“ ပြည်သူကို မျက်ရည်ကျအောင် အထူးသဖြင့် အမျိုးသမီးတွေကို သွေးမျက်ရည်ကျအောင် လုပ်တဲ့သူတွေဟာ တနေ့တော့ မျက်ရည်ပူလောင်ခံထိမှာပါ” လို့ တလိမ့်လိမ့်စီးလာတဲ့ မျက်ရည်သုတ်ရင်း ဒေါ်ညိုအေးက ကျိန်ပါတော့တယ်။
စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်ဖြိုခွင်းမှုတွေကြောင့် ဆန္ဒပြသူတွေရဲ့ မိသားစုအသိုက်အမြုံတွေ ပျက်စီးသွား ရပြီး ကျန်ရစ်တဲ့ သားသည်အမေတွေ၊ အမျိုးသမီးတွေရဲ့ ငိုကြွေးသံတွေဟာ နိုင်ငံတဝှမ်းက ပြည်သူတွေရဲ့ ရင်ကို ထိမှန်ခဲ့ တယ်။
လူမျိုး၊ ဘာသာမတူကြပေမယ့် စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ တူညီကြသူအချင်းချင်း လူတယောက်ထိရင် ပြည်သူ တရပ်လုံး နာကျင်ရတာမို့ ပြည်သူထဲက ပြည်သူတယောက်ဖြစ်တဲ့ ဒေါ်ညိုအေးက အခုလို ကျိန်လိုက်တာပဲ ဖြစ်တယ်။
စစ်အာဏာသိမ်းတာ ရက်ပေါင်း ၃၀ ရှိလာတဲ့အထိ စစ်တပ်နဲ့ ရဲ အင်အားသုံး ပစ်ခတ်ဖြိုခွင်းမှုကြောင့် မတ်လ ၅ ရက် နေ့အထိ ရန်ကုန်အပါအဝင် နိုင်ငံတဝှမ်းက အရပ်သားပြည်သူ ၅၄ ဦး သေဆုံးကာ လူတထောင်ကျော်အဖမ်းခံခဲ့ရပြီး ဒီထဲမှာ အမျိုးသမီးတွေနဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်း ပါဝင်ခဲ့တယ်။
နွေဦးတော်လှန်ရေးကို ပြည်လုံးကျွတ်သပိတ်ကြီးအနေနဲ့ ဆင်နွှဲခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ဟာ နိုင်ငံတဝှမ်းလုံးက ပြည် သူတွေရဲ့ သွေးတွေ၊ မျက်ရည်တွေ လွှမ်းသွားတဲ့ နေ့လို့ဆိုရမှာပါပဲ။
အဲ့ဒီနေ့က ထားဝယ်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြနေသူတွေကို စစ်တပ်နဲ့ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် လူ ၄ ယောက်သေဆုံးခဲ့ပြီး ၁၇ ယောက်ဖမ်းဆီးခံခဲ့ရပါတယ်။
သေဆုံးသွားသူတွေထဲမှာ တယောက်အပါအဝင်ဖြစ်တဲ့ ကိုလွင်လွင်ဦးဟာ တပ်ဦးထိပ်ကနေ ပြည်သူဆီလာတဲ့ ကျည်ဆံကို သံပြားဒိုင်းနဲ့ကာကွယ်ပေးရင်း ပထမဆုံးအသက်စွန့်သွားရသူ ဖြစ်ပါတယ်။
ခင်ပွန်းသည် ကျည်ဆံထိတဲ့အသံကြားပေမယ့် ဒဏ်ရာရရုံလောက်ထင်ခဲ့တဲ့ ဇနီးသည် မဝါဟာ ဆေးရုံမှာ မထင်မှတ်ဘဲ ကိုလွင်ဦးအလောင်းကို တွေ့လိုက်ရတဲ့အခါမှာတော့ ဝမ်းနည်းစိတ်ကြောင့် မျက်ရည်ကျချင်ပေမယ့် စစ်အာဏာရှင်ရှေ့မငို လိုတာကြောင့် အားတင်းအံကြိတ်နိုင်ခဲ့သူပါ။
ယခင်က အိမ်ရဲ့စီးပွားရေးကြောင့် ဆန္ဒပြပွဲကို အမြဲမလိုက်နိုင်ခဲ့ပေမယ့် ခင်ပွန်းသည်ဆုံးပြီးနောက်ပိုင်းမှာတော့ စစ်အာဏာ ရှင်မပြုတ်မခြင်း ဆက်တိုက်သွားဖို့ သဓိဌာန်ချထားသူလည်း ဖြစ်ပါတယ်။
မဝါဟာ ထားဝယ်မြို့ရှိ ပတ်စပို့ရုံးမှာ အလုပ်လုပ်ခဲ့တဲ့ CDM ဝန်ထမ်းတယောက်ဖြစ်သလို ကိုလွင်ဦးဟာလည်း သူစိတ်ချ လက်ချ တိုက်ပွဲဝင်နိုင်ဖို့အတွက် ဇနီးနဲ့သမီးဖြစ်သူကို မိဘနေအိမ်မှာ ပြန်နေခိုင်းတဲ့အထိ တော်လှန်ရေးကို အသက်စွန့် တိုက်ပွဲ ဝင်ခဲ့ပါတယ်။
ကိုလွင်ဦးတို့ ဇနီးမောင်နှံဟာ ကြောက်စိတ်နဲ့နေရတဲ့ စစ်အုပ်ချုပ်မှုကို အလိုမရှိကြတဲ့သူတွေဖြစ်တာကြောင့် ကိုလွင်ဦး လုပ်ခဲ့တဲ့ တော်လှန်ရေးအပေါ်မှာ မဝါက တစုံတရာကန့်ကွက်တာမရှိသလို သတိမပြတ်စောင့်ကြည့်နေတဲ့ကြားက အခုလို ဖြစ်သွားတဲ့အပေါ် ဖြေမဆည်နိုင်ဖြစ်နေပါတယ်။
“ ပြည်သူတွေကို ကာကွယ်ရင်းဖြစ်တာဆိုတော့ ဂုဏ်ယူတယ်။ ဝမ်းနည်းမှုတော့ မရှိဘူး။ စစ်အာဏာရှင် လက်ထဲတော့ အာဏာပြန်မပေးနိုင်ဘူး။ မရမခြင်းတော့ တော်လှန်ရေးကို ဆက်လုပ်သွားမယ်”လို့ မဝါက ကတိစကားဆိုပါတယ်။
ကိုလွင်ဦးအပစ်မခံရမီအတူရှိခဲ့တဲ့ ကိုမင်းလွင်ကလည်း ကိုလွင်ဦးဟာ ပြည်သူကိုပစ်မယ့် ကျည်ဆံကို ဝင်ခံပေးခဲ့သူဖြစ်ပြီး ထားဝယ်မြို့ရဲ့သူရဲကောင်းတယောက်ပါလို့ မှတ်ချက်ပေးပါတယ်။ ကိုလွင်လွင်ဦးရဲ့နာရေးကိုတော့ မတ်လ ၃ရက်မှာ ပြု လုပ်ခဲ့ပါတယ်။
တနေ့ထဲမှာပဲ ပခုက္ကူမြို့မှာလည်း တဦးထဲသော သူရဲကောင်းတယောက် ကြေလွင့်ဆုံးရှုံးခဲ့ရပါသေးတယ်။
ပခုက္ကူမြို့ရဲ့အဓိကပင်မသပိတ်စစ်ကြောင်းနေရာကို စစ်တပ်နဲ့ မသွားနိုင်အောင် လမ်းတိုင်း လမ်းထိပ်တွေမှာ အင်အား အလုံးအရင်းနဲ့ ပိတ်ဆို့ပြီး ခံစစ်အနေအထားနဲ့ တော်လှန်နေတဲ့အချိန် ကိုနေမျိုးဦးဟာ စစ်တပ်က ပစ်လိုက်တဲ့ကျည်ဆံ ကြောင့် ဗိုက်ပေါက်ထွက်ပြီး သေဆုံးသွားခဲ့ရပါတယ်။
သူရဲ့အလောင်းကို ရဲတွေက သယ်ဆောင်သွားပြီး အလောင်းဘေးမှာလည်း လေးခွတစ်လက်ထားပေးသလို အလောင်းကို လည်း မိသားစုထံ တစ်ရက်လေးတောင်နေခွင့်မပေးဘဲ ချက်ခြင်းသဂြိုလ်ခိုင်းခဲ့ပါတယ်။
နွေဦးလေပြေနဲ့အတူ အဲ့ဒီနေ့ဟာ တမာရွက်တွေ ပိုကြွေသလိုပဲ မြိုင်လမ်းတစ်လျှောက် ရှေ့ပြေး စက်ဘီးအဖွဲ့နဲ့ ဆိုင်ကယ် အစီးရေ ၁,၀၀၀ ကျော်ပေါ်က မြို့သူမြို့သားတွေဟာ လက် သုံးချောင်းထောင်ပြီး တိတ်ဆိတ်ကြေကွဲစွာနဲ့ သူရဲကောင်း ကိုနေမျိုးဦးရဲ့ နာရေးကို လိုက်ပါပို့ဆောင်ကြပါတယ်။
ပြည်သူတွေဟာ တစုံတရာကို နုတ်ဆိတ်ထားသလိုမျိုး မျက်နှာတွေ နီမြန်းနေတဲ့အထိ အံကြိတ်ထားတဲ့ ဝမ်းနည်းကြေ ကွဲမှုက လူတိုင်းမျက်နှာပေါ်မှာ အထင်သားပေါ်လွင်နေပါတယ်။
ကိုနေလင်းဦး(ခ)ကိုနေမျိုးဦးဟာ ဇနီးသည် မငြိမ်းငြိမ်း၊ သား ၂ ယောက်နဲ့အတူ အေးအေးချမ်းချမ်း နေထိုင်ခဲ့ကြပါတယ်။ စစ်အာဏာသိမ်းလိုက်တဲ့အချိန်မှာတော့ ကိုနေမျိုးဦးဟာ သားတွေရဲ့ရှေ့ရေးအတွက် တွေးပူတာကြောင့် စစ်အာဏာရှင် ဆန့် ကျင်ရေး ဆန္ဒပြပွဲမှာပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သူ့အမျိုးသမီးဖြစ်တဲ့ မငြိမ်းငြိမ်းကလည်း အသက်အန္တရာယ်ထိခိုက်မှာစိုးရိမ်လို့ တားပေမယ့် ခင်ပွန်းသည်ရဲ့ စိတ်ဆန္ဒ ပြင်းပြလွန်းနေတာကြောင့် ခွင့်ပြုပေးခဲ့ပြီး အနားမှာလည်း အတူလိုက်ပါဆန္ဒပြခဲ့သူ ဖြစ်တယ်။
ကိုလွင်ဦးဟာ တော်လှန်ရေးလုပ်နေပေမယ့် သူ့လုပ်အားအပေါ်မှီခိုစားသောက်နေရတဲ့ မိသားစုအတွက်လည်း ဝတ္တရား မပျက် အလုပ်လုပ်ကျွေးနေခဲ့ပါသေးတယ်။
ဖေဖော်ဝါရီ ၂၈ ရက် ပြည်လုံးကျွတ်သပိတ်ကြီးစတင်တဲ့နေ့မှာတော့ ပခုက္ကူမြို့လယ်မှာ ဆန္ဒပြပြည်သူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ပြီး သေနတ်သံတွေက ကျယ်လောင်ပြင်းထန်နေတဲ့အချိန်မှာ မငြိမ်းငြိမ်းဟာ ခင်ပွန်းသည် ဘေးကင်းရေး အတွက် ဆုတောင်းနေခဲ့ပါတယ်။
ဒါပေမဲ့ သူရဲ့ဆုတောင်းမပြည့်ခဲ့ရှာပါဘူး။ သူခင်ပွန်းသည်သေဆုံးတဲ့ပုံတွေဟာ လူမူကွန်ရက်မှာ ပျံ့သွားတာကို တွေ့လိုက် ရတဲ့အခါမှာတော့ မငြိမ်းငြိမ်းဟာ ချုံးပွဲချငိုကြွေးလိုက်ပါတော့တယ်။
“ အလောင်းတွေ့တော့ ရင်ထဲကို မီးစတွေနဲ့ထိုးသလို ပူလောင်နေတာပဲ”လို့ သူ ခံစားခဲ့ရတာကို ပြန်ပြောပြပါတယ်။
ကိုနေမျိုးဦးကျဆုံးသွားတဲ့အတွက် မိသားစုစားဝတ်နေရေးခက်ခဲသွားမှာဖြစ်ပေမယ့် လာမယ့်ဘေးပြေးတွေ့ဖို့ အားခဲထား တယ်လို့ မငြိမ်းငြိမ်းက ဆိုပါတယ်။
“ သူ့အသက်အတွက်တော့ ကျွန်မတို့က စစ်အာဏာရှင်မပြုတ်မချင်းတိုက်သွားမှာပါ။ နောက်လာနောက်သားတွေ အဖိ အနှိပ်မခံရအောင် စစ်အုပ်ချုပ်မှုအောက်မှာ မနေရအောင် တိုက်ထုတ်သွားရမှာပါ”လို့ သူက ရဲရဲဝံ့ဝံ့ပြောပါတယ်။
အလားတူ နောက်ထပ်တယောက်ကတော့ ရန်ကုန်မြို့ကြီးရဲ့ လူအများဆုံးနေရာဖြစ်တဲ့ လှည်းတန်းမှာ စစ်တပ်နဲ့ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် နောက်စေ့ကနေ ထုတ်ချင်းပေါက် မျက်စိကျွတ်ကာ သေဆုံးသွားရတဲ့ ကျိုက်ထိုသားလေး မောင်ဇင်လင်း ထက်ပါ။
သေနတ်ထိမှန်သွားတဲ့အချိန်မှာ စစ်တပ်က သေနတ်နဲ့ လမ်းကျို့လမ်းကြားမကျန် လိုက်ပစ်နေတဲ့အတွက် မောင်ဇင် လင်းထက်အလောင်းကို လူငယ်လေးတွေက ဝိုင်းမပြီး နီးစပ်ရာအိမ်တွေထဲ ဝင်ပြေးကြပါတယ်။
နီးစပ်ရာအိမ်ထဲအရောက်မှာတော့ ဘယ်ဘက်မျက်လုံးတဖက်နဲ့အတူ အသက်ပါ မပါလာတော့ပါဘူး။ မောင်ဇင်လင်းထက် သတင်းကြားကြားခြင်း အဒေါ်ဖြစ်သူ ဒေါ်ဖြူဖြူထွေးဟာ ရန်ကုန်ဆေးရုံကြီးမှာ အလောင်းရှာမတွေ့တာကြောင့် တောင်ပြေး မြောက်ပြေးနဲ့ အရူးမီးဝိုင်းသလိုဖြစ်ခဲ့ရပြီး မဟုတ်ပါစေနဲ့လို့ သူရဲ့ဆုတောင်းလည်း မပြည့်ခဲ့ပြန်ပါဘူး။
“ရေခဲတိုက်ရောက်နေပြီ လာကြည့်ပါခေါ်ပြီး အလောင်းနံပါတ်ပြောတယ်။ မနက်ဖန်မှလာခဲ့ပါ။ ရင်မခွဲရသေးလို့ဆိုတော့ ကျမတို့မှာ အလောင်းပြန်မရမှာစိုးလို့ ရင်တမမနဲ့ အိမ်ပြန်ရတယ်”လို့ သူကရှင်းပြပါတယ်။
မောင်ဇင်လင်းထက်ဟာ ညီအကို ၃ ယောက်မှာ အငယ်ဆုံးဖြစ်ပြီး သူ့အောက်က ညီမအတွက် ကျောင်းထွက်ကာ မိသားစု ကိုလုပ်ကျွေးနေသူလည်း ဖြစ်ပါတယ်။ သူကျဆုံးမယ့်နေ့က မိဘတွေထံ ဖုန်းဆက်ကာ သူကို စိတ်ချဖို့အတွင်တွင်ပြောရင်း ဒီသတင်းဆိုးထွက်လာတာကြောင့် မိသားစုတွေမှာ ယူကျုံးမရဖြစ်ကြရတယ်။
သူဟာ လှည်းတန်းမှာ ဆန္ဒပြတဲ့အချိန်မှာသူ့နောက်ကလူတွေထိမှာစိုးလို့ ရှေ့က ဒိုင်းကာကာပေးရင်း အပစ်ခံခဲ့ရတာဖြစ် တဲ့အတွက် သူရဲ့သေဆုံးခြင်းက မိဘနဲ့နိုင်ငံအပေါ်မှာ တာဝန်ကျေခဲ့သူပါလို့ ဒေါ်ဖြူဖြူထွေးက ဂုဏ်ယူစကားပြောပါတယ်။
စစ်တပ်နဲ့ရဲတွေရဲ့ ရက်စက်မှုတွေကိုပြောမယ်ဆိုရင် ပြောလု့ိကုန်နိုင်ဖွယ်ရာမရှိပါဘူး။ လက်ရှိမှာလည်း ပစ်ခတ်တယ်။ လု ယက်တယ်။ ရိုက်နှက်တယ်။ ဖမ်းဆီးမှုအပြင် လူတွေကိုကြောက်လန့်အောင် နည်းမျိုးစုံနဲ့ ပြုလုပ်နေကြပါတယ်။
စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကစပြီး ပြည်သူတွေရဲ့ ဆန္ဒကို ဥပဒေတွေ၊ အမိန့်တွေထုတ်ကာ ပိတ်ပင်ခဲ့ပြီး နေ့ညဖမ်းဆီးမှုတွေ စလုပ်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီး ၉ ရက်မြောက်နေ့မှာတော့ ကျည်အစစ်ကိုသုံးကာ ပစ်ခတ်ဖြိုခွင်း ခဲ့တာကြောင့် နေပြည်တော်မှာ မမြသွဲ့သွဲ့ခိုင် သေဆုံးခဲ့ရပါတယ်။
အဲ့ဒီနောက်ပိုင်းကစပြီး စစ်တပ်ဟာ ဆန္ဒပြပြည်သူတွေကို လူစုခွဲတာဆိုတဲ့ အကြောင်းပြချက်နဲ့ မီးခိုးဗုံးသုံးတာ၊ အသံဗုံး တွေ၊ ရာဘာကျည်တွေ၊ ကျဉ်အစစ်တွေသုံးကာ မန္တလေး၊ မြစ်ကြီးနားမြို့တွေမှာ ပြင်းပြင်းထန်ထန် ပစ်ခတ်မှုကြောင့် လူအများအပြားသေဆုံးခဲ့ရပါတယ်။
ဒဏ်ရာရ ကျဆုံးသွားသူတွေဟာ ကိုယ်နဲ့ သွေးမတော် သားမစပ်ကြမယ့် တမြေထဲနေ၊ တရေထဲသောက်ကြသူတွေ အချင်းချင်း တယောက်ယောက် ထိခိုက်နာကျင်မှုကို မြင်ရတိုင်း ပြည်သူတွေဟာ မျက်ရည်ပေါက်ကြီးငယ် ကျရပါတယ်။
ကျဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေဖြစ်တဲ့ အမျိုးသမီးတွေဟာ ဆန္ဒပြပြည်သူတွေရဲ့သွေးတစက် မြေခတိုင်း နောက်တွန့် မှာမဟုတ်ဘဲ ဝမ်းနည်းမှုကနေ သူတို့အားအင်တွေဖြစ်လာတာကြောင့် ဒီတိုက်ပွဲဟာ အမျိုးသမီးတွေ အနိုင်ရမယ့်တိုက်ပွဲလို့ ကျဆုံးသွားသူတွေရဲ့ အမျိုးသမီးတွေက ယခုလိုကြုံးဝါးပါတယ်။
“ ပြည်သူမျက်ရည်တွေဟာ ဓါးသွားတွေလို အစွမ်းထက်လာမှာပါ”
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021