Home မေးမြန်းခန်း “အမျိုးသမီးဖြစ်လို့ နိုင်ငံရေးမှာ ဘာမှ မလုပ်နိုင်ဘူး…အုပ်ချုပ်ရေးမှာလည်း မပါနိုင်ဘူးဆိုပြီး ကိုယ့်ကိုကိုယ့်နှိမ့်ချတဲ့စိတ် လုံးဝ မရှိပါနဲ့”

“အမျိုးသမီးဖြစ်လို့ နိုင်ငံရေးမှာ ဘာမှ မလုပ်နိုင်ဘူး…အုပ်ချုပ်ရေးမှာလည်း မပါနိုင်ဘူးဆိုပြီး ကိုယ့်ကိုကိုယ့်နှိမ့်ချတဲ့စိတ် လုံးဝ မရှိပါနဲ့”

ရှင်ငြိမ်း။ ။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ချင်းပြည်နယ်၊ ဟားခါး မြို့နယ်တွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁၁)မှ ပထမဆုံးအကြိမ် ယှဉ်ပြိုင် အနိုင်ရခဲ့သူက ဒေါက်တာ အေးအေးငွန် ဖြစ်သည်။

၎င်းက ချင်းပြည်နယ်တွင် ပထမဆုံးဖွင့်လှစ်သည့် ဟားခါးတက္ကသိုလ်တွင် ပထမဆုံးအမျိုးသမီး ဒု ပါမောက္ခချုပ် ဖြစ်သလို ကျောင်းအုပ်ကြီးလည်း ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် သက်ပြည့်ပင်စင်ယူကာ NLD ပါတီသို့ ဝင်ရောက် ခဲ့သည်။

ဒေါက်တာ အေးအေးငွန် သည် ချင်းပြည်နယ်ရှိ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင် ရေးအသင်းတွင် ဥက္ကဋ္ဌ တစ်ဦးဖြစ်တာကြောင့် ကလေးသူငယ်များနှင့် အမျိုးသမီးအရေးများ ဆောင်ရွက်နေသူ လည်း ဖြစ်သည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ချင်း ပြည်နယ်မှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၂ ဦးအနက် ၄ ဦးသာအနိုင်ရခဲ့ပြီး ထိုထဲတွင် ဒေါက်တာ အေးအေးငွန်တဦးလည်း ပါဝင်ခဲ့သည်။

အမျိုးသမီးလွှတ်တော်အမတ်နည်းနေသည့် ချင်းပြည်နယ်တွင် အမျိုးသမီးများ ယခုကဲ့သို့ နိုင်ငံရေးတွင် ပိုမို ပါဝင်လာခြင်းက နောက်ရွေးကောက်ပွဲများတွင် တက်လာကြမည့် အမျိုးသမီးငယ်လေးများအတွက် နိုင်ငံရေး ဦးဆောင်မှုတွင် ပါဝင်လာကြရန် တွန်းအားတခု ဖြစ်စေခဲ့သည်။

အမျိုးသမီးများကို နေရာပေးမှုနည်းသည့် ချင်းပြည်နယ်တွင် အမျိုးသမီး နိုင်ငံရေးတွင် ပါဝင်လာနိုင်ရေးကို ဆောင်ရွက်သွားမည့် ဒေါက်တာအေးအေးငွန်ကို Hi သတင်းဌာနက ဆက်သွယ်မေးမြန်းချက်အား ကောက်နုတ် ဖော်ပြလိုက်သည်။

မေး ။ ။ ပညာရေးကနေ နိုင်ငံရေးထဲကို ကူးပြောင်းလာတာဆိုတော့ မျိုးရိုးထဲမှာ နိုင်ငံရေးလုပ်တဲ့သူရှိလို့လား။ ဒါမှ မဟုတ် အားကျရတဲ့ သူရှိလို့လား။ ဘယ်လိုခံယူချက်နဲ့ နိုင်ငံရေးထဲကို ဝင်ခဲ့တာလဲ။
ဖြေ ။ ။ ကျမတို့ မျိုးရိုးက အားလုံးဝန်ထမ်းတွေပဲ နိုင်ငံရေးသမားမရှိပါဘူး။ဒါပေမယ့် ကျမက သမိုင်းယူထားသူ ဆိုတော့ အဲဒီထဲက အကြောင်းအရာတွေကို ကျမအမြဲဖတ်ခဲ့ရတာ။ အထူးသဖြင့် အမျိုးသမီးတွေ နိုင်ငံရေးမှာ ခေါင်းဆောင်တွေ ဖြစ်တာကို အရမ်းအားကျတယ်။ ဥပမာ မာဂရက်သက်ချာတို့၊ အင်ဒီယဂန္ဒီတို့၊ အီဖရယ် ဝန်ကြီးချုပ်တို့လို နာမည်ကြီးတဲ့ အမျိုးသမီးတွေ နိုင်ငံရေးမှာ ခေါင်းဆောင်ဖြစ်တာကို သဘောကျတယ်။ အဲဒါတွေကို အားကျလို့ နိုင်ငံရေးထဲကို ပါလာတာပေါ့။

မေး ။ ။ ပါတီအတွင်း အမျိုးသားတွေ ကြားထဲမှာ အမျိုးသမီးတယောက်ဖြစ်နေလို့ နေရာပေးမခံရတာတွေ၊ အမျိုးသမီးဖြစ်လို့ ဝေဖန်ခံရတာတွေ ရှိခဲ့လား။
ဖြေ ။ ။ အဲ့လိုတော့ မရှိဘူး။ ဘာလို့လဲဆိုတော့ ကျမတို့က ကိုယ်အရည်အချင်းနဲ့ ကိုယ်ရပ်တည်ဆိုတာ့ အဲ့လို မရှိပါဘူး။ ကျမက ချင်းပြည်နယ်မှာ ပထမဆုံးဖွင့်ခဲ့တဲ့ ဟားခါး တက္ကသိုလ်မှာ ပထမဆုံးဒုတိယပါမောက္ခချုပ် လည်း ဖြစ်တယ်။ ကျောင်းအုပ်ကြီးလည်း ဖြစ်ခဲ့တယ်။

ဒါပေမယ့် ကျမတို့စည်းရုံးရေးဆင်းတော့ တောရွာတွေထဲသွားရတဲ့အခါ ကားမရောက်တဲ့နေရာတွေ ဆိုင်ကယ်နဲ့ သွားရတာရှိတယ်။ အဲ့လိုခက်ခဲကြမ်းတမ်းတဲ့ လမ်းတွေသွားရင် ဆိုင်ကယ်စီးရတဲ့အခါ အမျိုးသားတွေ ဝေဖန် တာကို ခံရတယ်။ အမျိုးသမီးတွေနဲ့ဆိုရင် မရောက်နိုင်ဘူးဆိုတာမျိုး အပြောခံရတာတွေ ရှိတယ်။

မေး ။ ။ ဟားခါးချင်းတွေမှာ သမီး မိန်းကလေးတွေကို နေရာပေးမှုက ဘယ်လိုအခြေအနေရှိပါသလဲ။
ဖြေ ။ ။ အရင်တုန်းကဆိုရင် အမျိုးသမီးတွေကို နှိမ်တာပေါ့။ နှိမ်တယ်ဆိုတာထက် အမျိုးသမီးတွေ ကိုယ်တိုင် ကလည်း အမျိုးသမီးဆိုပြီး အရမ်းနှိမ့်ချတယ်။ ဒါက အရင်က ရိုးရာယဉ်ကျေးမှုအရပေါ့။ အခုကျတော့ ခရစ်ယာန် ဘာသာလည်း ဝင်လာကြပြီး ဝန်ထမ်းလည်း များလာ၊ ပညာတတ်တွေလည်း ရှိလာတဲ့အခါမှာတော့ အဲဒါတွေလည်း သိပ်မရှိတော့ဘူး။ တောရွာလောက်မှာပဲရှိမယ်ထင်တယ်။

နောက် ကျမအဖေဆိုရင် ရဲဝန်ထမ်းတယောက်ဆိုတော့ ခေတ်မှီတယ်ပေါ့။ အမေကလည်း လိုက်လျောညီထွေ နေတတ်တယ်။ အဲ့တော့ သားရယ်၊ သမီးရယ်လို့လည်း ခွဲခြားမှု မရှိဘူး။ နောက်အမွေပိုင်းဆိုင်ရာမှာလည်း သား တွေကတော့ အိမ်တို့ဘာတို့တော့ အမွေရတယ်။ သမီးမိန်းကလေးတွေကတော့ ရွှေငွေတွေ ခွဲပေးပါတယ်။ ကျမတို့လက်ထက်မှာတော့ အမျိုးသမီးတွေကို နှိမ့်ချတာမျိုး မခံစားခဲ့ရဘူး။

မေး ။ ။ ချင်းအမျိုးသမီးတွေအနေနဲ့ အမျိုးသမီးတွေ နိုင်ငံရေးမှာပါဝင်လာတာကို ဘယ်လိုမြင်သလဲ။ သူတို့ လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး အားရကျေနပ်မှု ရှိလား။
ဖြေ ။ ။ ကျမရှေ့မှာ ရွေးကောက်ခံ အမျိုးသမီး ကိုယ်စားလှယ်တွေ ရှိပါတယ်။ ဒေါ်ခင်ဆွေလွင်တို့၊ ဒေါ်နီဆွေ လျန်း၊ ဒေါ်စာစုတို့ ရှိပါတယ်။ ကျမနဲ့ အနီးစပ်ဆုံး ဖြစ်တဲ့ ဒေါ် နီဆွေလျန်းဆိုတာ ထန်တလန်မြို့နယ်က ပြည်သူ့လွှတ်တော်ကနေ ဝင်ပြိုင်တာ အနိုင်ရထားတယ်။ သူဆိုရင် လွှတ်တော်ထဲမှာ ပြောနိုင်ဆိုနိုင်တယ်။ တောင်းဆိုနိုင်တယ်။ သူလည်း သမိုင်းနဲ့ပဲ ဘွဲ့ရခဲ့တာ။ သူကတော့ လုပ်နိုင်တယ်ပြောရမှာပေါ့။ ကျန်တဲ့ အမျိုးသမီးလွှတ်တော်အမတ်တွေတော့ ကိုယ်နဲ့ အလှမ်းဝေးတော့ သိပ်မသိဘူး။

မေး ။ ။ ဆရာမအနေနဲ့ ကိုယ်နိုင်ငံရေးထဲဝင်လိုက်တော့ တစုံတခု ပြောင်းလဲသွားမယ်လို့ ထင်သလား။ ပြောင်းလဲသွားအောင် လုပ်နိုင်မယ်လို့ ယုံကြည်ချက်ရှိလား။
ဖြေ ။ ။ ကျမ ပညာရေးမှာ နှစ်ပေါင်း ၄၀ လောက် လုပ်ခဲ့တော့။ ပညာရေးကိုတော့ မြှင့်တင်နိုင်တယ်။ လုပ်နိုင် တယ်လို့ ထင်တယ်။ ကျမရဲ့ အတွေ့အကြုံနဲ့ ပညာအနေနဲ့တော့ လိုအပ်ချက်တော်တော်သိတယ်လို့ ပြောရမှာ ပေါ့။ ဒါတွေကို ကျမအားစိုက်ပြီးတော့ ပြုပြင်မယ်။ တောင်းဆိုမယ်။ အဓိကကတော့ ပညာရေးနဲ့ ကျန်းမာရေး က တွဲနေတာဆိုတော့ ဒါကို မြှင့်တင်နိုင်မယ်လို့ ထင်တယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုတော့ရှိပါတယ်။

ချင်းပြည်နယ်က လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် စီးပွားရေး၊ လူမူရေးစတဲ့ အဘက်ဘက်က နိမ့်ကျခဲ့ တယ်။ ပညာရေးဆိုလည်း အနိမ့်ဆုံးထဲမှာ ချင်းပြည်နယ်လည်း ပါခဲ့တယ်။ ဒါတွေကို ပြုပြင်ပြောင်းလဲပေးရမယ်။

မေး ။ ။ လက်ရှိ ပလက်ဝဒေသက ကလေးတွေရဲ့ပညာရေးကလည်း တော်တော်လေး အခြေအနေဆိုးတယ်လို့ ကြားရတယ်။ အဲဒီအပိုင်းရော ပြုပြင်ပြောင်းလဲဖို့ တွေရှိလား။
ဖြေ ။ ။ ပလက်ဝမှာလည်း လုံခြုံရေး အခြေအနေအရ ဆရာ၊ ဆရာမတွေကလည်း မနေရဲဘူး။ မသွားရဲကြဘူး။ အဲ့တော့ သူတို့တွေမှာလည်း ဆရာကောင်းကောင်းမရှိဘူး။ ကျောင်းလည်း သူတို့ ကောင်းကောင်း မတက်နိုင် ဘူး။ အခု ပလက်ဝရဲ့ ၁၀ တန်းအောင်ချက်ကတော့ သုညပဲ။ မအောင်ဘူး။ အဓိကကတော့ ငြိမ်းချမ်းဖို့နဲ့ ဆရာ၊ ဆရာမ လုံလုံလောက်လောက်ရှိဖို့ လိုတာပေါ့။ ဒါက ပြဿနာ တခုဖြစ်တယ်။ နယ်မြေငြိမ်းချမ်းမယ်ဆိုရင်တော့ ပညာရေး ကလည်း တက်လာမှာပါ။ ဒါကြောင့် ကျမက ဒါတွေကို သေသေချာချာ ကြပ်ကြပ်မတ်မတ် လုပ်မှာ ဖြစ်တယ်။

ဒေါက်တာအေးအေးငွန်

မေး ။ ။ အခုကိုယ်က အမတ်ဖြစ်လာပြီဆိုတော့ နောက်ကြားဖြတ်ရွေးကောက်ပွဲတွေလည်း ရှိနိုင်နေသေးတော့ နိုင်ငံရေးထဲကို ဝင်လာကြမယ့် အမျိုးသမီးတွေကို ဘယ်လို အကြံပြုချက်တွေ ပေးချင်ပါသလဲ။
အမျိုးသမီးတွေအနေနဲ့ အဓိကကတော့ အတွေးအခေါ်တွေ ပြောင်းလဲရမယ်။ ကိုယ်ကတော့ အမျိုးသမီးဖြစ်လို့ ဒီနိုင်ငံရေးမှာ ဘာမှ မလုပ်နိုင်ဘူး။ အုပ်ချုပ်ရေးမှာလည်း မပါနိုင်ဘူးဆိုပြီး ကိုယ့်ကိုကိုယ့်နှိမ့်ချတဲ့စိတ် လုံးဝ မရှိပါနဲ့။ ကိုယ့်ကိုကိုယ် ယုံကြည်မှုထားပါ။

ဘာလို့လဲဆိုတော့ နိုင်ငံရေးလုပ်မယ်။ ရွေးကောက်ပွဲဝင်ချင်ရင်တော့ အဓိကက ပညာကို များများသင်ထားပါ။ ပညာတတ်ဖို့လိုတယ်။ လူငယ်တွေလည်းဘွဲ့ရအောင် ပြီးတော့ စာလည်း များများ ဖတ်ပါ။ လေ့လာပါ။ စိတ်ဝင် စားပါ။ အခုကတည်းက ပြင်ဆင်ထားရမှာ။

တိုင်းရင်းသားတွေရဲ့ စိတ်မှာ အမျိုးသမီးတွေဆိုတဲ့ နိမ့်ကျတဲ့စိတ်၊ ကိုယ့်ကိုကိုယ် နှိမ့်တဲ့စိတ်၊ အားငယ်တဲ့စိတ် ရှိတယ်။ ဒီစိတ်ကို လုံးဝဖျောက်ရမယ်။ ကိုယ်လည်း လုပ်နိုင်ပါတယ်ဆိုတဲ့ စိတ်ကို မွေးပြီးတော့ ခုနကပြောတဲ့ လိုအပ်ချက်တွေကို ပြင်ဆင်ထားပါလို့ မှာကြားချင်တယ်။

အခုဆိုရင် ဟားခါးမြို့ပေါ်က အမျိုးသမီးတွေဆို ကျမတို့လှုပ်ရှားနေတာတွေ တွေ့တော့ အားကျတယ်။ နောက် ပညာတတ်လေးတွေ များလာတယ်။ သူတို့အခုဆိုရင် နိုင်ငံရေးမှာ စိတ်ဝင်စားလာကြပြီ။ နောက်ဆိုရင် အမျိုးသမီးလေးတွေ နိုင်ငံရေးမှာ ပါလာဖို့ အလားအလာရှိပါတယ်။

မေး ။ ။ ချင်းအမျိုးသမီးတွေ အမွေဆက်ခံပိုင်ခွင့်ရရှိရေးအတွက် ချင်းအက်ဥပဒေကို ပြင်ဖို့လုပ်နေတာရှိတယ် ဆိုတော့ ဆရာမအနေနဲ့ အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်သွားဖို့ရှိလဲ။
ဖြေ ။ ။ အရင်က ရှိခဲ့တဲ့ ချင်းအက်ဥပဒေကို ပြုပြင်စရာရှိတွေ ပြုပြင်ရမှာ ဖြစ်တယ်။ အဲဒါပြင်ဖို့ကတော့ ပြည်နယ် က လုပ်လို့မရဘူး။ အဲလိုဥပဒေတွေဆိုရင် နိုင်ငံတော်အဆင့်ကပဲ ပြင်လို့ရတယ်လို့ နားလည်တယ်။ အခုက တော့ အမွေဆက်ခံပိုင်ခွင့်နဲ့ ပတ်သက်ပြီး ရှိတော့ ရှိသေးတယ်။ ဒါပေမယ့် အရင်လောက် မပြင်းထန်တော့ဘူး။

အမျိုးသမီးအရေးဆိုရင် လူမူရေးနဲ့ ဘာသာရေးဘက်မှာပဲ လှုပ်ရှားကြတယ်။ အဲဒါမျိုးတွေထက် အုပ်ချုပ်ရေး ပိုင်းမှာလည်း ဝင်ကြပါ။ အထူးသဖြင့် ဝန်ထမ်းတွေ ဝင်လုပ်ကြ။ အဲဒီကနေ တဖြည်းဖြည်းနဲ့ အရာရှိတွေ ဖြစ်လာ မယ်။ အဲ့တော့ အုပ်ချုပ်ရေးပိုင်းမှာလည်း အမျိုးသမီးတွေက အရာရှိတွေ ဖြစ်လာမယ်။ နိုင်ငံရေးဘက် မှာလည်း လေ့လာပါ။ စိတ်ဝင်စားပါ။ ကိုယ်လည်း လုပ်နိုင်ပါတယ်ဆိုတာမျိုးတွေရှိလာအောင် ပညာပေး ရမှာပေါ့။ အဲဒါလေးတွေ လုပ်သွားမှာပါ။

မေး ။ ။ မုဒိမ်းမှုတွေကို ရိုးရာဓလေ့နဲ့ ကျေအေးပေးကြတာတွေ ရှိတယ်လို့ ကြားသိရတယ်။ ဒါတွေကို ဆရာမ အနေနဲ့ ပြုပြင်ပြောင်းလဲဖို့ ရှိလား။ ပြောင်းဖို့ရှိလား။
ကျမတို့ ချင်းတွေကြားမှာ အဲ့လို သိပ်မရှိခဲ့ဘူး။ အခုနောက်ပိုင်းဖြစ်နေတာက ချင်းမဟုတ်တဲ့ တိုင်းရင်းသားတွေ ရဲ့ ပြဿနာတွေ များတယ်။ အထူးသဖြင့် သက်ငယ်မုဒိမ်းမှုတွေလိုပေါ့။ အဲဒီမှာဆိုရင် တခြားက ပြောင်းလာတဲ့ ချင်းတိုင်းရင်းသား မဟုတ်တဲ့သူတွေနဲ့ ဖြစ်တာများတယ်။ ဒါကိုတော့ ကာကွယ်တားဆီးရမှာပေါ့။ နောက် ဒီအတွက် အသိပညာပေးမှုတွေကလည်း လိုအပ်နေသေးတယ်။

မေး ။ ။ ပလက်ဝဒေသမှာ AAတွေ အခြေချလာတဲ့အပေါ် ဒေသခံတဦးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ ချင်းပြည်နယ်အတွင်းမှာ အရင်က ဘာပြဿနာမှ မရှိခဲ့ဘူး။ ကိုယ့်ဘာသာ အေးအေး ဆေးဆေး အလုပ် လုပ်တယ်။ အခုက အေအေက ပလက်ဝမှာ သူတို့က အခြေကုတ်ယူတဲ့သဘော တပ်မတော်နဲ့ လာလာ ပြဿနာ ဖြစ်နေတာပေါ့။ ကြားထဲမှာ ပလက်ဝနယ်မြေက မြေဇာပင် ဖြစ်သွားတယ်။

ဆိုတော့ ကျမဖြစ်စေချင်တာက ပလက်ဝ နယ်မြေကို အသုံး မချပါနဲ့။ တိုက်ပွဲတွေဖြစ်တယ်။ စစ်ဘေးရှောင်တွေ ပြေးနေကြတယ်။ သူတို့ခမျာလည်း အလုပ်ကလည်း မလုပ်တတ်၊ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိကြဘူး။ အဲ့တော့ ဖြစ်စေချင်တာက ဒီပလက်ဝနယ်မြေမှာ တိုက်ပွဲတွေ မဖြစ်ကြပါနဲ့။ ဒီနေရာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အရင်ကအတိုင်းပဲ ဖြစ်ပါစေ။ ပြီးတော့ တပ်မတော်နဲ့ အေအေတို့ ညှိနှိုင်းကြပါ။ ဘာပဲဖြစ်ဖြစ် ညှိနှိုင်းမှုက အရေးကြီးဆုံးပဲလို့ ထင်တယ်။ စစ်ပွဲနဲ့ လက်နက်နဲ့ဆိုတာက ပြည်သူလူထု အရမ်းဒုက္ခရောက်ပါတယ်။

Related Articles