“ ကျွန်မပြန်အရွေးခံဖို့တော့မရှိဘူး။ ဘာလို့လဲဆို ကျွန်မလည်း စစ်အာဏာအောက်မှာမနေချင်ဘူး။ မကြိုက်ဘူး စစ်အုပ် ချုပ်တာကို။ လာလုပ်ခိုင်းရင်လည်း လက်မခံဘူး။”
အထက်ပါ စကားကိုဆိုလာသူကတော့ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးစာရင်းထဲမှာပါတဲ့ ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်၊ ကလေး – ဖလမ်း ကားလမ်းဘေးရှိတဲ့ ဗားလုံကျေးရွာမှာနေထိုင်ပြီး ဒီရွာရဲ့အမျိုးသမီးရာအိမ်မှူးလည်း ဖြစ်တဲ့ ဒေါ်ထောင်းနောန်ပဲဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေကြောင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်တာကို ရပ်ထားမှာဖြစ်တယ်လို့ ကြားလိုက်ရခြင်းတော့ သူ့ရွာအတွက်အတော်လေးစိုးရိမ်ပူပန်ခဲ့တာပါ။ ဘာလို့ လည်းဆိုတော့ ကျေးရွာဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေးလိုအပ်ချက် အမြောက်အများရှိနေတဲ့ သူရွာလေးအတွက် ဘယ်လို ကိစ္စမျိုးမှ လုပ်မပေးနိုင်မယ့်အရေးကိုလည်း သူတွေးပြီး စိတ်မကောင်းဖြစ်သွားတာပါ။
“ ကျွန်မ အုပ်ချုပ်ရေးမှူးမလုပ်ရတာဘာမှမဖြစ်ဘူး။ ရွာအတွက်တော့နစ်နာတယ်။ ရွာဖွံ့ဖြိုးရေးတွေ၊ လိုအပ်ချက်တွေ ဒါ တွေ ကျွန်မမရှိရင် ဘယ်လိုပြောမလဲပေါ့။ ထောက်ပံ့ကြေးတွေလာရင်လည်း ကျမတို့ရွာသားတွေ ရပါ့မလားလို့ အမြဲစိုးရိမ် ချက်ရှိတယ်”လို့ ဒေါ်ထောင်းနောန်က ရှင်းပြပါတယ်။
ဒါပေမယ့် လတ်တလောမှာ အာဏာသိမ်း စစ်ကောင်စီက ယခင်ကျေးရွာအုပ်ချုပ်ရေးမူးတွေကို ဖြုတ်ပစ်တာနဲ့ သူတို့ စိတ် ကြိုက်လူတွေကို အစားထိုးခန့်တာတွေပြုလုပ်လာပါတယ်။ ဒေါ်ထောင်းနောန်ရွာမှာတော့ အဲ့ဒီလို အပြောင်းအလဲတွေမရှိ သေးပေမယ့် စစ်အုပ်စုကလာခဲ့ရင်လည်း စစ်အုပ်ချုပ်မှုအောက်မှာ မလုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ဆိုပါတယ်။
လက်ရှိမှာ ဒေါ်ထောင်းနောန်က ယခင် ဒီချုပ်အစိုးရလက်ထက်က ရာထူးတာဝန်အတိုင်း ကျေးရွာရာအိမ်မူးအဖြစ် ရှိနေဆဲ ပါပဲ။ ရာအိမ်မှူးရဲ့အလုပ်က ကျေးရွာအုပ်ချုပ်ရေးမှူး နေမကောင်းရင် ဖြစ်စေ၊ အလုပ်ကိစ္စနဲ့ နယ်သွားရတဲ့အခါမျိုးမှာ ဖြစ် စေ လစ်လပ်သွားတဲ့အချိန်ကာလအတွင်းမှာ ခေတ္တဝင်ရောက်လုပ်ကိုင်ပေးရတာ ဖြစ်တယ်။
ရပ်/ကျေးအုပ်ချုပ်ရေးမှူးတယောက်ရဲ့လစာက တစ်လကို ခုနစ်သောင်း၊ ရုံးအတွက် အသေးသုံးငါးသောင်းနဲ့ စုစုပေါင်း ၁၂၀,၀၀၀ သာရပြီး ရာအိမ်မှူးကတော့ လစာရောခံစားခွင့်ပါ ဘာတစ်ခုမှမရဘူးလို့ ဗားလုံကျေးရွာရဲ့ အုပ်ချုပ်ရေးမှူး ဦးဇာန်ပျန်က ပြောပါတယ်။
လစာ၊ ခံစားခွင့်မရှိတဲ့ ရာအိမ်မှူးအလုပ်ကို အချိန်ပေးပြီး အလုပ်နိုင်ဖို့ဆိုတာက တော်ရုံလူပင် မလွယ်လှပါ။ အမျိုးသမီး တစ်ယောက်ဖြစ်တဲ့ ဒေါ်ထောင်းနောန်ကတော့ အချိန်ကုန်၊ လူပန်းတဲ့အပြင် လူမုန်းများတဲ့ ရာအိမ်မှူးအလုပ်ကို လေးနှစ် တိုင်တိုင် အပြုံးမပျက်လုပ်နိုင်ခဲ့သူပါ။
အသက် ၅၀ ကျော်ရှိလာတဲ့ ဒေါ်ထောင်းနောန်ဟာ အရပ်ထောင်ထောင်မောင်းမောင်း အသားခပ်ညိုညိုရှိတဲ့ သူ့အသွင်က ဖြတ်လတ်မှုကို ပြဆိုနေသလို သူရဲ့လက်ဖဝါးကြမ်းကြမ်းကြီးတွေကလည်း ဖြတ်သန်းလာတဲ့ ဘဝတလျှောက် ခက်ခဲ ကြမ်းတမ်းမှုကိုလည်း ဖော်ပြနေပါတယ်။
အတန်းပညာ ၈ တန်းအထိသာ သင်ခဲ့ရတဲ့အတွက် ပင်ပန်းခက်ခဲတဲ့ အောက်ခြေသိမ်းအလုပ်တွေကနေ သူ့ဘဝကို စတင် ခဲ့ရသူပါ။ လုပ်သားခ တကျပ်သာရတဲ့ဘဝကတည်းက ရွာနဲ့လေးမိုင်ဝေးတဲ့ခရီးကို စက်ဘီးနဲ့တဖုံ၊ ခြေလျင်တမျိုးနဲ့ ကျောက်သွားထုခဲ့ရတယ်။
မိသားစုဝင်များတဲ့အတွက် ဒေါ်ထောင်းနောန်ဟာ ဘယ်နေရာမှာ အလုပ်ရှိရှိ၊ ဘာအလုပ်ပဲဖြစ်ဖြစ် ငွေရမယ့် အလုပ်မှန် သမျှ ဘယ်လောက်ဝေးဝေး လိုက်လုပ်ခဲ့တဲ့အတွက် ချင်းပြည်နယ်တခွင် သူမရောက်ဖူးတဲ့နေရာ ဆိုတာမရှိသလောက် ပါပဲ။
“ အလုပ်သမားဘဝကလာတယ်ဆိုတော့ လူတွေ အထင်သေးတာခံရတယ်။ ပြောလည်း ကျွန်မကဂရုမစိုက်ဘူး။ ကိုယ်လုပ် အားကနေရတဲ့ ငွေကိုနဲနဲများများ ကျမလက်ခံတယ်။ မသမာတဲ့နည်းနဲ့ငွေမရှာဘူး။ ဘဝကိုအရှုံးမပေးဘူး” လို့ ဒေါ်ထောင်း နောန်က သူ့ခံယူချက်ကို ပြောပြပါတယ်။
အောက်ခြေသိမ်းနေ့စားအလုပ်တွေကနေ ဝင်ငွေပိုရတဲ့ အိန္ဒိယနယ်စပ်နဲ့ ရောင်းဝယ်ရေးလုပ်ခဲ့သလို ကယ်ရီဆွဲရင်း လည်း အဖမ်းခံခဲ့ရပါသေးတယ်။ နောက်ပိုင်းမှာတော့ အိမ်ထောင်ကျပြီး မီးဖွားခဲ့တာကြောင့် အလုပ်တွေအားလုံး ရပ်သွားခဲ့ရ တယ်။
အဲ့လိုနဲ့ ၁၉၉၄ ခုနှစ်မှာ သူရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ လိုင်းဇိုးရွာကနေ ဗားလုံကျေးရွာလေးကို ငွေကျပ် ၂၀၀ ထဲနဲ့ သူတို့ မိသားစုတွေ ပြောင်းရွေ့လာခဲ့တယ်။ အလုပ်မရှိရင် မနေတတ်သူတို့ ထုံးစံအတိုင်း ရောက်ရောက်ချင်းမှာပဲ ပြောင်းဖူးပြုတ်၊ ကျောက်ထု၊ မြေကာတယ်စတဲ့ အလုပ်ကြမ်းတွေ ပြန်လုပ်ခဲ့ပြန်တယ်။
ဗားလုံကျေးရွာကိုရောက်ပြီး တနှစ်အကြာမှာ ကလေး – ဖလမ်းကားလမ်းဘေးမှာ ထမင်းဆိုင်လေး စဖွင့်နိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ ကိုယ်ပိုင်ကုမ္ပဏီထောင်လိုက်ပြီး အသေးစားတင်ဒါတွေဆွဲရင်း ရပ်တည်နေတာပါ။
ဒါ့အပြင် ဒေါ်ထောင်းနောန်ဟာ ရာအိမ်မှူးမဖြစ်ခင် ၂၀၁၃ ခုနှစ်လောက်က အမျိုးသားတွေကြားထဲမှာ အရက်တိုက်ဖျက် ရေးကို ဦးဆောင်လုပ်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။
လူဦးရေ တစ်ထောင်နီးပါးရှိတဲ့ ဗားလုံကျေးရွာမှာ အလုပ်အကိုင်ရှားပါးတာနဲ့ ရာသီဥတုအေးတာကို အကြောင်းပြကာ အရက်သောက်သုံးသူဟာ ၇၀ ရာခိုင်နှုန်းလောက်အထိ ရှိလာပြီး သေဆုံးသူလည်း ရှိခဲ့ပါတယ်။
အရက်သောက်ရမ်းကားသူရှိတဲ့အတွက် သောကြာနေ့တိုင်း ဆုတောင်းကြတဲ့ အမျိုးသမီး ၃၀ ကျော်ပါဝင်တဲ့ အမျိုးသမီး အဖွဲ့ဟာ သူတို့မိသားစုဝင်တွေကို အရက်ဖြတ်ပေးဖို့ အကူအညီတောင်းတာကြောင့် စပြီးလုပ်ခဲ့တာ ဖြစ်တယ်။
အရက်တိုက်ဖျက်ရေးမှာ ဒေါ်ထောင်းနောန်ဟာ ဥက္ကဋ္ဌ နေရာကပါဝင်ပြီး အဖွဲ့ဝင်တွေကတော့ အမျိုးသားအများစု ဖြစ်ခဲ့ တယ်။ အရက်ပပျောက်ရေးဆောင်ရွက်ရာမှာ သက်ဆိုင်ကျေးရွာတိုင်းမှာ သတင်းပေးနှစ်ယောက်စီထားရှိဆောင်ရွက်ခဲ့ တယ်။
ဒေါ်ထောင်းနောန်က“အရက်သောက်လို့ မိသားစုတခုလုံး ပျက်စီးသွားတဲ့ သူတွေလည်းအများကြီး။ မိသားစု ၇ ယောက်မှာ နှစ်ယောက်ပဲ အသက်ရှင်တော့တယ်။ အရက်ကြောင့် အသက်တိုသွားကြတာ။ အရက်ဖြတ်တဲ့ အချိန်မှာလည်း ဆုံးသွား တဲ့သူတွေလည်း အများကြီးရှိတယ်။ အဲဒါတွေ မထိန်းနိုင်တာကို ကျွန်မမခံစားနိုင်ဘူး။”လို့ ပြောပါတယ်။
သူ့ကျေးရွာအတွင်းမှာရှိတဲ့ လူငယ်တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်ရဲ့ ကျေးကျွန် ဖြစ်နေတာကို မကြည့်ရက်တဲ့ အတွက် ကျောင်းပညာရေး ဆုံးခန်းတိုင် သင်ကြားနိုင်ဖို့ သူ့မှာတာဝန်ရှိတယ်လို့ ခံယူထားသူလည်းဖြစ်တယ်။
ဒေါ်ထောင်းနောန်က“အရက်တိုက်ဖျက်ရေးလုပ်မယ်ဆိုတော့ ခရိုင်ရုံးကို ကျွန်မစာတင်တယ်။ စာထဲမှာပါတဲ့အတိုင်း ကျွန်မ တိတိကျကျလုပ်ဆောင်ခဲ့တယ်။ ကျမက ဥပဒေနားမလည်တော့ တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပြီး ဥပဒေအညီ ဘယ်လို ဖမ်းရတယ်ဆိုတာ မေးမြန်းပြီး သူတ့ိုခိုင်းတဲ့အတိုင်း ကျွန်မလုပ်ခဲ့တယ်”လို့ ဆိုပါတယ်။
အရက်သောက်သူတွေကို ၂၄ နာရီ ထိပ်တုံးခတ်ထားပြီး တရားဟောပါစတာခေါ်ပြီး ဆုတောင်းပေးခိုင်းတယ်။ တရား ဟောပေးပြီးရင် ပြန်လွှတ်ပေးပါတယ်။ အရက်ရောင်းသူကိုတော့ ဒဏ်ငွေ တစ်သိန်းရိုက်တဲ့အတွက် လကုန်ရင် ဖမ်းဆီး ရငွေဟာ ၈ သိန်းလောက် ရတဲ့အထိ အဖမ်းအဆီးကြမ်းခဲ့ပါတယ်။
ကလေးငယ်တွေ အရွယ်မရောက်မီ အသက်သေဆုံးတာတွေ မဖြစ်ရအောင် တောင်ယာအလုပ်တွေမှာပဲ အချိန်ကုန်ရင်း ပညာရေးဘက်မှာ စိတ်မပါတော့တာတွေ ဖြစ်မှာစိုးတာကြောင့် သူရဲ့ဝင်ငွေရလုပ်ငန်းတွေကိုပစ်ပြီး အရက်တိုက်ဖျက်ရေး မှာ နစ်ပြီးလုပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ဖမ်းဆီးမှုတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်လာတာကြောင့် အရက်ကျေးကျွန်သမားတွေက ဒေါ်ထောင်းနောန်ကို မုန်းတီးလာကာ အသက်အန္တရာယ်ကိုအထိ ခြိမ်းခြောက်ခံခဲ့ရပေမယ့် သူကတော့ အလုပ်ဝတ္တရားမပြတ် ဆက်လုပ်ခဲ့ပါ တယ်။
“ရွာအတွက်ဆို အမုန်းပဲ ခံရ၊ ခံရ ဘာမှမဖြစ်ဘူး ဆက်လုပ်တယ်”လို့ သူက ဆိုပါတယ်။
အရက်ကင်းစင်ပပျောက်ဖို့အတွက် ဒေါ်ထောင်းနောန်ဟာ ကျေးရွာအတွင်း ညသန်းခေါင်အထိ ကိုယ်တိုင် ကင်းလှည့်ကာ တွေ့တဲ့ အရက်သမားတိုင်းကို ဖမ်းဆီးအရေးယူနိုင်ခဲ့တဲ့အတွက် သူလုပ်ခဲ့တဲ့ ခြောက်လတာအတွင်းမှာ ဘယ်အရက်သမား အသံမှမကြားရတော့ဘဲ တိတ်ဆိတ်သွားခဲ့ပါတယ်။
အရက်တိုက်ဖျက်ရေးလုပ်ပြီး ၂၀၁၅ မှာတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ရွေးချယ်ဖို့ဖြစ်လာပါတယ်။ ဒါပေမယ့် အဲ့ဒီ အချိန်က ဒေါ်ထောင်းနောန်က သူ့ရဲ့စီပွားရေးတွေကြောင့် အုပ်ချုပ်ရေးမှူး လုပ်ဖို့ငြင်းဆန်ခဲ့ပြီး ရာအိမ်မှူးတာဝန်သာယူခဲ့ တယ်လို့ဆိုပါတယ်။
ဒါပေမယ့် ၂၀၂၀ မှာတော့ ကိုယ်ပိုင်လုပ်ငန်းများစွာရှိတဲ့ ဒေါ်ထောင်းနောန်အဖို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူး လစာဘာမှ မပြောပလောက်ပေမယ့် ကျေးရွာဖွံ့ဖြိုးရေးနဲ့ ကျေးရွာအတွင်းလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် လုပ်ပိုင်ခွင့်တွေ လိုအပ်တာကြောင့် အုပ်ချုပ်ရေးမှူး ဝင်အရွေးခံဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဖလမ်းမြို့နယ်အတွင်းနေထိုင်သူ မအိန်ဂျလာကတော့ “ သူ(ဒေါ်ထောင်းနောန်)က အမျိုးသမီးတွေထဲမှာဆို လုပ်ကိုင်ရဲတဲ့ သူပေါ့။ ပြောရဲဆိုရဲတော့ ရွာက လူတွေဘာဖြစ်ဖြစ်သူ့ကိုအားကိုးကြတယ်” လို့ ဆိုပါတယ်။
ရိုးရာဓလေ့အရ ခွဲခြားဖိနှိမ်ခံနေကြရတဲ့ ချင်းအမျိုးသမီးတွေကို အမျိုးသမီးတွေရဲ့ စွမ်းရည်တွေ သိရှိလာအောင် ဟောပြော အားပေးချင်တဲ့ ဆန္ဒကလည်း သူအုပ်ချုပ်ရေးမှူးလုပ်ချင်တဲ့ အကြောင်းအရင်းတွေထဲကတခု ဖြစ်တယ်လို့ ဒေါ်ထောင်း နောန်ကဆိုပါတယ်။
“ ကျမတို့ ဖလမ်း ချင်းမှာဆိုရင် သားပဲ အမွေဆက်ခံခွင့်ရှိတယ်။ နေရာရတယ်။ ပညာသင်ရတယ်။ ကျမတို့ ဖလမ်းချင်း မှာကျတော့ အခုထိကို အမွေခံကသားပဲ”လို့ ဒေါ်ထောင်းနောန်က ရှင်းပြပါတယ်။
ချင်းပြည်နယ်မှာ မျိုးနွယ်စုများစွာရှိတဲ့အတွက် ဓလေ့ထုံးတမ်းတွေကလည်း မျိုးနွယ်စုတခုနဲ့တခု မတူညီကြပါဘူး။ သို့ပေ မယ့် သားတွေ ဦးစားပေး၊ နေရာပေးတဲ့ ဓလေ့ကတော့ မြန်မာနိုင်ငံမှာရှိ လူမျိုးတိုင်းလိုလိုမှာ ရှိနေပါသေးတယ်။
ဒေါ်ထောင်းနောန်က“ကျွန်မတို့ခေတ်က မိန်းကလေးဆိုကျောင်းသိပ်မထားဘူး။ ယောက်ျားလေးပဲ ဦးစားပေးတယ်။ အဲ့ တော့ပညာရေးမှာကွာဟသွားတယ်။ ကျမဆို ၈တန်းအထိပဲတက်တယ်။ ဘာဥပဒေမှလည်း နားမလည်ဘူး။ ဗမာစကား တောင်မှ သင်ရင်း၊ သင်ရင်းနဲ့ ဒီလိုပြောနိုင်တာ။ မိန်းကလေးက အမြဲနောက်မှာနေရတယ်”လို့ သုံးသပ်ပါတယ်။
ဒေါ်ထောင်းနောန်ဆိုရင် မောင်နှမ ၅ ယောက်မှာ အကြီးဆုံးသမီးဖြစ်တဲ့အတွက် ၈ တန်းနဲ့ ကျောင်းထွက်ပြီး မိသားစုရဲ့ စားဝတ်နေရေးအတွက် တဖက်တလမ်းကနေ ကူညီလုပ်ကိုင်ပေးခဲ့ရသူပါ။
အယူအဆစွဲတွေကြောင့် ယခင်က သမီးမိန်းကလေးဆိုရင် အိမ်ထောင်စု စာရင်းမှာတောင် မထည့်ကြပါဘူး။ တရားဟော ဆရာတွေက ဒါတွေက မလုပ်သင့်ဘူးဆိုတဲ့အကြောင်း ဟောပြောလာတဲ့အခါမှ ပြောင်းလဲသွားတာရှိတယ်လို့ တရားဟော ဆရာမိုက်ကယ်က ရှင်းပြပါတယ်။
မိန်းကလေးတွေအနေနဲ့ အခုလို နေရာပေးမခံရတဲ့အခါ ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းလာပြီး သူများအနိုင်ကျင့်ခံရဖို့ ပိုပြီး အခွင့်အရေးများလာပါတယ်။
ဒါတွေကြောင့်လည်း ဒီလိုအမျိုးသမီးတွေကို ဖိနှိပ်ထားတဲ့ ဥပဒေတွေ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို ဖျက် သိမ်းပေးဖို့ အမျိုးသမီးအရေး လှုပ်ရှားတက်ကြွသူတွေအနေနဲ့ အစဉ်တစိုက် တောင်းဆိုနေကြတာပဲ ဖြစ်တယ်။
သား ၁ ယောက်၊ သမီး ၂ ယောက်ရှိတဲ့ ဒေါ်ထောင်းနောန်က“ကျွန်မကတော့ သားသမီးကို မခွဲခြားဘူး သမီးထဲမှာ မိဘ နားမှာနေပြီး ပြုစုနေတဲ့သူရှိသလို အဝေးက ဂရုစိုက်တဲ့သူတွေလည်း ရှိပါတယ်။ သမီးတွေကို ခွဲခြားမြင်တာ ကျွန်မ သိပ်သ ဘောမကျဘူး။ အခုခေတ်မှာ ယောကျာၤးလေးနဲ့ မိန်းကလေးဆိုတာ ဘာမှမကွာခြားဘူးလို့ ကျွန်မမြင်တယ်”လို့ သူရဲ့ အမြင်သဘောထားကို ပြောပြပါတယ်။
သမီးမိန်းကလေးကို ခွဲခြားတာနဲ့ပတ်သက်လို့ မိခင်တွေသာမက ခင်ပွန်းသည် အမျိုးသားတွေကိုလည်း ပညာပေးဟော ပြောတာတွေ၊ အမြင်ဖွင့်သင်တန်းတွေ လုပ်ပေးသင့်တယ်လို့ သူက အကြံပြုပါတယ်။
သူရာအိမ်မှူးလုပ်တဲ့အခါမှာလည်း “ အမျိုးသမီးတွေကို အထင်သေးပြီးတော့ ဒီရပ်ရွာရဲ့အမျိုးသမီးလက်အောက်မှာ မနေ ချင်ဘူးဆိုတဲ့ သူတွေလည်း ရှိတယ်” လို့ ဒေါ်ထောင်းနောန်က ရယ်ရယ်မောမောနဲ့ပြောပြပါတယ်။
ဒါပေမယ့် ဒီလိုခွဲခြားမှုတွေဟာ ဒေါ်ထောင်းနောန်ရဲ့ ဘဝတလျှောက်လုံးကြုံခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ယှဉ်ရင် မပြော ပလောက်ဘဲ ကျေးရွာအကျိုးအတွက်ပဲ စဉ်းစားလုပ်ကိုင်ခဲ့တယ်လို့ဆိုပါတယ်။
အခုအချိန်မှာတော့ အဏာသိမ်းပြီးနောက်ပိုင်း ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမကျင်းပဖြစ်တာက သူ့အတွက် ဆုံးရှုံးမှုမရှိခဲ့ပေမယ့် ရွာသားတွေအတွက်တော့ ကြီးစွာသော ဆုံးရှုံးမှုကြီးဖြစ်ခဲ့ပါပြီ ။
ဒါ့ကြောင့် လတ်တလောမှာတော့ ဒေါ်ထောင်းနောန်အနေနဲ့ သူတတ်နိုင်တဲ့ ရပ်ရွာကိစ္စတွေ လုပ်ကိုင်ပေးရင်း စစ်အာဏာ ရှင်တွေ ပြုတ်ကျကာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲတွေ ပြန်လုပ်နိုင်မယ့်အချိန်ကို မျှော်လင့်နေပါတော့တယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021