Home မေးမြန်းခန်း ကချင်ပြည်နယ်က တက်ကြွလှုပ်ရှားသူ မဆိုင်းနူးပန်ရဲ့ရွေးကောက်ပွဲအတွေ့အကြုံ

ကချင်ပြည်နယ်က တက်ကြွလှုပ်ရှားသူ မဆိုင်းနူးပန်ရဲ့ရွေးကောက်ပွဲအတွေ့အကြုံ

ကြည်ဖြူ။ ။
ကျောင်းသားသမဂ္ဂခေါင်းဆောင်၊ တက်ကြွလှုပ်ရှားသူနှင့် ပြည်တွင်းစစ်ဆန့်ကျင်ရေးသမားအဖြစ် လူသိများသည့် အသက် ၂၆ နှစ်အရွယ် မဆိုင်းနူးပန်သည် ၂၀၂၀ ရွေးကောက်ပွဲမှကိုဝင်ပြိုင်ရင်း လွှတ်တော်နိုင်ငံရေးလောကထဲသို့ ဝင်ရောက်လာခဲ့သည်။

ငယ်ရွယ်ပြီး လူထုလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်လေ့ရှိသည့် သူမသည် ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP )ကို ကိုယ်စားပြုပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲရွေးခံရသည်အထိ အောင်မြင်မှုမရခဲ့သော်လည်း သူ့မကိုမဲပေးသည့်အရေအတွက်က မျှော်မှန်းသည်ထက် များခဲ့သည်ဟု သူမကဆိုသည်။ စစ်ပွဲများ၊ နိုင်ငံရေးကစားပွဲများအကြား ရုန်းကန်ရင်ဆိုင်ရင်း သူမကြုံတွေ့ခဲ့ရသည့် ရွေးကောက်ပွဲအခြေအနေများကို မေးမြန်းထားသည်များထဲမှ အချို့ကို ကောက်နှုတ်တင်ဆက်လိုက်ပါသည်။

မေး။ ။၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားတွေနဲ့ တန်းတူဝင်ရောက် အရောက်အရွေးခံရတဲ့ အချိန်မှာ အဓိက စိန်ခေါ်မူတွေက ဘာတွေ ရှိပါသလဲ။
ဖြေ။ ။ကျမက လူငယ်လည်းဖြစ်တယ် အမျိုးသမီးလည်း ဖြစ်တယ်ဆိုတော့ စကားထိုးနှက်မှုတွေ အများကြီးခံခဲ့ရတယ်။ KSPP ကတော့ တည်ငြိမ်တဲ့ အမျိုးသားကိုထည့်ပါ ပြည်သူကတော့ အရမ်းငယ်သေးတဲ့ အတွက်ကြောင့် မထည့်ပါနဲ့ဆိုပြီး မဲဆွယ်တဲ့ သူတွေအများကြီးသွားတွေ့ရတယ်။ ပတ်ဝန်းကျင်တွေက အမျိုးသမီးဆိုရင် မယုံနိုင်သေးတဲ့ အနေအထားမှာ ကျမက အသက်ပါ ငယ်တော့ ပိုဆိုးတာပေါ့ တိုက်ခိုက်မှုတွေကို တော်တော်လေး ခံခဲ့ရတယ်။

သို့ပေမယ့်လည်း ကျမကိုယ်တိုင်သွားပြီး တွေ့ဆုံခဲ့ဖူးတဲ့ ပြည်သူလူတွေကတော့ ကျမကို ထင်တာထက် မဲပိုထည့်တယ်။ ကျမထင်တာက ၁ သောင်းကျော်လောက်ပဲ ရလာတဲ့အချိန်မှာက ၂၃,၀၀၀ ကျော်ဖြစ်ပါတယ်။ ကိုဗစ်စည်းမျဉ်းအရ လူ ၅၀ ထက်မစုရဘူးဆိုတော့ ဒီနှစ်လ အတောအတွင်းမှာ ကျမတို့ တော်တော်တော့ ရုန်းခဲ့ရတယ်။ တစ်ပွဲမှာ တစ်ခါတလေမှ ၁၀ယောက်၊ ၅ ယောက်။ ကျမတို့က တစ်ရက်မှာ အလွန်ဆုံး ၁၀၀ နဲ့ ၂၀၀ ကြားမှာ စည်းရုံးနိုင်တယ်။ တစ်လဆိုရင်တော့ အလွန်ဆုံး ၁သောင်းဖြစ်မယ် ထင်တယ်။ နောက်တစ်ခုက ငွေရေးကြေးရေး။ တခြားပါတီတွေက သူတို့ရဲ့ ကိုယ်စားလှယ်လောင်းတွေကို သိန်း ၁၀၀ စီထုတ်ပေးပြီးမှ မဲဆွယ်ခိုင်း(တဲ့အချိန်မှာ) ကျမတို့ဆီမှာကတော့ တစ်ပြားမှ မထုတ်ပေးဘူး။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လုပ်ရတော့ တော်တော်လေး ရုန်းကန်ခဲ့ရတယ်။

မေး။ ။ရွေးကောက်ပွဲမှာ အရွေးမခံရတာ ဘာကြောင့်လို့ သုံးသပ်မိပါသလဲ။
ဖြေ။ ။ ကျမတို့ဆီမှာ ဝါဒဖြန့်ချီတာ အရမ်းအားကောင်းတယ်။ ပြည်နယ်တစ်ခုလုံးကို ဒီလိုမျိုးနဲ့ သုံးခဲ့တယ်။ ဘာလဲဆိုတော့ ပြည်နယ်ပါတီတွေက ပြည်နယ်ငယ်သေးတဲ့ အတွက်ကြောင့် ဒီပါတီတွေက အစိုးရဖွဲ့နိုင်မှာမဟုတ်ဘူး။ အဲ့အတွက်ကြောင့် မဲမထည့်ကြပါနဲ့ဆိုပြီး ပြည်သူလူထုကို ပုံမှားရိုက်တာတွေ ရှိတယ်။ တစ်ဖက်မှာလည်း ပြည်နယ်ပါတီတွေက အင်အားကြီးပါတီတွေ မဟုတ်တဲ့ အတွက်ကြောင့် သူတို့ နိုင်သွားခဲ့မယ်ဆိုရင်တောင် တပ်နဲ့ပေါင်းမှာဆိုပြီး‌တော့ နှစ်ပေါင်း ၇၀ ကျော် စစ်တပ်ရဲ့အောက်မှာ ကျမတို့ နေခဲ့ရပြီးပြီ၊ NLD ကပဲ ဆွဲခေါ်လိုက်တဲ့ အတွက်ကြောင့် စစ်တပ်အောက်ကနေ လွတ်ခဲ့ရတယ် ဆိုတော့ တကယ်လို့များ KSPP ပါတီကိုကို ထည့်လိုက်မယ်ဆိုလို့ရှိရင် စစ်တပ်အောက်ကို ပြန်ရောက်သွားလိမ့်မယ်။ အဲလိုအခြေအနေမျိုးကို မင်းတို့ လိုချင်တာလားဆိုပြီး‌တော့ ခြိမ်းခြောက်ကြတယ်။

ပြည်သူလူထုကလည်း အဲဒီအချိန်ကျတော့ ပြန်ကြည့်မယ်ဆိုရင် ဘာမှနိုင်ငံရေးနားမလည်တဲ့ လူတစ်ယောက်အနေနဲ့ ဒါကို ယုံကြည်တဲ့ အနေအထားရောက်နိုင်တယ်။ ကြောက်တာပေါ့။ ဘာလို့ဆို ကျွန်မတို့က အကြောက်တရားနဲ့ နှစ်ပေါင်း ၇၀ ကျော် ဒီလိုမျိုးဖိနှိပ်ခံခဲ့တယ်။ တချို့ကတော့ ကျမတို့ကို ချစ်တယ်၊ သို့ပေမယ့် စစ်တပ်အောက် ပြန်ရောက်သွားမှာ ကြောက်တယ်လို့ ဖြစ်သွားတယ်။ တချို့ကျတော့ ကျမတို့နဲ့ ပြန်ဆုံတဲ့အချိန်မှာဆိုရင် ကျမတို့ ပြန်ရှင်းပြနိုင်ခဲ့တယ်။ ဒါပေမယ့် လူပေါင်း ၅ သိန်းကျော်ရှိတဲ့ နေရာဆို‌တော့ အဲလောက်ထိ ဖြေရှင်းနိုင်ဖို့က မလွယ်တော့ဘူး။ သူတို့ရဲ့ ဝါဒဖြန့်ချီမှုက အောင်မြင်တယ်လို့တော့ ပြောလို့ရတာပေါ့။

တစ်ဖက်မှာလည်း NLD အားကောင်းတဲ့ နေရာမှာဆိုရင်လည်း ကျွန်မတို့ ပါတီက USDP ပါတီရဲ့ လက်ကိုင်တုတ်ဖြစ်တယ် ဆိုပြီး ပြောခံရတယ်။ ပြီးတော့ USDP အားကောင်းတဲ့နေရာမှာဆိုရင် ကျမတို့ ပါတီက KIA ရဲ့ ကျောထောက်နောက်ခံ ဖြစ်တဲ့ ပါတီဖြစ်တယ်ဆိုပြီးတော့။ ကချင်ပြည်နယ်မှာ ရှိတဲ့ မတူညီကွဲပြားတဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံပါတယ် ဒီပါတီက လူမျိုးရေးအပေါ် အခြေမခံထားဘူးဒါနဲ့ ပတ်သက်ပြီး လုံးဝလုပ်ပေးနိုင်မှာမဟုတ်ဘူးဆိုပြီး ဝါဒဖြန့်တာမျိုး ခံခဲ့ရတယ်။

ပြီးတော့ ရခိုင်တို့ ရှမ်း၊ ဗမာတို့ နေရာမှာဆိုရင်တော့ ဒီပါတီက သီးသန့် ကချင်အတွက်ဘဲ လုပ်တဲ့ ပါတီဖြစ်တယ်ဆိုပြီးတော့မှ မင်းတို့ တခြားဘာသာခြားအတွက်မရှိဘူး။ တခြားလူမျိုးခြားတွေအတွက် မရှိဘူး ကချင်ပြည်နယ်ရဲ့ တခြားလူမျိုးတွေအတွက် က NLD ပဲရှိတယ်ဆိုပြီးတော့ စည်းရုံးသွားတယ်။ ဆိုတော့ သူတို့ရဲ့ ပုံမှားရိုက်ပြီးတော့မှ စည်းရုံးမှုမှာ နိုင်သွားတဲ့အတွက်ကြောင့် ကျမတို့က ရှုံးသွားခဲ့ရတယ်။ ကျမတို့ ရွေးကောက်ပွဲ ရလာဒ်ထွက်လာတဲ့အခါမှာ တချို့ပါတီဝင်တွေဆိုရင် ငိုကြတာ။ တချို့ကလည်း NLD ကိုသာ ပေးလိုက်ရတာ ဒါပေမယ့် ဒီအဖြေကို အရမ်းကျေနပ်သေးတာ မဟုတ်ဘူး။ ကြောက်လို့ ပေးရတယ်လို့ ဖြစ်တဲ့အခါမှာ ဒီတစ်ခေါက် ၂၀၂၀ နိုင်ငံရေးက တော်တော်လေးတော့ ပြည်သူလူထုအတွက်ကတော့ ခံစားလို့ မကောင်းတဲ့ ရွေးကောက်ပွဲတစ်ခုလို့တော့ ကျမတို့ သုံးသပ်တာပေါ့နော်။

မေး။ ။ရွေးကောက်ပွဲ ရလဒ်ထွက်ရှိလာတဲ့ အပေါ်မှာ အမျိုးသမီးတစ်ယောက် အနေနဲ့ စိတ်ဓာတ်ကျသွားတာ မျိုးရော ရှိလား။ ကိုယ်ရဲ့ စိတ်အင်အားကို ဘယ်လိုမြှင့်တင်ထားပါသလဲ။
ဖြေ။ ။ ကျမကတော့ စိတ်ဓာတ်မကျဘူး။ ဝန်းရံတဲ့သူတွေကတော့ စိတ်ဓာတ်ကျတော့ ကျမတို့က ပြန်မြင့်တင်နေရတယ်။ ကျမတို့ကလည်း နိုင်တယ် ရှုံးတယ်ဆိုတာကို လက်ခံထားတာဖြစ်တယ်။ ကျမတို့ ပါတီကလည်း ပူးပေါင်းထားတာ တစ်နှစ်နဲ့ သုံးလဘဲ ရှိသေးတာကို ဆိုတော့ လူထုက အများပိုင်းမသိတာက ပိုများတယ်။ အဲချိန်ကျတော့ ကျမတို့က ပေါင်းစည်းမည်ဆိုတဲ့သတင်းအချက်အလက်ကို ပြန်မျှဝေပေးရတာဖြစ်တော့ သူများတွေက အေးဆေးစည်းရုံးရေးဆင်းနေတဲ့အချိန်မှာ ကိုယ်တွေကတော့ အခုမှ ပေါင်းစည်းပါပြီဆိုပြီးမှ တချို့ကို ပြန်ပြီးမှ ရှင်းပြတဲ့အနေအထားက လွယ်တော့ မလွယ်ဘူး။

မေး။ ။ကိုယ်ကိုယ်တိုင် ရွေးကောက်ပွဲမှာ အရွေးမခံရပေမယ့် အမျိုးသမီးရေးနဲ့ နိုင်ငံရေးတွေကို ဘယ်လိုဆက်လက် လုပ်ဆောင်သွားမယ်လို့ စိတ်ကူးထားပါသလဲ။
ဖြေ။ ။ အခုကတော့ တရားဝင်နိုင်ငံရေးကနေပြီးတော့ သွားလို့တော့ မရတော့ဘူး ဆိုပေမယ့်လည်း ကျွန်မတို့က လွတ်တော်ပြင်ပကနေ ကချင်ပြည်နယ်မှာရှိတဲ့ လူငယ်ထု၊ အမျိုးသမီးထု၊ စစ်ဘေးရှောင်အရေးကိစ္စ ပြည်နယ်သူ/ သား အကျိုးစီးပွားနဲ့ ပတ်သက်ပြီးတော့ ကျမ အမြဲတမ်းပြောဆိုပြီး လုပ်ဆောင်ဖို့အတွက် စဉ်းစားထားတယ်။ လုပ်ဆောင်ဖို့ရှိတယ်။ ဒါကလည်း ကျမအနေနဲ့ ၂၀၁၂ ကတည်းက လုပ်နေတယ် ရွေးကောက်ပွဲမဝင်ခင်ကတည်းက ကျမလုပ်နေတဲ့ အပိုင်းရှိတယ် အခုဆိုရင်တော့ လွှတ်တော်ပြင်ပကနေ ကျမ ပြည်သူလူထုတွေနဲ့ ပူးပေါင်းပြီးတော့ CSOs တွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်သွားဖို့ ရှိတယ်။

“ကျမက တက်ကြွတဲ့သူ၊ နောက်ခံကလည်း IDPs Background ဆိုတော့ မင်းတို့ ကချင်တွေက KIA ရဲ့ လူတွေဖြစ်တယ် KIA မှာ သွားအော်ကြပါ။ ဒီဟာက ကချင်ပြည်နယ်ဆိုတာ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ နင်တို့က ကချင်နဲ့ မဆိုင်ဘူး အဲကြောင့် မင်းတို့နဲ့ ဆိုင်တဲ့ ဒေသမှာ သွားပြောပါ ဆိုပြီး‌တော့ ပြောခံရတယ်။ comment တစ်ခုမှာ ဆိုရင် နင်တို့ အမျိုးသမီးအားလုံးက ဗိုလ်ချုပ်ဂွန်မော်ရဲ့ မိန်းမ၊ မယားငယ် နင်လည်း အဲ့ထဲကတစ်ယောက်ပဲ ဆိုပြီး‌တော့ ပြောတာပေ့ါနော်”

မေး။ ။အမျိုးသမီးတွေက အမျိုးသားတွေလောက် အလုပ်မလုပ်နိုင်ဘူး။ ယှဉ်ဘောင်မတန်းနိုင်တဲ့ အမြင်တွေ ရှိနေတော့ ကိုယ်စားလှယ်လောင်း ရွေးချယ်သွားတဲ့ အပေါ်မှာရော ဒီအချက်က သက်ရောက်မှုရှိတယ်လို့ ထင်ပါသလား။
ဖြေ။ ။ အများကြီးသက်ရောက်တယ်။ ကျမဆို လူငယ်ထပ်ဖြစ်ပြန်တော့ ပိုဆိုး အသက်အရမ်းငယ်သေးတယ် အမျိုးသမီးလည်း ဖြစ်တယ် ဘာမှ လုပ်နိုင်သေးမှာ မဟုတ်ဘူး ဟိုမှာ ဘာမှပြောရဲ ဆိုရဲမှာ မဟုတ်ဘူးဆိုပြီးတော့ အဲလိုမျိုး ပုံမှားရိုက်ကြတာ။ တချို့လူဆိုရင် ကျမနဲ့ ပြန်တွေ့တော့ ကျမတို့က ထောင်လည်း ကျဖူးတာကို အဲချိန်ကျတော့ သူတို့က ပြန်သိကြတော့ ဟား ..အဲ့ဒီဆရာမလားဆိုပြီးတော့၊ အဲ့လိုဆိုရင်တော့ ထောက်ခံရမယ် ဆိုပြီး‌တော့ ပြန်ဖြစ်သွားရော။ မသိလိုက်ကြတဲ့ သူတွေကတော့ အများပိုင်း မဲမထည့်ကြဘူး။ ကျမကို သိလိုက်တဲ့သူတွေကတော့ မဲထည့်ပေးကြတယ်။

ကျမတို့ စည်းရုံးရေးက အားနည်းသွားတဲ့ဟာကတော့ တစ်နေ့ကို လူကထောင်နဲ့ချီ လုပ်လို့ရမယ်ဆိုရင်တော့ လုံးဝနိုင်သွားမယ့် အခြေအထားအခုက ကိုဗစ်နဲ့ ဆိုတော့ လုံးဝ အဆင်မပြေဘူး။ ကျမကို ဘယ်သူမှ မတွေ့ဖူးကြဘူး။ ကြားဖူးတာက ကျမထောင်ကျသွားတယ်။ စစ်ဘေးရှောင်အတွက် လုပ်နေတဲ့ လူငယ်ဆိုပြီးတော့ သိတယ်။ သိုပေမယ့် ဒီရွေးကောက်ပွဲမှာ ကျမ ဝင်ပြိုင်တယ်ဆိုတာ ဘယ်သူမှ မသိကြဘူး အဲလိုဖြစ်သွားတာဆိုတော့ အများပိုင်း ဒီဒဏ်ကိုတော့ ခံခဲ့ရတာပေါ့။

မေး။ ။အခု ရွေးကောက်ပွဲက နိုင်တာ ရှုံးတာ အဓိက မဟုတ်ဘဲ ဖြတ်သန်းမူတစ်ခုကို အတွေ့အကြုံယူတယ်လို ့ သဘောထားမယ်ဆိုရင် အစ်မအနေနဲ့ ကိုယ့်အတွက် မှတ်မှတ်ရရရှိစေမယ့် ဘယ်လို အတွေ့အကြုံရခဲ့ပါသလဲ။
ဖြေ။ ။ ကျမတို့ဆိုရင် ဒီနောက်ပိုင်းကတော့ ဖေ့စ်ဘွတ်ခ်ပိုစ့်တို့ စည်းရုံးရေးဘာတွေညာတွေကို အွန်လိုင်းပေါ်မှာ မတင်တော့တဲ့ အဖြစ်ရှိခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ တစ်ခုခုတင်လိုက်ပြီဆိုရင် ကျမတို့ သွားခဲ့တဲ့ နေရာတိုင်းအားလုံးကို ကျမတို့ လက်ကမ်းစာရွက်က ပုံတွေကအစ ယူသွားပြီးမှ ဒီလူတွေက စစ်တပ်နဲ့ ပေါင်းထားတဲ့ ပါတီတွေ ဖြစ်တယ်။ USDP ရဲ့ လက်ကိုင်တုတ်ဖြစ်တယ်။ အဲဒီအတွက်ကြောင့် မဲမပေးကြပါနဲ့ ဆိုပြီး အကုန်လုံးကို မဲသွားဆွယ်ကြတယ်။ ပြီးတော့ NLD မှာဘဲ ထည့်ကြပါ ဆိုပြီးမှ ပြောတာပေါ့နော်။

တစ်ခုအမှတ်တရဖြစ်သွားစေတာက နောက်တစ်နေ့ ကျမတို့ မဲဆွယ်စည်းရုံးဖို့ လုပ်ထားတဲ့ ညမှာ ကျမတို့ရဲ့ စည်းရုံးရေးအဖွဲ့ဝင် တာဝန်ခံတစ်ယောက်ကို ဖုန်းဆက်ခဲ့တယ်။ ဆရာရေ ဆိုင်းနူးပန်က ထောင်ကျဖူးတော့တဲ့ ဒီအိမ်မှာ ဆရာမဆိုင်းနူးပန်ကိုမေးတာဆိုရင် အဲ့အိမ်က လူတွေကို ထောင်ချမယ်ဆိုပြီးတော့မှ ခြိမ်းခြောက်နေကြတယ်။ အဲတာဘယ်လိုညှိလို့ရလဲတဲ့။ အကယ်လို့ လက်ခံလိုက်မယ်ဆိုရင် ဆရာမဆိုင်းနူးပန်လာခဲ့မယ်ဆိုရင် သူတို့ ထောင်ကျမှာလားတဲ့။ အဲတော့ ကျမကလည်း ဟာဘယ်သူပြောတာလဲပေါနော် တခါမှမကြားဖူးဘူးလို့ အခုမှကြားဖူးတာပေါ့နော်။

ပြီးတော့ မင်းအောင်လှိုင် ကချင်ပြည်နယ်ရောက်တုန်းက မင်းအောင်လှိုင်ကို ကန်တော့တဲ့ ကချင်မတစ်ယောက်ရှိတယ်။ အဲ ကချင်မက ကျွန်မနာမည် အသံထွက်နဲ့ တူတယ်။ အဲဆိုင်းနူးပန်က မင်းအောင်လှိုင်လာတုန်းက ကန်တော့တဲ့ တစ်ယောက်ဟုတ်တယ်ဆိုပြီးတော့ ပုံမှားရိုက်ကြတာဟာတဲ့။ ဒီလိုမျိုး မင်းအောင်လှိုင်နဲ့ ပနာစားတဲ့ သူကိုတော့ ဘယ်လိုမှထောက်ခံလို့မရဘူးဆိုပြီးတော့ ကျွန်မကို အဲလိုပြောကြတယ်။ အဲတာလည်း ကျမပြန်ရှင်းလိုက်ရတယ်။

ကျမပုံကို ယူပြီးမှ ဒီပိုစ့်မှာ ဆိုင်းနူးပန်ဆိုတာက အဖေ မရှိ အမေ မရှိ မွေးလာတဲ့ မိန်းခလေးဖြစ်တယ်ပြီးတော့ ချွတ်ပြတာ။ အဖေက အဲပိုစ့်ကို သွားတွေ့တော့ စိတ်တိုပြီးမှ အဖေက သမီးရေ နိုင်ငံရေးကနေ ပြန်ထွက်ခွာလို့ မရတော့ဘူးလားမေးတယ်။ အဲဒါနဲ့ ကျွန်မလည်း ဘာဖြစ်လို့လဲအဖေပေါ့နော်။ ပိုစ့်တစ်ခုတွေ့လိုက်တယ်တဲ့ သမီးကို အမေက ဖောက်ပြန်ပြီးမှ ရတဲ့သမီးဆိုပြီးတော့ လုပ်တယ်တဲ့ အဖေက မခံစားနိုင်တော့ဘူး။ အမေနဲ့ အဖေက နှစ်ယောက်စလုံးရှိသေးတဲ့ ဟာကိုပေါ့နော်။ အဖေကတော့ တော်တော်လေး ခံစားသွားရတယ်။

မေး။ ။ရွေးကောက်ပွဲ မကျင်းပခင်မဲဆွယ်ကာလမှာကို အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို အွန်းလိုင်းပေါ်က ဖြစ်စေ လှောင်ပြောင်တာတွေ တွေ့ရပါတယ်။ ဒါမျိုးနဲ့ရော တွေ့ကြုံခဲ့ရသလား။ အခုရွေးကောက်ပြီးသွားတဲ့ အချိန်မှာရော ရလာဒ်ပေါ်ကို မူတည်ပြီး လှောင်ပြောင် ပြောဆိုတာမျိုးတွေ တွေကြုံနေရလား။
ဖြေ။ ။ အခု ရွေးကောက်ပွဲပြီးမှာတော့ မရှိသေးဘူး။ လောလောဆယ်ကျမကလည်း အွန်လိုင်းပေါ်မှာ ဘာမှ မတင်ရသေးတော့ ဘာမှမရှိသေးဘူး။ ဒီရွေးကောက်ပွဲ တစ်လျှောက်လုံးမှာတော့ အများကြီး ပြောခံရတယ်။ ကျမက တက်ကြွတဲ့သူ၊ နောက်ခံကလည်း IDPs Background ဆိုတော့ မင်းတို့ ကချင်တွေက KIA ရဲ့ လူတွေဖြစ်တယ် KIA မှာ သွားအော်ကြပါ ဒီဟာက ကချင်ပြည်နယ်ဆိုတာ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်၊ နင်တို့က ကချင်နဲ့ မဆိုင်ဘူး အဲကြောင့် မင်းတို့နဲ့ ဆိုင်တဲ့ ဒေသမှာ သွားပြောပါ ဆိုပြီး‌တော့ ပြောခံရတယ်။ နောက် comment တခုမှာ ဆိုရင် နင်တို့ အမျိုးသမီးအားလုံးက ဗိုလ်ချုပ်ဂွန်မော်ရဲ့ မိန်းမ၊ မယားငယ်ပေါ့နော်။ နင်လည်း အဲထဲကတစ်ယောက်ပဲ ဆိုပြီး‌တော့ ပြောတာပေ့ါနော်။ ကိုယ်ရဲ့ ညီမတစ်ယောက်လိုတောင်မှ မစာနာကြဘူးပေါ့ ပြောတဲ့ဟာတွေက ပိုဆိုးပက်စက်တွေတော့ အများကြီး ခံခဲ့ရတာပေါ့။

မေး။ ။ဒီနှစ်မှာ အမျိုးသမီးအမတ်တွေ ဝင်ပြိုင်တာ ရွေးချယ်ခံရတာ များလာတဲ့အပေါ်မှာရော ဘယ်လိုမြင်လဲ နည်းနည်းသုံးသပ်ပေးနိုင်မလားရှင့်။
ဖြေ။ ။ ကျမကတော့ သဘောကျတယ်။ နိုင်ငံရေးမှာ အမျိုးသမီးတွေ များများပါဝင်ရမယ်။ အမျိုးသမီးတွေ မရှိတဲ့ အခါမှာ အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီးမှ မားမားမတ်မတ် ရပ်တည်ပေးတဲ့ အမျိုးသမီး ကိုယ်လှယ်စားလှယ်တွေ မရှိခဲ့ဘူးဆို‌တော့ ဒီမိုကရေစီသက်တမ်းက သက်တမ်းက ၂ ခုကျော်လွန်သွားပြီ။ ဒါပေမယ့် ဒီနေရာတွေမှာ အခုထိ အမျိုးသမီးရေးရာ မူဝါဒဆိုတာတွေကို ဖော်ဆောင်ဖို့ ကျမတို့ အရမ်းအရေးကြီးပါတယ်။ ကျမတို့ မြန်မာနိုင်ငံမှာက ၂၈ သန်းကျော်က အမျိုးသမီးတွေ ဖြစ်တယ် ၂၅ သန်းကျော်ကတော့ အမျိုးသားတွေဖြစ်တယ်။ ဒီလောက်ထိ များတဲ့ ရာခိုင်နှုန်းက သူတို့အတွက် ကာကွယ်ပေးတဲ့ အမျိုးသမီးရေးမူဝါဒတောင် မရှိသေးဘူးဆိုတာတော့ မဖြစ်သင့်ဘူး။ အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီးလုပ်ဆောင်ဖို့ဆိုလို့ရှိရင် ဂဃနဏသိတဲ့ ခံစားပေးနိုင်တဲ့ အကောင်အထည်‌ဖော်ပေးနိုင်တဲ့ သူလိုအပ်တယ်။

Related Articles