ်” လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုပြီး ဖရူဆို မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ အယ်ဗလင်းကဆိုပါတယ်။

စစ်အာဏာသိမ်းတဲ့ဖြစ်စဉ်မှာတော့ လွှတ်တော်တွင်းဖော်ဆောင်မယ့်သူတို့ရဲ့ ရည်မှန်းချက်တွေဟာလည်းလမ်းခုလတ်မှာ ရပ်တန့်သွားရပါတော့တယ်။

အနိုင်ရအမျိုးသမီးအမတ် ၁၇ ရာခိုင်နှုန်းအထိရှိခဲ့တဲ့အတွက် လွှတ်တော်တွင်းအမျိုးသမီးအရေးနဲ့ အမျိုးသမီးတွေကို အကာအကွယ်ပေးမယ့် ဥပဒေတွေ ပိုပြီးအသက်ဝင်ဖို့ မျှော်လင့်ထားကြတာဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဉပဒေကြမ်းဟာလည်း အသက်ဝင်ဖို့ဝေဝါး သွားပါတော့တယ်။

“ ဥပဒေအသက်ဝင်တုန်းကတောင်မှ အမျိုးသမီးတွေအပေါ် ကာကွယ်ပေးမှုက အဲ့လောက်ထိမရှိတဲ့အခါမှာ ဒီအတိုင်း အတာမှာဆိုတော့ အမျိုးသမီးတွေရဲ့အခွင့်အရေးက ဘာမှမရှိတော့ဘူးပေါ့”လို့ လူငယ်အမျိုးသမီးနိုင်ငံရေး တက်ကြွလှုပ် ရှားသူတစ်ဦးဖြစ်တဲ့ ဆိုင်းနူးပန်ကပြောပါတယ်။

ဒါ့အပြင်မတ်လမှာကျင်းပမယ့် ရပ်ကျေးရွေးကောက်ပွဲတွေမှာလည်း အမျိုးသမီးတွေက အုပ်ချုပ်ရေးမှူးဝင် ရောက်ရွေးချယ် ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်ထားခဲ့ကြတာပါ။

“ စစ်အာဏာသိမ်းလိုက်တဲ့အတွက် အခုဆိုရင် အုပ်ချုပ်ရေးပိုင်းမှာဆိုရင်လည်း အမျိုးသမီးပါဝင်မှုတွေအားနည်းသွားပြီ၊ အမျိုးသမီးပါဝင်မှုက အလွှာစုံမှာ အားနည်းသွားမှာပါ” လို့ ဖန်တီးအိမ်အဖွဲ့ရဲ့ဒါရိုက်တာဖြစ်သူ ဒေါ်ခင်လေးငယ်က ပြောပါ တယ်။

တော်လှန်ရေးထဲကအမျိုးသမီးတွေ
ရရှိပြီးသား အမျိုးသမီးအခွင့်အရေးနဲ့ ထပ်မံရရှိနိုင်မယ့်အခွင့်အရေးတွေဟာ စစ်အာဏာသိမ်းမှုကြောင့်ပျောက် ပျက်ခဲ့ရပေ မယ့် ဒီမိုကရေစီပြန်လည်ရရှိဖို့ကိုတော့ ပြည်သူလူထုနည်းတူ အမျိုးသမီးထုကလည်း တိုက်ပွဲဝင်နေကြပါတယ်။

အာဏာသိမ်းပြီး ရက်အနည်းငယ်အကြာမှာအမျိုးသမီးအချို့ဦးဆောင်ကာ ပြည်သူလူထုကို စုစည်းပြီး ရန်ကုန်မှာ ပထ မဆုံး စစ်အာဏာရှင်ဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေကိုစတင်ခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းသပိတ်စစ်ကြောင်း တော်တော်များများမှာ အမျိုးသမီးတွေဦးဆောင်နေတာ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ မှာပါဝင်တာ၊ ရပ်ရွာလုံခြုံရေးအတွက် ညဘက်ကင်းစောင့်တဲ့တာဝန်တွေအထိ အမျိုးသမီးတွေပါဝင်လာတာကိုတွေ့ရပါ တယ်။

မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်က အမျိုးသမီးတွေဖြစ်တဲ့အပြင် လက်ရှိသပိတ်စစ်ကြောင်းတွေမှာလည်း အမျိုးသမီး တွေ အများကြီးဦးဆောင်နေကြတာကို နိုင်ငံအနှံတွေ့ရပါတယ်။

“ လက်ရှိအနေအထားမှာလည်း ဆန္ဒပြမှုတော်တော်များများမှာ ဦးဆောင်နေမှုအနေအထားမှာလည်း အမျိုးသမီးတွေဦး ဆောင်နေတာကိုတွေ့ရတယ်။ ဒါက အပြောင်းအလဲတစ်ခုကိုဖြစ်စေနိုင်မယ်လို့ယုံကြည်တယ်” လို့လူငယ်အမျိုးသမီး နိုင်ငံ ရေးသမားတစ်ဦးဖြစ်တဲ့ ဆိုင်းနူးပန်ကပြောပါတယ်။

အမျိုးသမီးတွေမှာ Soft Power အားကောင်းတဲ့အတွက် အမျိုးသမီးတွေခေါင်းဆောင်တွေ များများပေါ်ထွက်စေ ချင်တယ် လို့သူကဆိုပါတယ်။ သူကိုယ်တိုင်လဲ အမျိုးသမီးထုတွေဦးဆောင်တဲ့ ကချင်ပြည်နယ်သပိတ်စစ်ကြောင်းတွေမှာ ပါဝင်နေ သူဖြစ်ပါတယ်။

အကြမ်းဖက်ခံရမှုနဲ့ မလုံခြုံခြင်းတွေ
အမျိုးသမီးတွေဟာ ဆန္ဒပြပွဲတွေ သပိတ်စစ်ကြောင်းတွေမှာ ရှေ့တန်းကပါဝင်ပြီဆိုကတည်းက အသက်အန္တရာယ်စိုးရိမ်ရမှု အခြေအနေကိုလည်းမေ့ထားလို့မရပါဘူး။

လက်ရှိမြေပြင်မှာလည်း အမျိုးသားတွေနည်းတူ အမျိုးသမီးတွေကိုလည်း ရိုက်နှက်ဖမ်းဆီးတာတွေ ရှိနေတာပဲဖြစ်ပါတယ်။ ဆန္ဒပြသူအမျိုးသမီးတွေကို အကြမ်းဖက်ဖမ်းဆီးတာ ကိုယ်ဝန်ဆောင်သည်ကို တောင်မှကိုယ်ထိလက်ရောက် ကျူးလွန် တာမျိုးတွေ တွေ့မြင်နေရပါတယ်။

နဂိုထဲကမှ အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရတာတွေ၊ ခွဲခြားဆက်ဆံခံရတာတွေကို နေ့စဉ်နဲ့အမျှခံရတာဖြစ်တဲ့အပြင် အခုလိုအာဏာသိမ်းလိုက်တဲ့အတွက် ပိုပြီးဖိနှိပ်ခံရတဲ့အခြေအနေတွေဖြစ်သွားတယ်လို့ သပိတ်စစ်ကြောင်းတွေမှာ လိုက်ပါ နေသူတစ်ဦးဖြစ်တဲ့ နန့်မေသဉ္ဇာကဆိုပါတယ်။

“ အကြမ်းဖက်ခံရတာမျိုးတွေရှိရင်လည်း အမျိုးသမီးနဲ့အမျိုးသားမှာဆို အမျိုးသမီးက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမ လား ထပ်ဆောင်းပြီးစိတ်ပူရတယ်”လို့သူကဆက်ပြောပါတယ်။

ဒါ့အပြင် သပိတ်စစ်ကြောင်းတွေမှာ ဦးဆောင်သူအမျိုးသမီးတွေဟာ မိမိအိမ်မှာမနေဘဲတိမ်းရှောင်နေရတာဖြစ်တဲ့အတွက် သူတို့ရဲ့လုံခြုံရေးအတွက်လည်း စိုးရိမ်စရာအခြေအနေဖြစ်တယ်လို့ နန့်မေသဉ္ဖာကဆိုပါတယ်။

သပိတ်စစ်ကြောင်းတွေမှာ မပါဝင်ဘဲနဲ့ ဆန္ဒပြသူတွေကို ကူညီကာကွယ်ပေးတဲ့ အမျိုးသမီးတွေကိုလည်း အကြမ်းဖက် ဖမ်း ဆီးမှုတွေ ပြုလုပ်ကြတာကိုတွေ့ရပါတယ်။ ဖေဖော်ဝါရီလ ၁ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ အာဏာသိမ်းစစ်အစိုးရက ဖမ်းဆီး၊ တရားစွဲဆို၊ပြစ်ဒဏ်ချမှတ်သူ စုစုပေါင်း ၁,၃၈၄ ဦးရှိပြီး အဲ့ဒီအထဲမှာ အမျိုးသမီး ၄၁၅ ဦးပါဝင်တယ်လို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရသိရပါတယ်။ ။

“ ထိခိုက်တာကတော့အားလုံးထိခိုက်မှာပဲ။ အားနည်းတဲ့အနေနဲ့ အမျိုးသမီးတွေ ကလေးသူငယ်တွေ အများဆုံးထိခိုက်ခံရ တယ်။အားလုံးအတူတူတော့ခံရတယ် ဒါပေမယ့် အကြမ်းဖက်မှုတွေရောက်လာရင် အမျိုးသမီးတွေက အကြမ်းဖက်မှုကို အရင်ဆုံးခံရတယ်”လို့ ဒေါ်ခင်လေးငယ်က ရှင်းပြပါတယ်။

သပိတ်စစ်ကြောင်းတွေ အကြမ်းဖက်ဖြိုခွင်းခံရမှုဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ခံစားရတာဖြစ်ပေမယ့်ပြည်နယ်တွေမှာ တော့ မြို့ကြီးတွေထက် ဖိအားပေးခံရတာတွေပိုများတာကိုတွေ့ရပါတယ်။

“ ကျွန်မတို့ပြည်နယ်တွေမှာဆို သပိတ်စစ်ကြောင်းတွေထွက်တဲ့အပေါ် မိသားစုအသိုင်းအဝိုင်းကသော်လည်းကောင်း၊ ဘာသာရေးအရ လူမှုရေးအရဖိအားတွေတော်တော်များတယ်။ ကျွန်မတို့ကလည်းဒီဟာကိုအံတုပြီးလုပ်နေတယ်” လို့ ဆိုင်းနူးပန်က သူ့အတွေ့အကြုံကိုပြောပြပါတယ်။

အာဇာနည်အမျိုးသမီးများ
ဖေဖော်ဝါရီကလ စတင်တဲ့ စစ်အာဏာသိမ်းမှုအပြီး မတ်လ ၅ ရက်နေ့အထိ တိုက်ပွဲဝင်ရင်းအသက်ပေးလိုက်ရတဲ့ အမျိုး သမီး ၆ ဦးအထိရှိနေပြီဖြစ်ပါတယ်။

ဒီလိုအကြမ်းဖက်မှုနဲ့ အသက်သေဆုံးမှုတွေရှိနေပေမယ့် ပြည်သူလူထုရဲ့ ဒီမိုကရေစီလိုလားတဲ့ ပြင်းပြတဲ့ဆန္ဒတွေဟာ မမှေးမှိန်သွားပါဘူး။ အခုဆိုရင် လမ်းပေါ်ထွက်တိုက်ပွဲဝင်နေရတဲ့ ကာလဟာ တစ်လကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။ အဲ့ဒီ ထဲမှာ အမျိုးသမီးတွေရဲ့ အင်အားကလည်းမလျော့ခဲ့ပါဘူး။

“ သေမယ့် risk ကိုဘယ်သူပဲဖြစ်ဖြစ်မယူချင်ဘူး လမ်းပေါ်ထွက်ပြီးရင်တော့ အဲ့ risk ရှိတယ်။ အမျိုးသမီးပဲဖြစ်ဖြစ်၊ အမျိုး သား ပဲဖြစ်ဖြစ်။ ဒါပေမယ့်အာဏာသိမ်းတာကိုတော့ ဆန့်ကျင်ရမယ်၊ တော်လှန်ရမယ်၊ ဒါကိုမကြိုက်ကြောင်းပြနေရဦးမယ်” လို့နန့်မေသဉ္ဖာကဆိုပါတယ်။

အမျိုးသမီးတွေပါဝင်မှုကအရေးပါပြီး အမျိုးသမီးတွေရဲ့ ဖြတ်ထိုးဉာဏ်နဲ့တီထွင်ဖန်တီးမှုတွေကိုလည်း မေ့ထားလို့မဖြစ်ဘဲ အသေးအဖွဲလေးလို့ထင်ရပေမယ့်ထိရောက်တဲ့ လက်နက်တွေဖြစ်လာနိုင်တယ်လို့ဒေါ်ခင်လေးငယ်က သူ့အမြင်ကိုပြော ပ တယ်။

“ အမျိုးသမီးတွေရဲ့ အသံကပိုစုစည်းနိုင်တယ် ပိုစုစည်းတဲ့အသံကပိုပြီးကျယ်လောင်နိုင်တယ်လို့ ယုံကြည်တယ် ပိုစုစည်း ဖို့နဲ့ ပိုပြီးအသံကျယ်ကျယ်ထွက်ပြီး စစ်အာဏာရှင်ကိုတိုက်ထုတ်ရမယ်”လို့ ဒေါ်ခင်လေးငယ်ကဆိုပါတယ်။

နိုင်ငံတကာအမျိုးသမီးများနေ့အပါအဝင် တော်လှန်ရေးကာလတစ်ခုလုံးကို တခြားသောပြည်သူတွေနည်းတူ အမျိုးသမီး ထုဟာ တိုက်ပွဲဝင်ဖြတ်သန်းရင်း လာမယ့်အနာဂတ်ရဲ့ အခန်းကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေက အားမာန်အပြည့်နဲ့ ပါဝင်နိုင်ဖို့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေက လမ်းစတစ်ခုဖြစ်နေပါတော့တယ်။

“ အမျိုးသမီးတွေ ပိုပါဝင်နိုင်မယ်လို့မြင်တယ် ပါဝင်လာနိုင်ဖို့ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အမျိုးသမီးတွေကပဲ အင်တိုက်အားတိုက်လုပ်ဆောင်ဖို့လိုအပ်တယ်။ ကိုယ့်အရေးကို ကိုယ်တိုင်လုပ်ရလိမ့်မယ်လို့ယုံကြည်တယ်။ အမျိုးသမီးထု ကတော့နိုင်ငံကို အပြောင်းအလဲတစ်ခုလုပ်နိုင်လိမ့်မယ်လို့မြင်တယ်” လို့ဆိုင်းနူးပန်ကဆိုပါတယ်။

အာဏာရှင်ကိုတော်လှန်တဲ့နေရာမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကအရေးပါကြောင်းနဲ့ အမျိုးသမီးတွေက ရှေ့ကနေပြီး တော့ တိုက်ပွဲဝင်ရင်းနဲ့ ဆက်ပြီးဦီးစီးသွားနိုင်မယ့်အနေအထားတွေကို အခုဆန္ဒထုတ်ဖော်ပွဲတွေကတစ်ဆင့်မြင်နေရပြီလို့ အယ်ဗလင်းကသုံးသပ်ပါတယ်။

“ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ဖို့အတွက် အမျိုးသမီးအင်အားစုတွေ အရေးကြီးတဲ့အနေအထားဖြစ်တယ်။ အမျိုး သမီးတွေက အင်တိုက်အားတိုက်နဲ့ ရှိတဲ့အင်အားကိုထုတ်ဖော်ပြီးတော့ စစ်အာဏာရှင်ကို တိုက်ထုတ်တဲ့နေရာမှာ ပါဝင် နေကြတယ်။ ဖယ်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးမှာလည်း အမျိုးသမီးတွေဆက်လက်ပြီး တိုက်ပွဲဝင်သွားရဦးမယ်” လို့ သူကဆိုပါတယ်။

လက်နက်ကိုင်ထားသူတွေရဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေရှိနေပေမယ့် မကြောက်မရွံ့နဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး၊ မတရား မှုတွေ ဆိတ်သုဉ်းသွားဖို့ စိန်ခေါ်မှုတွေကို အံတုရင်ဆိုင်ပြီးတိုက်ပွဲဝင်နေကြသူတွေဖြစ်တယ်ဆိုတာ လက်ရှိဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေမှာ အမျိုးသမီးထုရဲ့ပုံစံမျိုးစုံသောပါဝင်မှုတွေက သက်သေထူနေပါတော့တယ်။

မတ်လ ၈ရက်နေ့မှာကျရောက်မယ့် နိုင်ငံတကာအမျိုးသမီးများနေ့မှာ ပေးဆပ်ကြွေလွှင့်သွားသူ အမျိုးသမီးငယ်လေးများ အတွက် ဝမ်းနည်းကြေကွဲနေကြရပေမယ့်လည်း အာဏာရှင်ကို စိန်ခေါ်ရဲသော အမျိုးသမီးတွေရဲ့ သတ္တိိတွေတွေအတွက် တော့ ထူးထူးခြားခြားမမေ့နိုင်စရာသမိုင်းမှတ်တမ်းတခုအဖြစ် ကျန်ရစ်နေမှာဖြစ်ပါတယ်။

Related Articles