Home ဆောင်းပါး အရှက်ရခဲ့သည့် လိုင်းကားပေါ်က ရက်စွဲများ

အရှက်ရခဲ့သည့် လိုင်းကားပေါ်က ရက်စွဲများ

နန်းဆိုင်နွမ်။ ။

ညနေရုံးဆင်းချိန် အိမ်ကို ရောက်ချင်တဲ့ စိတ်ဆန္ဒတွေနဲ့ မအေးအေးသန်း တစ်ယောက် လိုင်းကားပေါ်မှာ တွေးပြီးပျော်ရွှင်နေပါတယ်။

တနေကုန် ပင်ပန်းတဲ့စိတ်တွေကြောင့် အိမ်ရောက်မယ့် မှတ်တိုင် နီးလေ နားရတော့မယ်ဆိုတဲ့ စိတ်က လွှမ်းမိုးလေပါပဲ။

ရုံးဆင်းချိန်မို့ လူအပြည့်ဖြစ်နေတဲ့ ဘတ်စ်ကားပေါ်ကနေ ထမင်းချိုင့် တဖက်နဲ့ ဆင်းဖို့ သူက အဆင်သင့်ဖြစ်လို့နေပါတယ်။

ဘတ်စ်ကားပေါ်က တိုးဝှေ့ ဆင်းလာပြီး ဝန်ထမ်းဝတ်စုံ စကဒ်လေးနဲ့ ခပ်ကျော့ကျော့လေး ရပ်ကွက်လမ်းထဲကို လမ်းလျှောက်လာပါတယ်။

“ သမီး စကဒ် အနောက်မှာ ပြဲနေတယ်” ဆိုတဲ့ လမ်းထဲက အဒေါ်တစ်ယောက် လှမ်းပြောလိုက်တဲ့အချိန်မှာ ရှက်တဲ့ စိတ်နဲ့ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘူးလို့ မအေးအေးသန်းက ပြန်ပြောပြပါတယ်။

ရှက်တဲ့စိတ်နဲ့ပဲ ကြုံရာ ဆိုက္ကားတစ်စီးကို လှမ်းတားပြီး အိမ်ပြန်ခဲ့ရပါတယ်။

စကဒ်ခွဲခံရတဲ့ အဖြစ်အပျက်က သူ့အနေနဲ့ လိုင်းကားပေါ်မှာ နှစ်ကြိမ်တိုင် ရင်ဆိုင် ကြုံတွေ့ ခဲ့ရတာ ဖြစ်ပါတယ်။

ပထမအကြိမ် စကဒ်ခွဲ ခံရချိန်တုန်းက သူ့အနေနဲ့ လိုင်းကားပေါ်ကနေ ဆင်းဖို့ အာရုံတခုပဲရှိပြီး လက်ထဲမှာ ကိုင်ထားတဲ့ ထမင်းချိုင့်နဲ့ ခြစ်မိပြီး စကဒ်ပြဲသွားတယ်လို့ပဲ ထင်မိခဲ့တာပါ။

ဒုတိယအကြိမ်မှာတော့ အသက် ၄၀ ကျော်ဝန်းကျင် အမျိုးသားတစ်ဦးက သူ့အနီးမှာ ယောင်လည်လည်နဲ့ ရပ်နေတာကို သတိထားမိခဲ့ပေမယ့် သူ့ရဲ့ စကဒ်ကို ဒီလိုခွဲလိမ့်မယ်လို့ သတိမပြုခဲ့မိပါဘူး။

အဲဒီရက်တွေမှာတော့ အိမ်ရောက်မှပဲ သူ့ရဲ့ စကဒ်အခွဲခံရတယ်ဆိုတာကို သူက သိလိုက်ရပါတယ်။

“ပထမ အကြိမ်က ရှက်တာ။ ဒုတိယ အကြိမ်မှာ ဒေါသအရမ်းထွက်သွားတယ်” လို့ မအေးအေးသန်းက ဒေါသစိတ်နဲ့ ပြန်ပြောပါတယ်။

စကဒ်ကွဲတာတင် မကဘဲ သူ့ရဲ့အသားကိုပါ ခြစ်မိသွားတယ်လို့ လည်း စိတ်ပျက်စွာနဲ့ မအေးအေးသန်းက ပြောပါတယ်။

မအေးအေးသန်းလိုပဲ လိုင်းကားပေါ်မှာ စကဒ်အခွဲခံရတဲ့ အလားတူ အဖြစ်အပျက်မျိုး ကြုံခဲ့ရဖူးသူလည်းရှိပါတယ်။ သူကတော့ မစန္ဒာဖြစ်ပါတယ်။ စကဒ်အခွဲခံရတာကို သူနေထိုင်တဲ့ အဆောင်ပြန်ရောက်မှ သိရပြီး ပြန်စဉ်းစားမိတိုင်း ရှက်ပြီး ဒေါသဖြစ်မိတုန်းပါ။

မစန္ဒာက ရုံးဝန်ထမ်း တစ်ဦးဖြစ်ပြီး နေ့စဉ်နဲ့အမျှ အများပြည်သူ သယ်ယူပို့ဆောင်ရေး လိုင်းကားကို အားကိုးပြီး ရုံးတတ် ၊ ရုံးဆင်း လုပ်နေရသူဖြစ်ပါတယ်။

“ စကဒ်အခွဲခံရတာ အဆောင်ရောက်မှ သိတယ်။ ရှက်လိုက်တာ နောက်ရက် အဲ့လမ်းတောင် မဖြတ်ရဲဘူး။ ပတ်ပြီးသွားရတယ်။ ဒီလိုစကဒ်ခွဲခံရတာ တခါမှလည်းမကြုံဖူးဘူး။ ကြားလည်းမကြားဖူးဘူး။ ပိုက်ဆံအိတ်တွေ လုပ်တာပဲ သိခဲ့တာ” လို့ မစန္ဒာက ဆိုပါတယ်။

အမျိုးသမီးတွေရဲ့ စကဒ်အလယ်တည့်တည့်ကို ဓားနဲ့ခွဲတာက အမျိုးသမီးတွေရဲ့ အရှက်သိက္ခာ ကျအောင် တမင်လုပ်တာ ဖြစ်တယ်လို့ သူက ယူဆကြောင်း မအေးအေးသန်းက ပြောပါတယ်။

“ လက်ဆော့တဲ့ သဘောပါ။ အရှက်ခွဲတဲ့ သဘောမျိုးပါ။ အခု လိုင်းကားပေါ်က ဆင်းရင် သတိထားပြီး စမ်းပြီးမှ ဆင်းရတယ်” လို့ မအေးအေးသန်းက ပြောပါတယ်။

အရင်က လိုင်းကားပေါ်မှာ ရယူလိုမှု ဖြစ်တဲ့ ပိုက်ဆံအိတ်ခွဲတာကိုသာ အဓိက လုပ်ဆောင်ခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာတော့ အမျိုးသမီးတွေကို အရှက်ရအောင် လုပ်နေတဲ့ သဘောရှိတယ် လို့ ရန်ကုန်မြို့ ရဲ့ အများသယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းကားကို အသုံးပြုနေတဲ့ အမျိုးသမီးတွေက ပြောဆိုလိုက်ပါတယ်။

“ ကျမတို့လည်း စကဒ်ခွဲတယ်ဆိုတဲ့ အသံတွေ၊ သတင်းတွေ ကြားတော့ သတိထားနေရတယ်။ အမျိုးသမီးတွေကို အားနည်းတဲ့ သူဆိုပြီး လုပ်တဲ့သဘောပါ။ပိုက်ဆံအိတ် ခွဲခံရမှာလည်း ကြောက်ရသလို စကဒ်ခွဲခံရမှာလည်း ကြောက်နေရတယ်” လို့ ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်တဲ့ မသန္တာက ပြောပါတယ်။

တချို့အမျိုးသားတွေက အမျိုးသမီးတွေကို အရှက်ကွဲစေချင်တဲ့ သဘောမျိုး လုပ်ကြတာဖြစ်ပြီး တချို့ကတော့ ရယူလိုမှုနဲ့ ပြုလုပ်တာဖြစ်တယ်လို့ ရန်ကုန်မြို့မှာနေထိုင်သူ ကိုအောင်မျိုးက ပြောပါတယ်။

“ ကျတော်က အမြင်မတော်ရင် ဝင်ဝင်ပြောလို့ မကြာခဏ ပြဿနာတတ်ဖူးတယ်” လို့ ကိုအောင်မျိုးက ပြောပါတယ်။

အမျိုးသမီးတွေရဲ့ ကာယိန္ဒြေ ပျက်အောင် လုပ်တဲ့ အမျိုးသားတွေကတော့ လုပ်မြဲလုပ်နေဦးမှာ ဖြစ်ပြီး ဒီလိုလုပ်တဲ့ အမျိုးသားတွေကို ထိရောက်စွာ အရေးယူဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

လိုင်းကားပေါ်မှာ ကာယိန္ဒြေပျက်အောင် လုပ်ခံရတဲ့ အမျိုးသမီးတွေ အနေနဲ့ မရှက်ကြဘဲ အများပြည်သူရှေ့မှာပဲ မိမိကိုပြုလုပ်တဲ့ အမျိုးသားကို တုန့်ပြန်စေချင်ကြောင်း ၊ ကားပေါ် အတူစီးလာတဲ့ အမျိုးသားတွေအနေနဲ့လည်း အမျိုးသမီးတွေကို ကူညီပေးစေလိုကြောင်း အမှတ် ၃၅ ကားလိုင်းမှ ဂိတ်မှူး ဦးဝင်းလှိုင်က ပြောပါတယ်။

“လိုင်းကားပေါ်မှာ ပညာပေးမှုတွေက အမြဲလုပ်စေချင်တယ်။ အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် လုပ်ရင် ဥပဒေဘယ်လောက်နဲ့ တရားစွဲလို့ရတယ်။ နောက်ပြီး အကြမ်းဖက်မှုတွေနဲ့ ပက်သက်တဲ့ ပညာပေးမှုတွေ လုပ်ပေးစေချင်တယ်” လို့ ဦးဝင်းလှိုင်က ပြောပါတယ်။

ဒီလို လူထုအသိ ပညာပေးမှု တွေနဲ့ ပက်သက်ပြီး မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) က ရန်ကုန်မြို့ပေါ်မှာ ရှိတဲ့ ဘတ်စ်ကားလိုင်းတွေပေါ်မှာ အကြမ်းဖက်မှု အသိပညာပေး စတစ်ကာ ကပ်တဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ ဒါကိုတော့ ၂၀၁၉ ခုနှစ်ရဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအနေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီလို စတစ်ကာ ကပ်တဲ့လှုပ်ရှားမှု ပြုလုပ်ပြီးတဲ့နောက်မှာတော့ အမျိုးသမီးတွေအနေနဲ့ BWU ရဲ့ဝက်ဆိုဒ်စာမျက်နှာမှာ လာရောက်တိုင်တန်းတာမျိုးရှိသလို လာရောက် ဆွေးနွေးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

အမျိုးသမီးတွေကို ကာယိအိန္ဒြေ ပျက်ပြားစေရန် ရည်ရွယ်ချက်နဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်ပါက ပုဒ်မ ၃၅၄ ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် နှစ်ခုလုံး ကျခံရနိုင်ပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေကို ကာယိန္ဒြေ စော်ကားရန် ကြံရွယ်ခြင်း ၊ အသံဖြင့်ပြုခြင်း ပြုလုပ်ပါက ပုဒ်မ ၅၀၉ ထောင်ဒဏ် ၁ နှစ် နှင့် အလုပ် ငွေဒဏ် နှစ်ခုလုံး ကျခံရနိုင်ပါတယ်။

နေ့စဉ် နဲ့အမျှ ဘတ်စ်ကားကို အသုံးပြုနေရတဲ့ မအေးအေးသန်းတစ်ယောက် အနေနဲ့ မှတ်တိုင်ရောက်ခါနီးတိုင်း စိတ်မလုံမလဲ နဲ့ စကဒ်ကို အမြဲစမ်းပြီး ဆင်းနေရပါတယ်။

မအေးအေးသန်း နဲ့အတူ ရန်ကုန်မြို့အတွင်း အလုပ်လုပ်နေတဲ့ အမျိုးသမီးတိုင်းလည်း ဘတ်စ်ကားစီးတိုင်း စိုးရိမ်ပူပန်မှုတွေ နဲ့ ဖြတ်သန်းနေရဆဲဖြစ်ပါတယ်။

Author:

Related Articles