Home ဆောင်းပါး သံတောင်ကြီးဒေသနဲ့ ပြည်တော်ပြန်များ

သံတောင်ကြီးဒေသနဲ့ ပြည်တော်ပြန်များ

ခင်စုကြည်။ ။

ပြီးခဲ့တဲ့ မတ်လအတွင်း ထိုင်းနိုင်ငံကနေ မဲဆောက်- မြဝတီတံတားက တဆင့် မြန်မာအလုပ်သမားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာချိန်ကစပြီး မြန်မာနိုင်ငံရဲ့ မြို့နယ်အသီးသီ၊ ကျေးရွာအသီးသီးမှာ ရောဂါပြန့်နှံ့မလားဆိုတဲ့ စိုးရိမ်မှုတွေ လူထုကြား မြင့်တက်ခဲ့ပါတယ်။

ဧပြီလ ၅ ကနေ ဧပြီ ၁၀ ရက်အတွင်းမှာပဲ ထိုင်းကနေ နေရပ်ပြန်လာသူ စုစုပေါင်းဟာ ၆ ရက်အတွင်း တစ်သိန်းကျော်ရှိခဲ့ပါတယ်။

ပြန်ရောက်လာသူတွေဟာ အခုချိန်ဆို မြန်မာနိုင်ငံရဲ့ နေရာအနှံ့ကို ရောက်ရှိနေကြပါပြီ။ နေရာအသီးသီးမှာလည်း ပြည်ပနိုင်ငံကနေ လမ်းကြောင်းမျိုးစုံနဲ့ ပြန်လာသူတွေကို အစိုးရလမ်းညွှန်ချက်နဲ့အတူ သတ်မှတ်ထားတဲ့နေရာတွေမှာ စောင့်ကြည့်တဲ့ အစီအစဉ်တွေလည်း အင်တိုက်အားတိုက် လုပ်ဆောင်လျှက်ရှိပါတယ်။

ကရင်ပြည်နယ် သံတောင်ကြီးဒေသမှာလည်း ထိုင်းနိုင်ငံအပါအဝင် စင်္ကာပူ မလေးရှားနဲ့ တရုတ်နိုင်ငံကတို့ကနေ ပြန်လည်ရောက်ရှိလာတဲ့ နေရပ်ပြန်တွေ အများအပြား ရှိနေပါတယ်။ ဒါကြောင့် သံတောင်ကြီးဒေသမှာ COVID 19 ကာကွယ်ဖို့အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ပြည်တော်ပြန်တွေကို သီးသန့်စောင့်ကြည့်ဖို့အတွက် ဆောင်ရွက်မှုတွေ ရှိပါတယ်။

“သံတောင်မြို့မှ ကြိုဆိုပါ၏” ဆိုတဲ့ ဂိတ်အဝင် ၁၃ မိုင် ပသိချောင်းကနေစတင်ကာ ဂိတ်တွေကို ပိတ်ထားလိုက်ပြီး ဒေသန္တရအုပ်ချုပ်ရေးနှစ်ဖက်ကလည်း ကြေညာအမိန့်တွေထုတ်ပြန်ကာ ကြိုတင်ကာကွယ်မှုတွေလုပ်ဆောင်နေကြပါတယ်။

“ထိုင်း၊ စင်္ကာပူ၊ မလေး၊ တရုတ်က ပြန်လာတဲ့သူတွေ များတယ်။ မတ်လ ၂၄၊ ၂၆ လောက် ရောက်တဲ့သူတွေရှိတယ်။ ကျမတို့ကတော့ ရက်တွေအလိုက် နားခိုမယ့်နေရာကို သီးသန့်စီစဉ်ပေးထားတယ်။ အကောင်းဆုံးပြင်ဆင်ထားတယ်။ KNU ဘက်ကရော မြို့နယ် အုပ်ချုပ်ရေးပိုင်ကရော သတင်းရလို့ လုပ်အားပေးတွေနဲ့ တစ်ရပ်ကွက် ၅ယောက်စီခွဲပေးထားတယ်။ ပြန်လာတဲ့သူတွေကိုလည်း လုံးဝအပြင်မထွက်ပဲနဲ့ လုပ်အားပေးတွေက စောင့်ကြည့်နေရတာပေါ့” လို့ သံတောင်သူအမျိုးသမီးအဖွဲ့ရဲ့ ဒါရိုက်တာ နော်မာမာချိုကပြောပါတယ်။

သံတောင်ကြီးဒေသဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်မဟာ ၂ (တောင်ငူခရိုင်) ထဲမှာ ပါဝင်ပြီး အစိုးရနဲ့ KNU နှစ်ဖက်ထိန်းချုပ်ဒေသတွင်း တည်ရှိတာဖြစ်ပါတယ်။

COVID 19 ရောဂါကြိုတင်ကာကွယ်ဖို့အတွက် သံတောင်ကြီးမြို့နယ်က မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရဲ၊ မီးသတ်၊ လူဝင်မှုကြီးကြပ်ရေး (လဝက)၊ ဌာနဆိုင်ရာ အရပ်ဖက်လူ့အဖွဲ့အစည်း၊ KNU က ခေါင်းဆောင်တွေ ရပ်မိရပ်ဖတွေနဲ့အတူ အမျိုးသမီးအဖွဲ့တွေလည်း တက်တက်ကြွကြွ ပူးပေါင်းလုပ်ဆောင်နေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ထိ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်အရ ကိုဗစ်19 ကူးစက်ခံရသူပေါင်း ၈၅ ဦးရှိတဲ့အထဲမှာ မဲဆောက်- မြဝတီတံတားကနေတဆင့် ပြန်လည်ဝင်ရောက်လာသူ ၃ ဦးလည်း ပါဝင်နေတာကြောင့် နေရာအသီးသီးမှာ နေရပ်ပြန်တွေကို စောင့်ကြည့်တဲ့လုပ်ငန်းစဉ်ကို ပိုပြီး သတိထား စောင့်ကြည့်ရမယ့် အနေအထားကို ရောက်ရှိခဲ့ပါတယ်။

သံတောင်ကြီးမြို့မှာ ပြည်ပနိုင်ငံအသီးသီးက နေရပ်ပြန်တွေကို သီးသန့်စောင့်ကြည့်ဖို့အတွက် စာသင်ကျောင်းက မိုးလုံလေလုံ ခန်းမနဲ့ စာသင်ခန်းတွေကို အသုံးပြုကာ စောင့်ကြည့်လူနာတွေကို စနစ်တကျ ထားရှိထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့အထိ သံတောင်ကြီးမြို့မှာပဲ အိမ်မှာနေပြီးစောင့်ကြည့်လူနာ ၆၈ ယောက်ရှိခဲ့ပြီး စောင့်ကြည့်ရေးစင်တာမှာစောင့်ကြည့်သူပေါင်း ၃၈ ယောက်ရှိခဲ့ပါတယ်။ ဧပြီ ၁၄ ရက်နေ့မှာပဲ စောင့်ကြည့်ချိန်ကာလပြည့်တဲ့အတွက် စင်တာကနေ နေအိမ်ပြန်ခွင့်ရသူ ၁၈ ယောက် ရှိပေမယ့် ၎င်းတို့နေအိမ်မှာလည်း တပတ်ထိ ပြန်လည်စောင့်ကြည့်ခံကြရမှာဖြစ်ပါတယ်။

“တောင်ပေါ်မြို့ကသူတွေဆိုတော့လည်း အသိပညာအားနည်းကြတယ်။ တော်တော်များက လျှောက်ထွက်နေကြတုန်း။ ကျမတို့က စိတ်ပူတော့ အရမ်းကိုတိုက်တိုက်တွန်းတွန်းလုပ်ဆောင်နေရတယ်။ ကျောင်းတွေ ကျောင်းခန်းတွေမှာ ရက်အလိုက် အခန်းတွေထဲမှာ အမျိုးသမီး အမျိုးသားသက်သက်စီ ခွဲထားပေးတယ်။ ရေချိုးခန်းအိမ်သာတွေကို သီးသန့်လုပ်ထားပေးတယ်။ အရေးပေါ်ကိစ္စတွေရှိလာရင် အခက်ခဲရှိမှာစိုးလို့ အမျိုးသမီးသုံးပစ္စည်းတွေလည်း ထားထားပေးတယ်” လို့ နော်မာမာချိုက ပြောပါတယ်။

နေရပ်ပြန်သူတွေထဲက အချို့ဟာ ခရီးသွားရာဇဝင် လိမ်လည် ထိန်ချန်မှုရှိတာကလည်း ကျန်းမာရေးဝန်ထမ်းတွေ၊ ကူညီလုပ်ဆောင်သူတွေအတွက် အဓိက စိန်ခေါ်မှုတခုဖြစ်ပြီး အချို့ကလည်း လာရောက်ဆက်သွယ်ခြင်းမရှိပဲ ရွာတွေထဲမှာ ခိုအောင်းနေကြတာလည်း ရှိကြတဲ့အတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) ကို အကူအညီတောင်းခံရတာလည်း ရှိပါတယ်။

Covid-19 ထိန်းချုပ်ရေး ကော်မတီ အစည်းဝေး (Photo: Mar Mar Cho’s Facebook)

“အစိုးရဘက်က လက်လှမ်းမမီတဲ့နေရာတွေ ရွာတွေထဲကို ခိုးပြေးဝင်သွားကြတယ်။ KNU ဘက်ကကျတော့ တစ်ရွာဝင်တစ်ရွာထွက် ပြည်တော်ပြန်တွေကို လိုက်ရှာတယ်။ ကြပ်ကြပ်မတ်မတ်လုပ်ဆောင်ပေးတယ်” လို့ KNU အနေနဲ့ ကြိုတင်ပြင်ဆင်ထားမှုအပိုင်းကို နော်မာမာချိုကပြောပါတယ်။

ယခုအချိန်ထိ စောင့်ကြည့်ရေးစင်တာမဝင်ပဲ ထွက်ပြေးခဲ့တဲ့ နေရပ်ပြန်တွေကို KNU က ရှာဖွေပြန်လည်ပို့ဆောင်ပေးတာ ၄ ယောက်ထက်မနည်း ရှိပြီလို့ သိရပါတယ်။

တောင်ပေါ်ဒေသဖြစ်တာကြောင့် ရောဂါဖြစ်ပွားမှု အနေအထားလျော့နည်းနိုင်တယ်လို့ ခန့်မှန်းထားကြတာကြောင့် ကရင်ပြည်နယ်ထဲက ဖြစ်ပွားမှုနှုန်းပိုများနိုင်တဲ့ မြဝတီ ဘားအံ ကော့ကရိတ်လို နေရာမျိုးတွေကို အဓိကထား ကြိုတင်ကာကွယ်မှုတွေ ပိုမိုလုပ်ဆောင်နေကြပါတယ်။

သံတောင်ကြီးဒေသမှာတော့ ကျန်းမာရေးဝန်ထမ်းအင်းအားနည်းပါးသလို ဆေးပစ္စည်း ကိရိယာတွေလည်း အလုံအလောက်မရှိတာကြောင့် အမျိုးသမီးအဖွဲ့တွေ၊ စေတနာ့ဝန်ထမ်းတွေပါ ပူးပေါင်းကူညီနေရပြီး ကူညီနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် စိတ်ပူမိတယ်လို့ နော်မာမာချိုက ဆိုပါတယ်။

“တောင်ပေါ်ဒေသဖြစ်တော့ Risk (အန္တရာယ်) တော့နည်းတယ်လို့ပြောကြတာပေါ့။ ကျမတို့ အနေနဲ့ကလည်း ကိုယ့်မြို့ ကိုယ်ရွာကို မဖြစ်အောင် ကြိုတင်ကာကွယ်ပြီး လုပ်ရတော့ ဆေးရုံအနေနဲ့ဆိုလည်း ဆရာဝန် အင်အားက နည်းတယ်။ ဆေးရုံဝန်ထမ်းတွေလည်းနည်းတယ်။ ဆေးပစ္စည်းတွေကလည်း အလုံလောက်မရှိဘူး။ ဒါပေမယ့်လည်း ကျမတို့လူထုကနေပြီးတော့ ရန်ပုံငွေရှာကြတယ်။ ကော်မတီကနေ ရန်ပုံငွေရှာပြီးတော့ အသက်ရှုစက်ဝယ်ထားတယ်။”

COVID 19 ကြိုတင်ကာကွယ်ဖို့အတွက် သံတောင်သူအမျိုးသမီးအဖွဲ့က ရန်ပုံငွေ ဆယ်သိန်းမတည်ခဲ့ပြီး အစိုးရနဲ့ ခရစ်ယာန်အသင်းတော်တွေလူမှုအဖွဲ့အစည်းတွေကလည်း ငွေအင်အား၊ လူအင်အား၊ လိုအပ်တဲ့ ပစ္စည်းအင်အားနဲ့ ပါဝင်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

ဒါပေမဲ့ ခုချိန်ထိ သံတောင်ကြီးမြို့နယ်ထဲမှာ သံတောင်ကြီးမြို့၊ လိပ်သို၊ ဘော်ဂလီနဲ့ ၁၃ မိုင်ထဲမှာ မြို့နယ်အဆင့် စုစုပေါင်း စောင့်ကြည့်စင်တာ ၄ ခုရှိပြီး အခုချိန်ထိ မြို့ကြီး ၅ မြို့မှာ တစ်မြို့နယ်ကို သာမိုမီတာ တစ်ချောင်းနဲ့ PPE ဝတ်စုံ ၁၀ စုံစီသာ ရှိသေးတယ်လို့ သိရပါတယ်။

သံတောင်ကြီးဒေသက ဒေသခံအမျိုးသမီးတွေဟာ စားဝတ်နေရေးအတွက် တောင်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပါတယ်။ အမျိုးသားတွေအများစုကတော့ ထိုင်း၊ မလေးရှား စတဲ့ နိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

အရင်က သံတောင်ကြီးဒေသဟာ ပဋိပက္ခတွေနဲ့ မငြိမ်းချမ်းတဲ့ဒေသတစ်ခုဖြစ်သလို တောင်ပေါ်ဒေသဖြစ်တာကြောင့် ယခုချိန်ထိ ဖွံဖြိုးရေးအတွက် ကြိုးစားရုန်းကန်နေရတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။

သံတောင်ကြီးဒေသဟာ တောင်ပေါ်စခန်းမြို့ဖြစ်တာကြောင့် ခရီးသွားဧည့်သည်အသွားအလာများပေမယ့်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မတ်လ ၂၁ ရက်နေ့စတင်ပြီး ခရီးသွားလာခြင်းကို တရားဝင်ပိတ်လိုက်ရပါတယ်။ ဒီလိုပိတ်ပင်လိုက်မှုကြောင့် တောင်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုကြတဲ့ ဒေသခံတွေအတွက် စားဝတ်နေရေး အခက်အခဲတွေဟာ ကပ်ရောဂါနဲ့အတူ အချိန်တိုတွင်း တပြိုင်တည်း တွဲပါလာခဲ့ပါတယ်။

“တောင်သူလို့ ပြောမယ်ဆိုရင် အပင်တွေ သီးနှံတွေပဲ စိုက်တာပေါ့။ ကော်ဖီတို့၊ ဖာလာတို့ပဲရှိတော့ စားဝတ်နေရေးမပြေလည်တဲ့ပြဿနာ။ အသွားအလာတွေ ကန့်သတ်ထားတော့ ဘာမှ အလုပ်အကိုင်တွေမရှိကြတော့ ဝင်ငွေလည်းမရဘူးပေါ့” လို့ ဒေသအတွင်း အမျိုးသမီးရေးလုပ်ဆောင်နေတဲ့ သံတောင်သူအမျိုးသမီးအဖွဲ့ရဲ့ ဒါရိုက်တာ နော်မာမာချိုကပြောပါတယ်။

ဒီလိုအခက်အခဲကြားမှာပဲ ပြီးခဲ့တဲ့ ရက်ပိုင်းက တောမီးလောင်မှုကြောင့် ဒေသခံတွေရဲ့ ခြံတွေ အမြောက်အမြား ပါသွားတဲ့တွက် ပြည်သူတွေကြား စိတ်ဖိစီးမှုတွေ ပိုမိုမြင့်တက်လာနေကြောင်း သိရပါတယ်။

ဈေးတွေကအစ ပိတ်ထားခဲ့တာကြောင့် အစပိုင်းမှာတော့ အိမ်ရှင်မတွေ အဆင်ပြေစေဖို့အတွက် သံတောင်သူအမျိုးသမီးအဖွဲ့က ဈေးကားစီစဉ်ပြီး လိုအပ်တဲ့စားသောက်ကုန်တွေကို ကူညီဝမ်းခြမ်းပြီး လိုက်လံပို့ဆောင်ပေးတာမျိုး ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ ဒေသခံကားကို တပတ် ၂ စီးသာ သွားလာခွင့်ပြုတဲ့အတွက် ထိုကားနဲ့ပဲ လိုအပ်တဲ့စားသောက်ကုန်အတွက် အားလုံးစုမှာကြရပါတယ်။

“ကျမတို့က စိုးရိမ်လို့လေ ကလေးတွေကိုလည်း အပြင်ပေးမထွက်တော့ဘူး။ လက်ဆေးဖို့ လက်ဆေးနည်းတွေလည်း မိသားစုကို သင်ပေးတယ်။ ကျမတို့မိသားစုအနေနဲ့ကတော့ ဆန်ဆီဆား ငပိတို့ ဝယ်ထားတယ်။ တောင်ပေါ်မှာလည်း ဒေသထွက်တွေအများကြီးရှိတော့ အဲ့ဒါတွေနဲ့စားကြမှာပေါ့” လို့ ဒေသခံ နော်ယွာစေးက ပြောပါတယ်။

သင်္ကြန်တွင်းကာလအတွက် မရှိဆင်းရဲသားတွေကို အခြေခံစားသောက်ကုန် ထောက်ပံ့ပေးတဲ့ အစိုးရရဲ့ အစီအစဉ်ကြောင့် သံတောင်ကြီးမြို့က လက်လုပ်လက်စား ဒေသခံပြည်သူအများစု အစိုးရဝေပေးတဲ့ စားသောက်ကုန်များ လက်ခံရရှိခဲ့ပြီး တပတ်ကျော်စာထိ ဖူလုံမှုရရှိခဲ့ပါတယ်။ ဒါပေမဲ့ တမြို့လုံးအတိုင်းအတာအတွက်တော့ လာမယ့်လတွေမှာ ကြုံတွေ့ရနိုင်တဲ့ စားနပ်ရိက္ခာ အကြပ်အတည်းအတွက် ကိုဗစ်ကာကွယ်ရေးကော်မတီခေါင်းဆောင်တွေအနေနဲ့ စိုးရိမ်နေကြပါတယ်။

“ကော်မတီအနေနဲ့ camp အတွက်ကတော့ ဆန်လေး ဆီလေး အလှူလိုက်ခံကြတာပေါ့။ camp မှာရှိတဲ့ လူ ၃၀ ကျော် ၄၀ စားဖို့ အတွက်ကတော့ စားဖို့ရှိတာပေ့ါ။ ရပ်ရွာအတွက်ကတော့ ရေရှည်တော့ မတောင့်ခံနိုင်ဘူး” လို့ ကော်မတီထဲ ဦးဆောင်ပါဝင်တဲ့ အမျိုးသမီးခေါင်းဆောင် နော်မာမာချိုက ဆိုပါတယ်။

သံတောင်ကြီးဒေသအတွင်းဝင်ရောက်လာတဲ့ နေရပ်ပြန်တွေကိုလည်း အုပ်ချုပ်ရေးမှူးထံ သတင်းပို့ခြင်းနဲ့ ကျန်းမာရေးစစ်ဆေးခံမှုယူဖို့ ငြင်းဆန်ခြင်း၊ ပုန်းရှောင်ခြင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်သူတွေရှိလာရင် ပတ်ဝန်းကျင်ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးထံကို သတင်းပေးဖို့ တိုက်တွန်းထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး တောင်ငူခရိုင်ဌာနချုုပ်အနေနဲ့လည်း အသိပေးထုတ်ပြန်ချက် ထုတ်ပြန်ထားပြီး တပ်မဟာ ၂ ခရို်င်အတွင်း ခရီးသွား ဧည့်သည်တွေနဲ့ ရောင်းဝယ်ဖောက်ကားခြင်းပြုလုပ်နေတဲ့ ဒေသခံမဟုတ်သူတွေကို မတ်လ ၂၅ရက်နေ့စတင်ပြီး ထွက်ခွားပေးဖို့ကို ထုတ်ပြန်ထားပြီးနောက် ခုဆိုရင် ဒေသခံမဟုတ်တဲ့သူတွေ သံတောင်ကြီးဒေသမှာ လုံး၀ မရှိသလောက်ဖြစ်သွားပါတယ်။

တစ်လနီးပါးကြာ သွားလာမှု ပိတ်လိုက်တဲ့နောက်ပိုင်းမှာ ဒေသခံတွေကြား အစားအသောက်အခက်အခဲတွေနဲ့ စပြီး ရင်ဆိုင်နေကြရပြီး အပိုအလျှံ ကြိုဝယ်စုထားသူတွေကနေ အချင်းချင်း ကူညီမျှေ၀ စားသောက်နေကြရတယ်လို့ အမျိုးသမီးအဖွဲ့ခေါင်းဆောင် နော်မာမာချိုက ဆိုပါတယ်။

“စုထားတာရှိတဲ့သူတွေက တယောက်နဲ့တယောက် သူ့ရှိ ကိုယ်ကျွေး၊ ကိုယ့်ရှိ သူကျွေးပေါ့ အဲလိုမျိုးလေးနဲ့ပဲ လောလောဆယ် သွားနေရတာပေါ့။ ဒါကလည်း အလွန်ဆုံး ၁ လစာလောက်ပဲရှိမယ်။ ကျမလည်း ကျမစုထားတဲ့ ကော်ဖီလေးတွေ လက်ဖက်ခြောက်လေးတွေ၊ ဆန်လေးတွေ ရသလောက် လိုက်ဝေပေးနေတာပေါ့။ အဲဒါကလည်း တစ်လစာလောက်ပဲရှိမှာပေါ့။ ရှေ့ဆက် ဘယ်လိုမီးစင်ကြည့်ကရမလဲဆိုတာ အခြေအနေကြည့်ရမှာပေါ့”

အခုချိန်မှာ သံတောင်ကြီးဒေသမှာ စောင့်ကြည့်ခံရသူတွေထဲက နိုင်ငံခြားမှပြန်လာသူ နှစ်ဦးကို ရောဂါရှိမရှိ ဆေးစစ်ဖို့ ပို့ထားပြီဖြစ်တဲ့အတွက် ထွက်လာမယ့်ရလဒ်အတွက်ကို နေ့တဓူ၀ ဝမ်းရေးပြဿနာတွေကြားထဲကပဲ သံတောင်ကြီးဒေသခံတွေ ရင်တမမနဲ့ စောင့်မျှော်နေကြရပါတယ်။

Author:

Related Articles