“နှုတ်အားဖြင့်ဖြစ်စေ” ဆောင်းပါးသည် မြန်မာ့အမျိုးသမီးသမဂ္ဂ၏ ထိုင်းမြန်မာနယ်စပ်မှ ထုတ်ဝေသော ချိုးလင်းပြာအမျိုးသမီးစာစောင်၊ ၂၀၀၇ ခုနှစ်၊ မတ်လအတွဲ(၄၂) တွင် ထည့်သွင်းဖော်ပြခဲ့သည့် လွန်ခဲ့သော (၁၃)နှစ်က ဆောင်းပါးဖြစ်ပြီး ကျားမရေးရာနှင့် လိင်ကွဲပြားမှုအပေါ် ခွဲခြားမှုဆိုင်ရာ အသိသညာတို့ လိုအပ်ဆဲဖြစ်သော မိမိတို့လူမှုအသိုင်းအဝိုင်းအတွက် ပြန်လည်ဝေမျှအပ်ပါသည်။
………….. …………….. …………….. ————– …………….. ……………… ………………..
ကလိုစေးထူး။ ။
စကားတစ်ခွန်းရဲ့ ထိရောက်နိုင်မှုစွမ်းအားဟာ လက်နဲ့ရိုက်ပုတ်လိုက်တာထက် ပိုလို့နာကျင်စေပါတယ်။ စိတ်ကို အနာရစေပါတယ်။ အတွေးတွေကို ပျက်စီးစေပါတယ်။ စကားတစ်ခွန်းဟာ လူတယောက်ရဲ့အနာဂတ်ကို မဲ့ သွားစေနိုင်လောက်အောင် ထိရောက်စေပါတယ်။ ပြင်းထန်စေပါတယ်။ လက်နဲ့ရိုက်ပုတ်မှ နာကျင်စေတာ မဟုတ်ပါ။ စိတ်မှတ်သည်းခြေကို ထိခိုက်နာကျင်စေတဲ့ မြှားအစင်းပေါင်းများစွာလို အစွမ်းထက်တဲ့ စကားတွေဟာ လည်း ခွဲခြားဆက်ဆံရာ ဖိနှိပ်ရာကျနေပါတယ်။
ပြီးခဲ့တဲ့အပါတ်က ကြည့်လိုက်ရတဲ့ ဒီဗွီဘီရုပ်သံသတင်းမှာ သတင်းတစ်ခုကို သတိထားမိပါတယ်။ အဲဒါကတော့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) – WLB က နယ်စပ်တလျှောက် ဒုက္ခသည်စခန်းတွေက အမျိုး သမီးတွေ အိမ်တွင်းအကြမ်းဖက်ခံနေရတာကို ပညာပေးဆွေးနွေးပွဲတွေ လုပ်နေတယ်ဆိုတဲ့သတင်းပါ။ တကယ် တော့ WLB အနေနဲ့ အိမ်တွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုတာတွေကို လုပ်နေခဲ့တာဟာ ပြောမယ်ဆိုရင် သူတို့အဖွဲ့ကို စတင်တည်ထောင်ကတည်းကလို့ ဆိုရပါမှာ။ ဒါပေမယ့် အခုသတင်းမှာတော့ ထူးခြားတာတစ်ခုကို သွားသတိထားမိပါတယ်။
အဲဒါကတော့ အိမ်တွင်းအကြမ်းဖက်မှုဆိုတာဟာ ထိုးကြိတ်၊ ကန်ကျောက်၊ ရိုက်နှက် အစရှိတဲ့ ကိုယ်ကာယအားနဲ့ နှိပ်စက်ကလူပြုတာကိုတင် ဆိုလိုတာမဟုတ်ပဲ နှုတ်အားဖြင့် အနိုင်ကျင့်တာဟာလည်း အိမ် တွင်းအကြမ်းဖက်တာ၊ တနည်းအားဖြင့် အမျိုးသမီးများကို ဖိနှိပ်၊ အကြမ်းဖက်ခြင်းတမျိုးဖြစ်တယ်ဆိုတာပါ။ ကာ ယကံအားဖြင့် နှိပ်စက်ကလူမပြုသည့်တိုင်အောင် ဝစီကံအားနဲ့ အမျိုးသမီးတယောက်ကို ထိခိုက်နာကျင်အောင် ပြောဆိုတာဟာလည်း အကြမ်းဖက်ခြင်းသက်ရောက်နေတယ်ဆိုတဲ့ အချက်ကိုသူတို့ ပညာပေးပါတယ်။
အဲဒီသတင်းကိုကြည့်ပြီးတော့ ကျွန်တော့်စိတ်ကူးထဲကို တွေးစရာတွေအများကြီး ရလာခဲ့ပါတယ်။ ကျွန်တော်တွေးမိတာက “ အိမ်တွင်း ” ဆိုတဲ့နယ်ပယ်ကျဉ်းကျဉ်းကလေးတင်မကပဲ ကျွန်တော်တို့တတွေ နေထိုင်ရှင်သန်နေတဲ့ လူ့ပတ်ဝန်းကျင်မှာ အမျိုးသမီးများနဲ့ အမျိုးသားတွေကြားမှာ ကျွန်တော်တို့ သတိမထားမိ သော အမျိုးသမီးများကို ခွဲခြားဆက်ဆံနေသော စကားလုံးတချို့တွေ အကြောင်းကို တွေးမိတာပါ။ ကဲ ဘယ်လို စကားလုံးမျိုးတွေပါလိမ့်၊ လေ့လာကြပါစို့။
“မိန်းမလို မိန်းမရ သိပ်ဆန်တာပဲ”
အထက်ပါစကားလုံးလေးကို ကြည့်လိုက်ရင် တိုတောင်းပါတယ်၊ ဒါပေမယ့် အဲဒီတိုတောင်းလှတဲ့စကား ရဲ့နောက်ကွယ်မှာ အမျိုးသမီးတွေဟာ နေရင်းထိုင်ရင်းနဲ့ကို အမျိုးသားများထက် နိမ့်ကျနေသယောင်ယောင် အဓိပ္ပါယ်ဆီသို့ ဦးတည်နေပါတယ်။ ကြည့်ပါ။ အမျိုးသားတစ်ယောက်ယောက်က နည်းလမ်းမကျတဲ့အရာ တခုခုကို ပြောဆိုနေရင်၊ လုပ်ကိုင်နေရင်၊ အဲဒီလိုပြောတတ်ကြပါတယ်။ “မိန်းမကြီးကျနေတာပဲ၊ တဗျစ်တောက် တောက်နဲ့ပြောနေလိုက်တာ” “ထမီဝတ်ထားပါလား” စတဲ့စတဲ့ စကားတွေကို ကြည့်ရင် အသုံးမကျသော ဒါမှ မဟုတ် အမှားလုပ်သော ယောက်ျားများဟာ မိန်းမနဲ့တူတယ်လို့ ဆိုလိုနေတာ မဟုတ်ပါလား။
ကဲ……ဒါဖြင့်၊ ကျွန်တော်တို့ယောကျ်ားတွေက မိန်းမတွေထက် အလိုလိုများသာနေပြီတဲ့လား။ ကျွန် တော်ကတော့ သိပ်မထင်ပါ။ အမေရိကန်နိုင်ငံက အိမ်မဲ့ယာမဲ့ အခြေအနေမဲ့ ယောကျ်ားတစ်ယောက်က ကွန်ဒို လီဇာရိုက်လို မိန်းမတစ်ယောက်ထက် ဘယ်လိုမှမသာနိုင်ပါ။ အဲဒီလိုပါပဲ ဥဒုမ္မရဒေဝီဟာလည်း ပိင်္ဂုတ္တရလုလင် ထက် များစွာသာမှာသေချာပါတယ်။ အဓိကက လူပါ။ လူတစ်ဦးချင်းဆီရဲ့ စွမ်းဆောင်ရည်ကသာလျှင် အရေးကြီး ဆုံးပါ။ ဒီလိုဆိုရင် ဘာဖြစ်လို့များ ဒီလိုစကားတွေကို လွယ်လွယ်နဲ့ပြောထွက်ရအောင်၊ ပြောနေရအောင် တွင် ကျယ်နေရတာပါလဲ၊ ဆက်လေ့လာကြည့်ရအောင်။
ကျွန်တော်တို့တတွေဟာ အမိဝမ်းထဲကထွက်လာပြီဟေ့ဆိုတာနဲ့ မိမိကို မွေးဖွာပေးရာ ပါတ်ဝန်းကျင်အ လိုက်၊ အဲဒီပါတ်ဝန်းကျင်နဲ့ နီးစပ်တဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို လက်ခံသင်ယူကြရလေ့ရှိပါတယ်။ ဥပမာ အားဖြင့် အဝတ်အစားတွေမှာဆိုရင် မိန်းခလေးက ဒီအရောင်၊ ယောကျ်ားလေးက ဒီအရောင်၊ သတ်မှတ်ပေးလေ့ ရှိပါတယ်။ အနီးစပ်ဆုံးပြောရရင်တော့ ပန်းရောင်ကို ဝတ်ဆင်တဲ့ ယောကျ်ားတစ်ယောက်ကို “မိန်းမ အရောင်ကြီး ဝတ်လာတယ်” ဆိုပြီး လှောင်ပြောင်လေ့ရှိပါတယ်။
အဲဒါအပြင် မိန်းမတွေရဲ့ ထမီတွေကို ထိမိကိုင်မိရင်ပဲ ဘုန်းကံနိမ့်တော့ မယောင်ယောင် သင်ကြားပေး တဲ့ ပတ်ဝန်းကျင်ထဲမှာလည်း ကျွန်တော်တို့တွေ ကြီးပြင်းလာရရှိပါတယ်။ အဲဒီလို အသေးစိတ်ကလေးများကနေ ခွဲခြားလာလိုက်တာဟာ တဆင့်တဆင့်နဲ့ စစ်သားဆိုရင် ယောကျ်ားအလုပ်၊ ရက်ကန်းရက်တာက မိန်းမအလုပ်၊ အဲဒီကတဆင့် နောက်ထပ် နောက်ထပ်နဲ့ ခွဲခြားလာလိုက်တာဟာ အမျိုးသမီးတွေက နေရင်းထိုင်ရင်းနဲ့ အမျိုး သားတွေရဲ့ အောက်တဆင့်နိမ့်တယ်ဆိုတဲ့ နေရာကို အလိုလိုရောက်သွားရပါတော့တယ်။
အဲဒီလိုနဲ့ ခွဲခြားလိုက်ရင်း အမျိုးသမီးတွေနဲ့ အမျိုးသားတွေရဲ့အကြား စိတ်စွမ်းရည်ကိုလည်း ဒီလို သတ်မှတ်ပစ်လိုက်ပါတယ်။ ယောကျ်ားဆိုတာ သတ္တိရှိတယ်၊ ရဲရင့်တယ်၊ တည်ငြိမ်တယ်၊ စဉ်းစားဆင်ခြင်နိုင်စွမ်း လည်းရှိတယ်။ မိန်းမများကတော့ ပျော့ညံ့တယ်၊ မူယာမာယာများတယ်၊ စဉ်းစားဆင်ခြင်နိုင်စွမ်းလည်း နည်း တယ် စသဖြင့်စသဖြင့် ဆက်သတ်မှတ်ပစ်လိုက်ပါတယ်။ အဲဒီအမြင်တွေဟာ အချိန်တွေကြာလာလေလေ ခိုင်မာ လာလေလေဖြစ်ပြီးတော့ လိင်ကွဲပြားမှုတခုတည်းအပေါ် အဲဒီပုံစံခွက်ကြီးနဲ့ တိုင်းတာပြောဆိုကြပါတော့တယ်။
ပိုဆိုးတာက အမျိုးသမီးတွေကို ခပ်နှိမ်နှိမ်ပြောတဲ့သဘော သက်ရောက်တဲ့ အထက်ပါစကားတွေကို အမျိုးသားတွေသာမက တချို့အမျိုးသမီးတွေကပါ သတိမမူကြပဲ နှစ်နှစ်ခြိုက်ခြိုက်ကြီးကို ပြောဆိုနေကြတာပါ။ ဥပမာအားဖြင့် အမျိုးသမီးတစ်ယောက်က သူနဲ့အချေအတင်ဖြစ်တဲ့ အမျိုးသားတစ်ယောက်ကို နစ်နာအောင်ရည် ရွယ်ပြီး “ယောကျ်ားကြီးဖြစ်ပြီး မိန်းမလိုမိန်းမရနဲ့” “ကတ်ကတ်လန်ရန်တွေ့နေလိုက်တာ၊ ထမီဝတ်ထားပါလား” လို့ ပြောပစ်လိုက်ပါတယ်။ နစ်နာစေချင်တဲ့သဘောနဲ့ ပြောပစ်လိုက်ပေမယ့် အဲဒီလိုပြောပစ်လိုက်တဲ့ တခဏမှာ တင် သူဟာ သူနှင့်တကွ အမျိုးသမီးထုတစ်ရပ်လုံးကို အမျိုးသားများထက် အောက်တဆင့်နိမ့်နေသယောင် ယောင် ပြောမိလိုက်တာဖြစ်သွားပါပြီ။
တကယ်တော့ မြန်မာစကားပုံမှာ “နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ” ဆိုတဲ့ အဖိုးတန်စကားပုံရှိပြီး သားပါ။ စကားတစ်ခွန်းရဲ့ ထိရောက်မှုစွမ်းအားဟာ လက်နဲ့ရိုက်ပုတ်လိုက်တာထက် ပိုလို့နာကျင်စေပါတယ်။ စိတ် ကိုအနာရစေပါတယ်။ အတွေးတွေကို ပျက်စီးစေပါတယ်။ စကားတစ်ခွန်းဟာ လူတယောက်ရဲ့ အနာဂတ်ကို မဲ့ သွားစေနိုင်လောက်အောင် ထိရောက်ပါတယ်။ ပြင်းထန်ပါတယ်။ လက်နဲ့ရိုက်ပုတ်မှ နာကျင်စေတာ မဟုတ်ပါ။ စိတ်မှတ်သည်းခြေကို ထိခိုက်နာကျင်စေတဲ့ မြှားအစင်းပေါင်းများစွာလို အစွမ်းထက်တဲ့ စကားတွေဟာလည်း ခွဲခြားဆက်ဆံရာ ဖိနှိပ်ရာကျနေပါတယ်။
ကျွန်တော့်ကို အမျိုးသမီးတစ်ယောက်ယောက်က သူစိတ်ဆိုးတဲ့အချိန်မှာ “ နင်ထမီဝတ်ထားပါလား “ လို့ပြောလာရင် ကျွန်တော်ပြုံးမိပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ လုံချည်ဝတ်ထားတဲ့ ကျွန်တော်က အချိန် တိုင်းမှာ မြင့်မြတ်နေတဲ့သူ မဖြစ်နိုင်လို့ပါ။ ကျွန်တော့်ထက် မြင့်မြတ်သူ၊ တည်ကြည်သူ၊ အမျိုးသမီးတွေ၊ ဒီကမ္ဘာ ပေါ်မှာ မြောက်များစွာ ရှိနေမှာ အသေအချာဖြစ်လို့ပါ။ အဲဒီလိုပဲ ထမီဝတ်ထားတဲ့ အမျိုးသမီးတွေဟာလည်း နေရင်းထိုင်ရင်းနဲ့ နိမ့်ကျနေတာ မဟုတ်ပါဘူး။ အဓိက အရေးအကြီးဆုံးက လူရယ်လို့ဖြစ်လာရင် မိမိနေထိုင်ရာ ပတ်ဝန်းကျင်၊ ဒီထက်ပိုပြီး မိမိနိုင်ငံ၊ ဒီထက်ပိုပြီး မိမိကမ္ဘာကြီးမှာ အဆိုးမဖြစ်အောင်၊ အကျိုးရှိအောင်နေထိုင်ပြီး မိမိနိုင်ငံအတွက် လူအများအတွက် ဘယ်လောက်လုပ်နိုင်ပြီလဲဆိုတဲ့ “ လူ့အရင်းအမြစ် “ ပါ။
အဲဒီလူ့အရင်းအမြစ်ကို မထည့်တွက်နိုင်ပဲ၊ တန်ဖိုးမထားနိုင်ပဲ၊ အမျိုးသမီးဖြစ်တာ တခုတည်းနဲ့တင် ခွဲခြားပစ်လိုက်တဲ့ “လိင်ပုံသေကားချပ်ဖြစ်မှုကြီး” ကို တကယ်တော့ ရာဇဝင်ထဲမှာထားခဲ့သင့်တာကြာလှပါပြီ။
အမျိုးသမီးတွေက “အမျိုးသမီးအခွင့်အရေး” ဆိုပြီး ဘာကြောင့် ကျယ်ကျယ်လောင်လောင်ပြော နေကြပါသလဲ။ ဘာကြောင့် ခုချိန်ထိ ဆက်ပြောနေကြပါသလဲ။ ရှင်းပါတယ်။ သူတို့အဖိနှိပ်ခံခဲ့ရလို့ပါ။ သူတို့အခွဲ ခြားခံခဲ့ရလို့ပါ။ သူတို့နိမ့်ချဆက်ဆံခံခဲ့ရလို့ပါ။ သူတို့လိုလားတဲ့ အမျိုးသမီးအခွင့်အရေးဆိုတာက သိပ်တော့လည်း ထူးခြားနေတဲ့ အရာကြီးမဟုတ်ပါဘူး။ လူ့အသိုင်းအဝိုင်းမှာ အများနည်းတူ သာတူညီမျှ ပူးပေါင်းပါဝင် ပါတ်သက် ခွင့်သာလျှင် ဖြစ်ပါတယ်။
အဲဒီတော့ ဘာမဟုတ်တဲ့ စကားလေးတွေနဲ့ ခပ်နှိမ်နှိမ်ပြောပစ်တာကအစ ကျွန်တော်တို့အမျိုးသား တွေက ဆင်ခြင်သင့်ပါတယ်၊၊ ဒီထက်ပို အရေးကြီးတာက ကာယကံရှင်အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း ဒါကို နားလည်ပြီး အဲဒီလို စကားလုံးအသုံးအနှုန်းတွေ လိုက်မသုံးမိဖို့ သတိထားရပါမယ်။ သုံးလိုက်တာနဲ့ နဂိုကတည်း ကမှ အမျိုးသမီးများကို ခွဲခြားဆက်ဆံချင်တဲ့ ပုရိဿတွေအကြိုက် လိုက်သလို ဖြစ်သွားပါလိမ့်မယ်။
“ မိန်းကလေးပဲ သေစာရှင်စာတတ်ရင်တော်ရောပေါ့” ဆိုတဲ့ ကျွန်တော်တို့ အဖိုးအဖွားတွေရဲ့ လက် ထက်က အစွဲမှား၊ အပြောအမှားကြီးကိုလည်း ဒီဘက်ခေတ်ကို ဆက်မသယ်ဘဲနေကြပါစို့။ “နင်ဟာမိန်းမ၊ မိန်းမ ဟာ မိန်းမလိုနေ၊ ငါရှာကျွေးတာကိုစား၊ ယောကျ်ားဆိုတာ အိမ်ရဲ့အိမ်ဦးနတ်ဆိုတာ မြဲမြဲမှတ်ထား” ဆိုတဲ့ သာ မာန်အားဖြင့် မြန်မာ့အိမ်ထောင်မှုနယ်ပယ်မှာ မကြာမဏကြားရတဲ့ ဒီလိုစကားမျိုးကိုလည်း ခေတ်နဲ့အညီ ပယ် ဖျောက်ကြပါစို့။
မိန်းမလည်းလူ၊ ယောကျ်ားလည်းလူ၊ လူသည်သာလျှင် အဓိက၊ လူ့စွမ်းအားသည်သာလျှင် ပဓာန ဆိုတာကို နားလည်လက်ခံပြီး သာတူညီမျှ အခွင့်အရေးရှိတဲ့ ကမ္ဘာကြီးတစ်ခုကို ဖန်တီးတည်ဆောက် ကြပါစို့။
စစ်မှန်သော၊ ထက်မြက်သောအတွေးအမြင် အမျိုးသမီးတိုင်း အမျိုးသားတိုင်း အတွေးအမြင်များ ပိုမိုရင့်သန်ပြီး တိုင်းပြည်၏ ကောင်းရာကောင်းကျိုး ဆောင်ရွက်နိုင်ကြပါစေ။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021