Home ဆောင်းပါး ကပ်ဘေးနှစ်ခုကို အံတုရုန်းကန်နေကြရတဲ့ အိမ်ထောင်ရှင်မတွေ

ကပ်ဘေးနှစ်ခုကို အံတုရုန်းကန်နေကြရတဲ့ အိမ်ထောင်ရှင်မတွေ

ရှင်ငြိမ်း။ ။

သူတို့ရဲ့ ထမင်းရှင်ဆိုလည်းဟုတ် မိသားစုဝင်လိုလည်း ဖြစ်နေတဲ့ ပစ္စည်းတစ်ခုကို ရောင်းထုတ်ရတော့မှာမို့ ဒေါ်ဝင်းရီ တစ် ယောက် နှမြောတသလို့ မဆုံးဖြစ်နေတယ်။

“ ကိုယ်မိသားစုဝင်လိုဖြစ်နေတော့လည်း ဘယ်ရောင်းချင်ပါ့မလဲ။ ဒါမယ့် ငါ့ဝမ်းပူဆာမနေသာတော့ ရောင်းထုတ်ရတော့မှာ ပေါ့။ သူမရှိတာ ကျမတို့ခြေလက်တွေရိုက်ချိုးခံရသလိုပါပဲ” လို့ ပြောရင်း ဒေါ်ဝင်းရီက ဧရာဝတီကမ်းနံဘေးမှာရပ်ထားတဲ့ သူရဲ့ စက်လှေကို နှမြောတသစွာနဲ့ ငေးကြည့်နေပါတယ်။

အသက် ၄၂ နှစ်အရွယ် ဒေါ်ဝင်းရီနဲ့ သူရဲ့အမျိုးသား ကိုဇော်ဝင်းတို့ဟာ နှစ်ဖက်မိဘတွေက အမွေပေးခဲ့တဲ့ စက်လှေလေး တစ်စီးကို အရင်းပြုပြီး မန္တလေးနဲ့မင်းကွန်းကို ဘုရားဖူးခရီးသည်တင်ပြေးဆွဲကာ အသက်မွေးဝမ်းကျောင်းပြုသူတွေ ဖြစ် တယ်။

ကိုဗစ်ကို တစ်နှစ်နီးပါး တောင့်ခံနေရတဲ့အချိန်မှာ စစ်အာဏာထသိမ်းလိုက်တော့ အလုပ်မရှိတဲ့ကြားက ဝမ်းရေးနဲ့ ကြွေးပူ အတွက် နောက်ဆုံးလက်ကျန်ဖြစ်တဲ့ စက်လှေလေးကို ရောင်းဖို့ ဒေါ်ဝင်းရီဆုံးဖြတ်လိုက်တာပါ။

မင်းကွန်းဒေသဟာ ပြည်တွင်းခရီးသွားတွေသာမက ကမ္ဘာလှည့်ခရီးသွားတွေပါ အများဆုံးသွားရောက်တဲ့ ဒေသဖြစ်တာ ကြောင့် နိုင်ငံခြားဝင်ငွေရှာပေးနေတဲ့ ဒေသတစ်ခုဆိုလည်း မမှားဘူး။

မန္တလေးမြို့ကနေ ရေလမ်းကနေဆို ၁၀ ကီလိုမီတာ (ခြောက်မိုင်ခန့်) လောက်သာကွာဝေးတဲ့ မင်းကွန်းဆိုတဲ့ မြို့လေးကို စစ်ကိုင်းကတဆင့် ကားနဲ့သွားလို့ရသလို မန္တလေးကနေ တိုက်ရိုက်စက်လှေနဲ့လည်း သွားလို့ရတာမို့ အများအားဖြင့်က စက်လှေနဲ့သာ သွားကြတဲ့အတွက် ဒေါ်ဝင်းရီတို့လို စက်လှေသမားတွေအနေနဲ့ ဝင်ငွေကောင်းခဲ့ပါတယ်။

အဲ့လိုလုပ်ငန်းကောင်းနေစဉ်မှာပဲ တရုတ်နိုင်ငံကနေ ကူးစက်ပြန့်ပွားလာတဲ့ ကိုဗစ်ရောဂါဟာ မြန်မာနိုင်ငံကို ဝင်လာတော့ ရောဂါထိန်းချုပ်နိုင်ဖို့ အစိုးရက ဘုရားဖူးတွေ၊ ပျော်ပွဲရွင်ပွဲတွေနဲ့ ခရီးသွားလာခွင့်တွေကို ကန့်သတ်ပိတ်ပင်လိုက်ပါတယ်။

ပြည်သူတွေဟာ ကိုဗစ်ရိုက်ခတ်မှုကြောင့် တစ်နှစ်နီးပါး အလုပ်မရှိ၊ ဝင်ငွေမရှိနဲ့ ဆင်းရဲကျပ်တည်းနေချိန်မှာ စစ်တပ်က အာ ဏာသိမ်းလိုက်တော့ လုပ်ငန်းတွေအားလုံးရပ်ဆိုင်းသွားရကာ အလုပ်လက်မဲ့တွေဖြစ်ပြီး စားဝတ်နေရေးတွေ ကျပ်တည်း ကုန်တာဖြစ်တယ်။

ဒီလိုကြားထဲမှာ အလုပ်ထွက်ရှာကြတဲ့ အမျိုးသားတွေကို စစ်တပ်က အကြောင်းမရှိ အကြောင်းရှာ ဖမ်းဆီးနှိပ်စက်နေတဲ့ အတွက် အိမ်ထောင်ရှင်မတွေက မိသားစုကိုကာကွယ်ရင်း စားဝတ်နေရေးအတွက် ဦးဆောင်ရုန်းကန်ကြရတယ်။ ဒီထဲမှာ ဒေါ်ဝင်းရီတယောက်လည်း အပါအဝင်ဖြစ်တယ်။

“ ကျမယောက်ျားဆို ရှေ့လက စစ်ကားနဲ့လိုက်တိုက်ခံရတယ်။ ဘေးအိမ်က လူကိုလည်းအလုပ်အပြန်မှာ ဖမ်းသွားတာ နှစ် ရက်လောက်နေမှ ပြန်လွှတ်တယ်။ ဒါကြောင့်ထင်တယ်။ တချို့အလုပ်တွေဆို ယောက်ျားတွေကို အလုပ်မပေးဘူးတဲ့”လို့ ဒေါ်ဝင်းရီက ရှင်းပြပါတယ်။

မင်းကွန်းဘက်သွားလာခွင့်ကို ၂၀၂၀ မတ်လ ၁၁ ရက်ကတည်းက တရားဝင်ပိတ်လိုက်ပြီး မင်းကွန်းဘက်ကလည်း ဘယ် စက်လှေမှ ပေးမဝင်သလို စစ်တပ်ကလည်း လုံခြုံရေးအကြောင်းပြချက်နဲ့ ရေကြောင်းတွေပါ ထိန်းချုပ်ထားတာကြောင့် သွားဖို့မလွယ်ပါဘူး။

မင်းကွန်းဘက်က လူတွေကလည်း အရေးပေါ်ကိစ္စရှိမှသာ စစ်ကိုင်းတံတားကနေ ကားနဲ့ဖြတ်သန်းသွားလာခွင့်ရပါတယ်။
အဲဒီလို ပိတ်လိုက်တော့ ခရီးသွားဧည့်သည်တွေကိုမှီခိုစားသောက်နေရတဲ့ ဒေါ်ဝင်းရီတို့လို စက်လှေသမားတွေအနေနဲ့ ဝင်ငွေမရှိတော့တဲ့အတွက် မရှိ၊ ရှိတာတွေ ထုတ်ရောင်းလာလိုက်တာ စက်လှေလေးစီးနဲ့ စုဆောင်းထားငွေတွေ ကုန်သ လောက် ဖြစ်သွားရတယ်။

ကိုဗစ်ဒုတိယလှိုင်းအပြီးမှာ လုပ်ငန်းတွေပြန်ကောင်းလာမယ်အထင်နဲ့ စက်လှေဝယ်လိုက်မိလို့ တင်သွားတဲ့ ကြွေးပူကို လည်း ဆပ်နေရသလို ဝမ်းရေးအတွက်လည်း ဒေါ်ဝင်းရီဟာ အလုပ်ရွေးမနေတော့ဘဲ မြေပဲချွေ၊ မီးသွေးရွေး၊ ဝါးယက်စတဲ့ ကြုံရာကျပန်း လိုက်လုပ်ရင်း ရုန်းကန်နေရပါတယ်။

ဒီကြားထဲ ကိုဗစ်တတိယလှိုင်းက ထပ်မံဝင်ရောက်လာပြီး အခြေခံစားသောက်ကုန်တွေနဲ့ ဆေးဝါးတွေဟာ ဈေးအဆမတန် မြင့်တက်သွားသလို ကိုဗစ်ကန့်သတ်ချက်တွေကြောင့်မို့လည်း အလုပ်အကိုင်တွေထပ်မံဆုံးရှုံးရပြန်ပါတယ်။

ယခင်ကဆို စက်လှေတစ်ခေါက်ဆွဲရင် စင်လုံးဌားမယ်ဆို သုံးသောင်းခွဲကနေ လေးသောင်းအထိရှိပြီး တနေ့ကို နှစ်ကြိမ် သာပြေးဆွဲပြီး အလုပ်သမားမလိုတဲ့အလုပ်မို့ မိသားစုဝင်တွေနဲ့သာ လုပ်ကြတဲ့အတွက် စုဆောင်းမိတာများပါတယ်။

ဧည့်များတဲ့ကာလတွေဖြစ်တဲ့ တန်ခူး၊ ကဆုန်လတွေမှာဆိုရင် ဧည့်သည်တွေက အပိုမုန့်ဖိုးပေးတဲ့ ငွေကျပ်တစ်ထောင်၊ နှစ် ထောင်ဟာ သူတို့အတွက် ကလေးမုန့်ဖိုးသာသာဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ငွေတစ်ထောင်ကျပ်ရှာဖို့ပင် မလွယ်ဘူး လို့ ဒေါ်ဝင်းရီက ဆိုပါတယ်။

ဒေါ်ဝင်းရီတို့လို စက်လှေတွေနဲ့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်တွေကိုမှီခိုစားသောက်နေရတဲ့ တနင်္သာရီတိုင်း၊ ထားဝယ် မြို့မှာလည်း အလားတူ အခက်အခဲတွေမျိုးကြုံတွေ့နေရသူကတော့ မစုစုဝင်းပါ။

စစ်အာဏာသိမ်းလိုက်တာကို လက်မခံဘဲ ဆန့်ကျင်ဆန္ဒပြနေသူတွေကို စစ်တပ်ကလိုက်လံဖမ်းဆီးနေတာကြောင့် မစုစု ဝင်းရဲ့အမျိုးသားဟာ ကိုယ်ဝန်သည်ဇနီးသည်ကို ပစ်ကာထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မစုစုဝင်းမှာ အသက်ကြီးရွယ်အို မိဘနှစ်ယောက်နဲ့ ကျန်နေခဲ့တာမို့ ရှာဖွေကျွေးမွေးဖို့ တာဝန်က သူ့ပုခုံးပေါ်ရောက်လာ တော့ အိမ်ကစက်လှေအရင်းပြုပြီး အိမ်နားတံငါသည်နဲ့အတူ ငါးဖမ်းလိုက်ကာ ရှာဖွေကျွေးမွေးနေသူဖြစ်ပါတယ်။

“ အရင်က စက်လှေသမား၊ အခုတော့ငါးဖမ်းသမားဖြစ်နေပြီ။ အရင်ကိုဗစ်တုန်းက ဒီလောက်မခက်ခဲဘူး။ အခုကလုပ်စရာ အလုပ်ကို မရှိတာ။ ဘယ်ဝင်ငွေနဲ့စားမလဲ။ ဒီလောက်ကြာတော့ ရှိတာတွေလည်း စားလို့ကုန်ပြီလေ။ အကြွေးမတင်ရင် တောင်ကံကောင်းတယ်မှတ်”လို့ မစုစုဝင်းက ပြောပါတယ်။

ယခင်အလုပ်ကောင်းစဉ်က သူတို့လင်မယားနှစ်ယောက်ဟာ စက်လှေနဲ့ ဘုရားတွေ၊ ကျွန်းတွေဆီသွားတာ စင်လုံးဌား တစ်ခေါက်ကို ပြည်တွင်းခရီးသွားဆိုရင် သုံးသောင်းယူပြီး နိုင်ငံခြားသားဆိုရင် တစ်ယောက် ငါးထောင်ကျပ်နဲ့ လူအရေ အတွက်နဲ့ ယူပါတယ်။

Photo: Lae Lae

သူတို့အလုပ်ဟာ ပြည်တွင်းခရီးသွားတော့ သိပ်အားကိုးလို့မရပေမယ့် နိုင်ငံခြားသားအဝင်များတဲ့ အောက်တိုဘာကနေ ဖေဖော်ဝါရီလောက်အထိကတော့ လက်ဖျားငွေသီးတဲ့လလို့ ပြောလို့ရပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ လက်ရှိမှာတော့ တစ်နေ့စားဖို့ သူတို့အနေနဲ့ အနိုင်နိုင်ရှာဖွေနေရပါတယ်။ အကြောင်းက ကိုဗစ်ကပ်ရောဂါကူးစက်နှုန်းက မြန်ဆန်လာသလို စစ်တပ်ရဲ့ကန့်သတ်ထိန်းချုပ်မှုတွေကြောင့် ဘယ်သူမှ မသွားရဲ မလာရဲဖြစ်ကြရလို့ပါ။

ယခင်ကိုဗစ်ကာလတုန်းက NLDအစိုးရလက်ထက်တုန်းက လှေသမားတွေက ရပ်ကွက်တွေထဲအထိ ဆင်းကာ ငါးတွေ၊ ဆန်တွေ၊ ကြက်ဥတွေနဲ့ ငွေကြေးတွေပါရတော့ ဝမ်းရေးအတွက် မခက်ခဲတော့ဘဲ ပူပန်ရတာ နည်းသွားပါတယ်။

ဒါ့အပြင် မိုးတွင်းကာလမို့ ငါးဖမ်းခွင့်ပိတ်ထားတဲ့အတွက် မစုစုဝင်းအနေနဲ့ စားဖို့အတွက် ခေါင်းမီးတောက်နေပါတယ်။ အဲ့ဒီ အချိန်မှာ အဆိုးထဲက အကောင်းဆိုမလားပဲ ဘာယူယူ ငွေတစ်ရာကျပ်နဲ့ ဆန်၊ ဆီ၊ ဆားနဲ့ ကြက်ဥတွေရောင်းပေးကြတဲ့ အလှူရှင်တွေပေါ်လာလို့ ဝမ်းသာခဲ့ကြတယ်။

“ ဆန်ကကုန်နေပြီ လက်ထဲမှာလည်း ပိုက်ဆံက တစ်သောင်းတန်လေးတစ်ရွက်ပဲရှိတော့တယ်။ ညကတည်းက စဉ်းစားနေ တာ အိပ်လို့တောင်မပျော်ဘူး။ မနက်ရောက်တော့ တစ်ရာနဲ့ရောင်းပေးမယ်ဆိုတော့ ပျော်တာလေ တကယ်ရှစ်ခိုးချင် အောင် ကျေးဇူးတင်တာပါ”လို့ မစုစုဝင်းက ဝမ်းသာအားရပြောပြပါတယ်။

မစုစုဝင်းအနေနဲ့ လတ်တလော စားဖို့အတွက် စိတ်အေးရပေမယ့် ကိုဗစ်တတိယလှိုင်းကလည်း အဝင်ကြမ်းနေသေးတာ ကြောင့် အရေးပေါ်ကျန်းမာရေးပြဿနာဖြစ်မှာကိုလည်း စိုးရိမ်သောကရောက်နေပုံရပါတယ်။

ဒီလိုပြဿနာတွေကို သူတို့တွေပဲကြုံနေရတာမဟုတ်ပါဘူး။ မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ ခရီးသွားလုပ်ငန်းကို မှီခိုစားသောက် နေရတဲ့ လုပ်ငန်းရှင်ကြီးတွေကအစ အောက်ခြေပျံကျအလုပ်သမားတွေအထိ စီးပွားရေးပျက်ကပ်နဲ့ကြုံကြရတယ်။

အမည်မဖော်လိုတဲ့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ယောက်ကတော့“ ပြည်သူတွေနဲ့ နိုင်ငံ တကာကပါ စစ်တပ်ကို လက်မခံတော့ ခရီးသွားလုပ်ငန်း ပြန်စမယ်ဆိုရင်တောင်မှ အရင်လိုတော့ ပြန်မဖြစ်ဖို့များတယ်” လို့ သုံးသပ်ပြောဆိုပါတယ်။

ကိုဗစ်ရောဂါရဲ့ရိုက်ခတ်မှုနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဖိနှိပ်ကန့်သတ်မှုတွေကြောင့် ခရီးသွားလုပ်ငန်းရပ်ဆိုင်းသွားရလို့ ဒေသခံအလုပ်သမားတွေအနေနဲ့ ထိခိုက်ခံစားကြရတဲ့အထဲမှာ အင်းလေးကန်က စက်လှေသမားတွေပေါ်လည်း များစွာ သက်ရောက်ခဲ့ပါတယ်။

အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ အင်းလေးဒေသခံ မယုလှိုင်က“ပထမကိုဗစ်လှိုင်းကတည်းက ပိတ်သွားလိုက်တာ အခုထိလို့ပဲ ပြောရမလား။ မတ်လလောက်ကတော့ ခဏဖွင့်ပေမယ့် ဘယ်ဧည့်သည်မှာ မရှိတော့ စားဖို့မရှိတာကြာပြီ”လို့ ပြောပါတယ်။

အင်းလေးမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးကို ယနေ့ထိဆောင်ရွက်နေတာတွေကြောင့် ဒေသခံအမျိုးသားတွေအနေနဲ့ အလုပ်ထွက်လုပ်ကြရမှာ အခက်အခဲတွေ့နေကြရပါတယ်။ တခါတရံလမ်းမှာ စစ်ဆေးမှုကြာတာတွေကြောင့် အလုပ် နောက်ကျလို့ အလုပ်ပြုတ်သွားတာလည်း ကြုံကြရတယ်။

ဒီလိုအခက်အခဲတွေကြောင့် မိသားစုအတွက် တဖက်တလမ်းက ဝင်ငွေရဖို့ အိမ်ထောင်ရှင်မတွေ အပြင်ထွက် အလုပ်သူ တွေရှိသလို တချို့လည်းယောက်ျားသားတွေနဲ့ အလုပ်အတူလုပ်ကြတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေလည်း ရှိပါတယ်။

“ အခုဘုရားကပိတ်ထားတော့ မြစ်တစ်ဖက်ကမ်းကိုကူးပြီး ပန်းရံတို့၊ လမ်းခင်းတို့၊ သစ်ဆွဲတာတို့ ယောက်ျားနဲ့အတူ လိုက် လုပ်တာပေါ့။ အဲဒီအလုပ်မရှိရင်တော့ ကျွန်းမျောစိုက်ခင်းတွေမှာ ခြံအလုပ်လေး လုပ်နေရတော့ စားဖို့ရနေသေးတာပေါ့။ ခက်ခဲလားဆိုရင် ငတ်တလှည့် ပြတ်တလှည်ပါပဲ”လို့ မယုလှိုင်က ရှင်းပြပါတယ်။

ယခင်ကတော့ ညောင်ရွှေဂိတ်ကနေ ဖောင်တော်ဦး၊ နန်းပန်နဲ့ ငါးဖယ်ချောင်းတွေပို့ပေးရရင် တစ်ခေါက်ကို ငွေကျပ်တစ် သောင်းရှစ်ထောင်၊ နှစ်သောင်းလောက်ရကြတဲ့အတွက် အေးအေးချမ်းချမ်းနဲ့စားသောက်နေထိုင်နိုင်ခဲ့ကြတယ်။ စစ်အာ ဏာသိမ်းပြီးမှ သူတို့ဘဝတွေလည်း အခုလိုပျက်စီးယိုယွင်းကုန်တာ ဖြစ်ပါတယ်။

မယုလှိုင်၊ မစုစုဝင်းနဲ့ ဒေါ်ဝင်းရီတို့လို လက်လုပ်လက်စားသမားတွေအနေနဲ့ ထုတ်ရောင်းစားဖို့ အခြေအနေရှိသေးတာ ကြောင့် သိပ်မဆိုးလှဘူးလို့ပြောရမှာပါ။ ရန်ကုန် အပါအဝင် နိုင်ငံတဝန်းမှာ သူတို့ထက်အခြေအနေများစွာဆိုးဝါးပြီး ငတ် မွတ်မှုဒဏ်ကို ခံနေရတဲ့ ပျံကျအလုပ်သမားတွေလည်း အမြောက်အများရှိနေနိုင်ပါသေးတယ်။

လက်ရှိစက်လှေသမားတွေရဲ့အခက်အခဲမျိုးကို တစ်နိုင်ငံလုံးက ပြည်သူတွေလည်း အနည်းနဲ့အများ ခံစားကြတယ်ဆို ပေမယ့် လက်လုပ်လက်စားသမားတွေနဲ့ ပျံကျနေ့စားအလုပ်သမားတွေအတွက်ကတော့ ကုန်းကောက်စရာမရှိအောင် ငတ်မွတ်ဆင်းရဲခြင်းနဲ့ ကြုံနေကြရတာကို ကြားနေ မြင်နေကြရပါတယ်။

အခုလိုအခြေခံလက်လုပ်လက်စားသမားတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို ဖြေရှင်းပေးရမယ့် တာဝန်က အာဏာသိမ်းထားတဲ့ စစ်ကောင်စီအပေါ်မှာသာ လုံးလုံးလျားလျား တာဝန်ရှိနေပါတယ်။

သို့ပေမယ့် စစ်တပ်ကလည်း နိုင်ငံတော်အာဏာကို သိမ်းယူထားတာ ခြောက်လကျော်လာသည့်တိုင်အောင် သူတို့ရဲ့အုပ် ချုပ်ရေးယန္တရားက အခုထိ မလည်ပတ်နိုင်သေးပါဘူး။ ဒါ့အပြင်လက်ရှိပြည်သူတွေခံစားနေရတဲ့ ကိုဗစ်တတိယလှိုင်းကို တောင် စနစ်တကျမကိုင်တွယ်နိုင်ဘဲ ထိန်းချုပ်နိုင်ပါပြီလို့ သူတို့ချုပ်ကိုင်ထားတဲ့ သတင်းဌာနတွေကနေ ပြောဆိုနေဆဲပါ။

အဆိုးဆုံးကတော့ အခုလိုခက်ခဲနေတဲ့ လက်လုပ်လက်စားသမားတွေကို မကူပေးတဲ့အပြင် ကူညီပေးသူတွေကို ဖမ်းဆီး တာ၊ အရေးယူတာတွေ ပြုလုပ်နေပါတယ်။

နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုဟာ နိုင်ငံရဲ့ပုံရိပ်အပေါ်မှာ များစွာမူတည်တာဖြစ်တဲ့အတွက် အာဏာသိမ်းစစ်အစိုးရရဲ့ လုပ်ရပ်ဟာ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုကို အဟန့်အတားဖြစ်လို့နေပါတယ်။

ဘုရားဖူးဧည့်သည်မျှော်ပြီး အလုပ်လုပ်နေရတဲ့ ဒေါ်ဝင်းရီတို့လို လက်လုပ်လက်စားသမားတွေအနေနဲ့ လတ်တလော အ ခက်အခဲတွေကို ရှိတာနဲ့ ဖြေရှင်းလို့ရနေသေးပေမယ့် ဒီထက်များအခြေအနေဆိုးလာခဲ့ရင် ဘယ်လိုရပ်တည်ကြမလဲဆိုတဲ့ အဖြေတော့ သူတို့မှာမရှိသေးပါဘူး။

ဒေါ်ဝင်းရီအနေနဲ့တော့ လာမယ့်ဘေး ပြေးတွေ့မယ်ဆိုပေမယ့် စိုးရိမ်ကြောင့်ကြမှုလည်း ရှိနေကြောင်းကို ယခုလိုဆိုတယ်။

“ အရင်က ကြားဖူးတာရှိတယ်။ သူ့ကလေးတွေငတ်လာလို့ ကိုယ့်အသားကိုယ်လှီးကျွေးတယ်ဆိုတာလေ။ ကျမတို့လည်း အဲ့လိုမကြုံဘူးလို့ ဘယ်ပြောနိုင်မလဲ။ အခြေအနေက အဆိုးဘက် ပိုများနေတော့”

Related Articles