Home ဆောင်းပါး ဓလေ့ထုံးတမ်းတွေကို မွမ်းမံဖို့လိုပြီလား…

ဓလေ့ထုံးတမ်းတွေကို မွမ်းမံဖို့လိုပြီလား…


ခက်ဆစ်။         ။

ကယန်းအမျိုးသမီးအစည်းအရုံးက အတွင်းရေးမှူး မူအန်ဂျလာက ကယန်းတို့ရဲ့ဓလေ့ထုံးစံတချို့ဟာ အိမ် တွင်းအကြမ်းဖက်မှုကိစ္စတွေ ဖြေရှင်းရာမှာ အဟန့်အတားဖြစ်စေတယ်လို့ ပြောပြပါတယ်။

“သူ့မိန်းမကို သူက သေနတ်နဲ့ပစ်တယ်။ သူ့မိန်းမက အသက် (၁၇) နှစ်ပဲရှိသေးတယ်။ ကလေးတစ်ယောက် တော့ရှိပြီ။ ကလေးက (၂)လကျော်ပဲ ရှိသေးတယ်။ မိန်းမကို သေနတ်နဲ့ပစ်တာ ဗိုက်မှာလေ.. တူမီးသေနတ်က ယမ်းစေ့တွေနဲ့ဆိုတော့ တစ်ချက်ပစ်ရင် အများကြီးထွက်တာ။ အမဲလိုက်သေနတ်ဆိုပေမယ့် ဒါလည်းလူကို သေစေနိုင်တဲ့လက်နက်ပဲလေ။ လူကတော့ ကံကောင်းလို့ မသေပေမယ့် ကလေးကို နို့တိုက်လို့ မရတော့ဘူး။ ယောကျ်ားဖြစ်သူကလည်း မိန်းမအရေးပေါ်ခွဲစိပ်ရတာတောင် ဘာမှတာဝန်ယူမှု မရှိဘူး”

ကယန်းတို့ရဲ့ဓလေ့အရ  အိမ်ထောင်ကျပြီးရင် အမျိုးသမီးဖြစ်သူကို အမျိုးသားရဲ့ ပိုင်ဆိုင်တဲ့အရာဝတ္ထုတစ်ခု လို သတ်မှတ်ကြပြီး အိမ်ထောင်ဦးစီးလို့ ခံယူထားတဲ့ အမျိုးသားတွေရဲ့ကြီးစိုးမှုတွေက အကြမ်းဖက်မှုတွေကို ကျူးလွန်ဖို့ ခွင့်ပြုထားသလို ဖြစ်နေတယ်လို့ မူအန်ဂျလာက ပြောပြပါတယ်။

ဇနီးဖြစ်သူကို သေနတ်နဲ့ပစ်ပြီး သေစေနိုင်လောက်တဲ့ဒဏ်ရာရပေမယ့် ခင်ပွန်းကို ဥပဒေအရ အရေးယူဆောင် ရွက်တာမရှိပဲ ကျေးရွာတွေရဲ့ ရိုးရာနည်းလမ်းတွေဖြစ်တဲ့ ထိပ်တုံးခတ်အပြစ်ပေးတာ၊ ခေါ်ယူဆုံးမတာလောက် နဲ့သာ ဖြေရှင်းနေကြပါတယ်။

“အမှုနှစ်ခုရှိတယ်။ ခေါင်းမှာထိတဲ့တစ်ယောက်ရယ်.. ဗိုက်မှာထိတဲ့တစ်ယောက်ရယ်.. ဒီဟာလည်း နည်းနည်း ခေါ်ဆုံးမလိုက်တယ်။ အဲဒီလိုပဲ။ တစ်ပတ်နှစ်ပတ်ထိပ်တုံးထည့်တယ်။ နောက်တခါမလုပ်နဲ့နော်။  ကတိပေး နော်။ မလုပ်တော့ဘူးဆို ပြန်လွှတ်လိုက်တယ်။ အဲဒီလိုပဲ ဖြေရှင်းတယ်။ ထိထိရောက်ရောက် အပြစ်ပေးတာ မျိုးလည်း မရှိသလို သူတို့အတွက် ဒါက သိပ်ကြီးမားတဲ့ အမှုကိစ္စလည်း မဟုတ်ဘူးပေါ့နော်။  လင်မယားကြား ဖြစ်တဲ့အမှုဆိုတာက သိပ်ရေးမကြီးဘူးဆိုပြီး မြင်ကြတယ်”

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ နေပြည်တော် နယ်စပ် စတဲ့ နယ်စပ်ဒေသသုံးခုအတွင်းမှာ နေထိုင်ကြတဲ့ ပဒေါင်လို့လည်း လူသိများတဲ့  ကယန်းအမျိုးသမီးတွေဟာ ရိုးရာဓလေ့အစွဲအလမ်းတွေအောက်မှာ ရှင်သန်နေထိုင်ရသူတွေဖြစ်ပါတယ်။

တချို့ရိုးရာဓလေ့အစွဲတွေဟာ အမျိုးသမီးတွေအပေါ် ခွဲခြားထားမှုတွေကိုဖြစ်ပေါ်စေပြီး  အမျိုးသားတွေရဲ့ လွှမ်း မိုးမှုအောက်မှာ အိမ်တွင်းအကြမ်းဖက်မှုဒဏ်တွေကို ကယန်းအမျိုးသမီးတွေ ရင်ဆိုင်နေကြရပါတယ်။ အိမ်တွင်း အကြမ်းဖက်မှုမှာ  အိမ်ထောင်ဖက်အမျိုးသားတွေရဲ့ အကြမ်းဖက်မှုကို အမျိုးသမီးတွေက အများဆုံးရင်ဆိုင် ကြုံတွေ့နေရတာဖြစ်ပါတယ်။

အမျိုးသမီးကို ခင်ပွန်းအမျိုးသားက ဆဲဆိုကြိမ်းမောင်းအပြစ်တင်ပြောဆိုပြီး စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်နှိပ်စက်တာကအစ သေစေနိုင်တဲ့အထိ လက်နက်တွေ အသုံးပြုပြီး ရုပ်ပိုင်း ဆိုင်ရာ အကြမ်းဖက်တာတွေလည်း ပါဝင်ပါတယ်။

မြို့ပြတွေမှာတော့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေကို ရဲစခန်းတွေမှာ အရေးယူတိုင်ကြားနိုင်ပေမယ့် ဝေးလံခေါင်ဖျားတဲ့ ကျေးလက်ဒေသတွေမှာတော့ တောရွာဓလေ့အရ ရွာလူကြီးတွေရဲ့အဆုံးအဖြတ်နဲ့ပဲ ဖြေ ရှင်းလေ့ရှိတယ်လို့  မူအန်ဂျလာက ပြောပါတယ်။

ကယန်းအမျိုးသမီးအဖွဲ့အစည်းအနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိပြဌာန်းထားတဲ့ဥပဒေတွေနဲ့အညီ ရင်ဆိုင် ဖြေ ရှင်းလို့ရကြောင်း နားလည်သိမြင်စေဖို့ ဥပဒေအမြင်ဖွင့်သင်တန်းတွေပေးကာ ကူညီဆောင်ရွက်နေပေမယ့် လည်း ဥပဒေကို လက်မခံကြပါဘူး။ အမျိုးသမီးတွေကိုယ်တိုင်က အိမ်ထောင်ကျသွားပြီးရင် အမျိုးသားရဲ့ပိုင် ဆိုင်တဲ့ပစ္စည်းအဖြစ် လက်ခံပြီး ခင်ပွန်းသည်ရဲ့ နှိပ်စက်သမျှကို ငြိမ်ခံရမယ်လို့သာ မှတ်ယူနေကြပါတယ်။

“သူတို့က ဓလေ့နဲ့ဆုံးဖြတ်တာများတော့ အခုကျမတို့မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ဥပဒေကို နားလည်ဖို့ အမြင်ဖွင့်သင်တန်းလာပေးတဲ့အချိန်မှာ သူတို့က အထင်လွဲတယ်ပေါ့။ ကျမတို့က ဓလေ့ထုံးတမ်းကို ဖျက်နေ တာလား။ အဲဒီလိုပေါ့။ ကယန်းဖြစ်ပြီးတော့ ဓလေ့ထုံးတမ်းကို ပပျောက်အောင်လုပ်တယ်။ ကယန်းရဲ့ဓလေ့ ထုံးတမ်းကိုဖျက်တယ်ဆိုတဲ့အယူအစွဲတွေပေါ့နော်”

ဒါ့အပြင် ဥပဒေတွေကို နားလည်အောင် လာရောက်ပြောကြားတဲ့သူတွေကိုလည်း ရွာသူရွာသားတွေက ကယန်း တွေရဲ့ ရိုးရာဓလေ့ကို ဖျက်ဆီးတယ်လို့  စွပ်စွဲတာမျိုးတွေ ကြုံရတယ်လို့ ပြောပြပါတယ်။

“နောက်ပြီးတော့ ဒါကသူတို့ဖာသာသူတို့ ရေးဆွဲပြီးတော့မှ လျှောက်ထုတ်ထားတဲ့ဥပဒေတွေပေါ့၊ အဲဒီလိုမျိုး ဒီ ဥပဒေကို ကျမတို့ကပဲ ရေးဆွဲပြီး ယူလာတယ်ဆိုပြီး အထင်အမြင်လွဲတာတွေလည်း ကြုံတွေ့ရပါတယ်”

ဒါတင်မကသေးပါဘူး။ အိမ်တွင်းအကြမ်းဖက်မှုကို ဖြစ်စေတဲ့ နောက်ထပ်ဓလေ့တစ်ခုလည်း ရှိနေပါသေးတယ်။ အဲ့ဒါကတော့ မိသားစုတွေထဲမှာ သားဖြစ်သူကိုပဲ အမွေပေးတဲ့ဓလေ့ပဲဖြစ်ပါတယ်။

သမီးတွေဟာ အမွေဆက်ခံပိုင်ခွင့်မရှိပဲ သားဖြစ်သူတွေကတော့ အိမ်၊ ခြံ၊ တောင်ယာ စတာတွေကို ပိုင်ဆိုင် ခွင့်ရှိပါတယ်။ သမီးတွေရတဲ့အမွေကတော့ တောင်ယာခုတ်ဖို့ ဓားတစ်လက်နဲ့ ပလိုင်းတစ်လုံးသာ ဖြစ်ပါတယ်။

ကယန်းတွေရဲ့အယူအဆအရ အိမ်ထောင်ကျသွားရင် သမီးဖြစ်သူဟာ သူများရဲ့လူဖြစ်သွားပြီး သားဖြစ်သူက သာ ကိုယ်ပိုင်ဆိုင်တဲ့လူဖြစ်တာကြောင့် သားတွေကိုပဲ အမွေပေးကြတာပါ။

ဒါကြောင့် သမီးဖြစ်သူတွေဟာ အိမ်ထောင်ကျပြီးသွားရင် ယောင်နောက်ဆံထုံးပါဆိုသလို ခင်ပွန်းအိမ်မှာ လိုက် နေထိုင်ကြရပြီး ခင်ပွန်းဖြစ်သူရဲ့ ပိုင်ဆိုင်တဲ့သက်မဲ့အရာဝတ္ထုတခု ဖြစ်သွားရခြင်းဖြစ်ပါတယ်။

“ကျမတို့ရန်ဖြစ်ရင် သူက ကျမကိုရိုက်ရင် ငြိမ်ခံနေလိုက်ရတာပဲ။ ကျမ ဆက်မပေါင်းနိုင်ဘူး ကွာရှင်းမယ်ဆိုရင် လည်း သူက ငါ့အိုးငါ့အိမ်ဆိုပြီး အိမ်ပေါ်က နှင်ချလိုက်မှာပဲလေ။ ကျမမှာ တခြားသွားနေစရာမရှိဘူး။ ကျမ တို့ရွာမှာ ကွာရှင်းရင် ရပ်ရွာလူကြီးတွေကို ပြောရတယ်။ လျော်ကြေးပြောမလား၊ ၄ သိန်း ၅ သိန်း အဲဒီလိုနဲ့ပဲ ပြီးသွားတယ်။ တခြားဘာမှ ပိုင်ဆိုင်ခွင့်မရှိဘူး” လို့ ဖရူဆိုမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါကြောင့် အမျိုးသမီးတွေဟာ အိမ်ထောင်ကွဲမှာ မလိုလားတော့ပဲ မိမိကို ညှင်းပန်းနှိပ်စက်တဲ့ခင်ပွန်းနဲ့ပဲ  ပေါင်း သင်းနေထိုင်ကြပြီး အိမ်တွင်းအကြမ်းဖက်မှုသံသရာထဲကနေ မလွတ်မြောက်ပဲရှိနေပါတယ်။

“တချို့အမျိုးသမီးတွေဆို ကလေးမွေးပြီး လေးဆယ့်ငါးရက် မပြည့်ခင်မှာ ယောက်ျားကို ပြောမရတော့ လင် မယားဆက်ဆံလိုက်ရတာတွေရှိတယ်၊ အဲဒါနဲ့ ဆေးရုံကို ထပ်ခါထပ်ခါသွားရတယ်။ ဒဏ်ရာတွေ မပျောက် ပဲနဲ့ပေါ့။ တချို့အမျိုးသမီးတွေဆို ဗိုက်တွေဘာတွေ ခွဲထားရတော့ ချုပ်ရိုးပြေတာတွေဖြစ်တယ်။ နေရင်းနဲ့ ရိုက် ပုတ်တာတို့ အဲဒီလိုမျိုးတွေလည်း ရှိတယ်။ တချို့ကျတော့ အမျိုးသားတွေက မူးယစ်ဆေးဝါးသုံးပြီးတော့မှ သူ့ရဲ့မိန်းမကိုရိုက်တာ အဲဒီလိုတွေလည်း ရှိပါတယ်” လို့ အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေကို ကူညီ စောင့်ရှောက်ပေးနေတဲ့ Women for Women Foundation က မရိုစီကျော်ကပြောပါတယ်။

လင်မယားကြားမှာ အလိုမတူပဲ ကာမဆက်ဆံတာဟာလည်း မုဒိန်းမှုမြောက်တယ်ဆိုတာကို ကယန်းအမျိုးသမီး တွေက လက်မခံကြပါဘူး။ သူတို့ဟာ အမျိုးသားက ပိုင်ဆိုင်တဲ့သူဖြစ်တာကြောင့် အမျိုးသားအလိုကျ လိုက် လျောရမယ်လို့ပဲ ခံယူထားကြပါတယ်။

ဒါ့အပြင် အမျိုးသားက ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ထိခိုက်နာကျင်အောင်လုပ်မှုတို့ဆိုရင်တောင် တရား ဥပဒေအရ ဖြေရှင်းဖို့ ကယန်းအမျိုးသမီးတွေ အဆင်သင့်မဖြစ်သေးပါဘူး။ လင်ယောက်ျားကို အရေးယူတိုင် ကြားလိုက်လို့ ထောင်ကျသွားရင် အမျိုးသမီးတစ်ယောက်တည်း ရပ်တည်ဖို့ လူမှုရေး၊ စီးပွားရေး၊ မိသားစု အရေးတွေမှာ အခက်အခဲတွေဖြစ်လာနိုင်လို့ဖြစ်ပါတယ်။

“အမျိုးသမီးတွေက သူတို့ယောကျ်ားထောင်ကျသွားမှာကို ကြောက်ကြတယ်။ သူတို့အနေနဲ့က ဒီယောကျ်ားမှ မရှိရင်လည်း သူတို့ကလေးကို တစ်ယောက်တည်း ဘယ်လိုကျွေးမွေးပြုစုရမလဲ။ နောက်တစ်ခုက ယောကျာ်း မရှိတဲ့မိန်းမဆို လူတွေက အထင်သေးတယ်လေ။ သူတို့မလုံခြုံဘူး။ အဲဒီလိုခံစားရတယ်”

အခုလို ကယန်းအမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်မှုသံသရာထဲကနေ ရုန်းထွက်နိုင်ဖို့ ရိုးရာဓလေ့နည်း လမ်းနဲ့ ကျင့်သုံးမှုကို လျော့နည်းအောင် ပြုလုပ်ရမှာဖြစ်ပြီး ပြောင်းလဲနိုင်စွမ်းတစုံတရာရှိတဲ့ အမျိုးသားတွေ၊ ရပ် ရွာလူကြီးတွေ၊ ပြည်နယ်တွေမှာ အာဏာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ပူးပေါင်းပါဝင်မှုကလည်း အရေး ကြီးတယ်လို့ဆိုပါတယ်။

“ဒီက အမျိုးသမီးတွေက ဓလေ့ကို ပြောင်းလဲနိုင်မယ့်သူတွေထဲမှာတေ့ာ မပါသေးဘူး။ အကြောက်တရားတွေ ရှိ နေသေးတယ်။ အမျိုးသမီးတွေက အခက်အခဲကို သိတယ်။ ဆွေးနွေးတယ်။ အဖြေရှာတယ်။ ဒါပေမယ့် လက်တွေ့ကျင့်သုံးဖို့က ခက်တယ်။ တကယ်ပြောင်းလဲဖို့က ဦးဆောင်တဲ့အပိုင်းမှာ အထူးသဖြင့် အာဏာရတဲ့ အမျိုးသားတွေအပေါ်မှာ အများကြီးမူတည်နေတယ်။ အုပ်ချုပ်ရေးမှူးတို့၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တို့၊ အာဏာရှိတဲ့ ရွာမိရွာဖတို့ အဲဒီလိုမျိုးပေါ့။ သူတို့က ဒီလိုလုပ်ဆောင်မှုတွေကို ဆက်ပြီးလက်ခံကျင့်သုံးနေတော့ အမျိုးသမီးတွေက မကျေနပ်ပေမယ့် တရားမျှတမှု မရှိမှန်းလည်း သိပေမယ့် ဒီဓလေ့အတိုင်းပဲ ဆက်ပြီးတော့ ဆုံးဖြတ်တာ ခံနေရသေးတယ်” လို့ သူမက ဆက်ပြောပါတယ်။

ကယန်းလူမျိုးတွေအနေနဲ့ လက်ရှိပြဌာန်းထားတဲ့ဥပဒေကို လိုက်နာကျင့်သုံးဖို့အတွက် ဥပဒေတွေကို သိရှိနား လည်ထားဖို့ လိုအပ်ပြီး ဥပဒေနဲ့ဆန့်ကျင်နေတဲ့ တချို့ဓလေ့တွေကို ဆက်လက်မကျင့်သုံးဖို့အတွက် လူထု အသိပညာပေးမှုတွေ များစွာလိုအပ်နေတယ်လို့လည်း ကယန်းဒေသက အမျိုးသမီးအဖွဲ့အစည်းတွေက ထောက်ပြပြောဆိုကြပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေအပေါ် ခွဲခြားထားတဲ့ တချို့ ဓလေ့ထုံးတမ်းနဲ့ အယူအဆတွေကို အမျိုးသမီးတွေကိုယ် တိုင် ပြုပြင်ပြောင်းလဲဖို့လိုပြီး လုပ်နိုင်စွမ်းရှိတဲ့ ကျေးရွာရဲ့ဦးဆောင်မှုတာဝန်ယူထားတဲ့အမျိုးသားတွေကလည်း ဒီလိုဓလေ့ထုံးတမ်းတွေကို ဆက်လက်မကျင့်သုံးဖို့ ကယန်းအမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်နေသူတွေ အနေနဲ့ စစ်တမ်းတွေကောက်ကာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို အချက်အလက်နဲ့တကွ ထောက်ပြပြောဆိုစည်းရုံးတိုက်တွန်းမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် အမျိုးသမီးတွေကိုယ်တိုင်က ဖိနှိပ်တဲ့ဓလေ့ထုံးတမ်းတွေကို လက်ခံနေမယ်ဆိုရင်တော့ ပြောင်းလဲဖို့ က အတော်ခက်ခဲပါလိမ့်မယ်။

” မိန်းကလေးတွေမှာလည်း အားကိုးချင်စိတ်က အပြည့်ရှိနေတယ်။ သူတို့အားကိုးရမယ့်သူ လိုတယ်လို့ထင်ကြ တယ်။ တကယ့်တကယ် သူတို့အားကိုးနေရတာလည်း မဟုတ်ပါဘူး။ သူတို့လည်း တအားအလုပ်လုပ်ကြ ရတာပဲ။ ဘယ်လောက် ရိုက်ရိုက်နှက်နှက် ဘယ်လောက်ပဲလုပ်လုပ် အများစုက အဲဒီလိုအတွေးတွေ၊ ခေါက်ရိုး ကျိုးအမြင်တွေ ရှိနေတော့ ချက်ချင်းပြင်ဖို့တော့ ခက်တာပေါ့” လို့  မူအန်ဂျလာကပြောပါတယ်။

Related Articles