Home ဆောင်းပါး “နိုင်ငံရေးသမားကောင်း တစ်ယောက်ဖြစ်ချင်တယ်၊ အမျိုးသမီး နိုင်ငံရေးသမားတွေကို အလိုရှိတယ်”

“နိုင်ငံရေးသမားကောင်း တစ်ယောက်ဖြစ်ချင်တယ်၊ အမျိုးသမီး နိုင်ငံရေးသမားတွေကို အလိုရှိတယ်”

ခင်စုကြည်။ ။

၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးနယ်ပယ်မှာသာမက ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုကိုလည်း ခံခဲ့ရတဲ့ လူငယ်အမျိုးသမီး နိုင်ငံရေးသမားတစ်ယောက်ရှိပါတယ်။

သူမကတော့ ရန်ကုန်မြို့လယ်၊ ပန်းပဲတန်း မဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မအိသဉ္ဇာမောင်ဖြစ်ပါတယ်။

၂၆ နှစ်အရွယ် မအိသဉ္ဇာမောင်ဆိုတာ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ၅၆၀၀ ကျော်ထဲမှာ အသက်အငယ်ဆုံးသော နိုင်ငံရေးသမားလည်းဖြစ်ပါတယ်။ ခန္ဓာကိုယ်သေးသေးသွယ်သွယ်နဲ့ သွက်လက်တဲ့ လူငယ်အမျိုးသမီးတစ်ယောက် ဖြစ်ပေမယ့် သူမရဲ့ နိုင်ငံရေးအပေါ် စိတ်အားထက်သန်မှုနဲ့ သူမဖြစ်ချင်တဲ့နိုင်ငံရေး စိတ်ကူး အိမ်မက်တွေကတော့ ကြီးမားလှပါတယ်။

“ကျမက နိုင်ငံရေးသမားကောင်း တစ်ယောက်ဖြစ်ချင်တယ်။ အမျိုးသမီး နိုင်ငံရေးသမားတစ်ယောက် ဖြစ်ချင်တယ်။ အမျိုးသမီးနိုင်ငံရေးသမားတွေကို အလိုရှိတယ်”

ဒါကတော့ မအိသဉ္ဇာမောင် ရည်မှန်းထားတဲ့ အိမ်မက်ပါ။ သူမဟာ အသက် ၁၉ နှစ်အရွယ်မှာ ကျောင်းသားနိုင်ငံရေးကနေ စတင်ပြီး အခု အသက် ၂၆ နှစ်အရွယ်မှာတော့ ပါတီနိုင်ငံရေးကနေ တဆင့် လွှတ်တော်ထဲဝင်ရောက်ဖို့ ကြိုးစားပြင်ဆင်ခဲ့သူလည်းဖြစ်ပါတယ်။

မအိသဉ္ဇာမောင်ကတော့ ကချင်ပြည်နယ်ဇာတိဖြစ်ပြီး မိဘတွေကလည်း သာမန် စီးပွားရေးလုပ်ကိုင်နေကြသူ တွေပဲဖြစ်ပါတယ်။ မန္တလေး ရတနာပုံတက္ကသိုလ်မှာ ပညာသင်ကြားနေရင်း ၂၀၁၃ ခုနစ်မှာတော့ ရတနာပုံ တက္ကသိုလ်ကျောင်းသား သမဂ္ဂ (ဥက္ကဋ္ဌ) အဖြစ် ဆောင်ရွက်ခဲ့ရပါတယ်။ ကျောင်းသားလှုပ်ရှားမှု သမိုင်းမှာတော့ မအိသဉ္ဇာမောင်ဟာ ပထမဦးဆုံး အမျိုးသမီးကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။

“ကျမတို့ တွေတုန်းက ကျောင်းသားသမဂ္ဂတွေက အခုလောက်ထိ ထင်ထင်ပေါ်ပေါ်လုပ်လို့မရသေးဘူး။ ခိုးပြီးလုပ်ရတာပေါ့နော်။နည်းနည်းပါးပါးတော့ ပွင့်လင်းလာတယ်ဆိုပေမယ့် ခိုးပြီးလုပ်ရတဲ့အထဲမှာပါတယ်ပေါ့။ အာဏာပိုင်တွေက ကျမတို့ကို အမြဲတမ်းကြည့်နေပြီးတော့မှကျမတို့တွေကို ကျောင်းသားသမဂ္ဂတွေကနေ ထွက်ဖို့ကို အိမ်အထိသွားပြီးဖိအားပေးတာတွေခံရတယ်။ အဲ့လိုပဲ ကျမနဲ့အတူတူလုပ်နေတဲ့ ရဲဘော်တွေလည်းရှိတယ်။ တချို့တွေဆိုရင် မိဘက ဝန်ထမ်းဖြစ်တဲ့အတွက် ကိုယ့်သားသမီးကကျောင်းသားသမဂ္ဂထဲမှာ ဆက်ပါမယ်ဆိုရင် ဝန်ထမ်းမိဘကို အလုပ်ဖြုတ်မယ်ပေါ့ အဲ့လိုမျိုးတွေပြောတယ်ကျမအိမ်ကလည်း ကြောက်တယ်။ နိုင်ငံရေးမိသားစု မဟုတ်ဘူး။ စီးပွားရေးပဲလုပ်တဲ့သူဆိုတော့ သူတို့စီးပွားရေးမှာ ဒီဟာကြီးက လာပြီး အထိခိုက်ဖြစ်မှာ သူတို့ကြောက်တယ်” လို့ မအိသဉ္ဇာမောင် သူမ ကျောင်းသားနိုင်ငံရေးစတင်လှုပ်ရှားခဲ့တုန်းက အခြေအနေတွေကို ပြောပြပါတယ်။

ရတနာပုံကျောင်းသားသမဂ္ဂထဲကို သူမစတင်ဝင်ရောက်ခဲ့တုန်းက ကျောင်းသားသမဂ္ဂတွေက အင်အား အတော်အသင့် ကောင်းခဲ့ပေမယ့်နောက်ပိုင်းမှာ ကျောင်းသားသမဂ္ဂမှာပါဝင်တဲ့ ကျောင်းသားတွေအပေါ် အာဏာပိုင်တွေက ဖိအားတွေ ပေးလာတာကြောင့် တဖြေးဖြေးနဲ့ သမဂ္ဂထဲကနေ ထွက်ခွာသွားကြတဲ့ ကျောင်းသားတွေလည်းရှိလာခဲ့ပါတယ်။ သူမကတော့ ကျောင်းသားသမဂ္ဂဖွဲ့စည်းပုံကို ပြန်လည်လုပ်ဆောင်ခဲ့ပြီး ကျောင်းသားတွေ အချင်းချင်းကြားမှာလည်း သူမကို လက်ခံလာအောင် ကြိုးစားခဲ့ရပါတယ်။

“ခက်ခဲတာက အဲ့တုန်းက ငယ်လည်းငယ်သေးတယ်။ ဘာမှ သိပ်မလုပ်တတ်ဘူး။အခုလောက်သိပ်မလုပ်တတ်ဘူးပေါ့။ နောက်တစ်ခုက အမျိုးသမီးလည်းဖြစ်တဲ့အခါကျတော့ ကိုယ်က အများကြီးကြိုးစားရတယ်။ ကိုယ့်ရဲဘော်အချင်းချင်းက ကိုယ့်ကိုပြန်ပြီးလေးစားအောင်လို့ ကိုယ့်စကားပြန်ပြီး တိကျအောင်လို့ အမြဲတမ်း ကြိုးစားရတယ်။နောက်တစ်ခုက ကိုယ်က နိုင်ငံရေးမိသားစုအခံက လာတာမဟုတ်တော့ ပိုပြီးကြိုးစားရတယ်” လို့ မအိသဉ္ဇာမောင်ကပြောပါတယ်။

နိုင်ငံရေးလမ်းကို စတင်လျှောက်လှမ်းတဲ့အခါမှာတော့ နိုင်ငံရေးနောက်ခံသမိုင်းလည်းမရှိသူဖြစ်သလို ကျောင်းသားသမဂ္ဂထဲ ပထမဆုံး အမျိုးသမီး ဥက္ကဌလည်းဖြစ်တာကြောင့် သူမ အတွက် ဒီတာဝန်တွေကတော့ မသေးလှပါဘူး။ မိဘတွေကသူမကို ပညာတတ် ဆရာဝန်တစ်ယောက်ဖြစ်စေချင်တာကြောင့် ကချင်ပြည်နယ်ကနေ မန္တလေးကိုပို့ဆောင်ပြီး ပညာသင်ကြားစေခဲ့တာ ဖြစ်ပါတယ်။

၂၀၀၇ ခုနစ် ရွှေဝါရောင်တော်လှန်ရေးဖြစ်စဉ်တွေဟာ ၈ တန်းကျောင်းသူ မအိသဉ္ဇာမောင်အတွက် နိုင်ငံရေးထဲဝင်ရောက်ဖို့ တိတ်တဆိတ်တွန်းအားပေးနေခဲ့တဲ့ အရာတစ်ခုဖြစ်လာခဲ့ပါတယ်။

“ကျမ ရဲ့ဇာတိကတော့ ကချင်ပြည်နယ်မှာပါ။ ကျမတို့ဘက်မှာက တစ်ခုရှိတာက ပညာရေးက နည်းနည်း မပွင့်လင်းဘူး။ ရန်ကုန်၊ မန္တလေးလောက် မပွင့်လင်းဘူး”

“အမေက ကျမကို ပညာတတ်အရမ်းဖြစ်စေချင်တာ။ ဆရာဝန်အရမ်းဖြစ်စေချင်တာ။ အဲ့တော့ ကျမကို မန္တလေးမှာ ကျောင်းထားတယ်။ ၂၀၀၇ခုနစ်လောက်တည်းက ကျမကဘော်ဒါဆောင်မှာနေရတယ်။ ရွှေဝါရောင်တော်လှန်ရေးတွေ စဖြစ်နေတဲ့ကာလဆိုတော့ ဒါတွေကလည်း ကျမ မျက်စိရှေ့မှာမြင်ထားခဲ့တဲ့အရာတစ်ခုဖြစ်နေတော့ ဒါကလည်း နောက်ပိုင်းမှာ ကျမ နိုင်ငံရေးကို ဆက်လုပ်လာအောင် အထောက်အကူဖြစ်သွားခဲ့စေတယ်” လို့ ပြောပါတယ်။

မအိသဉ္ဇာမောင်ဟာ ၂၀၁၂ ခုနစ်မှာတော့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှာ စတင်ပါဝင်ခဲ့ပြီး ပညာရေးစနစ် ပြောင်းလဲမှုလှုပ်ရှားမှုတွေ၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာလည်း ဦးဆောင်ပါဝင်ခဲ့ပါတယ်။

၂၀၁၅ ခုနစ် ပညာရေးစနစ်ပြုပြင်ပြောင်းလဲဖို့အတွက်လုပ်ဆောင်ခဲ့ကြတဲ့ ဒီမိုကရေစီပညာရေးသပိတ်မှာ မန္တလေးကနေ ရန်ကုန်မြို့အထိ ချီတတ်လမ်းလျှောက်ကြတဲ့အထဲမှာ သူမလည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီသပိတ်ဟာ လက်ပံတန်းအရောက်မှာ တားဆီးပိတ်ပင်ခြင်းကိုခံရပြီး ကျောင်းသားတွေလည်း ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရပါတယ်။

သူမဟာလည်း ပုဒ်မ ၁၄၃၊ ၁၄၅ ၊ ၁၄၇ ၊ ၃၃၂၊ ၅၀၅ (ခ) တို့နဲ့ တရားစွဲခံခဲ့ရပြီး သာယာဝတီအကျဉ်းထောင်မှာ တစ်နှစ်ကျော်ကြာ ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

” ဒီလောကထဲဝင်ရင် ထောင်ကျမယ်ဆိုတာမျိုးတော့ တွေးထားတာမျိုးရှိပါတယ်။ ဒါပေမယ့် ကျမတို့က စာအုပ်ထဲမှာပဲ ဖြစ်ဖူးတာလေ။ တကယ်တမ်းကျသွားတော့လည်းအတွေ့အကြုံရသွားတာပေါ့။ ထောင်ထဲရောက်သွားပြီဆိုတာနဲ့ ထောင်ဝန်ထမ်းတွေက ကြိုပြီးပြောလိုက်တယ်။ အပြင်မှာကိုယ်က ဘာကောင်ကြီးပဲဖြစ်နေဖြစ်နေထောင်ထဲရောက်သွားရင် အားလုံးက ထောင်သားပဲ။ ထောင်လိုနေရမယ်ဆိုပြီး။ ဒါပေမယ့် ကျမတို့ကလည်း ရာဇဝတ်သားမှမဟုတ်ပဲ။ နိုင်ငံရေး အကျဉ်းသားဖြစ်တဲ့အခါကျတော့ တခြားရာဇဝတ်သားတွေလိုတော့ အဆက်ဆံမခံနိုင်ဘူးလေ။ အပြစ်ရှိပြီးမှ ထောင်ကျလာတာမှမဟုတ်ပဲ။ အဲ့လိုကျတော့ ထောင်အာဏာပိုင်တွေနဲ့ကျတော့ နည်းနည်းတော့ ပြသာနာဖြစ်တာပေါ့”
လို့ အသက် ၁၉ နှစ်အရွယ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သူမ အကြောင်းကို ပြန်ပြောပါတယ်။

သာယာဝတီထောင်မှာ တစ်နှစ်ကျော်ခန့် ဖမ်းဆီထိန်းသိမ်း စစ်ဆေးခံရပြီးနောက်မှာတော့ အမှုရုတ်သိမ်းလိုက်တာကြောင့် ဒီမိုကရေစီပညာရေးသပိတ်မှာပါဝင်ခဲ့ကြတဲ့ ကျောင်းသားတွေ ပြန်လည်လွတ်မြောက်လာ ခဲ့ပါတယ်။

မအိသဉ္ဇာမောင်ကတော့ ထောင်ကပြန်လွတ်လာပြီးနောက်ပိုင်းမှာ ပါတီနိုင်ငံရေးကို လုပ်ဆောင်ဖို့စိတ်အားထက်သန်ခဲ့ပြီး လူ့ဘောင်သစ်ဒီမိုကရက်စ်ပါတီမှာ လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။

၂၀၁၈ ခုနစ်မှာတော့ လူ့ဘောင်သစ်လူငယ် ဥက္ကဌအနေနဲ့ဆောင်ရွက်ခဲ့ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဗဟိုကော်မတီဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၂၀ခုနစ်မှာတော့ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ အငယ်ဆုံး အမတ်လောင်း အဖြစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သူမ လျှောက်လှမ်းချင်တဲ့နိုင်ငံရေးလမ်းကြောင်းကို အတိအလင်းကြွေးကြော်ခဲ့ပါတယ်။

” နိုင်ငံရေးကိုသေသေချာချာလုပ်ချင်တယ်။ ပြီးတော့ ကျမက နိုင်ငံရေးသမားကောင်းတစ်ယောက်ဖြစ်ချင်တယ်။ အမျိုးသမီး နိုင်ငံရေးသမားတစ်ယောက်ဖြစ်ချင်တယ်။ကိုယ်က နိုင်ငံရေးလမ်းကြောင်းတစ်ခုကိုဖောက်ချင်တယ်။ ဒီမှာက ရွေးကောက်ပွဲတွေက ရွေးကောက်ပွဲပုံစံမပေါ်ဘူး။ နိုင်ငံရေးလမ်းကြောင်းတစ်ခုပုံစံမပေါ်ဘူး။ ရွေးကောက်ပွဲဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် စောင်းပြောတာမျိုးတို့ဘာသာရေးကို အသုံးချတာမျိုးတို့ ဒါမျိုးတွေပဲ ရှိတာကို။ ကျမက လူငယ်တွေ တကယ်ဝင်ပါတဲ့ ရွေးကောက်ပွဲဆိုတာ တကယ် အနှစ်သာရရှိတယ်ဆိုတာကိုလည်း ပြချင်တာ” လို့ မအိသဉ္ဇာမောင်ကပြောပါတယ်။

သူမဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပန်းပဲတန်းမဲဆန္ဒနယ်ဟာ သူမ လုပ်ချင်တဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ ရှိနေတာကြောင့် ရွေးချယ်ဖြစ်ခဲ့တာဖြစ်သလို နယ်မြေဧရိယာလည်း ကျဉ်းတာကြောင့်သူမ အသုံးပြုနိုင်မယ့် ရွေးကောက်ပွဲ ကုန်ကျစရိတ်အတွက်ပါ ထည့်သွင်းစဉ်းစားပြီး ရွေးချယ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ကြိုတင်ပြင်ဆင်မှု တွေလုပ်ဆောင်ခဲ့ပေမယ့် မအိသဉ္ဇာမောင်ဟာ ဒေသခံလည်းမဟုတ်သလိုတဖက်က သူမနဲ့အပြိုင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အာဏာရပါတီက ကိုယ်စားလှယ်လောင်းဟာလည်း အရည်အချင်းရှိတဲ့ လူငယ် နိုင်ငံရေးသမားတစ်ယောက်ဖြစ်နေတာကလည်းသူမအတွက် စိန်ခေါ်မှု ပိုမိုပြင်းထန်ခဲ့ရပါတယ်။

Photo: Ei Thinzar Maung’s Facebook

“တဖက်က ကိုယ်နဲ့အတူ ရွေးကောက်ပွဲဝင်ပြိုင်မယ့်သူ ကိုတော့ နောက်မှ သိရတာပေါ့နော်။ အဲ့တော့ ဝင်ပြိုင်မယ်ဆိုပြီးဝင်ပြိုင်ဖြစ်တယ်။ ကိုယ်ချပြချင်တဲ့ နိုင်ငံရေးလမ်းကြောင်းကလည်း ပန်းပဲတန်းမှာပဲ ချပြလို့ရတယ်။ လူနည်းအခွင့်အရေးအကြောင်းတွေ ပြောလို့ရတယ်။ ပြီးတော့မှာ တဖက်က ကိုစည်သူမောင်ဖြစ်နေတာပေါ့။ အဲ့လိုလေးတွေ လွဲသွားတာပေါ့။ တဖက်ကလည်း မွတ်ဆလင် အမတ်လောင်းဖြစ်တယ်။ နောက်တစ်ခုက အာဏာရ ပါတီကလည်းဖြစ်တယ်။ လူငယ်လည်းဖြစ်တယ်။အရည်အချင်းရှိတဲ့ သူလည်းဖြစ်တယ်။ အဲ့တော့ ကျမ ဒီဘက်ကနေ ကြိုးစားရတဲ့အခါ တော်တော်ကြိုးစားရပါတယ်။ ဒီအသိုင်းအဝိုင်းကလည်း လက်ခံလာအောင် ကိုယ်ချပြချင်တဲ့ နိုင်ငံရေးလမ်းကြောင်းကိုချပြခွင့်ရအောင်၊ ကြိုးစားရတယ်” လို့ဆိုပါတယ်။

ရွေးကောက်ပွဲကာလအတွင်း လူငယ်အမတ်လောင်းနှစ်ဦးရဲ့ ယှဉ်ပြိုင်မှု၊ နိုင်ငံရေး အသိအမြင်နဲ့ စိတ်အားထက်သန်မှု ပြည့်ဝကြတဲ့ လူငယ်နှစ်ယောက်ရဲ့ အားပြိုင်မှုတွေကြောင့် ပန်းပဲတန်း မဲဆန္ဒနယ်ကလည်း နိုင်ငံရေးနယ်ပယ်ထဲက သူတွေအတွက် စိတ်ဝင်စားမှုကောင်းတဲ့ အနေအထားဖြစ်ခဲ့ရပါတယ်။

နိုင်ငံရေးအရ ယှဉ်ပြိုင်မှုတွေမှာ လူငယ်မို့၊ အမျိုးသမီးမို့ဆိုတဲ့ သတ်မှတ်ချက်တွေအပေါ် ခွဲခြားမှုတွေမရှိတော့ပေမယ့်လည်း ထောက်ခံတဲ့ပါတီ မတူတဲ့ တခြားတဖက်က လူထုတွေရဲ့အမြင်နဲ့ ဝေဖန်တိုက်ခိုက်မှုတွေကိုတော့ အမျိုးသမီး ကိုယ်စားလှယ်လောင်း တစ်ယောက်အနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

“အဲ့အချိန်တုန်းက ကျမကို တိုက်ခိုကတာတွေခံရတယ်။ ရွေးကောက်ပွဲ ကတိ ကဝတ်တွေက အဖိနှိပ်ခံများ အတွက် DPNS တရားမျှတမှုများအတွက် DPNS ဆိုတဲ့အခါမှာ ဒီကာလမှ အဖိနှိပ်ခံဆိုတာလည်းမရှိတော့ဘူး။ အားလုံးက ညီတူ ညီမျှဖြစ်နေပြီပေါ့။ ကျမက လူနည်းစုရဲ့ အခွင့်အရေးလို့ပြောတဲ့အခါမှာ တချို့က လူနည်းစုဆိုတဲ့ သဘောတရားကို သိမနေဘူး။ ဒါက အရေးမပါတဲ့ကိစ္စတွေဆိုပြီး ဝေဖန်တာတွေလည်း အများကြီးရှိတယ်။ ပြီးတော့ ကျမကို စွပ်စွဲကြတာက community ကို ၂ ခြမ်းကွဲအောင်လုပ်တယ်ပေါ့။ နောက် ဆဲတာတွေလည်းခံရတယ်။ ကျမကို အားပေးတဲ့သူတွေအပေါ်မှာ တဖက်က တိုက်ခိုက်တဲ့သူတွေက တိုက်ခိုက်ကြတယ်။ ထမီအောက်ကနေ စကပ်အောက်ကို သွားခြုံလိုက်ကြလေဆိုပြီး တိုက်ခိုက်ခံရတာတွေ လည်းရှိတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပန်းပဲတန်းမြို့နယ်ကဝင်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အသက် ၃၃ နှစ်အရွယ် ကိုစည်သူမောင်က အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာတော့ မဲပေးသူ ၁၅၀၀၀ ကျော်ရှိတဲ့ ပန်းပဲတန်း မဲဆန္ဒနယ်မှာ ပြိုင်ဘက်ဖြစ်တဲ့ ကိုစည်သူမောင်က မအိသဉ္ဇာမောင် အပါအဝင်ပြိုင်ဘက်တွေကို မဲအပြတ်အသတ်နိုင်ခဲ့ပါတယ်။

ကိုစည်သူမောင်ဟာ မဲပေးတဲ့သူအားလုံးရဲ့ ၈၄ ရာခိုင်နှုန်းလောက်ရခဲ့ပြီး ဒုတိယနေရာက မအိသဉ္ဇာမောင်က ၉ ရာခိုင်နှုန်းကျော် ဖြစ်တဲ့ ၁၄၃၇ မဲရခဲ့ပါတယ်။

ကိုစည်သူမောင်အတွက် အားသာချက်တွေက “ပန်းဘဲတန်းလူထု ထောက်ခံမှုများပြားတဲ့ NLD ဖြစ်နေတာဟာ ရွေးကောက်ပွဲမှာ မဲများများ ရနိုင်စေတဲ့ အားသာချက်တစ်ခု ဖြစ်ပြီး ပန်းဘဲတန်းဟာ မွတ်ဆလင် အများအပြား နေထိုင်တဲ့ မြို့နယ်ဖြစ်တာကလည်း နောက်ထပ် အားသာချက်တစ်ခု” လို့ လွတ်လပ်တဲ့အာရှအသံ RFA သတင်းဌာနက ရွေးကောက်ပွဲမတိုင်ခင် ကိုစည်သူမောင်အကြောင်းရေးသားတဲ့ သတင်းဆောင်းပါးတစ်ခုမှာထောက်ပြခဲ့ပါတယ်။

မအိသဉ္ဇာမောင်ကတော့ ရွေးကောက်ပွဲမှာ အနိုင်မရရှိခဲ့ပေမယ့်လည်း သူမရဲ့ စိတ်ကူး အိမ်မက်တွေကိုတော့ လက်မလျော့သေးပါဘူး။

သူမ အခု ရွေးကောက်ပွဲမှာ ဝင်ပြိုင်ရတဲ့ အကြောင်းအရင်းကတော့ အသက် ၂၀အရွယ်မှာ လူငယ်တစ်ယောက်ရဲ့ နိုင်ငံရေးအပေါ်ထားတဲ့မျှော်မှန်းချက်တွေ သူမရဲ့ သွားချင်တဲ့ နိုင်ငံရေးလမ်းကြောင်းကို ချပြချင်တာတွေဖြစ်တာကြောင့် သူမရဲ့ အတွက်ကတော့ အနိုင်မရခဲ့ပေမယ့်လည်း အတွေ့အကြုံကောင်းများစွာကိုတော့ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

” ကျမတို့ နိုင်ငံက တော်တော်များများက အမတ်တွေက နိုင်ရင်လည်း ပျောက်သွားတာတွေ၊ လူထုနဲ့ ဝေးသွားတာမျိုးတွေ၊ ရှုံးရင်လည်း ဝေးသွားတာမျိုးတွေရှိတယ်။ ကျမက အဲ့ဒီလို မဖြစ်ချင်ဘူး။ နိုင်ငံရေးသမား ဆိုတာက လူတွေထင်သလို မဟုတ်ဘူးပေါ့။ လူတွေက နိုင်ငံရေးသမားတွေဆို နည်းနည်းအထင်သေးကြတယ်။အလုပ်မရှိ အကိုင်မရှိပေါ့။ ကိုယ့်အတွက်လည်းအကျိုးအမြတ်လည်းမရပဲ ဘာမှလည်းဟုတ်တာမဟုတ်ပဲ လုပ်နေကြတယ်ပေါ့။ တကယ်တော့ နိုင်ငံရေးသမားဆိုတာ အဲ့ဒီလိုမဟုတ်ဘူး။ တကယ့်ကို ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လျှောက်လှမ်းနေတဲ့သူတွေဆိုတာကို ပြချင်တာ။ အဲ့ဒီလိုဖြစ်အောင်လို့လည်း ကြိုးစားနေတယ်” လို့ ဆိုပါတယ်။

အခုချိန်မှာတော့ မအိသဉ္ဇာမောင်ဟာ သူမလို နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ လူငယ်၊ အမျိုးသမီးတွေအတွက်လည်း လူ့ဘောင်သစ် လူငယ် (ပန်းပဲတန်း) ကနေ ဦးဆောင်ပြီး နိုင်ငံရေးအသိအမြင်ကို ပြန်လည် ဝေမျှသင်ကြား ပေးနေပါတယ်။

သူမကတော့ သူမရဲ့ ရည်ရွယ်ချက်အတိုင်း နိုင်ငံရေးသမားကောင်းတစ်ယောက်ဖြစ်အောင် ဆက်လက် ကြိုးပမ်းလုပ်ဆောင်နေမှာဖြစ်သလို အမျိုးသမီးနိုင်ငံရေးသမားတွေ ပေါ်ထွက်လာဖို့အတွက်လည်း
ဆက်လက်တွန်းအားပေးလုပ်ဆောင်နေမှာဖြစ်တယ်ဆိုတာ သူမရဲ့ လုပ်ဆောင်မှုတွေက သက်သေ
ပြလို့နေပါတယ်။ရွေးကောက်ပွဲမှာ အနိုင်မရရှိခဲ့ပေမယ့်လည်း အရှုံးသမားတစ်ယောက်မဖြစ်အောင် နိုင်ငံရေး အတွေ့အကြုံတွေကိုယူဆောင်ရင်း သူမရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ကြိုးစားနေဦးမှာ ဖြစ်ပါတယ်။

“နိုင်ငံရေးလုပ်လာခဲ့တဲ့အထဲမှာ ဒီတခေါက်ရွေးကောက်ပွဲ ဖြတ်သန်းလာတဲ့ အခြေအနေကတော့ နိုင်ငံရေးအရ အမြတ်ကျန်ခဲ့တာမျိုးတွေရှိတယ်။ ကိုယ်ဆက်လုပ်ရမယ့် လမ်းကြောင်းတစ်ခုလည်းပေါ်လာတာပေါ့။ နောက်ပြီး အမျိုးသမီးနိုင်ငံရေးသမားတွေအများကြီးပေါ်လာစေချင်တယ်။ ဒါကတော့ ကျမရဲ့အိမ်မက်ပေါ့” လို့သူမကဆိုပါတယ်။

Related Articles