Home ဆောင်းပါး စစ်အာဏာရှင်ကို အံတုနေရင်း ကာယိန္ဒြေပျက်အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေ

စစ်အာဏာရှင်ကို အံတုနေရင်း ကာယိန္ဒြေပျက်အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေ

ပြီးခဲ့တဲ့ရက်ပိုင်းက ရဲတပ်ဖွဲ့ဝင်တွေက ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးကို လက်သီးနဲ့ထိုး၊တွန်းချရိုက်နှက်တဲ့ ပုံတစ်ပုံလူမှု ကွန်ရက် စာမျက်နှာတွေပေါ် ပျံ့နှံ့လာပါတယ်။

အဲ့ဒီပုံကို မြင်လိုက်ရတဲ့ပြည်သူတွေဟာ မခံမရပ်နိုင် ဖြစ်ခဲ့ကြသလို လူမဆန်ရက်စက်စွာပြုမှုခဲ့တဲ့ ရဲတပ်ဖွဲ့ကိုလည်း မုန်းတီး နာကျည်းစွာ မှတ်ချက်တွေပေးကြပါတယ်။

ဒီဖြစ်ရပ်မတိုင်ခင်ကလည်း ရဲနဲ့စစ်သားတွေဟာ အမျိုးသမီးတွေကို အကြမ်းဖက်ဖမ်းဆီးတာ ဆံပင်ဆွဲ ၊ ပါးချပြီး အချုပ် ကားပေါ်ဆွဲတင်တာ စသဖြင့် အမျိုးသမီးတွေရဲ့ ကာယိန္ဒြေပျက်ပြားအောင် လုပ်ဆောင်ခဲ့ကြပါတယ်။

ဒီဖြစ်ရပ်တွေဟာ ဖေဖော်ဝါရီ (၁)ရက် စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်အနှံ့ ကြုံတွေ့နေရတာပါ။ မြန်မာပြည်သူတွေ ဟာ စစ်အာဏာသိမ်းယူမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်လာခဲ့တာ တလနီးပါး ကြာလာတဲ့ အလျောက် ရဲ၊တပ်သားတွေက လက်နက်မဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ပြည်သူတွေကို နည်းမျိုးစုံ အကြမ်းဖက်ဖြိုခွင်းမှုတွေက တရက်ထက်တရက် ဆိုးရွားလာပါတယ်။ သေဆုံးတဲ့သူတွေ ဦးရေမြင့်တက်လာသလို ထိုထဲမှာ အမျိုးသမီးတွေလည်းအပါအဝင်ပါ။

စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ဆန္ဒထုတ်ဖော်ရာမှာ အမျိုးသမီးတွေဟာလည်း ရှေ့ထွက်ဦးဆောင်လာကြသလို ဆရာ မတွေဟာလည်း အနာဂတ်မျိုးဆက်တွေအတွက် မကြောက်မရွံ့ဘဲ လမ်းပေါ်ထွက်လာကြပါတယ်။

ရဲနဲ့ စစ်သားတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ အမျိုးသမီးတွေကို အကြမ်းဖက်မှု ၊ကာယိန္ဒြေထိပါးမှု၊ ကိုယ်ထိ လက်ရောက် ကျူးလွန်တာတွေဟာ အမျိုးသမီးတွေကို ကြောက်အောင်ခြောက်လိုက်တဲ့သဘောမျိုးဖြစ်ကြောင်းလည်း စစ်အာဏာရှင်ကို တွန်းလှန်တော်လှန်နေတဲ့ အမျိုးသမီးတွေက ပြောပါတယ်။

“ ကျွန်မအထင်ဆိုရင် ကျမတို့လို ဆရာမကို သူတို့ကရိုက်တယ်၊ ဆွဲတယ်၊ ရမ်းတယ်ဆိုတာ အကြောင်းရှိလိုက်မယ်။ ဆရာ မတွေကိုတောင်လုပ်ရဲတယ်။ ကျန်သူတွေလည်း အေးဆေးပဲဆိုတဲ့သဘောမျိုးပေါ့။ နောက်မလုပ်ရဲအောင် ခြိမ်းခြောက် လိုက်တဲ့သဘောလည်း ဖြစ်နိုင်တယ်” မြစ်ကြီးနားကျောင်းပညာရေး ဝန်ထမ်းသပိတ်စစ်ကြောင်းတွင်ပါဝင်တဲ့ ဆရာမ ခေါင်နန်း (အမည်လွှဲ)က ပြောပါတယ်။

သူဆိုရင် ဖေဖော်ဝါရီ ၂၃ရက် ညနေပိုင်းက ငြိမ်းချမ်းစွာ ဆိုင်ကယ်ဖြင့် ဆန္ဒထုတ်ဖော်နေစဉ် ရဲတပ်ဖွဲ့ဝင်တွေရဲ့ လေးဂွ လက်ချက်ကြောင့် နဖူးကွဲခဲ့ရတဲ့ ကျောင်းဆရာမတဦးလည်းဖြစ်ပါတယ်။

ဘားအံတွင် ရဲမေများမှ အမျိုးသမီးတစ်ဦးကို အကြမ်းဖက် ဖမ်းဆီးစဉ်

“ ကျွန်မရဲလေးဂွစာမိခဲ့တယ်။ နဖူးကွဲသွားတယ်။ ကျွန်မတို့မြစ်ကြီးနားမှာ ဆရာမတွေ အမျိုးသမီးတွေကိုဦးတည်ပြီး အကြမ်းဖက်နေတယ်” လို့ ဆရာမခေါင်နန်းက ဆိုပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့လူအုပ်ကြားမှာ အမျိုးသမီးတွေကို ဦးတည်ပြီးဖမ်းဆီးနေသလားလို့ ထင်ရကြောင်း စစ်အာ ဏာရှင်ကိုဆန့်ကျင်ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်တဲ့ အမျိုးသမီးတွေက ပြောပါတယ်။

“ အမျိုးသမီးတွေက ပြေးတာလွှားတာနှေးတယ်။ နောက်ပြီး အေးဆေးအဖမ်းခံတာတောင် သူတို့ကတုတ်တွေရှိတယ်” လို့ မြစ်ကြီးနား သပိတ်စစ်ကြောင်းတွင်ပါဝင်တဲ့ မအားရွယ်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် မနက် ၈နာရီခွဲဝန်းကျင်က မြစ်ကြီးနား ဆရာအတတ်သင်ကျောင်းရှေ့မှာ စစ်အာဏာရှင်ကို ဆန္ဒ ထုတ်ဖော်ဖို့ လူစုနေတဲ့ ကျောင်းဆရာမတွေကို ရဲတပ်ဖွဲ့အုပ်စုက ဝင်ရောက်ရိုက်နှက်တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ရင်ဖုံးအင်္ကျီအဖြူ၊ ထမီအစိမ်း ကျောင်းဆရာမဝတ်စုံအပြည့်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရန် စုဝေးနေချိန် ရဲနဲ့စစ်သားတွေ က ဆရာမတွေကို လာရောက်ရိုက်ပြီး ဆရာမနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

“ အဲ့နေ့က ဆရာမနှစ်ဦးနဲ့မိန်းကလေးတဦးဖမ်းခံရတယ်။ အဖမ်းခံနေတာတောင် ရဲတွေကရိုက်သေးတယ်။ ဆရာမ တစ် ယောက်ဆိုရင် လက်ကျိုးသွားတဲ့အဆင့်ပဲ” လို့ ထိုရိုက်နှက်မှုကို မျက်မြင်ခဲ့ရတဲ့ မအားရွယ်က ပြောပြပါတယ်။

ရဲ၊စစ်သားတွေဟာ လက်နက်မရှိတဲ့ အမျိုးသမီးတွေအပေါ် မလေးစားရာရောက်သလို အကြမ်းဖက်ဖမ်းဆီးမှု ပြုလုပ် နေတာ အလွန်ပင်ရုပ်ဆိုးအကျည်းတန်ကြောင်းလည်း ဆရာမခေါင်နန်းက ပြောပါတယ်။

ရန်ကုန်မှာ ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်ခဲ့တဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတဦးကလည်း “ စစ်တပ်က အမျိုးသမီး တွေကို ဖမ်းတာ တော်တော်ဆိုးရွားတယ်။ ရဲယောက်ျားသုံးယောက်က အမျိုးသမီးကို ဒရွတ်တိုက်ဆွဲခေါ်သွားတယ်။ ကာယိနြေ္̔ဒထိပါးတယ်။ ကိုယ်ထိလက်ရောက်လုပ်တယ်” လို့ ပြောပါတယ်။

တချို့အမျိုးသမီးတွေဟာ ကိုယ်ထိလက်ရောက်ဖြစ်ပွားတဲ့အထိရှိသလို တချို့တွေဟာ အဝတ်အစား စုတ်ပြဲသွားတဲ့အထိ ဆွဲရမ်းတာတွေရှိကြောင်းလည်း ၎င်းအမျိုးသမီးက ပြောပြပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့အမျိုးသမီးသပိတ်လမ်းကြောင်းကို ဖြိုခွင်းမှုတွေ ပြုလုပ်ကာ အမျိုးသမီးတွေကို ဆွဲရမ်း ရိုက် နှက်တာ၊ ကာယိန္ဒြေထိပါးတာတွေ ပြုလုပ်တာဟာ အလွန်အရုပ်ဆိုးအကျည်းတန်တဲ့ကိစ္စရပ်ဖြစ်ပြီး အကြမ်းဖက်မှုတွေ ကိုကန့်ကွက်ရှုံ့ချကြောင်း အမျိုးသမီးအရေးဆောင်ရွက်သူတွေကပြောဆိုပါတယ်။

“ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြတဲ့ပါဝင်တဲ့အမျိုးသမီးတွေကို ဖမ်းဆီးတဲ့အခါမှာ ကာယိန္ဒြေထိပါးအောင်လုပ်တာတွေ အမျိုးသမီး ရဲမေကိုအသုံးမပြုဘဲ လူမြင်ကွင်းမှာ တရွတ်တိုက်ဆွဲဖမ်းဆီးတာတွေတွေ့ရတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ကျွန်မ တို့ အမျိုးသမီးတွေ ဆောင်ရွက်သူအနေနဲ့ ပြင်းပြင်းထန်ကန့်ကွက်တယ်” လို့ ကျား၊မရေးရာ တန်းတူညီမျှရေး (GEN)မှ ဒါရိုက်တာ မမေစံပယ်ဖြူက ပြောပါတယ်။

မွန်ပြည်နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ဆရာမများပူးပေါင်း ပါဝင်စဉ်

ရဲ၊စစ်တပ်တွေဟာ တရားဥပဒေစိုးမိုးမှုနဲ့ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသူတွေဖြစ်ကြပေမယ့် ယခုလို အကြမ်းဖက် ဖြိုခွင်းမှုတွေပြုလုပ်နေကြတာဟာ နိုင်ငံတကာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကို ကျင့်ဝတ်တွေ ကို ဖီဆန်တာဖြစ်တယ်လို့ မမေစံပယ်ဖြူက မှတ်ချက်ပြုပါတယ်။

“ ရဲတွေ တပ်သားတွေဟာ စည်းမျဉ်းစည်းကမ်းတွေကို အသုံးမပြု မလိုက်နာဘဲနဲ့ အခုလိုမျိုး ပြုလုပ်နေတဲ့ အကြမ်းဖက် မှုအားလုံးကို ကျွန်မတို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေအနေနဲ့ ပြင်းပြင်းထန်ကန့်ကွက်ဆန့်ကျင်ပါတယ်” လို့ မမေ စံပယ်ဖြူက ပြောပါတယ်။

လက်ရှိ အမျိုးသမီးတွေကို အကြမ်းဖက် ဖြိုခွင်းခြင်း၊ ကာယိန္ဒြေထိပါးခြင်း၊ ပစ်သတ်ခြင်း ကိစ္စတွေကိုလည်း နိုင်ငံတကာကို တင်ပြသွားမှာဖြစ်ပြီး အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီထံ အိတ်ဖွင့်ပေးစာပေးခဲ့ကြောင်းလည်း မမေစံပယ်ဖြူကဆိုပါတယ်။

စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတဲ့ အမျိုးသမီးတွေကို လက်ရှိ ရဲ၊စစ်တပ်က အကြမ်းဖက်မှုတွေကို ရပ်တန့်ရန် နိုင်ငံတကာအဖွဲ့က စစ်အာဏာသိမ်း တပ်ကို ဖိအားပေးရန်လည်း ဆက်လက်တောင်းဆိုသွားမှာ ဖြစ်ကြောင်း အမျိုးသမီး အရေးဆောင်ရွက်သူတွေက ပြောပါတယ်။

လက်ရှိ ရဲတပ်ဖွဲ့ဟာ အမျိုးသမီးဆန္ဒထုတ်ဖော်သူတွေကို ဦးတည်ပြီးဖမ်းဆီးရိုက်နှက်ခြင်းဟာ အကြောင်းရှိနိုင်ကြောင်း၊ အမျိုးသမီးတွေ နောက်ထပ်မံဆန္ဒမပြရဲအောင်ဖမ်းဆီးလိုက်ခြင်းလည်း ဖြစ်နိုင်ကြောင်း ဖမ်းဆီးခံရတဲ့ ဆရာမခေါင်နန်းက ပြောပါတယ်။

ဒါပေမယ့် သူတို့အမျိုးသမီးတွေဟာ နောက်ဆုတ်သွားမှာ မဟုတ်ဘဲ ယခုအချိန်ကတည်းမှ စစ်အာဏာရှင်ကို အမြစ်ပြတ် အောင် မတိုက်ထုတ်နိုင်ခဲ့ရင် လွန်ခဲ့သော ၁၀နှစ်ကျော်က စစ်အာဏာရှင် ဘဝ ကို ပြန်ရောက်သွားနိုင်ကြောင်းနဲ့ ထိုဘဝကို ပြန်မရောက်လိုတာကြောင့် ဆက်လက်တော်လှန်သွားမယ်လို့လည်း ဆရာမက ဆိုပါတယ်။

“ ကျွန်မတို့ စစ်လက်အောက်ပြန်ရောက်မှာကြောက်တယ်။ ကျမတို့ငယ်ဘဝတုန်းက နေခဲ့တယ်။ စစ်လက်အောက်က ဘယ်လောက်ဆိုးရွားလည်းဆိုတာကြုံဖူးသူတိုင်းသိတယ်” လို့ ဆရာမခေါင်နန်းက ပြောပါတယ်။

ဒါ့ကြောင့် သူ့အနေနဲ့ လေးဂွနဲ့ပစ်ခံထားရတဲ့ ဒဏ်ရာရထားပေမယ့် အဲ့ဒီလိုဒဏ်ရာတွေထက် စစ်ဖိနပ်ဒဏ်ရာထပ်ရမှာကို ပိုကြောက်တာကြောင့် “ အရေးတော်ပုံမအောင်သရွေ့ ဆက်လက်ပြီးတော်လှန်သွားမယ် ” လို့ သူကဆိုလိုက်ပါတယ်။

Related Articles