Home ဆောင်းပါး ရှေးအစဉ်အလာပြဌာန်းမှုများအောက်က ဟိန္ဒူအမျိုးသမီးများ

ရှေးအစဉ်အလာပြဌာန်းမှုများအောက်က ဟိန္ဒူအမျိုးသမီးများ

မိုးမိုး။ ။

ဟိန္ဒူအမျိုးသမီးများတွေရဲ့ အခွင့်အရေး အပြည့်အဝရရှိစေရေးအတွက် ရည်ရွယ်ပြီးဖွဲ့စည်းခဲ့တဲ့ ဟိန္ဒူအမျိုးသမီးများ ကွန်ယက်ကိုတည်ထောင်သူ ဒေါ်ကက်သလင်းသိန်း တစ်ယောက် အကူအညီပေးဖြေရှင်းပေးနေရတဲ့အထဲက ထိပ်ဆုံးနေရာမှာ ရှိနေတာက ဟိန္ဒူအိမ်ထောင်ရှင်မတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေပါတယ်လို့ဆိုပါတယ်။

သူမဆီဆက်သွယ်လာကြသူတွေထဲမှာ အိမ်ထောင်ရေးပြဿနာ ဒါမှမဟုတ် အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဟိန္ဒူအမျိုးသမီးတွေလည်းပါဝင်တယ်လို့ ဒေါ်ကက်သလင်းသိန်း ကဆိုပါတယ်။

“ဟိန္ဒူ အမျိုးသမီးတွေဟာ သူတို့ကို အကြမ်းဖက်တယ်၊ အိမ်ထောင်ဖက်က ရိုက်နှက်တယ်ဆိုရင် မိဘကို ပြန်မပြောတာများတယ်။ ငြိမ်ခံနေလိုက်တယ်။ သားတွေ သမီးတွေကို ငဲ့တာလည်း ပါတယ်။ မိဘတွေကို ဒုက္ခ မပေးချင်တာလည်း ပါတယ်။သူတို့က ဒါမျိုးတွေ အနိုင်ကျင့်ခံနေရရင် တိုင်ကြားလို့ ရတယ်ဆိုတာတောင် မသိတဲ့ သူက များတယ်” လို့ ပြီးခဲ့တဲ့နှစ်က ဧရာဝတီသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်ကက်သလင်းသိန်းက ပြောပါတယ်။

ကံမကောင်းကြတဲ့ အမျိုးသမီးတချို့ဟာ သူတို့ရဲ့အိမ်ထောင်ဘက်က ရိုက်နှက်နှိပ်စက်တာတွေ၊ အိမ်ထောင်ရေး ပြဿနာတွေနဲ့ ကြုံတွေ့နေကြရပေမယ့် သူတို့ရဲ့ခံစားချက်ကို ဖွင့်ပြောဖို့တောင် ခက်ခဲနေရတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထောက်ပြကြသူတွေလည်း ရှိလာကြပါတယ်။

“တစ်ချို့က ထုံးတမ်းစဉ်လာကြီးကို အသေကိုင်ထားပြီးတော့မှ ကန့်သက်ချက်တွေ လုပ်လိုက်တဲ့ အခါကျတော့ အကုန်ရှုံး တာပေါ့။ ဟိန္ဒူအိမ်ထောင်ရေး ကိစ္စက သူများနဲ့ မတူဘူး။ အမျိုးသမီးတွေအပေါ် တော်တော်လေး တင်းကျပ်တယ်ခေါ်ရမလား၊ အိန္ဒိယမှာတောင်မှ အခုဆိုရင် တော်တော်လေး ဥပဒေတွေက ဖြေလျော့လာပြီပေါ့နော်။ ဟိုးတုန်းက ဥပဒေကိုစွဲကိုင်ထားပြီး မြန်မာနိုင်ငံမှာတော့ ဆက်လက်ပြီးကျင့်သုံးနေတာကတော့ သိပ်ပြီးတော့ လိုက်လျောညီထွေမှုမရှိဘူး” လို့ ဒေါ်ကက် သလင်းသိန်းက HI ကိုပြောပါတယ်။

ဒါကြောင့် အခု လက်ခံ ကျင့်သုံးနေတဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ဥပဒေတွေကို ဟိန္ဒူဘာသာရေးခေါင်းဆောင်တွေ၊ ဟိန္ဒူ ဥပဒေပညာရှင်များက တိုင်ပင်ပြီး ဥပဒေ အသစ်ကို ပြန်လည်ပြဌာန်းသင့်တယ်လို့လည်း ဒေါ်ကက် သလင်းသိန်းက အကြံပြုလိုက်ပါတယ်။

၂၀၁၄ တုန်းက ကောက်ခဲ့တဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ သန်းကျော်ရှိသည့် မြန်မာနိုင်ငံမှာ ဟိန္ဒူဘာသာဝင် ဝ.၅% ခန့်ရှိတာလည်းဖြစ်ပါတယ်။

ဟိန္ဒူဘာသာဝင်များ ထိမ်းမြားလက်ထပ်တဲ့အခါ တစ်ခြားသော ဘာသာဝင်များကဲ့သို့ လက်စွပ်လဲရုံနဲ့ မပြီးမြောက်ဘဲ၊ ကျောက်ပြင်နဲ့ ကျောက်လုံးကို သစ္စာဆိုရကြောင်း၊ ကသစ်ပင်၊ ငှက်ပျောပင်တို့ကို စိုက်ပျိုးရပြီး အရေးကြီးဆုံး အချက်ဖြစ်တဲ့ မီးနတ်ကို သစ္စာဆိုရကြောင်း၊ မီးနတ်ရှေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုပြီးမှ လက်ထပ်ပုတီးကြိုးကို အထုံး သုံးထုံးချည်ပြီး သတို့သမီးလည်ပင်းမှာ ဆွဲပေးတာ ဖြစ်ပါတယ်လို့ ဘာသာရေးပွဲများကို ဦးဆောင်ကျင်းပပေးရသူလည်းဖြစ်သူ ဦးသန်းအောင် ကပြောပါတယ်။

“အဲ့လို ချည်တဲ့ အတွက်ကြောင့် ဘုရားဂါထာ၊ မန်တာတွေ ရွတ်ဆိုပြီးတော့ ဘုရား၊ ပုဂ္ဂိုလ်တွေကို သစ္စာပြုပြီးတော့ လက်ထပ်ပုတီးကြိုးကို အထုံး သုံးထုံး ထုံးပြီးမှ ချည်ရတာ ဖြစ်တဲ့အတွက် သစ္စာ စူးမှာကိုကြောက်ပြီးတော့ စည်းမဖောက်တာ လည်းရှိပါတယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘုန်းတော်ကြီးများ ဗဟိုအဖွဲ့ချုပ်၊ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သူ ဦးသန်းအောင် က ဆက်ပြောပါတယ်။

Photo: Kyaw Soe Moe

ဟိန္ဒူ ဥပဒေအရ မင်္ဂလာသာဆောင်ခွင့်ရှိပြီး ကွာရှင်းသည့် ဥပဒေလည်း မရှိသလို၊ ရှေးထုံးစံအရ ယောကျ်ားဖြစ်သူက သစ္စာဖောက်ပြီး နောက်မိန်းမနဲ့ အတူနေထိုင်ခွင့်ရှိပေမယ့်လည်း သူနဲ့ ချည်နှောင်ထားတဲ့ လက်ထပ် ပုတီးကြိုးကို သူ့အမျိုးသား သေဆုံးတဲ့ အချိန်ထိ ဆွဲထားရပြီး နောက်အိမ်ထောင် ပြုခွင့်မရှိကြောင်းကိုလည်း ဦးသန်းအောင်က ရှင်းပြပါတယ်။

ဟိန္ဒူ ဥပဒေအရ အမျိုးသမီးတွေဟာ မင်္ဂလာသာဆောင်ခွင့်ရှိပြီး ကွာရှင်းခွင့်မရှိသလို၊ လင်ယောကျ်ားသေဆုံးသွားရင်လည်း နောက်အိမ်ထောင် ပြုခွင့်လည်းမရှိဘူးလို့ ဦးသန်းအောင်က ရှင်းပြပါတယ်။

ဒီအယူအဆတွေကို အခုထိ ကျင့်သုံးနေတဲ့အပြင် ရိုသေကိုင်းရှိုင်းမှုလည်း ရှိနေသေးတာကြောင့် ခေတ်ကာလနှင့်လည်း ကိုက်ညီမှု မရှိတာကြောင့် အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့် အများကြီး ဆုံးရှုံးနစ်နာမှုတွေ ရှိနေပါတယ်လို့လည်း ဦးသန်းအောင်က သုံးသပ်ပါတယ်။

“ရှေးထုံးစံအရ၊ ကျမ်းဂန်အရကို ကျမ်းစူးမှာ ကြောက်တာတို့ ကျူးလွန်မိရင် အခိုက်အတန့်တစ်ခုဖြစ်မှာတို့ စိုးရိမ်စိတ်နဲ့ ရှေးထုံးတမ်းစဉ်လာအရ ဒီနေ့အထိ သွားနေတာ ရှိပါတယ်။ ဒါပေမယ့် အခုခေတ်ကာလနဲ့တော့ မကိုက်ညီဘူးလို့တော့ ဆရာလည်း ထင်ပါတယ်” လို့ ဦးသန်းအောင်က မှတ်ချက်ပြုပါတယ်။

အချို့သောဟိန္ဒူအမျိုးသမီးတွေဟာ အိမ်ထောင်ကျပြီးပါက အိမ်အပြင်ထွက် အလုပ်လုပ်ခွင့်မရဘဲ အိမ်မှုတာဝန်များကိုသာ လုပ်ကိုင်ရကြောင်း ပျဉ်းမနား မြို့နေ ဟိန္ဒူဘာသာဝင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ယောကျ်ား အသက် ၃၀မှာ ဆုံးတယ်။ ကလေး နှစ်ယောက်ကျန်ခဲ့တယ်။ အခုထိ ယောက္ခမ အိမ်မှာပဲဆက်နေတာ။ အခုဆို အသက် ၅၀ ရှိပြီ။ အရာအားလုံးကို သည်းခံပြီးနေရတာပဲ။ ကလေးတွေ မျက်နှာလည်း ကြည့်ရတယ်လေ။ တကယ်တမ်းဆို ကိုယ့်မှာ ဆုံးဖြတ်ပိုင်ခွင့်လည်း မရှိဘူးလေ” လို့ အမည်မဖော်လိုတဲ့ ဟိန္ဒူ အမျိုးသမီးက ပြောပါတယ်။

မင်္ဂလာဆောင်ခဲ့စဉ် အချိန်က ကျန်းသစ္စာဆိုခဲ့ရတာရယ်၊ မိဘ ဖိုးဘွားတွေ အစဉ်အဆက်ကလည်း ရှေးဓလေ့ ထုံးတမ်း အစဉ်အလာအတိုင်း ကန့်သတ်ထားတဲ့ ကန့်သက်ချက်တွေကို လက်ခံခဲ့တာကြောင့် အခုလို လက်ခံနေရတာပါလို့ အထက်ပါ အမျိုးသမီးက ဆက်ပြောပြပါတယ်။

“တစ်ခါတစ်လေမှာ ခွဲခြားဆက်ဆံခံရတာ များလာတော့၊ မျိုသိပ်တာ များလာတော့ ဆက်သွယ်လာကြတယ်။အဖေ၊ အမေ ရဲ့ ဂုဏ်သိက္ခာ ထိခိုက်မယ်ဆိုပြီးတော့ မိန်းကလေးတွေက ဒုက္ခတွေကို သည်းခံနေတာတွေလည်း ရှိတယ်။ တစ်ချို့ဆိုရင် အဖေ သေပြီးမှ အိမ်က ဆင်းလာတာလည်း ရှိတယ်” လို့ ဒေါ်ကက်သလင်းသိန်းက ပြောပါတယ်။

တယ်လီဖုန်းနှင့်ဖေ့ဘွတ်ခ်မက်စင်ဂျာလိုမျိုး ကြားခံဆက်သွယ်ရေးမှတဆင့် လာရောက်ရင်ဖွင့်မေးမြန်းသူများသည် လစဉ် ၃ ဦးခန့်အထိရှိကြောင်းလည်း သူမကဆိုသည်။

“အကြံဉာဏ်ပြန်ပေးရင် အိမ်ထောင်ရေး ပျက်ပြားစေမယ့်ဟာ လုံးဝကို မပေးဘူး။ နှစ်သိမ့်ပေးနိုင်တာတော့ လုပ်ပေးနိုင်တယ်။ သူတို့ တကယ် ခံစားနေရပေမယ့်လည်း အားရှိသွားကြတယ်။ ဒီလိုမျိုး သူတို့ ဘဝမှာ ရင်ဖွင့်ဖို့ လူတစ်ယောက်ရှိတယ်ဆိုတာလေး သိလိုက်ရတာ။ အဲ့ဒါကအရေးကြီးတာလေ” လို့ သူကဆိုပါတယ်။

တရားဝင်ကွာရှင်းတာ မဟုတ်ဘဲ အိမ်ပေါ်က ဆင်းလာပြီး ကိုယ့်ဘဝကို ပြန်လည်ထူထောင်နေတဲ့ အမျိုးသမီးတွေလည်း တစ်ချို့ရှိသလို၊ ကွဲချင်လွန်းလို့ အိမ်က ဆင်းလာတာတောင် အကွဲမခံလို့ ဒုက္ခရောက်နေတဲ့သူတွေလည်းများစွာရှိနေတယ်လို့ ဒေါ်ကက်သလင်းသိန်းက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံတွင် ၁၈၉၈ ခုနှစ်ခန့်က ပြဌာန်းထားတဲ့ ဥပဒေ ပုဒ်မ ၁၃ မှာပါဝင်တဲ့ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ နှစ်ဖက် အကြား၊ ဗုဒ္ဓဘာသာ ဥပဒေ၊ အစ္စလာမ်များအကြားဆိုရင် အစ္စလာမ်ဥပဒေ၊ ဟိန္ဒူများအကြားဆိုရင် ဟိန္ဒူဥပဒေများကို ဆုံးဖြတ်တဲ့နေရာမှာ စည်းကမ်းအဖြစ်ထားရမယ်လို့ ပါရှိကြောင်း ပျဉ်းမနားမြို့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ဆိုပါတယ်။

“အိန္ဒိယနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြန်ပြင်ထားပါတယ်။ အခွင့် အရေးတွေ လျော့ပေးလိုက်တာ ရှိပါတယ်။ ကွာရှင်းခွင့်တွေနဲ့ ပတ်သက်ပြီး အခွင့်အရေးတွေ လျော့ပေးလိုက်တာ ရှိတယ်” လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

Photo: Kyaw Soe Moe

ထို့အတွက်ကြောင့် မြန်မာနိုင်ငံမှာလည်း ယင်းဥပဒေတွေကို ပြင်ဆင်ဖို့ လိုအပ်ကြောင်းနဲ့ ဟိန္ဒူ အမျိုးသမီး ကာကွယ်ရေး အဖွဲ့အစည်းတွေ များများဖွဲ့စည်းရန်လိုအပ်ပြီး လူ့ အခွင့်အရေး အပြည့်အဝ မရရှိတဲ့ အမျိုးသမီးအချို့ရဲ့ အသံကို များများဖော်ထုတ်ပေးရန် လိုအပ်တယ်လို့ ဦးခင်မောင်ဇော်က ဆိုပါတယ်။

ဟိန္ဒူဘာသာဝင်တွေအတွက် ပြုပြင်ပြောင်းလဲရမည့် အချက်များ များစွာရှိနေကြောင်း၊ မြင်သာတဲ့ ဥပမာဆိုပါက ထိမ်းမြား လက်ထပ်ပြီးရင် ကွာရှင်းတဲ့ ကိစ္စက လုပ်ပေးပိုင်ခွင့် မရှိတာ၊ အမျိုးသမီးက ကလေးမမွေးနိုင်ဘူးဆိုရင် အမျိုးသားက နောက်မိန်းမ ယူပိုင်ခွင့်ရှိတာ စတဲ့အခြေအနေတွေ ယနေ့ အချိန်ထိ ရှိသေးတယ်လို့ ကချင်ပြည်နယ်၊ ဟိန္ဒူဘာသာဝင် တရား လွှတ်တော် ရှေ့နေ ဦးဂဲနက်(စ်)က ဆိုပါတယ်။

“အခုသုံးနေတဲ့ ဟိန္ဒူ ဥပဒေဟာ အမျိုးသား ထုတွေအတွက်ကြတော့ အားသာချက် အများကြီး ရှိတဲ့ ဥပဒေလို့ ပြောလို့ ရ တယ်။ အမျိုးသမီးတွေ အတွက်က အများကြီး နစ်နာနေတယ်။အမွေဆက်ခံတဲ့ ကိစ္စတွေ၊ အမျိုးသမီးတွေက အိမ်ထောင် ကျရင် အမွေ မရတဲ့ ကိစ္စတွေပေါ့” လို့ ရှေ့နေ ဦးဂဲနက်(စ်)က ဆက်ပြောပါတယ်။

ဟိန္ဒူဘာသာဝင်များ ထိမ်းမြားမင်္ဂလာ ပြုလုပ်တဲ့အခါမှာ ရိုးရာ ယဉ်ကျေးမှု အတိုင်း ဘုရားကျောင်းမှာ မင်္ဂလာပွဲကျင်းပ ပေးရကြောင်း၊ ဧည့်ခံပွဲ အနေနဲ့ ပြန်လုပ်ချင်တဲ့သူတွေက ခန်းမတွေမှာ သီးသန့် ပြန်ဆောင်ကြောင်း ကိုလည်းပျဉ်းမနားမြို့ ဆရီပသီရာကာလီယမ္မားလ် မယ်တော်ကြီး ဘုရားကျောင်း ဥက္ကဌ ဦးကြည်သန်း ကပြောပြပါတယ်။

“ဟိန္ဒူအမျိုးသမီးတွေ အိမ်ထောင်ကွဲရင်လည်း မိဘ ဆွေမျိုးတွေက ငြိုငြင်တယ်။ လက်မခံကြဘူး။ တခုလပ် ဖြစ်သွား တာပေါ့။ မုဆိုးမကို လက်ခံတယ်။ တစ်ခုလပ်ကို လက်မခံကြဘူး” လို့ ဥက္ကဌ ဦးသန်းကြည်က ဆိုပါတယ်။

ထို့ကြောင့် ခိုကိုးရာမဲ့တဲ့ အနေမျိုးမှာ ဟိန္ဒူဘာသာဝင် အမျိုးသမီးများလည်း မဖြစ်သာတဲ့ အတွက် နောက်အိမ်ထောင်ပြု သွားတဲ့ သူတွေရှိကြောင်းနဲ့ သို့ပေမယ့် ရှားကြောင်း ဦးသန်းကြည်က ဆိုပါတယ်။

“အမှန်တိုင်းပြောရရင် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို မကြိုက်ဘူး။ ဒီဘာသာမှာ လူဖြစ်ခွင့်ရတာနဲ့ပဲ ကိုယ့်ဖြစ်တည်မှုတွေကို စွန့်လွတ်ရမလို ဖြစ်နေပြီ။ ဒါမျိုးတွေ လူကြီးမိဘရှေ့ပြောကြည့်လို့တောင်မရတဲ့ စကားမျိုးတွေပါ” အမည်မဖော်လိုတဲ့ ဟိန္ဒူဘာသာဝင် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကပြောပါတယ်။

ဒါကြောင့် ဥပဒေတွေနဲ့ စည်းကမ်းချက်တွေကို ပြင်မယ်ဆိုပါက အမြန်ဆုံးပြင်စေလိုကြောင်း၊ မှန်ကန်တဲ့ ဥပဒေဖြစ် စေလိုကြောင်းနဲ့ အမျိုးသားတွေအတွက် နစ်နာစေလိုတဲ့ ဥပဒေမျိုး မဟုတ်ဘဲ မျှတတဲ့ ဥပဒေမျိုး ဖြစ်စေချင်တယ်လို့ အဆိုပါ အမျိုးသမီးငယ်က ဆိုပါတယ်။

Related Articles